← Chapters

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း ၂၀၀

Vol. 20 Ch. 200

အခန်း (၂၀၀) - အကြီးအကဲ၊ အားလုံး ကြားလိုက်တယ်မဟုတ်လား

နောက်တစ်နေ့ နံနက်ခင်းတွင် ငွေဓားတောင်ထွတ်သည် ဧည့်သည်သုံးဦးကို ကြိုဆိုရလေသည်။

ရှေ့ဆုံးမှ လာသူမှာ ဖြူရော်သော မျက်နှာနှင့် ဆံပင်ဖြူများ၊ ဓားကဲ့သို့ ဖြောင့်တန်းသော မျက်ခုံးများရှိသည့် အဘိုးအိုတစ်ဦး ဖြစ်၏။

သူ၏ ခန္ဓာကိုယ်မှ နက်ရှိုင်းသော သမုဒ္ဒရာနှင့် မြင့်မားသော တောင်တန်းကြီးတစ်လုံးကဲ့သို့သော အရှိန်အဝါများ ထွက်ပေါ်နေပြီး သူ၏ မျက်လုံးနှစ်လုံးမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေလေသည်။

အဘိုးအို၏ ကျောဘက်တွင် တံခါးရွက်နှင့်တူသော ဓားကြီးတစ်လက်ကို လွယ်ထားရာ ကြည့်ရသည်မှာ အတော်လေး မျက်စိပသာဒဖြစ်ကာ ထင်ရှားလှပေသည်။

သူ၏နောက်တွင် မျက်ခုံးကောင်းကောင်း မျက်လုံးကောင်းကောင်းနှင့် ခန့်ညားသော လူငယ်တပည့်တစ်ဦး လိုက်ပါလာသည်။

အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားပြီး ပိုးသားခါးပတ်ကို ပတ်ထားကာ ခန္ဓာကိုယ်မှာ ပိန်ပါးသော်လည်း မားမားမတ်မတ် ရှိလှ၏။

သူ၏ ကျောဘက်တွင်လည်း ကြီးမားကျယ်ပြန့်သော ဓားကြီးတစ်လက် ရှိနေသော်လည်း အဘိုးအို၏ တံခါးရွက်အရွယ် ဓားကြီးလောက်မူ မကြီးမားလွန်းပေ။

နောက်ဆုံးတွင်မူ မျက်ခုံးထူထူ မျက်လုံးပြူးပြူးနှင့် တောင့်တင်းသန်မာသော ယောက်ျားကြီး ယွင်ချောင်ရှန်း ဖြစ်လေသည်။

သူ၏ ကျောတွင် ပုဆိန်လှံကြီးကို လွယ်ထားပြီး မျက်နှာအမူအရာမှာ ခန့်မှန်းရခက်နေ၏။

ကျန်းကျွီးချွဲကို ကြည့်ရသော သူ၏ အသွင်အပြင်မှာ အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေပုံရကာ ဤဦးလေးတော်စပ်သူသည် စကားပြောမတည့်သည်နှင့် ချက်ချင်း လက်ပါလာမည်ကို ကြောက်ရွံ့နေသည့်ဟန် ရှိပေသည်။

ဤလူသုံးဦးမှာ သဘာဝကျစွာပင် ထျန်းကန်ဂိုဏ်းမှ လာသော သိုင်းပညာရှင်သုံးဦး ဖြစ်လေသည်။

ကျန်းကျွီးချွဲသည် တကယ်ကို ဒေါသကြီးသူ ဖြစ်၏။

ချူလျန်၏ ပြန်စာသည် မနေ့ကမှ ထျန်းကန်ဂိုဏ်းသို့ ရောက်ရှိသွားသော်လည်း ယနေ့ နံနက်စောစောတွင် သူက ဒေါသတကြီး ရောက်ချလာခြင်း ဖြစ်သည်။

