← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း (၁၉၆) - ရွှေမွေးဟူ ရိုက်နှက်ခံရခြင်း

"ဘာဖြစ်တာလဲ…"

လင်းပေ့ ပျာပျာသလဲ ဖြစ်နေသည်ကို မြင်သောအခါ ချူလျန်က ရုတ်တရက် ထရပ်ကာ မေးလိုက်၏။

စောစောက သူသည် ရွှေမွေးဟူကို စီးနင်း၍ လာခဲ့ခြင်း ဖြစ်သည်။

မြေပြင်သို့ ဆင်းသက်ပြီးနောက် ရွှေမွေးဟူကို သူ့ဘာသာသူ ပြန်ခိုင်းလိုက်၏။

ခေါင်းကြီးမှာ သူ၏ ဒုတိယမြောက် လက်ရုံးပင်။ ပထမလက်ရုံးမှာ ဆရာသခင် ဖြစ်သော်လည်း ၎င်းကိုတော့ မည်သည့် မတော်တဆမှုမျိုးမှ မကြုံတွေ့စေလိုပေ။

"ကောင်းကင်တက်လှမ်းတောင်ထွတ် အပြင်ဘက်မှာပဲ မင်း ထွက်ကြည့်လိုက်ဦး…"

လင်းပေ့က လမ်းပြရင်း ပြောလိုက်လေသည်။

သူသည်လည်း ကောင်းကင်တက်လှမ်းတောင်ထွတ်သို့ ကိစ္စတစ်ခုဖြင့် ရောက်ရှိနေခြင်း ဖြစ်သည်။

အပြင်ဘက်တွင် ရွှေမွေးဟူသည် လူတစ်ဦးနှင့် ရန်ဖြစ်နေသည်ကို မြင်သောအခါ ချူလျန်လည်း ဤနေရာတွင် ရှိနေနိုင်ကြောင်း ခန့်မှန်းမိပြီး လိုက်ရှာခဲ့ခြင်း ဖြစ်သည်။

ချူလျန်သည် လင်းပေ့၏ နောက်မှ ထွက်လာခဲ့ရာ ရင်ပြင်အပြင်ဘက်တွင် လူအုပ်ကြီး ဝိုင်းအုံကြည့်ရှုနေသည်ကို မြင်လိုက်ရ၏။

ဒေါသတကြီး ဟိန်းဟောက်သံများနှင့် ပြင်းထန်သော ရိုက်နှက်သံများမှာ နားမခံသာအောင် ထွက်ပေါ်နေသည်။

ဗုန်း... ဗုန်း... ဗုန်း...

အဝေးမှ လှမ်းကြည့်လိုက်လျှင် ဝတ်စုံဖြူနှင့် အမျိုးသားတစ်ဦးသည် ကောင်းကင်ထက်၌ ဝဲပျံနေပြီး တိမ်တိုက်ကို နင်းကာ ရှည်လျားသော ကြိမ်လုံးတစ်ချောင်းကို အဆက်မပြတ် လွှဲယမ်းနေ၏။

ကြိမ်လုံးအရှိန်အဝါမှာ နဂါးဖြူတစ်ကောင်ကဲ့သို့ အောက်သို့ တရစပ် ရိုက်နှက်နေသည်။

ရိုက်ချက်တစ်ခုစီတိုင်းတွင် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။

ရွှေမွေးဟူမှာမူ မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရပြီး အကြိမ်ကြိမ် အပေါ်သို့ ခုန်တက်ရန် ကြိုးစားသော်လည်း ပြန်လည် ရိုက်ချခြင်း ခံရ၏။

ဒေါသထွက်နေသော ခေါင်းကြီးမှာ တဟိန်းဟိန်း အော်ဟစ်ကာ ညည်းတွားနေရလေသည်။

၎င်း၏ ရွှေရောင်အမွေးများကြားတွင် အသားများ စုတ်ပြတ်နေပြီး ရွှေနီရောင် သွေးစက်များ စီးထွက်နေသည်ကို မြင်နိုင်၏။ အတန်ငယ် ပြင်းထန်သော ဒဏ်ရာကို ရရှိထားချေပြီ။

