← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း (၁၉၈) - ယွင်ချောင်ရှန်း၏ စာတစ်စောင် (၁)

"ချူလျန်"

လုရွှင်သည် ချူလျန်ကို ဒေါသတကြီး စိုက်ကြည့်ကာ အပြေးအလွှား ရောက်လာ၏။

ဤကလေးဆိုးကို သူက စောင့်ရှောက်ထားရသဖြင့် တစ်ခုခုဖြစ်ပါက သူသာလျှင် တာဝန်ယူရမည် ဖြစ်သည်။

"အာ.."

ချူလျန်သည် ထိတ်လန့်နေဟန်ဖြင့် ပိုင်ဇယ်လေးကို ကြည့်လိုက်သည်။

ထို့နောက် ၎င်း၏ခေါင်းကို ပွတ်သပ်ပေးရင်း အပြစ်တင်လိုက်၏။

"မင်း အဂ္ဂိရတ်အကြီးအကဲရဲ့ မြစ်ကို ဘယ်လိုလုပ် ဒီလောက်တောင် လက်ရဲဇာတ်ရဲ... အဲ... ဒီလောက်တောင် ချိုနဲ့ အပြင်းအထန် ခတ်ရက်ရတာလဲကွ..”

“ သူက ကလေးလေးပဲ ရှိသေးတာကို…"

ပိုင်ဇယ်လေး၏ မျက်လုံးဝိုင်းကြီးများထဲတွင်မူ အပြစ်ကင်းစင်သော အရိပ်အယောင်များ အပြည့်ရှိနေသည်။

၎င်းဆီမှ အသံနှစ်ချက် ထွက်ပေါ်လာလေသည်။

'ငါကရော ကလေး မဟုတ်လို့လား..'

ထိုအသံသည် ယင်းသို့ ဆိုလိုနေသည့်ပုံပင်။

"ဂိုဏ်းတူအစ်ကိုလု ဒီကိစ္စ ဘယ်လိုဖြစ်သွားတာလဲ မြင်တဲ့အတိုင်းပါပဲဗျာ.."

ချူလျန်က လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။

"ဒါက တကယ်ကို မျှော်လင့်မထားတဲ့ ကိစ္စပဲ.."

လုရွှင်သည် အင်္ကျီလက်စကို ခါလိုက်ပြီး ဒေါသတကြီး ပြောလိုက်လေသည်။

"မင်း ဟန်ဆောင်နေစရာ မလိုဘူး တကယ်လို့ ကလေးသာ တစ်ခုခုဖြစ်ခဲ့ရင် မင်းအကုန်လုံးကို တာဝန်ယူရလိမ့်မယ်"

"ဒီစကားက ဘယ်ကနေ ဘယ်လို ထွက်လာရတာလဲဗျ.."

ချူလျန်သည် အပြစ်ကင်းစင်သည့် မျက်နှာပေးဖြင့် ရှင်းပြလေ၏။

"သူက ပိုင်ဇယ်လေးကို ကျောက်ခဲနဲ့ အရင်ပေါက်တာ အားလုံးအမြင်ပဲလေ..”

“ဒါကြောင့်ပိုင်ဇယ်လေး သူ့ကို ပြန်တိုက်ခိုက်ခဲ့တာလေဗျ အဲဒါက ကျုပ်နဲ့ ဘာမှမဆိုင်ဘူးနော်.."