သူ၏နောက်မှ တစ်ယောက်မှာမူ သူ၏ ကိုယ်ပိုင်တပည့် ဖြစ်ပြီး ထျန်းကန်ဂိုဏ်း၏ ယခုမျိုးဆက်တွင် အဓိကတပည့် လေးဦးအနက် တစ်ဦးဖြစ်သော လီဖူကျန့် ဖြစ်လေသည်။

ယွင်ချောင်ရှန်း တစ်ပါတည်း လိုက်ပါလာရခြင်းမှာ ချူလျန်အပေါ်ထားရှိသော သစ္စာတရားကြောင့်သာ ဖြစ်၏။

အကယ်၍ စကားပြောဆိုရာတွင် အဆင်မပြေမှုများ ဖြစ်လာပါက သူက ကြားဝင်စေ့စပ်ပေးခြင်းဖြင့် တင်းမာနေသော လေထုကို အနည်းငယ် ပြေလျော့သွားစေနိုင်မည်ဟု တွေးတောခဲ့ခြင်း ဖြစ်သည်။

ချူလျန်သည် ယွင်ချောင်ရှန်း၏ ကူညီရိုင်းပင်းမှုအတွက် သဘာဝကျစွာပင် အလွန်ကျေးဇူးတင်မိသော်လည်း ဤဆွေးနွေးမှုအတွက် သူ၌ ယုံကြည်မှု အပြည့်အဝ ရှိနေလေသည်။

"တန်းစီပြီး ကြိုဆိုကြ…"

သူက လက်ကို အရင်မြှောက်လိုက်၏။

သူ၏ နောက်ကွယ်ရှိ လျိုရှောင်ယွီနှင့် ရွှေမွေးဟူတို့သည် တစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြပြီး ထျန်းကန်ဂိုဏ်းမှ လူစုကို ညင်သာစွာ အရိုအသေပေးလိုက်ကြသည်။

ငွေဓားတောင်ထွတ်တစ်ခုလုံးရှိ သက်ရှိအားလုံး ထွက်ကာ ကြိုဆိုနေကြပြီး ပန်းခြံကိုပင် သပ်ရပ်အောင် ညှပ်ထားသဖြင့် အလွန် ခမ်းနားကြီးကျယ်သည်ဟု မဆို၍ မရနိုင်ပေ။

ကျန်းကျွီးချွဲ၏ သိုင်းလောက အဆင့်အတန်းသည်လည်း ဤကဲ့သို့ ခမ်းနားစွာ ကြိုဆိုမှုနှင့် ထိုက်တန်လှ၏။

အကယ်၍ သူသာ ရှုတောင်ဂိုဏ်းသို့ တရားဝင် အကြောင်းကြားပြီး လာရောက်ခဲ့ပါက အနည်းဆုံး တောင်ထွတ်သခင် အဆင့်ရှိသူများက လာရောက် ကြိုဆိုရမည် ဖြစ်သည်။

"အကြီးအကဲ လာရောက်မယ်လို့ မကြားသိရတဲ့အတွက် ကျွန်တော်အလွန်တရာကို အားနာမိပါတယ်..”

“ဧည့်ဝတ်ကျေပွန်မှု အားနည်းသွားတဲ့ အပိုင်းတွေရှိရင် ခွင့်လွှတ်ပေးပါခင်ဗျ…"

ချူလျန်က ရှေ့သို့တက်ကာ ကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။

"ဒီလို ဟန်ဆောင်ပန်ဆောင်တွေ လုပ်နေစရာ မလိုဘူး…”

“ငါ ဒီတစ်ခေါက် လာရတဲ့ ရည်ရွယ်ချက်က ငါတို့ ထျန်းကန်ဂိုဏ်းရဲ့ ယခင် ဝိညာဉ်သားရဲ မျောက်ဖြူ သေဆုံးရတဲ့ ကိစ္စကို သေချာစုံစမ်းဖို့ပဲ”

“ မင်း ငါ့ကို မျက်နှာချင်းဆိုင် ရှင်းပြမယ်ဆို… အခု ရှင်းပြတော့…"