ယခင်က ချူလျန်နှင့်အတူ လောကအနှံ့ လှည့်လည်ခဲ့စဉ်က မည်သည့်အခါမျှ သွေးထွက်သံယို မဖြစ်ခဲ့ဖူးပေ။

ထိုဝတ်စုံဖြူနှင့်လူ၏ နောက်ကွယ်ရှိ တိမ်တိုက်ပေါ်တွင် အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး ရပ်နေ၏။

၎င်း၏ မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပနေပြီး ရွှေမွေးဟူကို လက်ညှိုးထိုးကာ အော်ဟစ်နေလေသည်။

"သူ့ကို ရိုက်သတ်လိုက်… သူ့ကို ရိုက်သတ်လိုက်…"

ဤကလေးငယ်ကို ချူလျန် အနည်းငယ် မှတ်မိသလို ရှိသည်။ အဂ္ဂိရတ်အကြီးအကဲ၏ မြစ်ဖြစ်ပုံရပြီး ငယ်စဉ်ကပင် ကျင့်ကြံခြင်း ပါရမီ ထူးချွန်သူ ဖြစ်၏။

အသက်ခြောက်နှစ်မပြည့်ခင်မှာပင် ကျင့်ကြံခြင်းလမ်းစဉ်သို့ ဝင်ရောက်နိုင်ခဲ့ပြီး ပထမအဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းသို့ ရောက်ရှိသွားသောကြောင့် လွန်ခဲ့သော ရက်အနည်းငယ်က ရှုတောင်တွင် အတော်လေး နာမည်ကြီးသွားခဲ့လေသည်။

ဝတ်စုံဖြူနှင့်လူမှာမူ အသက်သုံးဆယ်၊ လေးဆယ်ခန့် ရှိပုံရပြီး ကျင့်ကြံခြင်း အဆင့်မှာ ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့်တွင် ရှိနေချေပြီ။

ထို့ကြောင့် ၎င်းသည် ချူလျန်တို့နှင့် မျိုးဆက်တူ တပည့်မဟုတ်သည်မှာ သိသာလှသည်။

ချူလျန်က အရှိန်အဟုန်ဖြင့် ရှေ့သို့ ပျံတက်သွားပြီး အလယ်တွင် ပိတ်ဆို့ကာ ဟန့်တားလိုက်၏။

"ရပ်လိုက်စမ်း…"

ဂူး... ဝေါင်း...

ရွှေမွေးဟူက ရှေ့သို့ ဆက်တိုးရန် ကြိုးစားနေသော်လည်း ချူလျန်က ဦးခေါင်းကို အသာအယာ ဖိထားကာ ပြောလိုက်၏။

"မလှုပ်နဲ့.."

ဝတ်စုံဖြူနှင့်လူ၏ ကြိမ်လုံးအရှိန်အဝါမှာ ရပ်တန့်မသွားဘဲ ချူလျန်၏ ကိုယ်ပေါ်သို့ ကျရောက်တော့မည့်ဆဲဆဲတွင် ချူလျန်က မလှုပ်မယှက်ဘဲ ရပ်နေကာ ၎င်းကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။

ရှဲ...

ကြိမ်လုံးမှ လေပြင်းများမှာ ချူလျန်၏ ဆံနွယ်များကို လွင့်စင်သွားစေသော်လည်း နောက်ဆုံးတွင် ရုတ်တရက် ရပ်တန့်သွား၏။

"ဒီဂိုဏ်းတူအစ်ကိုကြီး... ကျုပ်ရဲ့ ဝိညာဉ်သားရဲက ဘာအမှားလုပ်မိလို့ ဒီလောက်အထိ ရက်ရက်စက်စက် လက်ပါရတာလဲ.."

