← Chapters

အခန်း ၁၄၈၄

Vol. 101 Ch. 1484

အခန်း ၁၄၈၄

Vol. 101 Ch. 1484

အခန်း ၁၄၈၄ အလွန်ပါးလွှာသော လက်တော့ပ်

ဒေါက် ဒေါက် ဒေါက်…

"ခေါင်းဆောင် ဒါလေးကို တစ်ချက်လောက် ကြည့်ပေးပါဦး" အတွင်းရေးမှူးကျောက်သည် Netbookတစ်လုံးကို လက်တွင်ပိုက်ထားလျက် အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ဖုန်းယွီသည် ထိုNetbook၏ ကုန်အမှတ်တံဆိပ်ကို ကြည့်လိုက်ရာ Tongfang ၏ တံဆိပ်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထားလိုက်ပါတော့ သူတို့နှင့် အဖက်မလုပ်တော့ပါဘူး၊ ကိုယ့်ပြည်တွင်းဖြစ်ဆိုရင် ရပါပြီ၊ အကျိုးအမြတ်တွေက တခြားသူစိမ်းတွေဆီကို ရောက်မသွားတာပဲ တော်လှပါပြီ။

"ရှောင်ကျောက် ဒီ Netbookမှာ ဘာအားနည်းချက်တွေရှိတယ်လို့ မင်းထင်လဲ" ဖုန်းယွီက ပြုံးဖြီးဖြီးဖြင့် မေးလိုက်သည်။

အတွင်းရေးမှူးကျောက်သည် ဖုန်းယွီကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ငါက ဒီကွန်ပျူတာကို ဒီဇိုင်းဆွဲတဲ့သူမှ မဟုတ်တာ၊ ငါ့ကို လာမေးပြီး ဘာလုပ်မလို့လဲ။

ကျန့်ရွေ့ချန်က ခေါင်းကိုပင် မမော့ဘဲ ပြောလိုက်သည်။ "မင်း အမှန်အတိုင်းသာ ပြောလိုက်ပါ၊ သူက ဝယ်ယူသုံးစွဲသူတွေရဲ့ အမြင်ကို ကြားချင်နေတာ၊ သူ့စကားနဲ့ပြောရရင် ဒါကို အသုံးပြုသူတွေရဲ့လက်တွေ့အတွေ့အကြုံကို ခြေရာခံစစ်ဆေးခြင်းလို့ ခေါ်သတဲ့လေ"

ထိုအခါမှသာ အတွင်းရေးမှူးကျောက်သည် ဖုန်းယွီကို သတိထားကာ ကြည့်လိုက်သည်။ "အကြံပေးအရာရှိကြီး၊ ဒါဆို ကျွန်တော် ပြောလိုက်တော့မယ်နော်"

ဖုန်းယွီ၏ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။ "ငါ့ကို အစ်ကိုဖုန်းလို့ ခေါ်၊ ဒါမှမဟုတ် CEO ဖုန်းလို့ ခေါ်"

ဘယ်ကလာ အကြံပေးအရာရှိကြီးရမှာလဲ၊ တစ်နှစ်ကို ပိုက်ဆံ တစ်ယွမ်ပဲ ပေးပြီးတော့ သောက်ကျိုးနည်း ကိစ္စရှိတိုင်းလည်း ငါ့ကို လာရှာနေကြသေးတယ်။ ငါ့ရဲ့အကြံဉာဏ်တစ်ခုက ငွေ ဘယ်လောက်တန်လဲဆိုတာကိုရော သိကြရဲ့လား။ အပြင်မှာ လူတော်တော်များများက အမေရိကန်ဒေါ်လာ သန်းတစ်ရာပေးပြီး ငါ့ရဲ့လမ်းညွှန်မှုကို တောင်းခံနေကြတာတောင်၊ ငါက ဂရုစိုက်ဖို့ နှမြောနေသေးတာကို။

အတွင်းရေးမှူးကျောက်သည် ခေါင်းဆောင်ဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ ဖုန်းယွီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "မန်နေဂျာဖုန်း၊ ဒါဆို ကျွန်တော် ပြောလိုက်တော့မယ်နော်၊ ပြောတာ တစ်ခုခု မှားသွားရင်လည်း၊ စိတ်ထဲ မထားပါနဲ့"