"အမှန်ပဲ…"

ဘေးနားရှိ ရှန်ဇီလျန်သည်လည်း ခေါင်းတစ်ဆက်ဆက် ညိတ်လိုက်ပြီး လူတိုင်း မြင်တွေ့ခဲ့ကြောင်း ထောက်ခံလေသည်။

"မင်း ကလေးကို မြှောက်ပေးတာ မဟုတ်ရင် သူဒီလိုလုပ်ပါ့မလားကွ"

လုရွှင်သည်ကား ချူလျန်၏ လျှာသွက်လှသော စကားများကို လုံးဝ ဂရုမစိုက်ပေ။

"သူ ဒီလိုကိစ္စမျိုး လုပ်တာ ပထမဆုံးအကြိမ်မှ မဟုတ်တာ… အရင်ကတည်းက ဒီလိုပဲ ဆော့နေကျဆိုတာ အားလုံးသိကြပါတယ်ဗျာ…"

ချူလျန်က အားတက်သရော ဖြေရှင်းလိုက်၏။

"မှန်တယ်…"

ရှန်ဇီလျန်လည်း လူတိုင်းသိကြောင်း နောက်တစ်ကြိမ် ခေါင်းညိတ် ထောက်ခံပြန်သည်။

"ဂိုဏ်းတူအစ်ကိုလု သူ့ကို သွားမကြည့်တော့ဘူးလားဟင်”

“... တကယ်လို့ သစ်ပင်ပေါ် ချိတ်နေရင် ဘယ်လိုလုပ်မလဲဗျ”

“ သူက ကလေးလေးပဲ ရှိသေးတာကို.."

ချူလျန်သည် ချန်လင်ထုံး လွင့်စင်သွားသည့် ဦးတည်ရာသို့ လက်ညှိုးထိုးပြကာ ပြုံးစိစိဖြင့် ပြောလိုက်လေသည်။

"ဟုတ်ပါ့.."

ရှန်ဇီလျန်ကလည်း ဘေးမှနေ၍ ဆက်လက် မြှောက်ပင့်ပေးနေ၏။

"ဟိုဘက်မှာ ချောက်ကမ်းပါးရှိတယ်လေ အောက်ကို ပြုတ်ကျသွားရင် မလွယ်ဘူးနော်…"

"စောစောက စူးစူးဝါးဝါး အော်သံ ကြားလိုက်ရသေးတယ်မဟုတ်လား… အခု ဘာလို့ အသံတိတ်သွားတာလဲ မသိဘူးနော်…."

ချူလျန်က ဝင်ပြောလိုက်သည်။

"ဟာ... တစ်ခုခုသာ ဖြစ်သွားရင် အဂ္ဂိရတ်အကြီးအကဲတော့ တော်တော်လေး ဝမ်းနည်းသွားရမှာပဲ"

ရှန်ဇီလျန်က မှတ်ချက်ချလိုက်၏။

"ဒါပေမဲ့ အဂ္ဂိရတ်အကြီးအကဲလည်း ပိုင်ဇယ်လေးကို ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး… ထင်ရသလောက်တော့ စောင့်ရှောက်ရတဲ့ တပည့်တွေကိုပဲ အပြစ်ပေးရုံပေါ့…"

ချူလျန်က ထပ်ပြောလေသည်။

"ဟုတ်ပါ့ဗျာ ဒါက တကယ့်ကို မမျှော်လင့်ထားတဲ့ ကပ်ဘေးပဲ…"

ရှန်ဇီလျန်သည်လည်း ခေါင်းခါလျက် ဆိုလိုက်၏။

...

သူတို့နှစ်ယောက်သည် တစ်ယောက်တစ်ပေါက် အပေးအယူမျှစွာဖြင့် စကားများ ပြောဆိုနေကြသည်။

ထိုစကားများကြောင့် လုရွှင်၏ မျက်နှာမှာ တစ်စထက်တစ်စ ပို၍ ဆိုးရွားလာတော့သည်။

သူသည် ထိုနှစ်ယောက်နှင့် ဆက်၍ စကားများနေရန် အချိန်မရှိတော့သဖြင့် အင်္ကျီလက်စကို ခါကာ လေထဲသို့ ပျံသန်းထွက်ခွာသွားလေသည်။

သူသည် ပေပေါင်းဆယ်ဂဏန်းခန့် အကွာအဝေးထိ ပျံသန်းသွားပြီးနောက် ချန်လင်ထုံး တစ်ယောက် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် အမှန်တကယ် ချိတ်ဆွဲနေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုကလေးမှာ ယောင်ချာချာ ဖြစ်နေပုံရ၏။

