အခန်း ၁၄၈၇
Vol. 101 Ch. 1487
အခန်း ၁၄၈၇ ထုတ်လုပ်သူများ ပူးပေါင်းခြင်း
Lenovo Group မှ ဈေးနှုန်းသက်သာသော လက်တော့ပ် ကွန်ပျူတာသစ်ကို မိတ်ဆက်လိုက်ပြီးနောက်၊ ရိုးရာ Netbookဈေးကွက်သည် နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရသည်။ သူတို့၏Netbookများသည် Lenovo Group ၏ Ultrabook များနှင့် နှိုင်းယှဉ်ပါက မည်သည့်အားသာချက်မျှ ရှိမနေတော့ပေ။
ဤအချိန်တွင် သူတို့ကလည်း ထုတ်ကုန်များကို ဈေးလျှော့ချရန် ဆုံးဖြတ်လိုက်ကြသည်။
တကယ်တမ်းတွင် အမြောက်အမြား ထုတ်လုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိပြီးနောက် သူတို့၏ ကုန်ကျစရိတ်သည်လည်း အလျင်အမြန် ကျဆင်းသွားခဲ့ပြီး အမြတ်အစွန်းမှာလည်း အနည်းငယ် တိုးတက်လာခဲ့သည်။ သို့သော် ပိုမိုမြင့်မားသော အမြတ်အစွန်းများ ရနိုင်ပါလျက်နှင့်၊ မည်သူက အမြတ်အစွန်းကို လျှော့ချပစ်ချင်မည်နည်း။
ထို့ကြောင့် သူတို့အချင်းချင်းကြားတွင် တိုင်ပင်ထားပြီးသားဖြစ်ဟန် တူကာ ထုတ်ကုန်ရောင်းဈေးမှာ လုံးဝနီးပါး ကျဆင်းသွားခြင်း မရှိဘဲ၊ အားလုံးက မူလက Lenovo Group မှ သတ်မှတ်ထားခဲ့သော ဈေးနှုန်းကို စံသတ်မှတ်ချက်အနေဖြင့် ထားရှိကာ၊ အနည်းငယ်မျှသာ အတက်အကျ ရှိခဲ့ကြသည်။
သို့သော် ဤအချိန်တွင် Lenovo Group ၏ ထုတ်ကုန်သစ် ဈေးကွက်သို့ ရောက်ရှိလာခဲ့ရာ၊ အကယ်၍ သူတို့က ဤဈေးနှုန်းကို ဆက်လက်ထိန်းသိမ်းထားမည်ဆိုပါက မည်သည့် ယှဉ်ပြိုင်နိုင်စွမ်းမျှ ရှိတော့မည် မဟုတ်ပေ။ Lenovo Group၏ ထို Ultrabookကို သူတို့ကြည့်လျှင်ပင် ကောင်းမွန်သည်ဟု ခံစားနေရရာ၊ သာမန် ဝယ်ယူသုံးစွဲသူများဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ပေ။
ဤအချိန်တွင် Lenovo Groupသည် သူတို့၏ လမ်းကြောင်းများမှတစ်ဆင့် Fangzheng နှင့် Tongfangတို့၏ Netbookများကို နိုင်ငံခြား ဈေးကွက်သို့ ကိုယ်စားလှယ်အဖြစ် စတင်ရောင်းချပေးလာရာ၊ သူတို့မှာ အံကြိတ်ရလောက်အောင်ပင် အလွန်အမင်း ဒေါသထွက်သွားခဲ့ကြသည်။
မင်းတို့ Lenovo က Netbookကို မလုပ်တော့ဘဲ တခြားလူတွေကို ငါတို့နဲ့ လာပြိုင်ခိုင်းတာပေါ့လေ၊ ဟုတ်လား။
