← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း (၁၉၇) - လာ... အဲဒီကောင်လေးကို နှုတ်ဆက်ကြရအောင်

ဗွက်...ဗွက်...

ငွေဓားတောင်ထွတ်ပေါ်တွင် ဟော့ပေါ့ဟင်းရည်များက ဆီအနီရောင်များဖြင့် ပွက်ပွက်ဆူနေ၏။

ရှန်ဇီလျန်သည် နောက်လိုက်(က)၊ နောက်လိုက်(ခ)တို့နှင့်အတူ စားပွဲဘေးတွင် ထိုင်နေသည်။

သူတို့ဘေးတွင် ချူလျန်နှင့် လင်းပေ့တို့ ရှိနေကြပြီး တောင်နတ်မင်း ပူဇော်ပွဲအဖွဲ့သားများ အားလုံး စုံညီစွာ ရှိနေကြလေသည်။

"အစ်ကိုကြီး ကျွန်တော်တို့ကို ခေါ်လိုက်တာကလေ တောင်နတ်မင်းပူဇော်ပွဲရဲ့ ပြဿနာကို ဖြေရှင်းနိုင်သွားလို့လားဗျ…"

ရှန်ဇီလျန်က မေးလိုက်၏။

"ပြဿနာကိစ္စကိုတော့ ငါနည်းနည်း နားလည်လာပြီ… အဲဒါက လောစရာမလိုပါဘူး"

ချူလျန်က ခေါင်းညိတ်လိုက်ပြီး ထပ်ပြောလိုက်သည်။

"ဒါက လတ်ဆတ်တဲ့ တောင်ပံပါမီးမြွေသား နည်းနည်းရထားလို့ မင်းတို့ကို လာမြည်းစမ်းကြည့်ဖို့ ခေါ်လိုက်တာ"

သူသည် ငွေဓားတောင်ထွတ်ရှိ အိမ်သားများနှင့် တစ်နပ်စားခဲ့ပြီး ဂိုဏ်းတူအစ်မကျန်းနှင့်အတူ တစ်နပ်စားခဲ့သေးသည်။

ယခုအကြိမ်သည် တတိယမြောက်နပ် ပင်။

"အစ်ကိုကြီးနောက် လိုက်ရတာ သိပ်ကောင်းတာပဲ.."

နောက်လိုက်(က)က ချက်ချင်းပင် ဖားယားကာ ပြုံးရွှင်စွာ ပြောလိုက်၏။

"အင်း.."

နောက်လိုက်(ခ)က တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလေသည်။

"လူတိုင်းက ပူးပေါင်းလုပ်ဆောင်ကြတာပဲ.. ဘယ်သူက ဘယ်သူ့နောက် လိုက်တယ်ဆိုတာမျိုး မရှိပါဘူး"

ချူလျန်က ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွဲလိုက်လေသည်။

"ဒါပေမဲ့ ဒီတစ်ခါ မင်းတို့ကို ခေါ်လိုက်တာ တကယ်တော့ အကူအညီတောင်းစရာ တစ်ခုရှိလို့…"

"အေးဗျာ.."

ရှန်ဇီလျန်က သူ၏ရင်ဘတ်ကို ပုတ်လိုက်သည်။

"အစ်ကိုကြီး ကျွန်တော်တို့ကို အကူအညီတောင်းတယ်လို့ ပြောရင်တော့ သူစိမ်းဆန်လွန်းသွားပြီလေ”

“ ကျွန်တော့်အသက်ကို အစ်ကိုကြီး ကယ်တင်ခဲ့တာပဲကို ကိစ္စရှိရင် ခိုင်းသာခိုင်းလိုက်"

"ဟုတ်တယ်… ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"

နောက်လိုက်(က)ကလည်း ဝင်ပြောလိုက်၏။

"အင်း.."

နောက်လိုက်(ခ)က ခေါင်းငုံ့ကာ တုံ့ပြန်လိုက်သည်။

"ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ်"

ချူလျန်က ပြောလိုက်၏။

"အားလုံး စစားကြရအောင်"

"ဟဲဟဲ... တောင်ပံပါမီးမြွေသားက သွေးလေကို လည်ပတ်စေပြီး အရမ်းအားရှိစေတဲ့ အစားအစာလို့ ကြားဖူးတာ ကြာပြီ..”