ဤကလေးဆိုးမှာ သိတတ်စအရွယ်ကတည်းက ဤကဲ့သို့သော ဆက်ဆံမှုကို တစ်ခါမှ မကြုံဖူးခဲ့ပေ။

ယခု သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ နာကျင်မှုပင် မဟုတ်ဘဲ အခြားအရာ ဖြစ်နေသည်။

'သူက ငါ့ကို ဘာလို့ ရိုက်ရဲရတာလဲ…'

'ငါ ကျောက်ခဲနဲ့ပဲ ပေါက်လိုက်တာကို သူက ဘာလို့ ငါ့ကို ပြန်ရိုက်ရဲတာလဲ...'

လုရွှင်က သူ့ကို သစ်ပင်ပေါ်မှ ဆွဲချလာသည့် အချိန်ရောက်မှသာ ချန်လင်ထုံးက အသံကုန်ဟစ်၍ ငိုကြွေးတော့သည်။

"ဝါး... နာလိုက်တာ…"

လုရွှင်သည် သူ၏ ခန္ဓာကိုယ်အနှံ့ကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။

ကံကောင်းထောက်မစွာဖြင့် ဤကလေးဆိုးမှာ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ရိုးရိုးကလေးငယ်များထက် အဆပေါင်းများစွာ ပိုမို ကြံ့ခိုင်နေသောကြောင့် အရိုးအနည်းငယ်မျှသာ ကျိုးသွားခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်ပါက သာမန် ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်သာ ပိုင်ဇယ်လေး၏ ကြမ်းတမ်းသော ဝင်တိုက်မှုကို ခံရပါက ချက်ချင်း အသက်ဆုံးရှုံးသွားနိုင်ချေ အလွန်များပြားပေသည်။

"မငိုနဲ့တော့နော် အစ်ကို မင်းကို ပြန်ခေါ်သွားပြီး ဒဏ်ရာကုပေးမယ်…"

လုရွှင်က သူ၏ သွေးလှည့်ပတ်မှုကို တည်ငြိမ်စေရန်အတွက် အစစ်အမှန်ချီစွမ်းအင်ကို ဦးစွာ အသုံးပြုလိုက်ရသည်။

ထို့နောက် သူ၏ကိုယ်ကို လွှဲကာ တန်တင်းခန်းမဆောင်သို့ ချက်ချင်း ပြန်လည် ခေါ်ဆောင်သွားလေသည်။

ချန်လင်ထုံးသည်ကား သူ့စကားကို မည်သို့ နားထောင်မည်နည်း။

မငိုရန် ပြောလေလေ၊ ပို၍ အသံကုန်ဟစ်ကာ ငိုကြွေးလေလေ ဖြစ်သည်။

အထူးသဖြင့် သူ သတိပြန်လည်လာပြီးနောက် နာကျင်မှုနှင့် နစ်နာမှုခံစားချက်တို့က တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

တန်တင်းခန်းမဆောင်အတွင်း၌ ဂိုဏ်းတူအစ်ကိုခုနစ် လျိုချင်းနှင့် ဂိုဏ်းတူအစ်ကိုရှစ် ရွှီဝမ်တို့ ရှိနေကြသည်။

ချန်လင်ထုံး ဤမျှ ပြင်းထန်သော ဒဏ်ရာရရှိလာသည်ကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ချက်ချင်း အရောင်ပြောင်းသွားပြီး ထိတ်လန့်သွားကြတော့သည်။

'အဂ္ဂိရတ်အကြီးအကဲသာ ဒီအခြေအနေကို မြင်သွားရင် စောင့်ရှောက်ရတဲ့ ငါတို့တပည့်တွေကို အရေခွံခွာပစ်မှာ မဟုတ်ဘူးလား'