ကောင်းပြီလေ.. ငါတို့က ဈေးလျှော့လိုက်မယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့က ကိုယ့်နယ်မြေမှာကိုယ် ရှိနေတာဖြစ်ပြီး အကောက်ခွန်လည်း မရှိဘူး၊ ထုတ်လုပ်မှု ကုန်ကျစရိတ်က နည်းနည်းလေး ပိုများနေရင်တောင်မှ၊ ဈေးနှုန်းပိုင်းမှာ အားသာချက်ရှိနေတုန်းပဲ။
သို့သော် ကိုယ့်နယ်မြေကို ကိုယ်စောင့်ရှောက်ထားရုံက၊ သိပ်ပြီး ပြောပလောက်သည့်ကိစ္စမဟုတ်ပေ။ သူတို့က ပူးပေါင်းလိုက်ကြပြီး၊ တရုတ်ဈေးကွက်တွင် Lenovo ကို တစ်ကြိမ်မျှ ဝိုင်းဝန်းချေမှုန်းရန် ရည်ရွယ်လိုက်ကြသည်။
အရှုံးမပေါ်သရွေ့ သူတို့က ငွေမမြတ်တော့လျှင်ပင်၊ ဈေးနှုန်းကို အပြိုင်အဆိုင်ကစားကာ၊ သူတို့ Lenovo Group ကိုလည်း ငွေမမြတ်နိုင်အောင် လုပ်ဆောင်ပစ်မည် ဖြစ်သည်။
သူတို့ စီးပွားရေးလုပ်ငန်းတစ်ခုက အမေရိကန်ဒေါ်လာ တစ်သန်းဖိုးရှိသော ကုန်ပစ္စည်းများကို ထုတ်ယူလိုက်မည်ဆိုလျှင် အမေရိကန်ဒေါ်လာ သန်းဆယ်ချီ တန်ဖိုးရှိသော ထုတ်ကုန်များသည် တရုတ်ဈေးကွက်ထဲသို့ ပြည့်လျှံဝင်ရောက်သွားမည်ဖြစ်ပြီး၊ Lenovo Group၏ ထုတ်ကုန်သစ်ကိုလည်း ရောင်းမစွံသည့် ပြဿနာထဲသို့ ကျဆင်းသွားစေမည် ဖြစ်သည်။
ငါတို့ ကုမ္ပဏီတစ်ခုစီက အမေရိကန်ဒေါ်လာ တစ်သိန်း ဆုံးရှုံးသွားရင် မင်းတို့Lenovo က အမေရိကန်ဒေါ်လာ သန်းချီ ဆုံးရှုံးရလိမ့်မယ်။ အကယ်၍ ငါတို့ ကုမ္ပဏီတစ်ခုစီက အမေရိကန်ဒေါ်လာ တစ်သန်းဆုံးရှုံးခဲ့မယ်ဆိုရင် မင်းတို့Lenovo က အမေရိကန်ဒေါ်လာ သန်းဆယ်ချီ ဆုံးရှုံးရလိမ့်မယ်။
မင်းတို့က အမြဲတမ်း အသေအလဲ ဈေးချနေတာ မဟုတ်ဘူးလား။ ဒီတစ်ကြိမ်မှာတော့ ငါတို့လည်း ဈေးလျှော့ချပစ်မယ်၊ ဒီ ဈေးပေါတဲ့ လက်တော့ပ် ဈေးကွက်ကို၊ အပြီးတိုင်ပျက်စီးသွားအောင် လုပ်ပစ်မယ်။
Lenovo ၏ Ultrabook ဈေးကွက်သို့ရောက်ရှိလာပြီးနောက်၊ တကယ်ကိုပင် ဝယ်ယူသုံးစွဲသူများ၏လှိုက်လှဲစွာ ကြိုဆိုမှုကို ရရှိခဲ့သည်။ Netbookကို ဝယ်ယူရန် ရည်ရွယ်ထားသော အသုံးပြုသူများသည်၊ ပိုမိုပေါ့ပါးပြီး ပိုမိုပါးလွှာသော ဤ Ultrabookကိုသာ လှည့်၍ ဝယ်ယူလိုက်ကြသည်။ သို့မဟုတ် အချို့သော လူများကလည်း၊ ရုပ်သံပိုင်းတွင် ပိုမိုထင်ရှားကောင်းမွန်သော Multimedia Notebook ကို ရွေးချယ်လိုက်ကြသဖြင့်၊ အခြားသော Netbook များအားလုံး၊ ရောင်းမစွံသည့် ပြဿနာထဲသို့ ကျဆင်းသွားစေခဲ့သည်။