“ ဒီနေ့ စားခွင့်ရတာ တကယ်ပဲ အစ်ကိုကြီးရဲ့ ကျေးဇူး..."

ရှန်ဇီလျန်၏ စကားသည် ရုတ်တရက် ရပ်တန့်သွားရသည်။

ချူလျန်က ခေါင်းငုံ့ကြည့်လိုက်ရာ သူ၏ရှေ့ရှိ ပန်းကန်ပြားမှာ အခွံချည်းသာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

အချိန်သိပ်မကြာလိုက်သော်လည်း ပန်းကန်များအားလုံး ပြောင်သလင်းခါနေပြီ ဖြစ်သည်။

အိုးထဲရှိ အစားအသောက်များမှာလည်း သိပ်မကျန်တော့သည်မှာ ထင်ရှားလှပေသည်။

'ဘယ်လိုဖြစ်တာလဲ'

ဘယ်ညာကို လှည့်ကြည့်လိုက်သောအခါ အသံတစ်သံမျှ မထွက်သော လင်းပေ့နှင့် ခေါင်းငုံ့ကာ အဆက်မပြတ် စားနေသော နောက်လိုက်(ခ)တို့ နှစ်ယောက်စလုံးက တူများကို ကိုင်ထားလျက် စားပွဲကိုဖြတ်ကာ အချင်းချင်း စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။

သူတို့၏ အကြည့်များထဲတွင် မီးပွားများ လွင့်စင်နေသကဲ့သို့ ရှိ၏။

လမ်းကျဉ်းလေးထဲတွင် ဆုံတွေ့နေကြသော ပြိုင်ဘက်ကင်း ဓားသမားနှစ်ယောက်နှင့် ပုံစံတူလှပေသည်။

အိုးထဲတွင် ပွက်ပွက်ဆူနေသော အသားဖတ်များ ကျက်သွားသည့် အခိုက်အတန့်တွင် တူနှစ်စုံက လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားပြီး အလင်းတန်းနှစ်ခု ဖြတ်ပြေးသွားလေသည်။

မျက်တောင်တစ်ခတ်အတွင်း လင်းပေ့၏ တူထဲတွင် အသားတုံးကြီးတစ်တုံး ရောက်ရှိနေပြီ ဖြစ်သည်။

သူက ဆီပန်းကန်ထဲတွင် သေချာနှစ်ကာ ပါးစပ်အပြည့် စားလိုက်ပြီး သူ၏ မျက်လုံးများထဲတွင်တော့ အောင်နိုင်သူ၏ အရိပ်အယောင်များ တောက်ပနေ၏။

နောက်လိုက်(ခ)၏ မျက်လုံးများကမူ တည်ကြည်နေပြီး ကြီးမားသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ သတိထားနေပုံရသည်။

နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာပြီး တူက ထူးဆန်းသော ထောင့်ချိုးတစ်ခုအဖြစ် လှည့်ပတ်သွားကာ အိုးထဲမှ ငါးလုံးတစ်လုံးကို ဖမ်းယူလိုက်လေသည်။

လက်ကောက်ဝတ်ကို ညင်သာစွာ ခါယမ်းလိုက်ရာ ငါးအသားလုံးလေးမှာ လှပသော မျဉ်းကြောင်းတစ်ကြောင်း ရေးဆွဲသွားပြီး ပါးစပ်ထဲသို့ ကျဆင်းသွားကာ ပူသည်ကိုပင် ဂရုမစိုက်ဘဲ ဝါးစားလိုက်တော့သည်။

ဤတစ်ကြိမ်တွင်တော့ လင်းပေ့၏ မျက်နှာသည်ကား ရေပြင်ကဲ့သို့ တည်ငြိမ်သွားလေ၏။

သူတို့နှစ်ယောက်၏ တိုက်ပွဲသည် အသံတိတ် လှုပ်ရှားနေသော်လည်း တိတ်ဆိတ်ကာ ပြင်းထန်လှပေသည်။

နှစ်ယောက်လုံး၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ အပြည့်ရှိနေပြီး ပြိုင်ဘက်ကောင်းနှင့် တွေ့ဆုံရသည့် စိတ်လှုပ်ရှားမှုများကိုပါ ခံစားနေရသည်။

... ... ...