ကျန်းကျွီးချွဲ၏ အကြည့်များက ရွေ့လျားသွားပြီး အပိုစကားမဆိုဘဲ ပြောလိုက်၏။

"ဒီနေရာက စကားပြောဖို့ သိပ်အဆင်မပြေဘူးဗျ… ကျုပ်က အထဲမှာ ရှုတောင်ဂိုဏ်းရဲ့ ထူးခြားချက်ဖြစ်တဲ့ ဟော့ပေါ့ကို ပြင်ဆင်ထားပါတယ်”

“ မကြာသေးခင်ကမှ သတ်ဖြတ်ထားတဲ့ တောင်ပံပါမီးမြွေရဲ့ အသားကို အသုံးပြုထားတာပါ…”

“အကြီးအကဲ အနေနဲ့ အိမ်ထဲဝင်ပြီး စားရင်းသောက်ရင်း နားထောင်လို့ ရပါတယ်ခင်ဗျ…"

ထိုသို့ ပြောဆိုပြီးနောက် ချူလျန်သည် ထိုသုံးဦးကို တိနွီဖုန့်၏ အဆောက်အအုံအတွင်းသို့ ခေါ်ဆောင်သွားလေသည်။

ဧည့်သည်များကို သူ၏ အိမ်ငယ်လေးထဲတွင် သဘာဝကျစွာပင် ဧည့်ခံ၍ မရနိုင်သဖြင့် တိနွီဖုန့်၏ အဆောက်အအုံ ဧည့်ခန်းမကို ယာယီ ငှားရမ်းထားခြင်း ဖြစ်သည်။

"လောစရာ မလိုသေးဘူး…တကယ်လို့ မင်း တကယ် အပြစ်ကင်းတယ်ဆိုရင်တော့ စားသောက်ပွဲကိစ္စက လွယ်ပါတယ်”

“ တကယ်လို့ မင်းကသာ ယုတ်မာတဲ့ လူယုတ်မာဆိုရင်တော့ မင်းကျွေးတဲ့ဟာကို ငါ စားမှာ မဟုတ်ဘူး…"

ကျန်းကျွီးချွဲက ထိုင်လိုက်သော်လည်း စားသောက်ရန် ရည်ရွယ်ချက် မရှိဘဲ အေးစက်သောအသံဖြင့် ပြောလိုက်၏။

"အကြီးအကဲ စိတ်ချပါ…"

ချူလျန်က အနည်းငယ် ပြုံးလိုက်ပြီး ထိုနေ့က မဟူရာဝေလငါးတောင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ပြန်လည်ပြောပြလေသည်။

မျောက်ဖြူနှင့် ဓားရွက်ရွှမ်ယန်ပန်း လုယက်ရာမှစ၍ မျောက်ဖြူက သူ့အား အပြစ်ပုံချရန်အတွက် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့ပြီး နောက်ဆုံးတွင် ချူလျန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် အချိန်အထိ အသေးစိတ် ပြောပြလိုက်သည်။

"အဲဒီ မျောက်ဖြူက ငါတို့ ထျန်းကန်ဂိုဏ်းမှာ ကျင့်ကြံလာတာ နှစ်ပေါင်းများစွာ ကြာပြီ…”

“ အငြိုးတစ်ခုတည်းအတွက်နဲ့ လူတွေကို ရမ်းသတ်ပါ့မလား… ဒီကိစ္စအတွက် သက်သေရှိလား…"

ကျန်းကျွီးချွဲမှာ နားထောင်ရင်း မျက်မှောင်ကြုတ်သွားလေသည်။

"ယန်ပေါ်မြို့ထဲက တပ်မှူးနဲ့ မြို့စောင့်အရာရှိ နှစ်ယောက်လုံးက သက်သေခံပေးနိုင်ပါတယ်…”

“ ပြီးတော့ ကျွန်တော် အဲဒီနေ့က မဟူရာဝေလငါးတောင်ကနေ ထွက်သွားပြီးမှ ဘာလို့ ပြန်လာရမှာလဲ”