ဤအချိန်တွင် ထို PC ကွန်ပျူတာ ထုတ်လုပ်သူများကလည်း တစ်ချိန်တည်းလိုလိုပင် ကြေညာလာခဲ့သည်၊ သူတို့၏ Netbookများ ဈေးကျသွားခဲ့ပြီဖြစ်သည်။
ထို့အပြင် ဈေးလျှော့ချသည့် ပမာဏမှာ အလွန်ကြီးမားလှပြီး၊ ပျမ်းမျှအားဖြင့်အမေရိကန်ဒေါ်လာ ငါးဆယ်အထက်တွင် ရှိနေကြသည်။
မူလကတည်းက Netbookသည် ထုတ်လုပ်သူ အများအပြားဝင်ရောက်လာခြင်းကြောင့်၊ ရောင်းဈေးမှာ အနည်းငယ် ကျဆင်းသွားခဲ့ပြီးဖြစ်ရာ၊ ယခု ဤသို့နောက်ထပ် အမေရိကန်ဒေါ်လာငါးဆယ် ထပ်မံကျဆင်းသွားသောအခါ၊ ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ လေးရာအောက်သို့ပင် ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။
ဤဈေးနှုန်းက လက်တော့ပ်၏ အနိမ့်ဆုံး ရောင်းဈေးကို နောက်ထပ်တစ်ကြိမ် စံချိန်သစ်တင်သွားစေခဲ့သည်။
တရုတ်ဈေးကွက်တွင်မူ၊ Netbook၏ ရောင်းဈေးသည်ယွမ် ၂၄၉၉ အထိ နိမ့်ကျသွားခဲ့ပြီး၊ Ultrabook၊ Multimedia Notebook အစရှိသည်တို့နှင့် တိုက်ရိုက်ပင် ယွမ်တစ်ထောင်ခန့် ကွာဟသွားစေခဲ့ရာ၊ ဤကဲ့သို့ဆိုလျှင် ဈေးနှုန်းမှာ အလွန်အမင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်သည်။
သတင်းရရှိလိုက်သော ရန်ယွမ်ချင်းသည် အလွန်အံ့အားသင့်သွားပြီး လျူချွမ်းကျစ်ထံသို့ ချက်ချင်း အကြောင်းကြားလိုက်ရာ လျူချွမ်းကျစ်သည် Lenovo Group ၏ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးကို အလျင်အမြန် ခေါ်ယူလိုက်သည်။
……
"အားလုံးပဲ၊ အခြေအနေကို စီအီးအိုရန်ပြောပြသွားပြီးပြီဆိုတော့ အားလုံးလည်း ရှင်းလင်းသွားလောက်ပြီပေါ့။ ဒါဆို ဘာအကြံဉာဏ်တွေရှိလဲဆိုတာ အားလုံး ပြောကြည့်ကြပါ"
"ကျွန်တော်တို့ရဲ့ အမြတ်အစွန်း ကွာဟချက်က အများကြီး ကျန်နေသေးတာပဲ၊ ကျွန်တော်တို့လည်း ဈေးလျှော့လိုက်ကြမလား” သိပ္ပံအကယ်ဒမီမှ ဒါရိုက်တာတစ်ဦးကပြောလိုက်သည်။
ရန်ယွမ်ချင်းသည် ခေါင်းခါကာ တိုက်ရိုက်ပင် ငြင်းဆန်လိုက်သည်။ "ဈေးလျှော့လို့ မရဘူး။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်သစ်တွေက အခုမှဈေးကွက်ထဲကို ရောက်ခါစပဲ ရှိသေးတယ်၊ ပြီးတော့ ဈေးကွက်ထဲ ရောက်ပြီးတာနဲ့ ရောင်းထွက်တဲ့ အရေအတွက်ကလည်း မနည်းဘူး။ အခုမှ ရက်ပိုင်းလေးပဲ ရှိသေးတာကို၊ ကျွန်တော်တို့က ဈေးလျှော့လိုက်မယ်ဆိုရင် အရင်က ဝယ်သွားတဲ့ ဝယ်ယူသုံးစွဲသူတွေကို ဘယ်လိုလုပ်မလဲ၊ ကျွန်တော်တို့က ပိုက်ဆံပြန်အမ်းပေးမှာလား”