ချန်လင်းထုံသည် ယခုနှစ်တွင် အသက်ခုနစ်နှစ်ရှိပြီဖြစ်ပြီး အငြိမ်မနေဘဲ ဟိုခုန်ဒီပေါက် လုပ်တတ်သည့် အရွယ်ပင် ဖြစ်သည်။

သူ၏ ရုပ်ရည်သည် မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးနှင့်ဖြစ်ပြီး သူ၏ မျက်လုံးအစုံမှာ ဉာဏ်ကောင်းသည့် အရိပ်အယောင်များ အပြည့်ရှိနေ၏။

သူသည် မိဘမဲ့တစ်ယောက် ဖြစ်သောကြောင့် လူအများ၏ သနားကြင်နာမှုကို ရရှိထားသလို မွေးရာပါ ဉာဏ်ရည်ထက်မြက်မှုကြောင့် ငယ်ရွယ်စဉ်မှာပင် စွမ်းအင်အာရုံကို ရရှိခဲ့ပြီး ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။

ထို့ကြောင့် ငယ်စဉ်ကတည်းကပင် ရှုတောင်ဂိုဏ်းမှ အကြီးအကဲများ၏ အချစ်တော် ဖြစ်ခဲ့ပြီး ဂိုဏ်းချုပ်အဘိုးကပင် သူ့ကို မြင်လျှင် အလွန် ခင်မင်ရင်းနှီးစွာ ဆက်ဆံတတ်လေသည်။

သို့သော် ထိုအကြီးအကဲများသည် သူ့ကို နေ့တိုင်း ထိန်းကျောင်းပေးရန် အချိန်မရှိပေ။

သူ့ကို အဖော်ပြုပေးသူများမှာ အဂ္ဂိရတ်အကြီးအကဲ၏ တပည့်များသာ ဖြစ်ပြီး ထိုသူများကလည်း သူ့ကို မထိန်းချုပ်ရဲကြချေ။

ဤကလေး ငိုယိုလိုက်သည်နှင့် သူတို့မှာ အဂ္ဂိရတ်အကြီးအကဲ၏ အပြစ်ပေးမှုကို ခံရမည် ဖြစ်သည်။

ထို့ကြောင့် ချန်လင်းထုံသည် နေ့တိုင်း ပျော်ရွှင်စွာ ဖြတ်သန်းနေရလေ၏။

ဒီနေ့ သူ့ကို စောင့်ကြည့်ပေးနေသူမှာ အဂ္ဂိရတ်အကြီးအကဲ၏ ကိုးယောက်မြောက်တပည့် လုရွှင် ဖြစ်ပြီး ဆေးဖိုခန်းမတွင် ဩဇာအာဏာရှိသော စီမံခန့်ခွဲရေးတပည့် တစ်ယောက်လည်း ဖြစ်သည်။

သူတို့ကဲ့သို့သော အဆင့်ရှိသည့် ကျင့်ကြံသူများအနေဖြင့် ကလေးထိန်းရမည့် တာဝန်ကို ခွဲဝေခံရခြင်းအပေါ် မကျေနပ်ကြသော်လည်း ပေါ့ပေါ့ဆဆတော့ မနေရဲကြပေ။

ထို့ကြောင့် ဘေးတွင် တိတ်ဆိတ်စွာ တရားထိုင် ကျင့်ကြံနေပြီး ကလေးကို သူ့ဘာသာသူ ကစားခွင့် ပြုထားလိုက်သည်။

ချန်လင်းထုံသည် နောက်ဘက်တောင်ပေါ်တွင် မျောက်များကို လိုက်လံနှင်ထုတ်နေပြီး တောင်တစ်ခုလုံးရှိ တောမျောက်များကို လိုက်ဖမ်းကာ ကျောက်ခဲများဖြင့် လှမ်းပေါက်နေ၏။

မျောက်များကို ထိသွားသည့်အခါတိုင်း သူ့ဘာသာသူ သဘောကျကာ ရယ်မောနေတတ်သည်။

သူ၏ မျက်နှာတွင် သောက်ကလေးဆိုး ဟူသော စာသားကို ရေးမထားရုံတမယ်ပင်။

ထိုအချိန်တွင် ကိုယ်လုံးကိုယ်ပေါက် ကြီးမားသော ရွှေမွေးဟူတစ်ကောင်က ကောင်းကင်မှ ဆင်းသက်လာလေသည်။