တစ်ဖက်လူ လက်ရပ်သွားသည်ကို မြင်မှ ချူလျန်က အသံကျယ်ကျယ်ဖြင့် မေးလိုက်လေသည်။

"ဟွန်း…"

ဝတ်စုံဖြူနှင့်လူက ကောင်းကင်ထက်မှနေ၍ ဒေါသတကြီး ပြောလိုက်၏။

"ဒီတိရစ္ဆာန်က အဂ္ဂိရတ်အကြီးအကဲရဲ့ မြစ်လေးကို ဒဏ်ရာရအောင် လုပ်လုနီးပါး ဖြစ်သွားလို့ ငါက ဆုံးမနေတာ.. သူက ဒီနေရာမှာတောင် ရန်မူချင်နေသေးတယ်..”

“ သူ့ကို ရိုက်တာက နည်းတောင် နည်းသေးတယ်.. ကလေးကိုသာ ထိခိုက်သွားလို့ကတော့ သူ့ကို ဒီနေရာတင် အသက်ပျောက်အောင် ငါလုပ်ပစ်မယ်…"

"ဟွန်း.."

၎င်း၏နောက်ကွယ်မှ ကလေးငယ်ကလည်း အားပေးအားမြှောက် လုပ်သည့်အနေဖြင့် နှာခေါင်းရှုံ့ပြလိုက်၏။

ဂူး...

နောက်ကွယ်မှ ရွှေမွေးဟူက ဒေါသတကြီးနှင့် ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။

၎င်း၏ ကိုယ်ပေါ်မှ သွေးများမှာ မြေပြင်ပေါ်သို့ တတောက်တောက်ကျနေသည်ကို မြင်ရသောအခါ ချူလျန်လည်း စိတ်မကောင်း ဖြစ်သွားရ၏။

ထိုစဉ် လင်းပေ့က ဘေးမှနေ၍ ခုန်ထွက်လာကာ ပြောလိုက်သည်။

"လုံးဝ မဟုတ်ဘူး… ဒီကလေးက ရွှေမွေးဟူကို ခဲနဲ့ အရင်ပေါက်တာ ကျုပ်မြင်တယ်”

“ ဒါကြောင့် ရွှေမွေးဟူက မြေပြင်ကို ဆင်းပြီး သူ့ကို ဟိန်းလိုက်ရုံပဲ ရှိတာ… အဲဒါကို ခင်ဗျားက ထွက်လာပြီး လက်ပါတော့တာပဲ..”

“ ဒါက သက်သက်မဲ့ ရွှေမွေးဟူကို အနိုင်ကျင့်တာပဲ.."

"တိရစ္ဆာန်ပဲဥစ္စာ... ခဲနဲ့ပေါက်တာ ဘာအရေးလဲ.."

ဝတ်စုံဖြူနှင့်လူက အထက်စီးဆန်သော အကြည့်ဖြင့် ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

"မင်းတို့သာ သူ့ကို ရှုတောင်မှာ ဆက်ပြီး ရမ်းကားခွင့် ပေးထားမယ်ဆိုရင် ငါက အကြီးအကဲဆီ သတင်းပို့ပြီး မင်းတို့အားလုံးကို အပြစ်ပေးခိုင်းမယ်.."

ဝေါင်း...

ရွှေမွေးဟူက ခြေသည်းများဖြင့် မြေကြီးကို ကုတ်ခြစ်ကာ ကောင်းကင်သို့ တစ်ရှိန်ထိုး ခုန်တက်ပြီး ထိုဝတ်စုံဖြူနှင့်လူကို ဆွဲဖြဲပစ်ရန် ပြင်လိုက်ပြန်သည်။

"မလှုပ်နဲ့လို့ ပြောနေတယ်လေ…"

ချူလျန်က နောက်တစ်ကြိမ် အသံကျယ်ကျယ်ဖြင့် တားမြစ်လိုက်၏။

ယနေ့ကိစ္စတွင် မည်သူက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ရွှေမွေးဟူက လူကို ဒဏ်ရာမရစေခဲ့ခြင်းမှာ ကံကောင်းလှသည်။

အကယ်၍ ၎င်းကသာ အရိုက်ခံရရုံသက်သက် ဆိုလျှင် ကိစ္စက သိပ်မကြီးသော်လည်း လူကိုသာ ဒဏ်ရာရအောင် လုပ်မိပါက ရှုတောင်တွင် ဆက်နေခွင့် ရတော့မည် မဟုတ်ပေ။

