အခန်း ၁၄၈၆
Vol. 101 Ch. 1486
အခန်း ၁၄၈၆ ခေတ်ရေစီးကြောင်းကို ဦးဆောင်ခြင်း
"ဒီနေ့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ၊ အဲဒီလူတွေရဲ့အံ့အားသင့်သွားတဲ့ မျက်နှာအမူအရာတွေကိုခင်ဗျားတို့ မမြင်လိုက်ရလို့ပါ။ အားရစရာပဲ၊ တကယ်ကို အားရကျေနပ်စရာ ကောင်းလွန်းတယ်” အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ရန်ယွမ်ချင်းသည် မနေနိုင်တော့ဘဲ ပြောလိုက်သည်။
"ဒါကတော့ သေချာတာပေါ့၊ ကျွန်တော်တို့ရဲ့ ဒီထုတ်ကုန်က ဘာလဲဆိုတာကို ကြည့်ပါဦး။ အမြဲတမ်း ခေတ်ရေစီးကြောင်းရဲ့ ထိပ်ဆုံးမှာ လျှောက်လှမ်းနေတာပဲလေ"
Lenovo၏ ထုတ်ကုန်ဒီဇိုင်းရေးဆွဲရေးမှူးချုပ်က ပြောလိုက်သည်။
"မဟုတ်ဘူး" လျူချွမ်းကျစ်သည် ပြုံးကာ သူတို့၏စကားကို ဖြတ်ပြောလိုက်သည်။ "မန်နေဂျာဖုန်းရဲ့အဆိုအရဆိုရင် ကျွန်တော်တို့က အမြဲတမ်း ခေတ်ရေစီးကြောင်းကို ဦးဆောင်နေသင့်တာပါ"
"ဟုတ်တယ် ဟုတ်တယ်၊ ခေတ်ရေစီးကြောင်းကို ဦးဆောင်တာ။ " သူတို့သည် ဟားတိုက်၍ရယ်မောလိုက်ကြသည်။
ဤစကားလုံးက နားထောင်ကြည့်လိုက်ရုံဖြင့်ပင် ပို၍အစွမ်းထက်သည့် ပုံပေါက်နေသည်။
"မန်နေဂျာဖုန်းရဲ့ စကားကို၊ ခင်ဗျားတို့ သေချာ အာရုံစိုက်ပြီး နားမထောင်ခဲ့ကြဘူးထင်တယ်။ ခေတ်ရေစီးကြောင်းရဲ့ ထိပ်ဆုံးမှာ လျှောက်လှမ်းနေတယ်ဆိုတာက၊ ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်နှိုင်းယှဉ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိနေသေးတယ်ဆိုတာကို ဖော်ပြနေတာပဲ။ ခေတ်ရေစီးကြောင်းကို ဦးဆောင်တယ်ဆိုတာကတော့ ကျွန်တော်တို့က ပြိုင်ဘက်ကင်း တစ်ခုတည်းသောသူတွေဖြစ်ပြီး၊ ဘယ်သူနဲ့မှ ရင်ဘောင်တန်းနိုင်တာမျိုး မရှိဘဲ ကျွန်တော်တို့ တစ်ဦးတည်းကသာ ရှေ့ဆုံးကနေ ပြေးထွက်နေပြီး သူတို့အားလုံးက နောက်ကနေ လိုက်လံတုပနေကြရတယ်ဆိုတာကို ဖော်ပြနေတာပဲ" လျူချွမ်းကျစ်က သူတို့ကို ဆုံးမသည့်အနေဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့ ထုတ်ကုန်ထုတ်လုပ်တဲ့ သူတွေအနေနဲ့၊ နည်းပညာပိုင်းမှာ ဦးဆောင်နိုင်ဖို့က အရမ်း အရေးကြီးတယ်၊ ဒါပေမဲ့ဒီဇိုင်းပိုင်းမှာလည်း၊ အမြဲတမ်း ဦးဆောင်နိုင်အောင် ထိန်းသိမ်းထားရမယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့က ကဏ္ဍပေါင်းစုံမှာ ဦးဆောင်နိုင်အောင် ထိန်းသိမ်းထားသင့်တယ်။ ဒီလိုဆိုမှသာ ကျွန်တော်တို့က အင်အားအကြီးဆုံးသူ ဖြစ်လာနိုင်ပြီး၊ လုပ်ငန်းခွင်ရဲ့တစ်ဦးတည်းသော ဦးဆောင်သူ ဖြစ်လာနိုင်မှာပါ"