"ကျွန်တော် ထင်တာကတော့ ဒီ Netbookက ဘက်ထရီခံနိုင်ရည်စွမ်းအား နည်းနည်းလေး အားနည်းနေတယ်။ သုံးနာရီကျော်လောက်ပဲ သုံးလို့ရတယ်။ ကျွန်တော် ကြားဖူးတာက အဲဒီကုမ္ပဏီကြီးတွေရဲ့ စီးပွားရေးလုပ်ငန်းသုံး လက်တော့ပ်တွေဆိုရင် လေးငါးနာရီလောက်အထိတောင် အသုံးခံတယ်ဆိုပဲ"

"နောက်ပြီးတော့ ဒီထုတ်ကုန်က အပူစွန့်ထုတ်မှု သိပ်မကောင်းဘူး၊ ပြီးခဲ့တဲ့အကြိမ်က အထက်ကနေ ပို့လိုက်တဲ့ ဗီဒီယိုလေ့လာရေး မှတ်တမ်းတွေကို ကြည့်တုန်းက ကွန်ပျူတာကနေ မှုတ်ထုတ်လိုက်တဲ့လေက အရမ်းကို ပူနေတာပဲ၊ ပြီးတော့ အသံဆူညံမှုကလည်း နည်းနည်း ကျယ်နေသေးတယ်”

"နောက်တစ်ခုက ဒီခလုတ်တွေက နှိပ်ရတာ သိပ်ပြီး သက်တောင့်သက်သာ မဖြစ်လှဘူး။ Touchpadရဲ့ ဟာကွက်က နည်းနည်းကျယ်နေတော့ အထဲကို ဖုန်ဝင်ဖို့ လွယ်ကူနေတယ်။ နောက်တစ်ခုက ခင်ဗျားတို့ရဲ့ ဒီအလုံးက ပလတ်စတစ်အခွံနဲ့ လုပ်ထားတာကို၊ ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ။ သယ်ဆောင်သွားဖို့ သိပ်ပြီးအဆင်မပြေဘူး"

"မန်နေဂျာဖုန်း၊ ကျွန်တော်က ဒီတိုင်း လျှောက်ပြောနေတာပါ၊ တကယ်ကြီး မှတ်မနေနဲ့နော်" ဖုန်းယွီ၏ မျက်နှာအမူအရာမှာ သိပ်မကောင်းလှကြောင်းကို မြင်လိုက်ရသောအခါ၊ အတွင်းရေးမှူးကျောက်သည်လည်း သူကိုယ်တိုင်ပြောတာ နည်းနည်း များသွားပြီဟု ခံစားလိုက်ရသည်။

ဖုန်းယွီသည် ရုတ်တရက် ခေါင်းကို လှည့်ကာ ကျန့်ရွေ့ချန်အား ပြောလိုက်သည်။ "လောင်ကျန့်၊ အတွင်းရေးမှူးကျောက်ကို ငါ့ဆီ လွှဲပေးလိုက်ပါလား။ သူက နိုင်ငံရေးလောကနဲ့ သိပ်မသင့်တော်ဘူးလို့ ငါ ထင်တယ်။ သူ့ရဲ့ အတွေးအခေါ်တွေက ချုပ်ချယ်ခံရဖို့ လွယ်ကူနေတယ်၊ ငါနဲ့လာလုပ်ရင် သူ့ကို သုံးနှစ်အတွင်း မြို့ပတ်လမ်း အမှတ်လေးထဲမှာ အိမ်တစ်လုံးကို ငွေအပြည့်ချေပြီး ဝယ်နိုင်စေရမယ်လို့ ငါ အာမခံတယ်”

အတွင်းရေးမှူးကျောက်သည် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ယခုအခါ မြို့တော်၏ မြို့ပတ်လမ်း အမှတ်လေးအတွင်းရှိ အိမ်များသည် ယွမ်ငွေသန်းပေါင်းများစွာ ပေးရသည် မဟုတ်လော။ သုံးနှစ်အတွင်း ငွေအပြည့် ချေပြီး ဝယ်နိုင်မည်ဆိုတော့ မန်နေဂျာဖုန်းက ငါ တစ်နှစ်ကို ယွမ်ငွေ တစ်သန်း၊ နှစ်သန်းလောက် ရှာနိုင်မယ်လို့ပြောနေတာလား။