ရှုတောင်တွင်သာမက တစ်လောကလုံးရှိ ဥပဒေများမှာလည်း ဤအတိုင်းပင် ဖြစ်၏။

တိရစ္ဆာန်များအပေါ်တွင် လူသားများထက် ပို၍ တင်းကျပ်လေ့ ရှိသည်။

လူသားတစ်ဦးက ဝိညာဉ်သားရဲကို ဒဏ်ရာရအောင် လုပ်လျှင် မည်သူမှ လိုက်လံ အပြစ်ရှာမည် မဟုတ်သော်လည်း ဝိညာဉ်သားရဲက လူကို ဒဏ်ရာရအောင် လုပ်မိလျှင်မူ လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။

မိမိဘက်က မည်မျှပင် မှန်ကန်နေပါစေဦးတော့။

ချူလျန်က ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်၏။

"ဂိုဏ်းတူအစ်ကိုကြီး... ဒီနေ့ ကလေးလည်း ဒဏ်ရာမရသလို ကျုပ်ရဲ့ ဝိညာဉ်သားရဲလည်း အပြစ်ပေးခံလိုက်ရပြီပဲ…”

“ နောင်မှာ သူ ရှုတောင်မှာ ဘယ်သူ့ကိုမှ ရန်မမူစေရဘူးလို့ အာမခံပါတယ်… ဒီကိစ္စကို ဒီမှာတင် ခဏ ရပ်လိုက်ကြရအောင်ပါ.."

"ပြန်ရောက်ရင် သူ့ကို ကောင်းကောင်း ဆုံးမထားဦး…”

“မင်းတို့လို လူငယ်လေးတွေက ဝိညာဉ်သားရဲ တစ်ကောင်ရှိတာနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်တော်လှပြီလို့ မထင်နဲ့..”

“တစ်ခုခု ဖြစ်လာရင် မင်းတို့ တာဝန်ယူနိုင်မှာ မဟုတ်ဘူး.."

ဝတ်စုံဖြူနှင့်လူက အေးစက်စွာ ပြောလိုက်ပြီးနောက် တိမ်တိုက်ကို နှိမ့်ချကာ ကလေးငယ်ကို ခေါ်ဆောင်၍ ထွက်ခွာသွားလေသည်။

ထိုကလေးငယ်မှာ ထွက်ခွာသွားချိန်တွင် ချူလျန်ကို လျှာထုတ်ပြကာ ပြောင်လှောင်သွားသေး၏။

၎င်းတို့ ဝေးဝေးသို့ ရောက်သွားမှ လင်းပေ့က ဒေါသတကြီး ပြောလိုက်သည်။

"ဒီကလေးကတော့ တကယ့်ကို အဆုံးမ မခံရသေးတာပဲ.. သူ့ဘေးမှာသာ လူကြီးမပါရင် ကျုပ် သူ့ကို ပါးနှစ်ချက်လောက် ရိုက်လွှတ်လိုက်မှာ သေချာတယ်.."

"အရင် ပြန်ကြရအောင်.."

ချူလျန်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း လေးနက်နေ၏။

သူသည် ရွှေမွေးဟူ၏ လည်ပင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ရာ ခေါင်းကြီးက ရှုံ့မဲ့နေသော မျက်နှာဖြင့် သူ့ကို တိုးကပ်လာကာ ဝမ်းနည်းနေပုံရသည်။

...