စီးပွားရေးလုပ်ငန်း အများအပြားမှာ လုပ်ငန်းခွင်၏ ဦးဆောင်သူများဟု ခေါ်ဝေါ်ခြင်းခံရလေ့ရှိပြီး၊ ဥပမာအားဖြင့် PC ကွန်ပျူတာ ထုတ်လုပ်သူများကိုပင်ကြည့်မည်ဆိုလျှင် IBM၊ Dell၊ HP၊Lenovo၊ Apple၊ Samsung၊ ASUS အစရှိသည်တို့က သူတို့ကိုယ်သူတို့ လုပ်ငန်းခွင်၏ဦးဆောင်သူဟူသော ဦးထုပ်ကို ဆောင်းပေးထားကြသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် ဤလုပ်ငန်းခွင်တွင် ဦးဆောင်သူ အများအပြားရှိနေခြင်းဖြစ်သည်။ IBM သည် လုပ်ငန်းခွင်အတွင်း အစောဆုံးသော စံချိန်စံညွှန်းအများအပြားကို သတ်မှတ်ပြဋ္ဌာန်းခဲ့သူဖြစ်ပြီး Software စနစ်များ၏ Shortcut Keyအချို့ အပါအဝင်၊ အားလုံးကို အစောဆုံးအချိန်က IBM ၏တောင်းဆိုချက်များအတိုင်း ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်ရာ၊ ကီးဘုတ်ကဲ့သို့သော အခြားဒီဇိုင်းများနှင့် ပတ်သက်၍မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
ဤအချက်မှ ကြည့်မည်ဆိုလျှင် IBMက သူတို့ကိုယ်သူတို့ ဦးဆောင်သူဟုပြောဆိုခြင်းမှာ မည်သည့် ပြဿနာမျှ မရှိပေ။
သို့သော်လည်း ယခုအခါတွင် ရောင်းအားအကောင်းဆုံးမှာ Dell ဖြစ်ပြီး စီးပွားရေးလုပ်ငန်းကြီးများစွာ၏ အော်ဒါများကို ရယူထားနိုင်ကာ၊ နိုင်ငံများစွာရှိ အစိုးရများ၊ကျောင်းများ စသည့် အော်ဒါကြီးများ ပါဝင်ရုံသာမက၊ လက်လီရောင်းချမှုအပိုင်းတွင်လည်း၊ အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
ထုတ်လုပ်မှုနှင့် ရောင်းချမှု ကမ္ဘာ့နံပါတ်တစ်အဖြစ် ရပ်တည်နေသော Dellက သူတို့ကိုယ်သူတို့ လုပ်ငန်းခွင်၏ ဦးဆောင်သူဟု ပြောဆိုခြင်းမှာလည်း၊ မည်သည့်ပြဿနာ ရှိမည်နည်း။
HP သည်လည်း ဆန်းသစ်တီထွင်မှု အချို့တွင် အမြဲတမ်း ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ပြီး၊ အထူးသဖြင့် ကွန်ပျူတာနှင့် အနီးကပ်ဆက်စပ်နေသောရုံးသုံးပစ္စည်းများကို သူတို့က အကောင်းဆုံး ပေါင်းစပ်နိုင်ခဲ့သည်။ ဥပမာအားဖြင့်ပရင်တာ၊ မိတ္တူကူးစက်၊ စကင်နာ အစရှိသည်တို့ဖြစ်ပြီး ဤအပိုင်းတွင် သူတို့၏ပံ့ပိုးကူညီမှုမှာ အကြီးမားဆုံးဖြစ်ရာ လုပ်ငန်းခွင်၏ဦးဆောင်သူဟု ပြောဆိုလျှင်လည်း၊ လွန်ကဲသည်ဟု မဆိုနိုင်ပေ။