သူ့အသက်ရှူနှုန်းပင် အနည်းငယ် မြန်ဆန်လာခဲ့သည်။ ယွမ်ငွေ တစ်သန်း၊ နှစ်သန်းဆိုတာ၊ သူတစ်သက်လုံး အလုပ်လုပ်လျှင်တောင် ဤမျှများပြားသော ငွေကြေးကို စုဆောင်းနိုင်မည်မဟုတ်ပေ။ ထို့အပြင် မန်နေဂျာဖုန်း နှင့်အတူ အလုပ်လုပ်ရမည်ဆိုတော့ ဘယ်သူကများ ထိပ်တန်းနေရာကို မရောက်ဘဲ နေမည်နည်း။

သို့သော် ခေါင်းဆောင်၏မျက်လုံးအကြည့်များကို မြင်လိုက်ရပြီးနောက်တွင်မူ၊ ရေအေးတစ်ခွက်ဖြင့် အပက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ၊ ချက်ချင်းပင် သတိဝင်လာခဲ့သည်။

သူက ဘာမို့လို့လဲ၊ အစွမ်းအစ အနည်းငယ် ရှိကောင်း ရှိနိုင်သော်လည်း၊ ထိုစွမ်းဆောင်ရည်က တကယ်ကြီး အရမ်းကို ထက်မြက်နေလို့လား။ ကြားဖူးတာက မန်နေဂျာဖုန်းကုမ္ပဏီ၏ အလယ်အလတ်အဆင့် စီမံခန့်ခွဲသူများ၏ တစ်နှစ်စာ လစာမှာ ယွမ်ငွေတစ်သန်းသာ ရှိသည်ဆိုရာ၊ ကိုယ့်မှာ ဘာအရည်အချင်း၊ ဘာစွမ်းရည်များ ရှိနေလို့၊ ဟိုရောက်တာနဲ့ အလယ်အလတ်အဆင့်နှင့် အထက်ကို ရောက်ရှိနိုင်မည်နည်း။

"မန်နေဂျာဖုန်း နောက်မနေပါနဲ့၊ ကျွန်တော့်ရဲ့ ရည်မှန်းချက်က တစ်နေ့ကျရင် ဒေသတစ်ခုလုံးကို ကောင်းကျိုးပြုနိုင်ဖို့ပါ" အတွင်းရေးမှူးကျောက်သည် အလျင်အမြန်ပင် သူ၏ သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်သည်။

သေချာပေါက်ပင် ၎င်းမှာ လျှောက်ပြောနေခြင်း မဟုတ်ပေ။ ၎င်းမှာ သူ၏အတိတ်က အိပ်မက်တစ်ခု အမှန်တကယ်ပင်ဖြစ်ပြီး၊ မြို့တော်ဝန် တစ်ဦးဖြစ်လာရန်ပင် ဖြစ်သည်။ သို့သော် ခေါင်းဆောင်၏ အတွင်းရေးမှူးဖြစ်လာပြီးနောက်ပိုင်းတွင်မူ၊ ဤအိပ်မက်သည် နောက်တစ်ကြိမ် ထပ်မံမြင့်တက်လာခဲ့ပြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး တစ်နေရာကိုပင်သူ လုပ်နိုင်ကောင်း လုပ်နိုင်မည် မဟုတ်လော။

ဖုန်းယွီ၏ဘေးတွင် လိုက်နေလျှင်၊ အလွန်ကောင်းမွန်သော တိုးတက်မှုများရှိကောင်း ရှိနိုင်သော်လည်း၊ နိုင်ငံတော်၏ အရေးကိစ္စများကို စီမံခန့်ခွဲနိုင်မည့် အခွင့်အရေးကိုမူ ဆုံးရှုံးသွားရမည် ဖြစ်သည်။

"ထားလိုက်ပါတော့ လူတွေမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိတတ်ကြတာပဲ။ တစ်နေ့ကျရင် မင်း နောင်တရလာခဲ့ရင် ငါ့ကို လာပြောလို့ ရပါတယ်”

ကျန့်ရွေ့ချန်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ ငါ့ရှေ့မှာတင်၊ ငါ့လူကို လာလုနေတာလား။ ငါ့ရုံးခန်းထဲက အဲဒီလက်ဖက်ခြောက်တွေ ဘာတွေဆိုလည်း၊ မင်း မျက်စိကျတာနဲ့ အကုန်ယူသွားတာပဲ၊ ဒါတွေကို ငါ ဘာတစ်ခုမှ မပြောခဲ့ဘူး၊ အခု ငါ့အတွင်းရေးမှူးကိုပါ မင်းက ခေါ်သွားချင်နေသေးတာလား။