"ပိုက်ဆံ ပြန်အမ်းပေးလို့ ရတယ်ဆိုရင်တောင်မှ၊ အဲဒီလို လုပ်လို့မရဘူး။ ဒီအရာက ကျွန်တော်တို့ Lenovo Group ရဲ့ ကုန်အမှတ်တံဆိပ်နဲ့ဂုဏ်သတင်းအပေါ်မှာ၊ ပြင်းထန်တဲ့ သက်ရောက်မှုတွေ ဖြစ်စေလိမ့်မယ်။ ချက်ချင်းဈေးမလျှော့သင့်တဲ့အပြင်၊ လာမယ့် ခြောက်လကနေ တစ်နှစ်အချိန်အတွင်းမှာတောင်၊ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေက ဈေးမလျှော့သင့်ဘူးလို့ ကျွန်တော် ထင်တယ်”
ဤထုတ်ကုန်၏ အမြတ်အစွန်း ရာခိုင်နှုန်းမှာ မဆိုးလှပေ၊ တကယ်တမ်းတွင် ဈေးလျှော့ချလိုက်လျှင်လည်း အမြတ်အစွန်းကို အာမခံနိုင်သော်လည်း၊ ထိုသို့ဆိုလျှင်၊ Lenovo Groupအနေဖြင့် ဤထုတ်ကုန်ကို သုတေသနပြုလုပ်ရန် အဘယ်ကြောင့် အပင်ပန်းခံနေမည်နည်း၊ Netbookကိုသာ ဆက်လက်ထုတ်လုပ်နေလျှင် ပိုမကောင်းပေဘူးလော။
Netbookဈေးကွက်တွင် Lenovo သည် လူကြိုက်အများဆုံး ကုန်အမှတ်တံဆိပ် ဖြစ်ပေသည်။ Lenovo၏ Netbookကို ဝယ်မရခဲ့သော အသုံးပြုသူ မည်မျှက Lenovo ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် အသနားခံကာ Lenovo ကို ပိုမိုထုတ်လုပ်ပေးရန် တောင်းဆိုနေကြသနည်း။
"ကျွန်တော်လည်း ကျွန်တော်တို့ရဲ့ ထုတ်ကုန်က ဈေးလျှော့လို့မရဘူးလို့ ထင်တယ်။ မူလကတည်းက ကျွန်တော်တို့က Netbookရဲ့စွမ်းဆောင်ရည်ထက် အနည်းငယ် အဆင့်မြှင့်တင်ထားပြီး ထုတ်ကုန်ဒီဇိုင်းပိုင်းမှာလည်း လူတွေကို မျက်စိကျလောက်တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်ခဲ့တယ်၊ ဒီဈေးနှုန်းက သာမန်လူတွေနဲ့ အလွန်ကို ရင်းနှီးသင့်တော်နေပါပြီ" ချိုးပါ့ကျွင်းကလည်း သူ၏အမြင်ကို ပြောဆိုလိုက်သည်။
အစက ဈေးနှုန်းသတ်မှတ်ချိန်တွင် သူက ဈေးနှုန်းသတ်မှတ်ချက် နိမ့်သွားသည်ဟုပင် ထင်နေသေးပြီး၊ နောက်ထပ် အနည်းငယ် ပိုမြင့်သင့်သည်ဟု ယူဆထားခဲ့သည်။ သူတို့၏ကုန်ကျစရိတ်သည် Netbookထက်စာလျှင် မနည်းမနော မြင့်တက်လာခဲ့ရာ အမြတ်အစွန်းကို အဘယ်ကြောင့် အနည်းငယ် တိုးမယူနိုင်ရမည်နည်း။
