အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း (၁၉၉) - ယွင်ချောင်ရှန်း၏ စာတစ်စောင် (၂)
တိနွီဖုန့်နှင့် ပတ်သက်၍မူကား ဆရာ့ကိစ္စကို ဆရာကိုယ်တိုင် ဖြေရှင်းပေလိမ့်မည်။
သူမ မည်မျှပင် စွမ်းဆောင်နိုင်ပါစေ တောင်စောင့်အကြီးအကဲထက် သာလွန်နိုင်မည်လော။
ထို့ပြင် အဂ္ဂိရတ်အကြီးအကဲနှင့် တိနွီဖုန့်တို့၏ ဆက်ဆံရေးမှာ အစကတည်းက သဟဇာတမဖြစ်ကြောင်း ရှုတောင်ပေါ်ရှိ လူအများအပြား သိကြသည်ပင်။
ဤအဆင့်ထိ တွေးမိသွားသောအခါ သူတို့မှာ ရုတ်တရက် အကြောက်အလန့် မရှိတော့ချေ။
ယခု သူတို့ရှေ့တွင် ရှိနေသော အကြီးမားဆုံးကိစ္စမှာ ချန်လင်ထုံးအတွက် ဒေါသထွက်ပေးရန်သာ ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ဆရာ့ထံမှ ချီးကျူးမှုပင် ရနိုင်သေးသည်။
"မနက်ဖြန် မင်းဒဏ်ရာ အပြည့်အဝ ပျောက်သွားတဲ့အထိ စောင့်လိုက်”
“ပြီးရင် ငါတို့ ငွေဓားတောင်ထွတ်က အဲဒီလူဆိုးကောင်ကို သွားရှာကြမယ်.."
လုရွှင်က ပြတ်သားစွာ ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲ၌ အခြားသော အကြံအစည်တစ်ခုလည်း ရှိနေလေ၏။
'တကယ်လို့ ဂိုဏ်းတွင်းပဋိပက္ခတစ်ခုကို ဖန်တီးနိုင်ခဲ့ရင် အဲဒီအထဲကနေ ချူလျန်ကို မတော်တဆမှုတစ်ခု ကြုံလာစေဖို့...'
ဒါက အကြံကောင်းတစ်ခု ဖြစ်နိုင်ပေသည်။
...
"ဟတ်ချိုး.."
ချူလျန်သည် နှာချေလိုက်ပြီး သူ၏နှာခေါင်းကို ပွတ်သပ်လိုက်သည်။
လတ်တလောတွင် အဘယ်ကြောင့် သူ့အကြောင်းကို အမြဲ ပြောဆိုနေကြသနည်းဟု စိတ်ထဲမှ တွေးလိုက်မိ၏။
သူသည် တန်တင်းအကြီးအကဲ၏ မြစ်ဖြစ်သူကို သင်ခန်းစာပေးခဲ့ပြီးနောက် ဤအချိန်တွင် သူ၏စိတ်ထဲ၌ အနည်းငယ် မလုံမခြုံ ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက ကလဲ့စားချေလာနိုင်ချေ ရှိသောကြောင့် ဖြစ်သည်။
ဆရာဖြစ်သူ အိမ်တွင်မရှိသော ဤအချိန်မျိုးတွင် မိမိမှာ ပြန်လည်ခုခံရန် အခွင့်အရေး မရှိလှပေ။
အဂ္ဂိရတ်အကြီးအကဲသည် သေချာပေါက် ကိုယ်တိုင် ပါဝင်လာမည် မဟုတ်သော်လည်း သူ၏ လက်အောက်ရှိ တိုက်ရိုက်တပည့်များမှာ ချူလျန်တို့ထက် အသက်နှစ်ဆယ် သုံးဆယ်ခန့် ပိုကြီးကာ ပြီးခဲ့သည့်အကြိမ် သို့မဟုတ် ထိုမတိုင်မီအကြိမ်က ရှုတောင်တောင်ထွတ် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ဖူးသော တပည့်များ ဖြစ်ကြသည်။
ထိုအရင်မျိုးဆက် တပည့်များမှာ ပုံမှန်အားဖြင့် ပဉ္စမအဆင့် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ရာ အရင်းအမြစ်များကို အပြင်ထွက်၍ ရှာဖွေရသဖြင့် ရှုတောင်ဂိုဏ်းတွင် နေထိုင်ရသောအချိန်အလွန်နည်းပါးပြီး ထင်ရှားမှုလည်း အလွန် နည်းပါးလှသည်။