ပစ္စည်းတွေကို အခု မက်မောစရာ မကောင်းတော့လို့၊ လူတွေကိုပါ စတင် လုယူနေပြီလား။

"ဖုန်းယွီ မင်းက စီးပွားရေးလုပ်တာကို ကြိုက်တယ်ဆိုပေမဲ့၊ တခြားလူတွေအကုန်လုံး စီးပွားရေးလုပ်တာကို ကြိုက်တယ်လို့ မဆိုလိုနိုင်ဘူး"

ကျန့်ရွေ့ချန်သည်လည်း ယခင်က စီးပွားရေးလောကသို့ ဝင်ရောက်ရန် အခွင့်အရေး မရှိခဲ့သည်တော့ မဟုတ်ပေ။ သို့သော် သူ မသွားခဲ့ပေ။ စီးပွားရေးလုပ်ငန်းတစ်ခုသို့ ပြောင်းရွှေ့ရန် အခွင့်အရေးရှိခဲ့သေးသော်လည်း၊ သူ မသွားခဲ့ပေ။ လူတိုင်း၏ ရည်မှန်းချက်များက မတူညီကြသလို၊ ရွေးချယ်မှုများကလည်း မတူညီကြပေ။

အခြားလမ်းတစ်လမ်းသည်လည်း မဆိုးလှကောင်း မဆိုးလှနိုင်သော်လည်း၊ သူလိုချင်သည့်အရာတော့ မဟုတ်ပေ။

ဖုန်းယွီသည် တကယ်တမ်းတွင် ပါးစပ်ကနေ အလွယ်တကူ ပြောလိုက်ခြင်း မဟုတ်ပေ။ အကယ်၍ အတွင်းရေးမှူးကျောက်သာ လာချင်မည်ဆိုပါက၊ ဖုန်းယွီ၏ဘေးတွင် လိုက်ပါစေခြင်းက အကောင်းဆုံးပင် ဖြစ်သည်။ အတွင်းရေးမှူးကျောက်သည် အသက် မကြီးလှသေးဟု ဆိုသော်လည်း၊ ဇာတိနောက်ခံနှင့်ပညာအရည်အချင်းတို့မှာ မညံ့ဖျင်းလှပေ။ ထို့အပြင် အင်္ဂလိပ်စာ ကျွမ်းကျင်ပြီး၊ စီမံခန့်ခွဲမှု စွမ်းရည် အတိုင်းအတာတစ်ခုအထိလည်း ရှိနေသေးသည်။

ထို့ထက်ပို၍ အတွင်းရေးမှူးကျောက်သည် အတွင်းရေးမှူးအဖြစ် အချိန်အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ၊ အကဲခတ်ကောင်းခြင်းနှင့် ခေါင်းဆောင်အတွက် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးနိုင်စွမ်းတို့မှာ အလွန်ပင်ကောင်းမွန်နေပြီဖြစ်ရာ၊ အကယ်၍ မိမိထံသို့ လက်ထောက်အဖြစ် လာရောက်လုပ်ကိုင်မည်ဆိုပါက၊ သူက အပြည့်အဝ တာဝန်ယူနိုင်မည်ဟု ဖုန်းယွီက ထင်မြင်မိသည်။

"ငါက ဒီတိုင်း မေးကြည့်ရုံလေးပါ၊ မေးကြည့်တာတောင် မရဘူးလား။ မင်းပဲ ကြည့်ကြည့်လေ၊ စောစောက ရှောင်ကျောက်က ဒီထုတ်ကုန်အတွက် ပေးသွားတဲ့ အကြံပြုချက်တွေက၊ ဘယ်လောက်တောင် ကောင်းလိုက်လဲ။ ဒီ Tongfangက အသုံးပြုထားတာက ငါတို့ Lenovo Group ရဲ့ နည်းပညာတွေချည်းပဲ၊ အပြင်ပန်းပုံစံ ပြောင်းသွားတာကလွဲရင် အထဲကဟာတွေက လုံးဝနီးပါးကို အတူတူပဲ။ သူပြောသွားတဲ့ အားနည်းချက်တွေ ဆိုတာကလည်း၊ ငါတို့ ထုတ်ကုန်ရဲ့အားနည်းချက်တွေပဲလေ"