Apple၏ ထုတ်ကုန်များသည် စနစ်နှင့် ပေါင်းစပ်မှုအပိုင်းတွင် အကောင်းဆုံးလုပ်ဆောင်ထားနိုင်ပြီး Samsungသည် ဤနှစ်များအတွင်း ဆန်းသစ်တီထွင်မှုများစွာကို ပြုလုပ်နိုင်ခဲ့သည်။ ASUSသည် ကမ္ဘာ့ Motherboard လောက၏ခေါင်းဆောင်တစ်ဦးအနေဖြင့် ကွန်ပျူတာထုတ်လုပ်မှုအပေါ်တွင်လည်း အလွန်ကြီးမားသော ပံ့ပိုးကူညီမှုများကို ပြုလုပ်ပေးနိုင်ခဲ့ပြီး Motherboard ဒီဇိုင်းများစွာကို အခြားသော PC ကွန်ပျူတာ ထုတ်လုပ်သူများက လက်ခံအသုံးပြုခဲ့ကြသည်။
ထို့အပြင် Lenovo Group လည်း ရှိနေသေးပြီး၊ တိုးတက်မှု အရှိန်အဟုန်အလျင်မြန်ဆုံးနှင့်၊ အကြမ်းတမ်းဆုံးသော PC ကွန်ပျူတာ ထုတ်လုပ်သူအဖြစ် ရပ်တည်ကာ၊ ထုတ်ကုန်များစွာ၏ လားရာလမ်းကြောင်းကို ဦးဆောင်နိုင်ခဲ့သည်။ ဥပမာအားဖြင့် Netbook၊ Ultrabook အစရှိသည်တို့ ပင်ဖြစ်သည်။
မည်သူမဆို သူတို့ကိုယ်သူတို့ ဦးဆောင်သူဟု ပြောဆိုနိုင်ကြပြီး၊ အားလုံးတွင်လည်း ကိုယ်ပိုင် အကြောင်းပြချက် ခိုင်လုံမှုများ ရှိနေကြသည်။
ဌာနတစ်ခုတွင် ခေါင်းဆောင် တစ်စု ရှိနေသကဲ့သို့ပင်၊ နောက်ဆုံးတွင် ခေါင်းဆောင်ကြီးတစ်ဦးတော့ ရှိရမည် မဟုတ်လော။ ကုမ္ပဏီ၏ အဆင့်မြင့် ဒါရိုက်တာဘုတ်အဖွဲ့တွင်လည်း၊ဥက္ကဋ္ဌ တစ်ဦးတော့ ရှိရမည် မဟုတ်လော။
Lenovo Group မှ လုပ်ဆောင်ရမည်မှာ၊ အခြားသော PC ကွန်ပျူတာထုတ်လုပ်သူများကို၊ အနည်းဆုံး ကိုယ်တစ်ဝက်စာခန့် ဖြတ်ကျော်ထားရန်ဖြစ်ပြီး၊ ရင်ဘောင်တန်းနေရန် မဟုတ်ပေ။ အကယ်၍ ဒါရိုက်တာဘုတ်အဖွဲ့ထဲတွင် ထားရှိမည်ဆိုပါက Lenovo Groupသည် ဥက္ကဋ္ဌ လုပ်ရမည်ဖြစ်ပြီး၊ နံပါတ်တစ်နေရာတွင် နေရမည်ဖြစ်သည်။
ဤအရာက လျူချွမ်းကျစ်၏ အိပ်မက်ဖြစ်ပြီး၊ Lenovoဝန်ထမ်းများအားလုံး၏ အိပ်မက်လည်းဖြစ်ကာ၊ ဖုန်းယွီ၏အိပ်မက်လည်း ဖြစ်ပေသည်။
သေချာပေါက်ပင် ဤအိပ်မက်သည် အလွန်ဝေးကွာတော့မည် မဟုတ်ပေ။ ယခုနှစ်တွင် Lenovo Groupသည် Dell ကို ကျော်ဖြတ်ကာ၊ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာရန်မသေချာသေးသော်လည်း နောက်နှစ်တွင်မူ အလွန်ကြီးမားသော မျှော်လင့်ချက်ရှိနေပြီဖြစ်သည်။