"ဒါဆို နိုင်ငံခြားမှာ အမေရိကန်ဒေါ်လာ တစ်ရာကျော် ဈေးကွာဟနေတာ၊ ပြည်တွင်းမှာ ယွမ်တစ်ထောင်ကျော်လောက် ဈေးကွာဟနေတာကို၊ ဘယ်လို ဖြည့်ဆည်းမလဲ။ နှစ်ထောင့်ငါးရာနဲ့တင် လက်တော့ပ် ကွန်ပျူတာတစ်လုံး ဝယ်လို့ရနေပြီဆိုတော့ လူဘယ်လောက်ကိုများ ဆွဲဆောင်သွားနိုင်မလဲ။ ဒီမတိုင်ခင်ကဆိုရင် နှစ်ထောင့်ငါးရာနဲ့က စွမ်းဆောင်ရည် သာမန်လောက်ပဲရှိတဲ့ စားပွဲတင် ကွန်ပျူတာတစ်လုံးလောက်ပဲ ဆင်လို့ရတာလေ" ဒါရိုက်တာတစ်ဦးက ပြောလိုက်သည်။
ဤအချိန်တွင် လီတာ့ကျွင်းသည် တိတ်ဆိတ်စွာဖြင့် ဘာမျှဝင်မပြောဘဲနေနေခဲ့သည်။ သူက ထပ်မံစဉ်းစားနေခဲ့သည်မှာ၊ အကယ်၍ မန်နေဂျာဖုန်းသာ ဤသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက၊ မည်သို့ ဖြေရှင်းရန်ရွေးချယ်မည်နည်း။ မန်နေဂျာဖုန်းက အမြဲတမ်းပြောလေ့ရှိသည်မှာ၊ ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်ရချိန်တွင်၊ မိမိတို့၏အားသာချက်ကို ပိုမိုကြီးမားအောင် လုပ်ဆောင်ပြီး၊ တစ်ဖက်လူ၏ အားနည်းချက်ကိုပိုမိုကြီးမားလာအောင် လုပ်ဆောင်ရမည်ဟု ဖြစ်သည်။
ထိုသို့ဆိုလျှင် မိမိတို့၏အားသာချက်က ဘာဖြစ်ပြီး၊ တစ်ဖက်လူ၏ အားနည်းချက်ကရော ဘာဖြစ်မည်နည်း။
အားသာချက်မှာ ထုတ်ကုန်စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ခြင်းဖြစ်ပြီး၊ အကယ်၍ တရုတ်ဈေးကွက် တစ်ခုတည်းကိုသာ ဆိုလိုမည်ဆိုပါက၊ မိမိတို့တွင် အိမ်ရှင်ကွင်း အားသာချက်လည်း ရှိနေသေးသည်။ ဤနေရာက မိမိတို့ Lenovo Group၏နယ်မြေဖြစ်ပြီး၊ မိမိတို့အနေဖြင့် ကဏ္ဍပေါင်းစုံတွင်၊ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်သည်။ ဥပမာအားဖြင့် မိမိတို့တွင် အရောင်းဆိုင်များ ပိုမိုများပြားသည်။ မိမိတို့၏ ရောင်းချပြီးနောက် ဝန်ဆောင်မှု ပိုမိုကောင်းမွန်သည်။ မိမိတို့က တရုတ်အမှတ်တံဆိပ် ဖြစ်သည် အစရှိသည်တို့ပင် ဖြစ်သည်။
အခြားသော အလွန်ကြီးမားသည့် အားသာချက် တစ်ခုလည်း ရှိသေးသည်၊ ၎င်းမှာ Lenovoသည် AMD၊ Nvidia အစရှိသည်တို့နှင့်ပူးပေါင်းဆောင်ရွက်မှု အတော်လေး နီးကပ်နေခြင်းဖြစ်ရာ သူတို့၏ အင်အားကို အသုံးချကာ၊ ထိုထုတ်လုပ်သူများ၏ ဆုံးဖြတ်ချက်ကိုလွှမ်းမိုးနိုင်မည်လော။
"စီအီးအိုရန်၊ သူတို့က တင်သွင်းကုန်တွေချည်းပဲ၊ ဒီဈေးနှုန်းနဲ့ သူတို့က အမြတ်ရနိုင်သေးလို့လား။ အကယ်၍ သူတို့က အရင်းရှုံးခံပြီး ရောင်းချနေတာဆိုရင် ကျွန်တော်တို့က သူတို့ကို ဈေးကွက်ဖျက်ဆီးမှုနဲ့ တရားစွဲလို့ ရနိုင်တယ်မဟုတ်လား” ဒါရိုက်တာတစ်ဦးက မေးမြန်းလိုက်သည်။