အတွင်းရေးမှူးကျောက်သည် ဖုန်းယွီ၏ မေးခွန်းကို ကြိုတင်သိရှိထားခြင်း မရှိပေ. သို့သော် ဤမျှ တိုတောင်းသောအချိန်လေးအတွင်းမှာပင်၊ ဤမျှများပြားသော အမှားများကို ထောက်ပြနိုင်ခဲ့ခြင်းက၊ ဖုန်းယွီကို အလွန်ပင်သဘောကျသွားစေခဲ့ပြီး၊ ဤလူ၏ ဦးနှောက်က အလွန်လျင်မြန်ကြောင်းကိုလည်း သက်သေပြနေသည်။

"ဘာလဲ။ Lenovo Groupက ဒီလောက်လူတွေ အများကြီး ရှိနေတာကို၊ ဒီပြဿနာတွေကိုတောင် မတွေးမိကြဘူးလား။ မင်းလည်း ရှိနေသေးတယ်မဟုတ်ဘူးလား၊ မင်းက အရာအားလုံးကို သိတယ် မဟုတ်ဘူးလား” ကျန့်ရွေ့ချန်သည် ဖုန်းယွီကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။

"ငါတို့က သဘာဝကျကျပဲ ဒီပြဿနာတွေကို ထည့်တွက်စဉ်းစားပြီးသားပါ၊ ပြီးတော့ ငါတို့ ဖြေရှင်းနေပါတယ်။ စောစောက ရှောင်ကျောက် ပြောသွားတဲ့ပြဿနာတွေကို ငါတို့ရဲ့ ထုတ်ကုန်သစ်တွေ ဈေးကွက်ထဲ ရောက်လာပြီးရင် ဖြေရှင်းပြီးပြီလား မဖြေရှင်းရသေးဘူးလားဆိုတာကို မင်း သိသွားပါလိမ့်မယ်" ဖုန်းယွီက အနည်းငယ် မကျေမနပ်ဖြစ်စွာဖြင့် ပြန်လည် ၏ချေပလိုက်သည်။

"ထုတ်ကုန်သစ် ဟုတ်လား။ တကယ်ပါပဲ၊ မင်းတို့က ဒီနည်းပညာ ခွင့်ပြုချက်တွေကို Tongfang နဲ့ Fangzheng ဆီကို ပေးလိုက်ရက်တယ်ဆိုကတည်းက၊မင်းတို့ဆီမှာ ပိုကောင်းတဲ့ ဒီဇိုင်း အစီအစဉ်တွေရှိနေပြီဆိုတာကို ငါ သိနေခဲ့တယ်၊ ဒါမှမဟုတ်ရင် မင်းလိုကောင်မျိုးက သူများတွေကို သုံးခွင့်ပေးပါ့မလား” ကျန့်ရွေ့ချန်က အထင်သေးစွာဖြင့် ပြောလိုက်သည်။

အကယ်၍ အခြားလူဆိုလျှင်၊ နိုင်ငံတော်၏ အကျိုးစီးပွားဟူသော အကြောင်းပြချက်များဖြင့် ဖိနှိပ်ခံရကောင်း ခံရနိုင်သည်။ သို့သော် ဖုန်းယွီကမူ ထိုအရာများကို ဂရုစိုက်မည် မဟုတ်ပေ။ ဖုန်းယွီ၏ အဆိုအရ ၎င်းတို့ကို သူတို့ထံ လွှဲပြောင်းပေးလိုက်ခြင်းသည်၊ နည်းပညာကို အလဟဿ ဖြစ်စေခြင်းသာဖြစ်သည်။ ကိုယ်တိုင်လုပ်မှသာ ပိုမိုများပြားသော ငွေကြေးများကို ရှာဖွေနိုင်မည်ဖြစ်ပြီး၊ နိုင်ငံတော်သို့ ပိုမိုများပြားသော အခွန်အခများကို ပေးသွင်းနိုင်မည် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင် ဖုန်းယွီက မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲချက်ချင်းပင် သဘောတူလိုက်ပြီး၊ Lenovo ကို Netbook၏ နည်းပညာများကို၊ Tongfangနှင့်Fangzheng ထံသို့ လွှဲပြောင်းပေးစေခဲ့ရာ၊ ကျန့်ရွေ့ချန်သည် ထိုအချိန်ကတည်းက စဉ်းစားနေခဲ့သည်မှာ၊ Lenovoတွင် သေချာပေါက် ပိုမိုကောင်းမွန်သည့် ဒီဇိုင်း ၏အစီအစဉ်တစ်ခု ရှိနေမည်သာ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ထိုမျှလောက် ငွေကြေးအနည်းငယ်သာ ယူပြီး၊ ခွင့်ပြုချက်ပေးမည် မဟုတ်ပေ။