လုရွှင်က ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်၏။

"ဂိုဏ်းတူအစ်ကို... ကျွန်တော်က တောင်းပန်ဖို့ လာတာပါ…"

ချူလျန်က ရှေ့သို့တက်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။

လုရွှင်က ချူလျန်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ပြီး ခဏရပ်ကာ ပြောလိုက်၏။

"ကလေးကို မထိခိုက်စေနဲ့ဦး.."

"မထိခိုက်စေရပါဘူး.."

ချူလျန်က ပြုံးကာ ပြောလိုက်သည်။

လုရွှင်က မျက်လုံးပြန်မှိတ်သွားပြီး ထပ်မံ အာရုံမစိုက်တော့ပေ။

ချူလျန်သည် ရွှေမွေးဟူကို ခေါ်ကာ ထိုကလေးဆိုးအနီးသို့ ချဉ်းကပ်သွားပြီး ပြုံးကာ မေးလိုက်၏။

"မင်း သူ့ကို မှတ်မိသေးလား.."

"ဟမ့်.."

ချန်လင်းထုံက မောက်မာသော မျက်နှာထားဖြင့် ပြန်ဖြေသည်။

"ကျွန်တော် မှတ်မိတယ်… မနေ့က ဒီကောင်ကြီး ကျွန်တော့်ကို ကိုက်ချင်နေတာလေ"

"အရင်တစ်ခေါက်က သူ့အမှားပါ.. ဒါကြောင့် ငါက မင်းကို တောင်းပန်ခိုင်းဖို့ သူ့ကို ခေါ်လာတာ"

ချူလျန်က လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

"ရွှေမွေးဟူ…"

ရွှေမွေးဟူသည် ထိုအသံကို ကြားသည်နှင့် လူတစ်ယောက်ကဲ့သို့ မတ်တတ်ရပ်ကာ ရှေ့လက်နှစ်ဖက်ကို စုပြီး တောင်းပန်သည့်ဟန် အကြိမ်ကြိမ် ပြုလုပ်လေသည်။

တကယ်ပင် တောင်းပန်နေခြင်း ဖြစ်၏။

"ဟီးဟီး..."

ကလေးဆိုးက ချက်ချင်း ရယ်မောလိုက်လေသည်။

"တကယ်တော့ အရင်တစ်ခေါက်က သူက မင်းနဲ့ ကစားချင်ရုံလေးပါ…"

ချူလျန်က ဆက်ပြောလိုက်၏။

"သူက ဝိညာဉ်သားရဲလေ…ဝိညာဉ်သားရဲတွေက လူတွေ သူ့ကို ကျောက်ခဲနဲ့ ပေါက်တာကို အနှစ်သက်ဆုံးပဲ… “

“သူက မင်း သူ့ကို ကစားနေတယ်လို့ ထင်လိမ့်မယ်…"

"ဟင်.."

ချန်လင်းထုံက ထိုစကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

"တကယ်လား.."

"တကယ်ပေါ့.. မယုံရင် ကြည့်နေနော်.."

ချူလျန်က ကျောက်ခဲတစ်လုံးကို ကောက်ယူကာ ရွှေမွေးဟူဆီသို့ ပစ်ပေါက်လိုက်လေသည်။

ရွှေမွေးဟူက အောင်... ဟု အသံပြုကာ ခုန်တက်သွားပြီး ထိုကျောက်ခဲကို ပါးစပ်ဖြင့် ဖမ်းယူလိုက်၏။

ထို့နောက် ပျော်ရွှင်စွာဖြင့် တစ်ပတ် လှည့်ပြလေသည်။

"မင်းလည်း စမ်းကြည့်လေ…"

သူက ကလေးဆိုးကို ဆက်ပြောလိုက်သည်။

"အို့..."

ချန်လင်းထုံက စိတ်ဝင်စားသွားပြီး ကျောက်ခဲတစ်လုံးကို ကောက်ယူကာ ရွှေမွေးဟူဆီသို့ အားကုန် ပစ်ပေါက်လိုက်၏။

"ဟောက်..."