“ တကယ်လို့ လူသတ်ပြီး ရတနာလုချင်တယ်ဆိုရင် နှစ်ခေါက်ပြန်သွားပြီး သူ့ကို ချုံခိုတိုက်ခိုက်ဖို့ အချိန်ပေးနေစရာမှ မလိုတာပဲလေ…”

“ အဲဒီမျောက်ဖြူက ထျန်းကန်ဂိုဏ်းရဲ့ အင်အားကို အသုံးချပြီး ကျုပ်ကို ကလဲ့စားချေဖို့ ကြိုးစားခဲ့တာ အထင်အရှားပါ…"

ချူလျန်က ပြန်ဖြေလိုက်၏။

"တကယ်လို့ အဲဒီအတိုင်း မှန်တယ်ဆိုရင်တော့ မင်းကို အပြစ်မတင်သင့်ဘူးပဲလေ…”

“ ဒါပေမဲ့ ငါ နောက်ပိုင်းမှာ ယန်ပေါ်မြို့ထဲကို သွားပြီး စုံစမ်းရဦးမယ်… အဲဒီတော့မှ ဒီကိစ္စကို အပြည့်အဝ ယုံကြည်နိုင်မှာ…"

ကျန်းကျွီးချွဲက နားထောင်ပြီးနောက် ပြောလိုက်လေသည်။

သူက စုံစမ်းမည်ဟု ပြောသော်လည်း ချူလျန် ပြောပြသော အသေးစိတ် အချက်အလက်များမှာ ယုတ္တိရှိလှသဖြင့် ရှစ်ဆယ်ရာခိုင်နှုန်းခန့် ယုံကြည်နေပြီ ဖြစ်သည်။

အမှန်တကယ်တွင်မူ ထိုမျောက်ဖြူသည် မသေဆုံးမီ ယုန်ထောင်ချောက်မိကာ မျှော်လင့်ချက်မဲ့စွာ ကလဲ့စားချေသွားခြင်းမျှသာ ဖြစ်ပေသည်။

၎င်းမှနောက်လိုက်လုပ်ခဲ့သော သခင်မှာ သေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ ထျန်းကန်ဂိုဏ်းသည် ထိုမျောက်ဖြူအတွက်နှင့် ရှုတောင်ဂိုဏ်းကို မည်သို့မျှ အပြစ်ပြုဝံ့မည်နည်း။

မကောင်းမှုကို ရွံရှာမုန်းတီးတတ်သော ကျန်းကျွီးချွဲ တစ်ဦးတည်းသာ ရှိသော်လည်း ချူလျန်သည် လူယုတ်မာ မဟုတ်ကြောင်း သေချာသွားပါက သူသည် သဘာဝကျစွာပင် လက်ပါမည် မဟုတ်ပေ။

"ဟဲဟဲ... ညီအစ်ကိုချူက ငါ့လိုပဲ တရားမျှတမှုနဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်ထားတဲ့သူလို့ ငါ ပြောသားပဲ… သူက ဘယ်လိုလုပ် အလုပ်ဆိုးတွေ လုပ်မှာလဲ…"

ထိုအချိန်မှသာ ယွင်ချောင်ရှန်းက ရယ်မောရဲတော့၏။

"မင်းသာ နောင်တစ်ချိန်မှာ မကောင်းမှုတွေ လုပ်ရဲရင် မင်းကို အပြစ်ပေးဖို့ ငါ လက်တွန့်နေမှာ မဟုတ်ဘူးနော်…"

ကျန်းကျွီးချွဲက သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

ယွင်ချောင်ရှန်းက ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ပြုံးလိုက်လေသည်။

"ငါ ငယ်ငယ်ကတည်းက အဲဒီမျောက်ဖြူက ထျန်းကန်ဂိုဏ်းမှာ ရှိနေခဲ့တာ…”

“ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့တယ်လို့ ဆိုရမှာပဲ… ဒါပေမဲ့ သူက ဒီလို စိတ်ထားမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