"မမှားပါဘူး၊ ငါတို့ နောက်ထပ် ထုတ်ကုန်နှစ်မျိုးကို မိတ်ဆက်ပေးသွားမှာပါ၊တစ်မျိုးက Multimedia Notebook လို့ ခေါ်တယ်၊ CPU၊ စခရင် ပြတ်သားမှု၊ စခရင် အရွယ်အစား၊ အသံထွက်သက်ရောက်မှုနဲ့ ဘက်ထရီတွေမှာကြီးမားတဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်ထားတယ်၊ အိမ်မှာထားပြီး အင်တာနက်သုံးတာတို့၊ ဗီဒီယို ကြည့်တာတို့ ဘာတို့အတွက် သင့်တော်တယ်”

"နောက်တစ်မျိုးက Ultrabook လို့ ခေါ်တယ်။ ငါရဲ့ လုံးဝအသစ်ဖြစ်တဲ့ ဗို့အားနည်းကြိမ်နှုန်းနည်း Dual-core CPU ကို အသုံးပြုထားရုံသာမကဘဲ၊ တစ်ချိန်တည်းမှာပဲ ဘက်ထရီကိုလည်း အလွန်အမင်း အားကောင်းလာစေခဲ့တယ်၊ ဒါ့အပြင် တခြား Hardwareတွေအားလုံးကိုလည်း စွမ်းအင်အချွေတာနိုင်ဆုံးတွေကို အသုံးပြုထားတာမို့၊ ထုတ်ကုန်ရဲ့စွမ်းအင်သုံးစွဲမှုကို အလွန်အမင်း ကျဆင်းသွားစေခဲ့တယ်၊ ဒါကြောင့်သဘာဝကျကျပဲ အဲဒီလောက် ပူတော့မှာ မဟုတ်ဘူး။ ဒါ့အပြင်လုံးဝအသစ်ဖြစ်တဲ့ ဒီဇိုင်းကို အသုံးပြုပြီးတဲ့နောက်မှာတော့ ငါတို့ရဲ့ ဒီအလွန်ပါးလွှာသော Ultrabookက နှစ်စင်တီမီတာတောင်မပြည့်တဲ့ အထူပဲ ရှိတော့တယ်၊ ဆိုလိုတာက စီးကရက်တစ်ဘူးထက်တောင် ပိုပါးနေဦးမှာပါ။ "

"ဒါ့အပြင် ငါတို့ရဲ့ ထုတ်ကုန်သစ်က Power Adapterနဲ့Power Bankကို ပေါင်းစပ်ထားတာမို့၊ ဒီထုတ်ကုန်ရဲ့ အသုံးပြုချိန်က ခြောက်နာရီအထိ ရောက်ရှိနိုင်မယ်ဆိုတာကို အာမခံနိုင်တယ်”

"ရောင်းဈေးနဲ့ ပတ်သက်လို့တော့ ဒီ Netbookတွေနဲ့အတူတူပဲထားမှာဆိုတော့ ဝယ်ယူသုံးစွဲသူတွေက ဘာကိုဝယ်ချင်ကြမယ်လို့မင်းထင်လဲ။ "

ကျန့်ရွေ့ချန်သည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "IBMရဲ့ နည်းပညာတွေက ဒီလောက်တောင် အစွမ်းထက်တာလား”

ဖုန်းယွီ၏ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။ "ဒါက IBMနဲ့ဘာမှ မသက်ဆိုင်ဘူး၊ ဒါက Lenovo Group အပါအဝင် Win and Rain Electronics၊ AIWA Electronics၊ Taihua Batteryတို့နဲ့အတူ ကိုယ်ပိုင် ဒီဇိုင်းဆွဲပြီး သုတေသနပြုလုပ်တီထွင်ထားတာကွ"

"ကိုယ်ပိုင်ဒီဇိုင်းဆိုလည်း ကိုယ်ပိုင်ဒီဇိုင်းပေါ့၊ မင်းက ဘာလို့ အော်နေရတာလဲ” ကျန့်ရွေ့ချန်သည် ဆိုဖာပေါ်တွင် သက်တောင့်သက်သာ မှီချလိုက်သည်။ ဖုန်းယွီကို စိတ်ခံစားချက် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားအောင် လုပ်နိုင်တာက၊ တကယ်ကိုအရသာရှိတာပဲ။

******

All Chapters