တကယ်တမ်းတွင် ထိုထိုင်ဝမ်ထုတ်ကုန်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်လာခြင်း မရှိခဲ့လျှင် ထို့အပြင် ပြည်မကြီးတွင် PCကွန်ပျူတာ ထုတ်လုပ်သူအချို့ တိုးလာခြင်းနှင့်ကွန်ပျူတာစင်တာများမှ ကိုယ်တိုင်ဆင် ကွန်ပျူတာများ ထိုမျှများပြားစွာ ရှိမနေခဲ့လျှင် Lenovo Groupသည် ယခုနှစ်တွင် ကမ္ဘာ့ ထုတ်လုပ်မှုနှင့် ရောင်းချမှု နံပါတ်တစ် နေရာသို့ရောက်ရှိသင့်နေပြီ ဖြစ်သည်။
အထက်ပိုင်းမှ ဆုံးဖြတ်ချက်များစွာအပေါ်တွင် လျူချွမ်းကျစ်သည်လည်း မတတ်နိုင်လှပေ။ သို့သော် အစောပိုင်းက သိပ္ပံအကယ်ဒမီ၏ရင်းနှီးမြှုပ်နှံမှုသာ မရှိခဲ့လျှင် သူတို့၏ Lenovo Groupလည်း ရှိလာမည်မဟုတ်သလို၊ အထက်လူကြီးများ၏ ထောက်ခံအားပေးမှုသာ မရှိခဲ့လျှင် သူတို့အနေဖြင့် အစောပိုင်းက ထိုမျှများပြားသော အော်ဒါများကို ရရှိခဲ့မည်မဟုတ်ဘဲ၊၏ Lenovo Group သည်လည်း အလျင်အမြန် တိုးတက်ဖွံ့ဖြိုးလာနိုင်မည် မဟုတ်ပေ။
သေချာပေါက်ပင် နောက်ပိုင်းတွင် ဖုန်းယွီ၏ရှယ်ယာ ဝင်ရောက်မှုရှိလာခဲ့ပြီး၊ သူတို့၏ စနစ်ပြုပြင်ပြောင်းလဲမှုကိုပါ ထောက်ခံပေးခဲ့ခြင်းကြောင့်၊ သူသည် မိမိကိုယ်မိမိ နစ်နာသွားသည်ဟု မခံစားရသလို၊ အခြားဝန်ထမ်းများအပေါ်တွင်လည်း မတရားပြုလုပ်ခဲ့ခြင်း မရှိပေ။
ကုမ္ပဏီ၏ လုပ်ပိုင်ခွင့်အာဏာသည် သူ၏လက်ထဲတွင်သာ ထိန်းချုပ်ထားဆဲဖြစ်ပြီး၊ ဖုန်းယွီကလည်း သူ့ကို အမြဲတမ်း အလွန်အမင်း ထောက်ခံအားပေးခဲ့ရာ သိပ္ပံအကယ်ဒမီသည်လည်း နှုတ်ဆိတ်စွာဖြင့်သာ လက်ခံထားရတော့သည်။
သိပ္ပံအကယ်ဒမီသည် အထက်ပိုင်းကို ကိုယ်စားပြုကာ အမိန့်အချို့ကို မကြာခဏဆိုသလို ဆင့်ကဲပေးပို့လေ့ရှိရာ သူသည်လည်း မလွဲမသွေ အကောင်အထည်ဖော်ရပြီး၊ တစ်ခါတစ်ရံတွင် မိမိကိုယ်မိမိ ပိုင်စိုးခွင့်မရှိသလို ခံစားချက်မျိုးကို အမှန်တကယ်ပင် ခံစားရသည်။
ကံကောင်းသည်မှာ အထက်ပိုင်းသည် Lenovo Group ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဝင်ရောက်စွက်ဖက်မှု သိပ်မကြီးမားလှဘဲ၊ Lenovo Group ကို အခြားကုမ္ပဏီများကိုပါ ဆွဲခေါ်လမ်းပြပေးရန်သာ ဖြစ်ပြီး၊ ၎င်းမှာ Fangzhengနှင့်Tongfangကဲ့သို့သော စီးပွားရေးလုပ်ငန်းမျိုးကို ဆိုလိုခြင်း ဖြစ်သည်။