ကျန်းကျွီးချွဲက သက်ပြင်းတစ်ချက်ချကာ ထပ်ပြောလိုက်၏။

"အကြီးအကဲ... ဒီစကားကို ကျွန်တော်ပြောဖို့ သိပ်မသင့်တော်ပေမဲ့... လူတွေအတွက်က ဆယ်စုနှစ်ပေါင်းများစွာဆိုတာ အရမ်းရှည်လျားတဲ့ အချိန်ကာလတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မိစ္ဆာတွေအတွက်တော့ ခဏတာ အချိန်လေးတစ်ခုပါပဲ..”

“ သူတို့ရဲ့ စိတ်နေသဘောထားကို အပြည့်အဝ နားလည်ဖို့ အဲဒီအချိန်လောက်နဲ့ မလုံလောက်ပါဘူး…"

ချူလျန်က ဝင်ပြောလိုက်သည်။

"ဂိုဏ်းတူညီလေးဖူကျန့်မှာသာ အခု ဝိညာဉ်အိမ်မွေးတိရစ္ဆာန် တစ်ကောင်ရှိပြီး ငါက သူနဲ့အတူ ကြီးပြင်းလာခဲ့မယ်ဆိုပါစို့..”

“ နောင်တစ်ချိန်မှာ ဂိုဏ်းတူညီလေးဖူကျန့်က ငါ့ရှေ့ကနေ အရင်သေသွားပြီး အဲဒီဝိညာဉ်သားရဲက ထျန်းကန်ဂိုဏ်းကနေ ထွက်သွားပြီးတော့ မကောင်းမှုတွေ လုပ်မယ်ဆိုရင် ငါ့ရဲ့ ခံစားချက်ကလည်း ဦးလေးတော်စပ်တဲ့ အကြီးအကဲနဲ့ အတူတူပဲ ဖြစ်နေမှာပေါ့…"

ယွင်ချောင်ရှန်းကလည်း ခံစားချက်ပြင်းထန်စွာ ပြောလိုက်၏။

"အင်း... ဘာလို့ ငါက မင်းရှေ့ကနေ အရင်သေရမှာလဲ…"

လီဖူကျန့်သည် သဘောတူကြောင်း ပြသချင်သော်လည်း ခေါင်းညိတ်လိုက်သည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဒီလိုပဲ ပြောကြည့်တာပါကွာ စိတ်ထဲ မထားပါနဲ့..”

“ ပြီးတော့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့လောက်မှ မမြင့်တာပဲ ငါ့ထက် အရင်ထွက်သွားတာ ဘာဆန်းလို့လဲ…"

ယွင်ချောင်ရှန်းက ရယ်မောကာ ပြောလိုက်၏။

"မင်း ချီး... မင်း ဘာတွေ လျှောက်ပြောနေတာလဲ.."

လီဖူကျန့်သည် ရိုင်းစိုင်းသော စကားအချို့ကို ပြောတော့မည့်ဟန် ရှိသော်လည်း ဆရာဖြစ်သူ ဘေးတွင် ရှိနေသည်ကို သတိရသွားကာ ချက်ချင်း စကားပြောင်းလိုက်ခြင်း ဖြစ်သည်။

"တစ်နေ့နေ့မှာ ငါက မင်းရှေ့ကနေ အရင်သေသွားတယ်ဆိုရင်တောင် သေချာပေါက် ငါ့ကျင့်ကြံခြင်းအဆင့်က မင်းထက် မြင့်နေလို့ပဲ ဖြစ်ရမယ်..”