သို့သော် အဂ္ဂိရတ်အကြီးအကဲ၏ ထိုတပည့်အချို့မှာမူ ချွင်းချက် ဖြစ်သည်။
သူတို့က အဂ္ဂိရတ်ခန်းမဆောင်ကို အမှီပြုထားသောကြောင့် အရင်းအမြစ်များကို အပြင်ထွက်လုယက်ရန် မလိုအပ်ပေ။
အဂ္ဂိရတ်အကြီးအကဲ၏ ဘေးတွင် အလုပ်အကျွေးပြုနေသမျှ ကာလပတ်လုံး သဘာဝရတနာများ ပြတ်လပ်သွားမည် မဟုတ်ရာ ရှုတောင်ဂိုဏ်းတွင် နေထိုင်ရသော အချိန်မှာ အလွန်များပြားလှသည်။
ချူလျန်က သူ ပီလော့တောင်ထွတ်သို့ သွားရောက်ရှောင်တိမ်းသင့် မသင့် စဉ်းစားနေမိသည်။
တာအိုကျင့်ကြံသူယန်နှင့် သူ၏ဆရာဖြစ်သူတို့မှာ အလွန်ရင်းနှီးသော မိတ်ဆွေများဖြစ်ရာ မိမိကို သေချာပေါက် ပစ်ထားမည် မဟုတ်ပေ။
လမ်းကြုံအနေဖြင့် ဂိုဏ်းတူအစ်မကျန်းနှင့်လည်း ပိုမို အချိန်ဖြုန်းနိုင်မည် ဖြစ်သည်။
တဲငယ်လေးရှေ့သို့ ပြန်ရောက်သောအခါ ကြိုးကြာဖြူလေးတစ်ကောင် ပို့ဆောင်ပေးထားသော စာတစ်စောင်ကို ရုတ်တရက် တွေ့လိုက်ရ၏။
သူက ကောက်ယူကြည့်လိုက်ရာ ထိုစာမှာ ထျန်းကန်းဂိုဏ်းမှ ပို့လိုက်ခြင်းဖြစ်ပြီး စာပို့သူမှာ အချိန်အတော်ကြာ မတွေ့ရသော ယွင်ချောင်ရှန်း ဖြစ်နေသည်။
သူ့တွင် မည်သည့် အရေးကြီးကိစ္စများ ရှိနေသည်ကို မသိနိုင်ပေ။
မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်း ကြားတွင် စာပို့ပေးသော ဝိညာဉ်ငှက်သားရဲများ ရှိသော်လည်း ပုံမှန်အားဖြင့် အရေးကြီးသော ကိစ္စမရှိလျှင် ဤကဲ့သို့ ပို့ဆောင်လေ့ မရှိပေ။
ချူလျန်က စာကို ဖောက်ကြည့်လိုက်ရာ သူ၏ မျက်မှောင်များမှာ ချက်ချင်း တွန့်ကွေးသွားတော့သည်။
အကြောင်းမှာ ယွင်ချောင်ရှန်း၏ စာထဲတွင် သူတို့ ထျန်းကန်းဂိုဏ်းမှ လူတစ်ယောက်က ချူလျန်ကို ပြဿနာရှာချင်နေကြောင်း ရေးသားထားသောကြောင့် ဖြစ်သည်။
ဤကိစ္စမှာ လွန်ခဲ့သော အချိန်ကာလတစ်ခုက မဟူရာဝေလငါးတောင်တွင် ထိုမျောက်ဖြူကြီးကို သတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ထိုမျောက်ဖြူကြီး မသေဆုံးမီ အဖြူရောင်အလင်းတန်းတစ်ခုကို ပေးပို့ခဲ့ရာ ထိုစဉ်က ချူလျန်က သတင်းပို့လိုက်ခြင်းလောဟု ခန့်မှန်းခဲ့သည်။
ယခု ကြည့်ရသည်မှာ တကယ်ပင် ထိုသို့ ဖြစ်နေသည်။
သို့သော် ထိုမျောက်ဖြူကြီးက တစ်ချိန်တုန်းက ထျန်းကန်းဂိုဏ်းတွင် ကျင့်ကြံခဲ့ဖူးသော ဝိညာဉ်သားရဲတစ်ကောင် ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အစောပိုင်းတွင် မျောက်ဖြူကြီး နောက်လိုက်အဖြစ် လုပ်ဆောင်ခဲ့သော သိုင်းပညာရှင် စီနီယာမှာ မြေကြီးထဲ ရောက်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။