ချူလျန်သည် လင်းပေ့ကို အကူအညီတောင်းကာ ဂိုဏ်းတူအစ်မ ချန်စုကို သွားရောက်ပင့်ခိုင်းလိုက်ပြီးမှ ငွေဓားတောင်ထွတ်သို့ ပြန်လာခဲ့၏။

တောင်ပံပါမီးမြွေကိစ္စ ပြီးဆုံးသွားပြီးနောက် ရှုတောင်၏ အထက်လူကြီးများသည် အကုသိုလ်တောင်တန်းတွင် ဘာဖြစ်ပျက်ခဲ့သည်ကို အလွန် စိတ်ဝင်စားနေကြသည်။

ပဉ္စမအဆင့်ရှိသော မီးမြွေတစ်ကောင်မှာ ကိစ္စမရှိသော်လည်း အကုသိုလ်တောင်တန်းအတွင်းရှိ များပြားလှသော မိစ္ဆာသားရဲများသာ အပြင်သို့ ထွက်ပြေးလာပါက ပြဿနာကြီးပေလိမ့်မည်။

ထို့ကြောင့် သတ္တမအဆင့်ရှိသော တောင်ထွတ်သခင် သုံးဦးကို စစ်ဆေးရန် စေလွှတ်လိုက်ရာ တီနွီဖုန့်သည် သစ်ပင်မိစ္ဆာတောင်တန်း ကိစ္စကို ကိုင်တွယ်ပြီးဖြစ်၍ သူမကိုလည်း ထိုနေရာသို့ ထပ်မံ စေလွှတ်လိုက်ခြင်း ဖြစ်၏။

ယခုအချိန်တွင် ငွေဓားတောင်ထွတ်ကို ချူလျန်ကသာ အုပ်ချုပ်နေရသည်။

အကယ်၍ ဆရာသခင်သာ ဒီမှာရှိနေလျှင် သူသည် ခေါင်းကြီးကို ခေါ်သွားပြီး သနားစရာကောင်းအောင် ဟန်ဆောင်ပြကာ တီနွီဖုန့်ကို ထိုသူထံသို့ အလျော်တောင်းခိုင်းမှာ သေချာသည်။

နှမြောစရာ ကောင်းသည်မှာ ယခု ဆရာသခင် မရှိသဖြင့် ရွှေမွေးဟူကိုသာ အရင် ကုသပေးရတော့မည်။

ရှုတောင်တွင် သီးသန့် ဆေးဆရာ မရှိပေ။ ပုံမှန်အားဖြင့် ဆေးဝါးကိစ္စများကို အဂ္ဂိရတ်ခန်းမဆောင်မှ လူများကသာ တာဝန်ယူလေ့ ရှိသည်။

ခုနက ချူလျန်နှင့် ပြဿနာဖြစ်ခဲ့သူမှာ အဂ္ဂိရတ်ခန်းမဆောင်မှ ဖြစ်ပုံရသဖြင့် သူကိုယ်တိုင် သွားရောက်ရန် မသင့်တော်သောကြောင့် ရင်းနှီးသော ဂိုဏ်းတူအစ်မ ချန်စုကိုသာ အကူအညီ တောင်းလိုက်ရခြင်း ဖြစ်၏။

ရွှေမွေးဟူမှာ မြေပြင်ပေါ်တွင် ဝပ်နေပြီး ညည်းတွားနေရှာ၏။ စုတ်ပြတ်နေသော အသားများမှာ အတော်လေး နာကျင်ပုံရသည်။

ချူလျန်က ၎င်းကို နှစ်သိမ့်သည့်အနေဖြင့် ဝိညာဉ်သစ်သီး နှစ်လုံးကို ပါးစပ်ထဲသို့ ခွံကျွေးလိုက်၏။

ဟိန်း...

သစ်သီးကို မြင်လိုက်သည်နှင့် ရွှေမွေးဟူသည် တစ်ကိုယ်လုံး ပျော့ခွေသွားကာ ပါးစပ်မှ အသံကျယ်ကျယ်ဖြင့် အဆက်မပြတ် ညည်းတွားပြနေတော့သည်။

ကြည့်ရသည်မှာ အသက်ထွက်လုနီးပါး ဖြစ်နေပုံပင်။

ချူလျန်က ကြည့်ရင်းနှင့် စိတ်မကောင်း ဖြစ်ရသလို ရယ်လည်း ရယ်ချင်မိသည်။ ဒဏ်ရာရထားသည်ကို ထောက်ထား၍ သူက ၎င်းကို အလိုလိုက်ကာ ရွှေရောင်ဝိညာဉ်သစ်သီးများကို တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။