“ ငါတို့ ထျန်းကန်ဂိုဏ်းက တိုက်ပွဲဝင်တဲ့အခါ အင်အားကြီးတဲ့သူတွေက ရှေ့တန်းကနေ ထွက်တိုက်ရတာ…”

“ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတွေက အားအနည်းဆုံးသူတွေချည်းပဲကွ…"

သူက ယွင်ချောင်ရှန်းကို ပြန်လည် တန်ပြန်ပြောဆိုလိုက်လေသည်။

"ဟေ…"

ဘေးနားရှိ ကျန်းကျွီးချွဲက မျက်မှောင်ကြုတ်သွားပြီး ဤရူးမိုက်သောတပည့်ကို စိုက်ကြည့်လိုက်၏။

ချူလျန်သည် သူတို့၏ စကားများ ငြင်းခုံနေသည်ကို နားထောင်ရင်း ဘေးမှနေ၍ ဟားဟား ဟုသာ အဖော်လုပ်ကာ ရယ်မောနေနိုင်သော်လည်း စိတ်ထဲတွင်မူ ကျိန်ဆဲချင်စိတ်ကို မထိန်းချုပ်နိုင်တော့ချေ။

'ထျန်းကန်ဂိုဏ်းက တပည့်တွေအားလုံး ဦးနှောက်တစ်ခုတည်းကိုပဲ မျှသုံးကြတယ်ဆိုတဲ့ သိုင်းလောကရဲ့ ကောလာဟလက အမှန်ပဲ ထင်တယ်...'

ဤဘက်တွင် ဆူညံပွက်လောရိုက်နေစဉ် အပြင်ဘက်မှ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာပြန်ရာ လူတစ်ယောက်ယောက်က အော်ဟစ်ခေါ်ဝေါ်နေပုံရသည်။

"ချူလျန်... မင်း ထွက်ခဲ့စမ်း…"

...

ချူလျန် ထွက်လာသောအခါ ငွေဓားတောင်ထွတ်၏ ကျယ်ဝန်းသော တောင်စောင်းပေါ်တွင် ရပ်နေသည့် လူသုံးယောက်ကို မြင်လိုက်ရလေသည်။

ယခင်က တွေ့ဖူးသော အဂ္ဂိရတ်အကြီးအကဲ၏ ကိုယ်ပိုင်တပည့်နှစ်ဦး ဖြစ်သည့် လျိုချင်းနှင့် လုရွှင်တို့ ဖြစ်ကြ၏။

သူတို့နှစ်ဦးရှေ့တွင် မကျေမနပ်ဖြစ်နေသော မျက်နှာနှင့် ကလေးဆိုးတစ်ယောက် လိုက်ပါလာသည်။

အခြေအနေကို ကြည့်ရသည်မှာ သူတို့သည် ရည်ရွယ်ချက်ကောင်းဖြင့် လာခြင်း မဟုတ်ကြောင်း သိသာလှပေသည်။

"ဂိုဏ်းတူအစ်ကိုတို့ နှစ်ယောက်... ဘာကိစ္စများ ရှိလို့လဲ.."

ချူလျန်က မေးလိုက်သည်။

"မင်း မနေ့က ပိုင်ဇယ်ကို ဒေါသထွက်အောင် ကလေးကို သွေးထိုးလှုံ့ဆော်ခဲ့တယ်မလား..”

“ ငါတို့က ဒီနေ့ အဲဒီကိစ္စအတွက် ရှင်းလင်းချက်လာတောင်းတာပဲ…"

လုရွှင်က ရှေ့မှနေ၍ ပြောလိုက်၏။

"ဘာ ရှင်းလင်းချက် တောင်းမှာလဲ.."

ချူလျန်က ထပ်မေးလိုက်သည်။

"မင်းကို တစ်ပွဲလောက် ရိုက်နှက်ချင်လို့လေ…"

ချန်လင်ထုန်းက အာဏာပြကာ အရှေ့ဆုံးတွင် ခါးထောက်ရပ်နေပြီး ချူလျန်ကို အော်ပြောလိုက်လေသည်။

"ဟားဟား... ဝိညာဉ်သားရဲတွေကို ကျောက်ခဲနဲ့ မပေါက်သင့်ဘူးဆိုတာ မင်း အခုတော့ သင်ခန်းစာ ရသွားပြီလား…"

ချူလျန်က ဤကလေးဆိုးကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

"ဝါး ယား ယား... ခင်ဗျားတို့ မြန်မြန် သူ့ကို ရိုက်နှက်လိုက်ကြစမ်းပါ…"

ထိုစကားကြောင့် ချန်လင်ထုန်းမှာ ချက်ချင်းပင် ထပ်မံ ဒေါသထွက်လာပြီး အော်ဟစ်လိုက်လေသည်။

"ဟမ့်... တိနွီဖုန့် မရှိတာတောင် မင်းက ဒီလောက် ရောင့်တက်ရဲသေးတယ်ပေါ့လေ..."