သူတို့သုံးယောက်သည် ကမန်းကတန်းဖြင့် ချန်လင်ထုံးကို ကုသရန်အတွက် ဆေးဝါးများ အမြန်ယူလာကြသည်။

အရိုးဆက်ခြင်း၊ နာကျင်မှု ပျောက်ကင်းစေခြင်းနှင့် သွေးကြောပိတ်ဆို့မှုများကို ဖယ်ရှားပေးခြင်းတို့ကို လုပ်ဆောင်ပေးကြ၏။

အဂ္ဂိရတ်ခန်းမဆောင်၏ အဓိကတာဝန်မှာ ဤလုပ်ငန်းဖြစ်ရာ ယခုကဲ့သို့သော ပြင်ပဒဏ်ရာငယ်များကို ကိုင်တွယ်ဖြေရှင်းရသည်မှာ အလွန် မြန်ဆန်လှသည်။

နာရီဝက်ပင် မကြာမီတွင် ချန်လင်ထုံး၏ ဒဏ်ရာများမှာ အတော်လေး သက်သာလာခဲ့သည်။

သို့သော် ခန္ဓာကိုယ်မှ ဒဏ်ရာများ သက်သာသွားသော်လည်း စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများကိုကား ဖယ်ရှား၍ မရနိုင်သေးပေ။

ချန်လင်ထုံးမှာ ဆက်လက် ငိုကြွေးနေဆဲ ဖြစ်သည်။

"အဘိုးကို သွားတိုင်ပြီး အဲ့ဒီပိုင်ဇယ်ကို ရိုက်သတ်ခိုင်းမယ်…”

“ သူက ငါ့ကို ဒီလောက်နာအောင် ဝင်တိုက်ရဲတယ်… ဝူး... ဝူး... ဝူး..."

ထိုစကားထွက်ပေါ်လာသောအခါ သူတို့သုံးယောက်လုံး ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။

သူသည် ရှုတောင်ဂိုဏ်းတွင် အလွန် အချစ်ခံရသည် မှန်သော်လည်း၊ အချစ်ခံရသူများကြားတွင်လည်း ကွာဟချက် ရှိပေသည်။

ရှုတောင်ဂိုဏ်း၏ အနာဂတ် နှစ်ထောင်ပေါင်းများစွာကို ကာကွယ်ပေးနိုင်သော ပိုင်ဇယ်နှင့် နှိုင်းယှဉ်ပါက မင်းလို မြစ်တစ်ယောက်မှာ ဘာမျှမဟုတ်ပေ။

အဂ္ဂိရတ်အကြီးအကဲ၏ အဆင့်အတန်းပင်လျှင် အတော်လေး ကွာဟနေသေးသည်။

ခဏအကြာတွင် လုရွှင်က စကားစပြောလိုက်လေသည်။

"ကလေးလေး… အပြစ်ရှိတာက ပိုင်ဇယ်လေး မဟုတ်ဘူး..”

“ မင်းကို ဝိညာဉ်သားရဲဆီ ကျောက်ခဲနဲ့ပေါက်ဖို့ မြှောက်ပေးခဲ့တဲ့လူကသာ အပြစ်ရှိတာ ချူလျန်ဆိုတဲ့ကောင်ကမှ တကယ့် လူဆိုးကွ.."

ထိုစကားကို ပြောလိုက်သောအခါ လျိုချင်း၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် တစ်ခါနီလိုက် တစ်ခါဖြူလိုက် ဖြစ်သွားရလေသည်။

ချန်လင်ထုံးက ခြေထောက်ကို ဆောင့်ကာ အော်ဟစ်လိုက်သည်။

"ဒါဆိုရင် အဘိုးကို သွားပြောပြီး အဲ့ဒီချူလျန်ကို ရိုက်ခိုင်းမယ်.. ငါ့ကို တော်တော် ဒေါသထွက်အောင် လုပ်တယ်…"

"ကလေးလေး ဒီကိစ္စကို မင်းအဘိုးကို မပြောပါနဲ့တော့ အစ်ကိုတို့ မင်းအတွက် ကလဲ့စားချေပေးမယ်လေ ဟုတ်ပြီလား.."