သို့သော် ထိုစီနီယာတွင် မျောက်ဖြူကြီးနှင့် အတော်လေး ရင်းနှီးသော ဂိုဏ်းတူညီတစ်ယောက် ရှိပြီး သူ၏အမည်မှာ ကျန်းကျွီးချွဲ ဖြစ်သည်။
ကျန်းကျွီးချွဲမှာလည်း ထျန်းကန်းဂိုဏ်းအတွင်းရှိ နာမည်ကြီး သိုင်းပညာရှင်တစ်ဦး ဖြစ်လေသည်။
သူ၏ စရိုက်လက္ခဏာမှာ မီးတောက်ကဲ့သို့ ပြင်းထန်ပြီး မကောင်းမှုဟူသမျှကို ရန်သူကဲ့သို့ မုန်းတီးသူ ဖြစ်သည်။
ထို့ပြင် ကျင့်ကြံခြင်းလောကတွင် သူသည် "အင်အားအကြီးဆုံး ဆဋ္ဌမအဆင့်" ဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ငယ်ရွယ်စဉ်ကတည်းက ပါရမီရှင်တစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့ပြီး နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း ဆဋ္ဌမအဆင့်ကို မည်သည့်အခါမျှ မကျော်ဖြတ်နိုင်ဘဲ မြေကမ္ဘာတံခါးပေါက်အတွင်း၌သာ ပိတ်မိနေခဲ့သည်။
သို့သော် အဆင့်မတက်နိုင်ခဲ့သော်လည်း သိုင်းပညာအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်းကို အားကိုး၍ သတ္တမအဆင့် အချို့နှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီး အရေးနိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူ့ကို ကမ္ဘာလောကရှိ ဆဋ္ဌမအဆင့်များထဲတွင် အင်အားအကြီးဆုံးအဖြစ် အမြဲတစေ သတ်မှတ်ခံခဲ့ရသည်။
ထိုမျောက်ဖြူကြီး ပြန်လည်ပေးပို့လိုက်သော သတင်းအချက်အလက်များထဲတွင် ချူလျန်က ရွှေမွေးဟူကို ခေါ်ဆောင်ကာ ၎င်းကို သတ်ဖြတ်နေသည့် မြင်ကွင်းများ ပါဝင်ပြီး ချူလျန်က ဂူဗိမာန်ကို ကျူးကျော်ဝင်ရောက်ကာ ဝိညာဉ်ဆေးမြစ်များကို လုယူသွားကြောင်း သွေးမျက်ရည်များဖြင့် တိုင်တန်းထားခြင်းလည်း ပါဝင်လေသည်။
ချူလျန်ကို သဘာဝရတနာများကို လုယူရုံသာမက သက်သေဖျောက်ရန်အတွက် မျောက်တစ်ကောင်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ခွင့်လွှတ်၍မရသော ဓားပြကြီးတစ်ဦးအဖြစ် ပုံဖော်ထားသည်။
ကျန်းကျွီးချွဲသည် ဤသတင်းကို ရရှိပြီးနောက် ချက်ချင်းပင် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
ထို့နောက် ချူလျန်၏ ကိုယ်ရေးအချက်အလက်များကို အတည်ပြုပြီးနောက်တွင် ဤ "မကောင်းမှုများ ပြည့်နှက်နေသော" ရှုတောင်တပည့်ကို သေချာပေါက် သင်ခန်းစာပေးရန် ပြင်ဆင်နေလေသည်။