လုရွှင်က မှုန်ကုပ်ကုပ် မျက်နှာဖြင့် ရေရွတ်လိုက်၏။

"နေဦး... ခင်ဗျားတို့ ကျုပ်ကို ရိုက်ချင်ရင် ရပါတယ်…”

“ ဒါပေမဲ့ အကြောင်းရင်းကို အရင် ရှင်းရှင်းလင်းလင်း ပြောရမယ်လေ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က ခင်ဗျားတို့ရဲ့ ပြိုင်ဘက်မှ မဟုတ်တာ..”

“ ကျုပ် ပြောလို့ပြီးရင် ကျုပ်ဘက်က လုံးဝ ပြန်မခုခံဘူး…"

ချူလျန်က ရုတ်တရက် လက်တစ်ဖက်ကို မြှောက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"မင်းက ဘာအကြောင်းရင်းကို ပြောချင်လို့လဲ…"

လျိုချင်းက အေးစက်သောအသံဖြင့် မေးလိုက်လေသည်။

"ခင်ဗျားတို့တွေ ဒီကလေး ရွှေမွေးဟူကို ထုရိုက်နေတာကို အရင်ဆုံး လွှတ်ထားခဲ့တယ်..”

“ ရွှေမွေးဟူဘက်က နည်းနည်းလေး ပြန်ခုခံမိတာကိုတောင် ခင်ဗျားရဲ့ ရိုက်နှက်တာကို ခံလိုက်ရတယ်…”

“ အဲဒါက အမှန်တရားပဲမလား… အဲဒီနောက် ကျုပ်က အလိုက်တသိ တောင်းပန်ခဲ့တယ်..”

“ သူက ပိုင်ဇယ်ကို ထပ်ပေါက်တဲ့အခါ ပြန်လည်တိုက်ခိုက်ခံရတာလေ… ခင်ဗျားတို့က ပိုင်ဇယ်ကို သွားပြီး ပြဿနာမရှာဘဲနဲ့ ကျုပ်ဆီကို ပြဿနာလာရှာပြန်တယ်”

“ အဲဒါလည်း အမှန်တရားပဲမဟုတ်လား…"

ချူလျန်က လျိုချင်းကို လက်ညှိုးထိုးကာ ဆက်ပြောလိုက်၏။

"ဒါက အင်အားကို အသုံးချပြီး အနိုင်ကျင့်တာပဲလေ အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အားကြီးတဲ့သူကို ကြောက်အောင်လုပ်တာ အထင်အရှားပဲလေ…”

“ ခင်ဗျားတို့ ဝန်ခံလား ဒီလို မောက်မောက်မာမာ ပြုမူရဲတာက ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကျုပ်ထက် မြင့်နေလို့ဆိုပြီး အားကိုးနေတာမလား…"

ချူလျန်၏ အသံမှာ ပြတ်သားပြီး အားပါလှပေသည်။

"အပိုစကားတွေ များလိုက်တာ… ကျင့်ကြံခြင်းအဆင့်က မင်းထက် မြင့်နေလို့ အားကိုးတာဆိုရင်ရော ဘာဖြစ်လဲ…"