ရွှေမွေးဟူက ခုန်တက်ကာ ဖမ်းယူလိုက်ပြီး ပျော်ရွှင်စွာ နှစ်ပတ် လှည့်ပြလေသည်။

"ဟဲဟဲ... ဒီအကောင်ကြီးက တကယ်တုံးတာပဲနော်"

ချန်လင်းထုံက ရယ်မောကာ ပြောလိုက်၏။

"မင်း တကယ်တော်တာပဲ.. ပစ်တာ တကယ်ကို လက်တည့်တယ်"

ချူလျန်က လက်မထောင်ပြလိုက်သည်။

"အားနည်းနည်း ထည့်ပစ်ကြည့် အားပိုပါလေ သူက မင်း ပိုတက်ကြွတယ်လို့ ထင်လေပဲ.."

လုရွှင်က သူတို့တစ်တွေ သင့်တင့်မျှတစွာ ကစားနေသည်ကို မြင်သောအခါ ပို၍ပင် ဂရုမစိုက်တော့ချေ။

သို့သော် ချူလျန်ကို တစ်ချက်တစ်ချက် လှမ်းကြည့်ကာ တစ်စုံတစ်ရာကို စဉ်းစားနေမိသည်။

ထိုအချိန်တွင် နောက်ကျောဘက်မှ လူတစ်ယောက် ရောက်လာပြီး ခေါ်လိုက်၏။

"ဂိုဏ်းတူအစ်ကိုလုရွှင်..."

သူက လှည့်ကြည့်လိုက်ရာ တိမ်တိုက်စက်ဝန်းတောင်ထွတ်မှ ရှန်ရှုးဝမ်၏ သားဖြစ်နေသည်ကို တွေ့လိုက်ရသည်။

နာမည်ကိုတော့ မမှတ်မိတော့ပေ။ စွမ်းရည်အသင့်အတင့်သာ ရှိသော တပည့်တစ်ယောက်ပင်။

"ကျွန်တော်က ရှန်ဇီလျန်ပါ.. ကျွန်တော်တို့ အရင်က ဆုံဖူးပါတယ်"

ရှန်ဇီလျန်က ပြုံးကာ နှုတ်ဆက်လိုက်လေသည်။

"ဂိုဏ်းတူညီလေးရှန်... ငါ မှတ်မိတာပေါ့"

လုရွှင်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော် ဆေးဖော်စပ်တဲ့နေရာမှာ နည်းနည်း နားမလည်တာလေးတွေ ရှိနေလို့ပါ..”

“လမ်းမှာ ဂိုဏ်းတူအစ်ကိုလုနဲ့ ဆုံသွားလို့ အတော်ဖြစ်သွားတယ် မေးခွန်းနည်းနည်းလောက် မေးချင်လို့… အဆင်ပြေပါ့မလား…"

ရှန်ဇီလျန်က မေးလိုက်သည်။

လုရွှင်က ဟိုဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ ချူလျန်နှင့် ကလေးတို့က ပျော်ရွှင်စွာ ကစားနေကြသဖြင့် သူလည်း သိပ်ဂရုမစိုက်တော့ဘဲ ခေါင်းပြန်လှည့်ကာ ပြောလိုက်၏။

"ဂိုဏ်းတူညီလေးရှန် မေးချင်တာသာ မေးပါ”

“ငါ သိရင် သေချာပေါက် ဖြေပေးပါ့မယ်.."

ထို့နောက် သူသည် ရှန်ဇီလျန်နှင့် စကားပြောနေလိုက်တော့သည်။

ဟိုဘက်တွင်တော့ အလင်းတန်းဖြူတစ်တန်းက ခပ်လှမ်းလှမ်း ကောင်းကင်မှ ဆင်းသက်လာပြီး ပြေးဝင်လာလေသည်။

ထိုအကောင်မှာ မြင်းကဲ့သို့ ကိုယ်လုံးကိုယ်ပေါက်ရှိပြီး သမင်ကဲ့သို့ ဦးချိုနှစ်ချောင်း၊ နဂါးကဲ့သို့ အကြေးခွံများ ရှိသော အံ့ဖွယ် ဝိညာဉ်သားရဲတစ်ကောင် ဖြစ်လေသည်။

တစ်ကိုယ်လုံး ငွေရောင် တောက်ပနေပြီး ၎င်းမှာ ပိုင်ဇယ်လေးပင် ဖြစ်၏။

"မင်း သူ့ကို သိလား.."