ခေါင်းကြီးမှာ တစ်လုံးပြီးတစ်လုံး မြိန်ရည်ယှက်ရည် စားနေရင်း နာကျင်မှုများကိုပင် မေ့လျော့သွားပုံရပြီး မျက်လုံးများထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။

အကယ်၍ နေ့တိုင်း ဤကဲ့သို့ အစာကျွေးမည့်သူ ရှိမည်ဆိုလျှင် ၎င်းအနေဖြင့် နေ့တိုင်း အရိုက်ခံရရန်လည်း ငြင်းဆန်မည် မဟုတ်ပေ။

ခဏအကြာတွင် ဂိုဏ်းတူအစ်မ ချန်စု ရောက်လာ၏။

"ငါ ကြည့်ပေးမယ်.."

သူမက ရွှေမွေးဟူကို အသေအချာ စစ်ဆေးပြီးနောက် ပြောလိုက်သည်။

"အပြင်ပန်း ဒဏ်ရာတွေပဲ.. ဆေးလိမ်းပြီး နားလိုက်ရင် ကောင်းသွားမှာပါ စိတ်မပူနဲ့.."

ထိုမှသာ ချူလျန် စိတ်အေးသွားရ၏။

ချန်စုက ရွှေမွေးဟူ၏ ဒဏ်ရာပေါ်သို့ ဆေးမှုန့်များ ဖြူးပေးပြီး အသာအယာ ပတ်တီးစည်းပေးလိုက်သည်။

ဆေးထည့်နေစဉ်အတွင်း နာကျင်ပုံရသော်လည်း ခေါင်းကြီးမှာ တုန်ယင်နေရုံသာ ရှိပြီး ပြန်လည် ရန်မမူရှာပေ။

"ဒီကောင်ကြီးက တော်တော်လိမ္မာတာပဲ… ဂိုဏ်းတူအစ်ကိုလျိုချင်းက ဘယ်လိုစိတ်နဲ့ ဒီလောက်အထိ လက်ပါသွားတာလဲ မသိဘူး.."

ချန်စုက ရွှေမွေးဟူ၏ ချစ်စရာကောင်းသော ပုံစံကို ကြည့်ကာ စိတ်မကောင်းဖြစ်နေရှာ၏။

"ရွှေမွေးဟူကို ရိုက်တဲ့သူက ဘယ်သူလဲဗျ…"

ချူလျန်က မသိမသာ မေးလိုက်၏။

"လျိုချင်းတဲ့.. သူက အဂ္ဂိရတ်အကြီးအကဲရဲ့ ခုနစ်ယောက်မြောက် တပည့်ရင်းပဲ.."

ချန်စုက ပြောပြလိုက်သည်။

"အဂ္ဂိရတ်အကြီးအကဲမှာ ရှောင်ထုံ တစ်ယောက်ပဲ မြစ်ရှိတာဆိုတော့ အရမ်း အလိုလိုက်တာ..”

“ ဒါပေမဲ့ သူကိုယ်တိုင်က အမြဲ မစောင့်ရှောက်နိုင်တော့ တပည့်တွေကိုပဲ စောင့်ရှောက်ခိုင်းလေ့ ရှိတယ်လေ…"

"ဒီကလေးက တော်တော်လေး ဆိုးတာပဲနော်…"

ချူလျန်က တည်ငြိမ်စွာ ပြောလိုက်၏။

"ဟင်း…"

ချန်စုက သက်ပြင်းချကာ ဆိုသည်။

"ရှောင်ထုံမှာ မိဘမရှိရှာဘူး.. ပြီးတော့ မွေးရာပါ ဉာဏ်ကောင်းတဲ့အပြင် လူကြီးတွေရဲ့ အလိုလိုက်မှုကို ခံရတော့ နည်းနည်းတော့ ခေါင်းမာတာပေါ့.."