ကံကောင်းထောက်မစွာဖြင့် ယွင်ချောင်ရှန်းမှာ ထျန်းကန်းဂိုဏ်းအတွင်း၌ ရှိနေပြီး ဤသတင်းကို မတော်တဆ ကြားသိခဲ့ရခြင်း ဖြစ်သည်။
သူသည် သူ၏ ဆရာဦးလေးကို အလျင်အမြန် တားဆီးကာ မိမိနှင့် ချူလျန်မှာ ယခင်က ရင်းနှီးမှုရှိခဲ့ဖူးကြောင်း သူသည် သစ္စာတရားကြီးမားသော ကျင့်ကြံသူတစ်ဦးဖြစ်ရာ ဤကဲ့သို့သော ယုတ်မာသည့် လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ကြောင်း အလယ်တွင် နားလည်မှုလွဲမှားခြင်းများ ရှိနိုင်ကြောင်း ပြောဆိုခဲ့သည်။
သို့သော် ကျန်းကျွီးချွဲက သူ့ကို ချူလျန်ကိုယ်စား အာမခံနိုင်သလားဟု မေးသောအခါ ယွင်ချောင်ရှန်းက အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူလည်း ကိစ္စ၏အဖြစ်မှန်ကို မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက ချူလျန်ထံ စာပို့ကာ အလျင်အမြန် ပြန်စာရေး၍ ရှင်းပြရန် အသိပေးခဲ့ခြင်း ဖြစ်သည်။
ဤကိစ္စကို ရှင်းလင်းစွာ မရှင်းပြနိုင်ပါက ကျန်းကျွီးချွဲမှာ မကြာမီ ရှုတောင်ဂိုဏ်းပေါ်သို့ ရောက်လာပြီး သတ်ဖြတ်တော့မည် ဖြစ်သည်။
ဤသိုင်းပညာရှင်သည် နှစ်ပေါင်းများစွာအတွင်း မိစ္ဆာများကို မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ပြီး အာဏာကိုလည်း ဘယ်သောအခါမှ မကြောက်ရွံ့ခဲ့ရာ ကျင့်ကြံခြင်းလောကတွင် သူ၏ ဩဇာတိက္ကမမှာ အလွန် ကြီးမားလှသည်။
အကယ်၍ ချူလျန်သာ အမှန်တကယ် အမှားကျူးလွန်ခဲ့ပါက ရှုတောင်ဂိုဏ်းပင်လျှင် သူ့ကို အကာအကွယ်ပေးနိုင်မည် မဟုတ်ပေ။
ချူလျန်က ဤစာကို ကြည့်ရင်း ယွင်ချောင်ရှန်း၏ စာသားများကြားမှ အခြားသော အဓိပ္ပာယ်တစ်ရပ်ကိုပါ ဖတ်ရှုနားလည်လိုက်သည်။
'တကယ်လို့ မင်းသာ တကယ် ပြဿနာရှာထားတာ ဆိုရင်တော့ မြန်မြန်သာ ထွက်ပြေးပေတော့…'
စာရွက်ကိုကိုင်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ချူလျန်က စုတ်တံကို ယူကာ ပြန်စာရေးလိုက်၏။
"အစ်ကိုချောင်ရှန်း ဒီစာကို မြင်တာနဲ့ လူချင်း တွေ့ရသလိုပါပဲ.."
"စာကို လက်ခံရရှိပြီးပါပြီ… အစ်ကို့ရဲ့ ပင်ပန်းမှုတွေအတွက် အလွန်ပဲ ကျေးဇူးတင်မိပါတယ်”
“ ဖော်ပြထားတဲ့ မျောက်ဖြူကြီး ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီအထဲမှာ အခက်အခဲတွေ အများကြီး ရှိပါတယ်… အဆင်ပြေမယ်ဆိုရင် စီနီယာကြီးကို ရှုတောင်ဂိုဏ်းဆီ လာဖို့ ဖိတ်ခေါ်ပေးပါ”
“ ကျုပ် သူနဲ့ မျက်နှာချင်းဆိုင် ရှင်းပြပါ့မယ်... တကယ်လို့ လိမ်လည်ပြောဆိုမှုတွေ ရှိခဲ့ရင် စီနီယာကြီးက ကျုပ်ကို ချက်ချင်း အပြစ်ပေးနိုင်ပါတယ်…"