"ဥက္ကဋ္ဌ ဒါဆို ကျွန်တော်တို့က အဲဒီTablet ကွန်ပျူတာကို တကယ်လုပ်ရမှာလား” ထုတ်ကုန်ဒီဇိုင်းရေးဆွဲရေးမှူးက မေးလိုက်သည်။
လျူချွမ်းကျစ် ဖြေကြားရန် မလိုဘဲ ရန်ယွမ်ချင်းက တိုက်ရိုက်ပင် ပြောလိုက်သည်။ "ဘာလဲ မင်းက မန်နေဂျာဖုန်းရဲ့အမြော်အမြင်ကို သံသယဝင်နေတုန်းပဲလား။ မန်နေဂျာဖုန်းက ဒီTablet ကွန်ပျူတာဟာ အနာဂတ်မှာ ကျွန်တော်တို့ကုမ္ပဏီရဲ့ အမြတ်အစွန်းတိုးတက်မှုအမှတ်သစ် ဖြစ်လာလိမ့်မယ်လို့ ပြောထားတယ်ဆိုတော့ သေချာပေါက်ဖြစ်လာမှာပဲ"
လျူချွမ်းကျစ်သည် ဒီဇိုင်းရေးဆွဲရေးမှူးကို ကြည့်ကာ မေးလိုက်သည်။ "မင်း သတိမထားမိဘူးလား၊ Netbookထွက်ပေါ်လာပြီးကတည်းက Desktop PCတွေရဲ့ ရောင်းအားက စတင်ကျဆင်းလာခဲ့တယ်လေ။ လက်တော့ပ်တွေမှာ သယ်ဆောင်ရလွယ်ကူတဲ့ လုပ်ဆောင်ချက် တစ်ခုကလွဲရင် တခြားဘယ်ကဏ္ဍမှာမှ Desktop PCတွေကို မမီဘူး"
"စွမ်းဆောင်ရည်ပိုင်း၊ ဈေးနှုန်းပိုင်း၊ တန်ဖိုးထိန်းသိမ်းမှုပိုင်း အစရှိတာတွေမှာ စားပွဲတင် ကွန်ပျူတာတွေကပဲ ဦးဆောင်နေတာပါ။ အခု စားပွဲတင် ကွန်ပျူတာတွေမှာတောင် အတွင်းဘက်ထရီ ထည့်သွင်းလို့ ရနေပြီဖြစ်ပြီး ရုတ်တရက် မီးပျက်သွားတဲ့ အချိန်မှာတောင်၊ ပုံမှန်အတိုင်း စက်ပိတ်ဖို့ အချိန်မီအောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဘာလို့ လူတိုင်းက လက်တော့ပ်ကွန်ပျူတာတွေကိုပဲ ပိုပြီး ဝယ်ယူချင်နေကြတာလဲ"
"ဘာလို့လဲဆိုတော့ လက်တော့ပ် ကွန်ပျူတာတွေက ပိုပြီးအဆင့်မြင့်လို့ပဲ၊ အနည်းဆုံးတော့ အဲဒီလို ပုံပေါက်နေတာပေါ့။ သယ်ဆောင်ရ အဆင်ပြေတယ်၊ နေရာယူတာ ပိုနည်းတယ်၊ ဒါကအရမ်းကို အရေးကြီးတဲ့ အချက်ပဲ။ Tablet ကွန်ပျူတာကလည်း ဒီထူးခြားချက်တွေ အတူတူပဲ ရှိနေပြီး၊ လက်တော့ပ်ကွန်ပျူတာထက်တောင် ပိုပြီး ဆွဲဆောင်မှု ရှိသေးတယ်”
ဒီဇိုင်းရေးဆွဲရေးမှူးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဒါပေမဲ့ မန်နေဂျာဖုန်းရဲ့ အဆိုအရဆိုရင် Tabletဆိုတာ ဒီလောက် အရွယ်အစားလေးပဲ ရှိပြီး၊ကီးဘုတ် မပါဘူး၊ အားလုံးကို Touch Screenကနေတစ်ဆင့်ပဲ အသုံးပြုရမယ်ဆိုတော့ အဆင်မပြေတဲ့ နေရာတွေ အများကြီး ရှိမနေဘူးလား။ ဒါ့အပြင် ထုတ်ကုန်က ဒီလောက်လေးပဲ ရှိတာဆိုတော့ စွမ်းဆောင်ရည်ကလည်း သေချာပေါက် အရမ်းညံ့ဖျင်းမှာပဲ။ ပစ္စည်းတော်တော်များများကို အထဲကို ထည့်သွင်းလို့တောင် ရမှာမဟုတ်ဘူးလေ"