ချူလျန်သည် သူမ၏ စကားများကို နားထောင်ပြီး ကိစ္စအရပ်ရပ်ကို ခန့်မှန်းမိသွားချေပြီ။

သေချာပေါက် ကလေးငယ်က ရွှေမွေးဟူကို အရင် အနိုင်ကျင့်ခြင်း ဖြစ်ပေလိမ့်မည်။ ရွှေမွေးဟူမှာလည်း စိတ်မရှည်တတ်သဖြင့် မြေပြင်သို့ ဆင်းကာ ၎င်းကို ခြောက်လှန့်လိုက်ပုံရသည်။

အမှန်စင်စစ် ခေါင်းကြီးသည် ရှုတောင်တွင် လူကို ဒဏ်ရာမပေးအပ်ကြောင်း သိနားလည်ပြီး ဖြစ်သဖြင့် ထိုကလေးကိုလည်း အန္တရာယ်ပြုမည် မဟုတ်ပေ။

သို့သော် လျိုချင်းမှာမူ မိမိ၏ တာဝန်ပေါ့လျော့မှုအတွက် အပြစ်တင်ခံရမည်ကို စိုးရိမ်သဖြင့် မိမိ၏ ဂရုစိုက်မှုကို ပြသရန်အတွက် ရွှေမွေးဟူကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ခြင်း ဖြစ်ပေမည်။

"ကဲ... ပြီးပြီ…"

ချန်စုက ပတ်တီးစည်းခြင်းကို အဆုံးသတ်လိုက်၏။

ရွှေမွေးဟူ၏ ကိုယ်ပေါ်တွင် ပတ်တီးများ ပတ်ထားပြီး အပေါ်တွင် လှပသော လိပ်ပြာပုံစံ အထုံးလေးများကို ထုံးထားသဖြင့် ကြည့်ရသည်မှာ အတော်လေး ယဉ်ကျေးသိမ်မွေ့သွားပုံရသည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ"

ချူလျန်က ဆိုလိုက်၏။

"မလိုပါဘူး…"

ချန်စုက ပြုံးလျက် ပြန်ပြောပြီးနောက် သတိပေးစကား ဆိုလိုက်သည်။

"ရွှေမွေးဟူ အရိုက်ခံရလို့ မင်း စိတ်မကောင်းဖြစ်မယ်ဆိုတာ ငါသိပါတယ်…”

“ ဒါပေမဲ့ ရှောင်ထုံက အဂ္ဂိရတ်အကြီးအကဲရဲ့ အချစ်ဆုံးမြစ် ဖြစ်နေသလို လျိုချင်းကလည်း သူ့ကို ကာကွယ်ပေးတာဆိုတော့…”

“ ဒီကိစ္စကို မင်းက ဆက်ပြီး အရေးယူချင်တယ်ဆိုရင် အဂ္ဂိရတ်အကြီးအကဲကို ဒေါသထွက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မယ်”

“ အဲဒါဆို ရှုတောင်မှာ မင်းအတွက် ကိစ္စတွေ ခက်ခဲကုန်လိမ့်မယ်.. အဲဒါကြောင့်..."

သူမ ပြောသည်မှာ လက်တွေ့ကျလှသည်။ အဂ္ဂိရတ်အကြီးအကဲသည် ရာထူးအာဏာ ကြီးမားသူ ဖြစ်သဖြင့် ၎င်းကို ပြစ်မှားမိပါက ရှုတောင်တွင် အလုပ်လုပ်ရန် ခက်ခဲပေလိမ့်မည်။

"စိတ်ချပါ ဂိုဏ်းတူအစ်မချန်..."

ချူလျန်က ပြုံးလျက် ပြောလိုက်၏။

"အဂ္ဂိရတ်ခန်းမဆောင်ကို ပြန်ရောက်ရင် ကျုပ်အတွက် သတင်းစကားလေး တစ်ခုလောက် ပါးပေးပါဦး…”

“ ဒီနေ့ ကျုပ်ရဲ့ ဝိညာဉ်သားရဲက အကြီးအကဲရဲ့ မြစ်လေးကို ထိတ်လန့်သွားအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..”

“ နောက်ရက်ကျရင် အိမ်တိုင်ရာရောက် လာပြီး တောင်းပန်ပါ့မယ်လို့ ပြောပေးပါ…"

All Chapters