လျိုချင်းက အလျင်အမြန် ဝင်ပြောလိုက်၏။

တကယ်လို့ ချန်လင်ထုံးသာ ငိုယိုပြီး အဂ္ဂိရတ်အကြီးအကဲထံ သွားတိုင်ပါက ဤရက်ပိုင်းအတွင်း သူ့ကို စောင့်ရှောက်နေသူများမှာလည်း သဘာဝကျကျ အပြစ်ပေးခံရမည် ဖြစ်သည်။

"ဒါဆို အစ်ကိုတို့က ငါ့အတွက် ကလဲ့စားချေပေးနိုင်လို့လား.."

ချန်လင်ထုံး၏ မျက်လုံးများက အရောင်လက်သွား၏။

"သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပေးရမယ်နော်.."

"ဒါပေါ့ ပြဿနာမရှိပါဘူးကွ"

လျိုချင်းက ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကိုခုနစ် ချူလျန်ရဲ့ ဆရာက တိနွီဖုန့်နော်.."

ရွှီဝမ်က စိုးရိမ်တကြီးဖြင့် သတိပေးလိုက်၏။

"အင်း..."

လျိုချင်းက ထိုအကြောင်းကို တွေးမိပြီး တုံ့ဆိုင်းသွားလေသည်။

ချန်လင်ထုံးက နောက်တစ်ကြိမ် အသံကုန်ဟစ်ပြန်သည်။

"အစ်ကိုတို့ မသွားရဲရင် ငါ့အဘိုးကို သွားခေါ်လိုက်မယ်.."

"ဘာကြောက်စရာရှိလဲကွာ..တိနွီဖုန့်က အခု ရှုတောင်ဂိုဏ်းမှာမှ မရှိတာပဲကို.."

လုရွှင်က မကောင်းဆိုးဝါး အကြံအစည်ဖြင့် တိတ်တဆိတ် တွက်ချက်ကာ ကျယ်လောင်စွာ ပြောလိုက်၏။

"ငါတို့ ဒီအခွင့်အရေးကို ယူပြီး ငွေဓားတောင်ထွတ်ကို သွားပြီး အဲ့ဒီကောင်ကို သင်ခန်းစာပေးကြမယ်..”

“နောက်ပိုင်း တိနွီဖုန့်ပါလာပြီး ပြဿနာရှာလာရင် ဆရာက ဝင်ရှင်းပေးလိမ့်မယ်..”

“ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ကလေးလေးအတွက် ဒေါသထွက်ပေးတာပဲလေ နောက်မှ ဆရာ့ကို အသိပေးလိုက်ရင် အခုထက်တော့ သေချာပေါက် ပိုကောင်းမှာပါ"

လျိုချင်းက ကြားလိုက်ရသောအခါ ထိုစကားက အမှန်ပင်ဖြစ်ကြောင်း တွေးမိသွားသည်။

ယခုအချိန်တွင် ချန်လင်ထုံးကို ငိုယိုစေကာ ထိုကိစ္စကို အဂ္ဂိရတ်အကြီးအကဲထံ တိုင်ကြားခိုင်းမည်ဆိုပါက သူတို့နှစ်ယောက်မှာ သေချာပေါက် အပြစ်ပေးခံရမည် ဖြစ်သည်။

သို့သော် သူ့အတွက် ဒေါသထွက်ပေးပြီးမှ ပြုံးရွှင်စွာဖြင့် ဆရာ့ထံသို့ ရှင်းပြခိုင်းမည်ဆိုလျှင် အဂ္ဂိရတ်အကြီးအကဲက သူတို့ကို အကာအကွယ်ပေးလာနိုင်ပေသည်။

All Chapters