လျူချွမ်းကျစ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါကြောင့်မို့လို့ ခင်ဗျားတို့ ဒီဇိုင်းဌာနက ပိုသစ်လွင်ပြီး၊ နေရာပိုချွေတာနိုင်တဲ့အတွင်းပိုင်း တည်ဆောက်ပုံကို ဒီဇိုင်းဆွဲပေးဖို့ လိုအပ်တာပေါ့။ တခြားကဏ္ဍတွေက ဒီထုတ်ကုန်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာကတော့ မင်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စမဟုတ်ဘူး"
"ဒါဆို Operating System ကရော။ ဒီထုတ်ကုန်ကို ဒီဇိုင်းဆွဲပြီးသွားရင် အခုရှိနေတဲ့ PC Operating Systemတွေ အားလုံးက သင့်တော်မှာ မဟုတ်ဘူး၊ ပိုပြီးသေးငယ်ကျစ်လျစ်ပေမဲ့ လုပ်ဆောင်ချက်အားကောင်းတဲ့ Operating System တစ်ခုလိုအပ်တယ်လေ၊ ဒီအရာတွေကို Lenovo-Kingsoftက လုပ်ပေးနိုင်မှာလား” ဒီဇိုင်းရေးဆွဲရေးမှူးက မကျေမနပ်ဖြစ်စွာဖြင့် မေးလိုက်သည်။
"သူတို့ ဒီဇိုင်းဆွဲနေကြပါပြီ၊ စမတ်ဖုန်းရဲ့ Operating System နဲ့ PC Operating Systemရဲ့ အားသာချက်တွေကို ပေါင်းစပ်ပြီး၊ ဒီလို Tabletကွန်ပျူတာနဲ့ သင့်တော်မယ့် အော်ပရေးတင်းစနစ် အသစ်တစ်ခုကို တီထွင်နေကြပါပြီ"
"သီအိုရီအရတော့ ဒါတွေက ပြဿနာ မဟုတ်ပါဘူး။ အရင်တုန်းက ခင်ဗျားတို့ Ultrabookကို ဒီဇိုင်းဆွဲတုန်းကလည်း၊ ခင်ဗျားတို့က အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတာပဲလေ။ ဒါပေမဲ့ ရလဒ်ကကော… ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ် မဟုတ်လား”
"အခု ဒီ Tablet ကွန်ပျူတာကကျတော့ ဘာလို့ အကောင်အထည် ဖော်လို့မရနိုင်ရမှာလဲ။ Microsoft၊ Intel အစရှိတာတွေက မလုပ်နိုင်ခဲ့ဘူးဆိုပေမဲ့၊ ကျွန်တော်တို့ မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ မန်နေဂျာဖုန်းရဲ့ စကားကို မှတ်ထားပါ၊ ကျွန်တော်တို့ ခေတ်ရေစီးကြောင်းကို ဦးဆောင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့တွေးခေါ်နိုင်စွမ်းကိုချုပ်ချယ်ပိတ်လှောင်ထားလို့ မရဘူး"
******