လုရွှင်က အင်္ကျီလက်စကို ခါယမ်းလိုက်၏။

ထိုသို့ပြောပြီးနောက် သူက ကိုယ်ကို ပျံဝဲကာ လက်ပါရန် ပြင်လိုက်လေသည်။

ချူလျန်က ကိုယ်ကျင့်တရားအရ အသာစီးယူရန် ကြိုးစားနေသည့် လုပ်ရပ်အပေါ် သူက လုံးဝ ငြင်းခုံလိုစိတ် မရှိပေ။

အကြောင်းမှာ ယနေ့ သူသည် စကားလာပြောရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ၊ ယနေ့တွင် အခွင့်အရေးရှာ၍ တစ်ခုခု လှည့်စားရန် စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့်ပင်။

ဂိုဏ်းတူအစ်ကိုများကို အတူတကွ လက်ပါရန် အလွန်ခက်ခဲစွာ လှုံ့ဆော်ခဲ့ရသဖြင့် သူသည် အပိုစကားတစ်ခွန်းမျှ ထပ်မပြောချင်တော့ချေ။

ခဏအကြာ ရှုပ်ထွေးမှုများကြားထဲတွင် တစ်စုံတစ်ရာ မတော်တဆမှုများ ဖြစ်လာခဲ့ပါက သူ့ခေါင်းပေါ်သို့ အပြစ်ပုံချ၍ ရမည်မဟုတ်ပေ...။

ထိုအချိန်တွင် ချူလျန်သည် ရုတ်တရက် ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး အနောက်ဘက်ရှိ အဆောက်အအုံကို မျက်နှာမူကာ လေးစားသောလေသံဖြင့် မေးခွန်းတစ်ခု မေးလိုက်သည်ကို တွေ့လိုက်ရ၏။

"အကြီးအကဲ... အားလုံး ကြားလိုက်တယ် မဟုတ်ပါလား…"

"ဟင်…"

စကားသံပင် မဆုံးသေးချေ။

တံခါးရွက်အရွယ် ဓားကြီးကို ကျောတွင်လွယ်ထားသော အဘိုးအိုတစ်ဦးသည် အဆောက်အအုံထဲမှ ဖြည်းညင်းစွာ ထွက်လာသည်ကို တွေ့လိုက်ရပြီး သူ၏မျက်နှာမှာ အလွန် မှုန်ကုပ်နေလေသည်။

"ရှုတောင်ဂိုဏ်းလို နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိတဲ့ နာမည်ကြီး သမ္မာဒိဋ္ဌိဂိုဏ်းကနေ မင်းတို့လို ခေါင်းမာတဲ့ တပည့်ဆိုးတွေ ထွက်လာလိမ့်မယ်လို့ မထင်ထားဘူး…”

“ ကြည့်ရတာ ဒီနေ့ ငါက မင်းတို့ရဲ့ ဆရာကိုယ်စား မင်းတို့ကို သေချာ ပညာပေးဖို့ လိုအပ်နေပြီ ထင်တယ်…"

လုရွှင်တို့ သုံးဦးသည် ဤထူးခြားလှသော အဘိုးအိုကို ကြည့်ကာ ရုတ်တရက် ကြောင်အသွားကြသည်။

'ဒီလူကရော ဘယ်ကနေ ထွက်လာတာလဲ’

‘ ရှုတောင်ပေါ်မှာ တစ်ခါမှ မမြင်ဖူးပါဘူး...'

လျိုချင်းသည် သူ၏ ကျောဘက်ရှိ ဓားကြီးကို ကြည့်ကာ အရင်ဆုံး မှတ်မိသွားဟန်တူသည်။

ချက်ချင်းပင် သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ထွက်ပေါ်လာပြီး လက်ကို မြင့်မြင့်မြှောက်ကာ အော်ဟစ်လိုက်ရန်သာ အချိန်ရလိုက်လေသည်။

"အကြီးအကဲ... အထင်လွဲနေတာပါ..."

ဤနေ့တွင်ကား...

ငွေဓားတောင်ထွတ်ပေါ်ရှိ အော်ဟစ်ညည်းတွားသံများမှာ အလွန်တရာ ကျယ်လောင်နေခဲ့လေသည်။

All Chapters