"တကယ်လို့ ကျွန်တော်တို့ကိုယ်တိုင်သာ လုပ်မယ်ဆိုရင် ဒီထုတ်ကုန်ရဲ့ ကုန်ကျစရိတ်ကို နှစ်ထောင့်နှစ်ရာအောက် ရောက်အောင် ထိန်းချုပ်ထားနိုင်တယ်၊ သူတို့က တရုတ်မှာ စက်ရုံတည်ပြီး ထုတ်လုပ်တာဆိုတော့ အခွန်ကင်းလွတ်ခွင့် တချို့နဲ့ဆိုရင်ကုန်ကျစရိတ်ကို နှစ်ထောင့်လေးရာအောက်အထိ ထိန်းချုပ်ထားနိုင်မှာပါ။ ဒီဈေးနှုန်းနဲ့ဆို သူတို့မှာ ယွမ်ဆယ်ဂဏန်းလောက်တော့ မြတ်နေဦးမှာပါ" ရန်ယွမ်ချင်းက ပြောလိုက်သည်။
ဤပြဿနာကို၊ သူ စောစောစီးစီးကပင် တွေးထားခဲ့ပြီးဖြစ်သော်လည်း တွက်ချက်ကြည့်ပြီးနောက် တစ်ဖက်လူသည် စည်းမျဉ်းကို ကျူးလွန်ထားခြင်း မရှိနိုင်ပေ။ သို့သော် ယွမ်နှစ်ထောင်ကျော်တန် ကွန်ပျူတာတစ်လုံးတွင်၊ ယွမ်ဆယ်ဂဏန်းမျှသာ အမြတ်အစွန်း ရှိနေခြင်းက သူတို့က တမင်သက်သက် စည်းမျဉ်းစည်းကမ်းများကို နှောင့်ယှက်နေခြင်းမဟုတ်လော။
သူတို့ကို အလွန်အမင်း ရွံရှာစက်ဆုပ်သွားစေဆုံး အရာမှာ ထိုထုတ်လုပ်သူများ ပူးပေါင်းသွားခြင်းပင် ဖြစ်သည်။ သူတို့က ဤဈေးကွက်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်နေကြခြင်း ဖြစ်သည်။
ထို့အပြင် ဤထုတ်ကုန် ရောင်းကောင်းသွားခြင်းကြောင့်၊ အဆိုးရွားဆုံး သက်ရောက်မှုကို ခံရမည်မှာ Lenovo Group ၏ ထုတ်ကုန်သစ်သာဖြစ်ပြီး အခြားထုတ်လုပ်သူများကပါ Ultrabookကို သုတေသနပြုလုပ်၍ တီထွင်ပြီးသွားသောအခါ၊ ဤကဏ္ဍတွင် Lenovo Group၏ ဦးဆောင်မှု အားသာချက်မှာ ချေဖျက်ခံရတော့မည် ဖြစ်သည်။
လီတာ့ကျွင်းသည် ဤအချိန်တွင် ရုတ်တရက် မေးလိုက်သည်။ စီအီးအိုလျူ၊ ဒုတိယဥက္ကဋ္ဌရန်၊ ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်။ ကျွန်တော်တို့က ဈေးလျှော့လို့မရဘူးဆိုတော့ ကျွန်တော်တို့က ဘာလို့ သူတို့ကို ဈေးတက်သွားအောင် မလုပ်နိုင်ရမှာလဲ"
လူအားလုံးမှာ ခေါင်းထဲတွင် ဇဝေဇဝါ ဖြစ်သွားကြပြီး၊ လီတာ့ကျွင်းကို ကြည့်လိုက်ကြသည်။ ဘာကိုအားကိုးပြီး တစ်ဖက်လူကို ဈေးတက်စေရမည်နည်း။
"စီအီးအိုလျူ Taihua Polysilicon ရဲ့ထုတ်လုပ်မှုနဲ့ ရောင်းအားက၊ ကမ္ဘာ့နံပါတ်တစ် မဟုတ်လား။ အကယ်၍ Polysiliconတွေ ဈေးတက်သွားမယ်ဆိုရင်ရော"
******