ချူလျန်က ပြေးလာနေသော ဝိညာဉ်သားရဲကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

"အဘိုးက အဲဒါကို ပိုင်ဇယ်လို့ ခေါ်တယ်တဲ့.. ကျွန်တော့်ကို သူ့အနား မသွားဖို့ ပြောထားတယ်"

ချန်လင်းထုံက ဖြေလိုက်၏။

"ပိုင်ဇယ်ကလည်း လူတွေနဲ့ ကစားရတာ ကြိုက်တဲ့ ဝိညာဉ်သားရဲပဲကို မကြောက်ပါနဲ့.."

ချူလျန်က ပြုံးကာ ပြောလိုက်သည်။

"လာ... အဲဒီကောင်လေးကို နှုတ်ဆက်ကြရအောင်…"

"ကောင်းပြီလေ.."

ချန်လင်းထုံက ကျောက်တုံးကြီးတစ်တုံးကို ကောက်ယူကာ ပိုင်ဇယ်လေး၏ ခေါင်းဆီသို့ လက်မြှောက်၍ ပစ်ပေါက်လိုက်လေသည်။

ဖုန်း...။

ကျောက်တုံးက ပိုင်ဇယ်လေး၏ ခေါင်းကို ထိသွားလေရာ ပျော်ရွှင်စွာ ပြေးလာနေသော ပိုင်ဇယ်လေးမှာ ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားပြီး ချူလျန်ဘေးတွင် ရပ်နေသော ကလေးဆိုးကို စိုက်ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွား၏။

"သူက မင်း သိပ်မတက်ကြွဘူးလို့ ထင်နေပုံရတယ်..”

ချူလျန်က တီးတိုး ပြောလိုက်သည်။

ချန်လင်းထုံက ချက်ချင်းပင် ပိုကြီးသော ကျောက်တုံးတစ်တုံးကို ကောက်ယူကာ အားကုန် လွှဲပေါက်လိုက်လေသည်။

ရွှမ်း...။

ဤတစ်ကြိမ်တွင်တော့ ပိုင်ဇယ်လေးမှာ အပေါက်မခံတော့ပေ။

အဖြူရောင် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင်လာလေတော့၏။

ထိုအစား ကလေးဆိုးကသာ ၎င်း၏ တက်ကြွလှိုက်လှဲမှုကို ခံစားလိုက်ရသည်။

ဘန်း...။

ပိုင်ဇယ်လေး၏ ပုံရိပ်က ချူလျန်၏ဘေးတွင် ပေါ်လာသည်ကို တွေ့လိုက်ရပြီး မူလက ထိုနေရာတွင် ရှိနေခဲ့သော ကလေးဆိုးမှာတော့ ပိုင်ဇယ်လေး၏ ခေါင်းဖြင့်တိုက်မှုကြောင့် ပေပေါင်းများစွာ အဝေးသို့ လွင့်စင်သွားလေတော့သည်။

"အား..." ဟူသော အသံရှည်ကြီးနှင့်အတူ အဝေးသို့ လွင့်ထွက်သွားကာ ကောင်းကင်ယံရှိ ကြယ်ပွင့်လေးတစ်ပွင့်အလား ဖြစ်သွား၏။

ချူလျန်က နေရောင်ကိုကာရန် လက်ကို မျက်ခုံးပေါ်တင်၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။

လွင့်သွားတာ တကယ်ကို မြင့်တာပဲ...

ဘေးတွင် ရှိနေသော လုရွှင်က ချူလျန်ကို မျက်လုံးပြူးကာ ကြည့်လိုက်ရာ ဒေါသကြောင့် မျက်လုံးများပင် ပြုတ်ထွက်တော့မတတ် ဖြစ်သွားလေသည်။

'ဒီကောင် ရောက်လာပြီဆိုကတည်းက ကောင်းတဲ့ကိစ္စ တစ်ခုမှ မရှိတာ အသေအချာပဲ..'

All Chapters