အခန်း ၁၄၈၈
Vol. 101 Ch. 1488
အခန်း ၁၄၈၈ မိမိကိုယ်ကို ပြဿနာရှာခြင်း
"လောင်ကျုံး၊ လောင်လျူ၊ ခင်ဗျားတို့နှစ်ယောက် ခုနကဘာပြောလိုက်တာလဲ။ ကျွန်တော်တို့ရဲ့ Polysilicon တွေ ဈေးတက်ရမယ် ဟုတ်လား” ဖုန်းယွီသည် အနည်းငယ် သိချင်စိတ်ပြင်းပြသွားခဲ့ပြီး၊ ဆီလီကွန် သတ္တုရိုင်းများ၏ဈေးနှုန်းမှာ မြင့်တက်လာခြင်း မရှိပေ။ ထို့အပြင် Taihua Polysiliconသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော Polysilicon စီးပွားရေးလုပ်ငန်း ဖြစ်သောကြောင့်၊ သူတို့၏သန့်စင်ထုတ်လုပ်မှု နည်းပညာသည်လည်း ကမ္ဘာ့အဆင့်မီဖြစ်ရာ၊ ကုန်ကျစရိတ်မှာလည်း အသေအချာပင် အနိမ့်ဆုံးအဆင့်တွင် ရှိနေပေသည်။
"တာ့ကျွင်း မင်းပဲ အခြေအနေကို ရှင်းပြလိုက်ပါတော့" လျူချွမ်းကျစ်သည် လီတာ့ကျွင်းဘက်သို့ ခေါင်းအနည်းငယ် ညိတ်ပြကာအချက်ပြလိုက်သည်။
လီတာ့ကျွင်းသည် အခြားသော ထုတ်လုပ်သူများ ပူးပေါင်းကာ၊ Netbookများကို အကြီးအကျယ် ဈေးချလိုက်သည့် ကိစ္စကိုပြောပြလိုက်ပြီး၊ ထို့နောက် သူတို့၏အကြံအစည်ကိုပါ ပြောပြလိုက်သည်။
ဖုန်းယွီက တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ ပြောလိုက်သည်။ "ဈေးတက်မယ်။ ကျွန်တော်တို့ မဖြစ်မနေ ဈေးတက်ရမယ်။ ပြီးတော့ ဆယ်ရာခိုင်နှုန်း တက်တာက မလောက်ဘူး၊ ကျွန်တော်တို့ နှစ်ဆယ်ရာခိုင်နှုန်း ဈေးတက်ရမယ်"
"မန်နေဂျာဖုန်း၊ တစ်ခါတည်း နှစ်ဆယ်ရာခိုင်နှုန်း တက်လိုက်တာက၊ ပမာဏအရမ်းကြီးမားလွန်းနေမလား၊ ဒါက လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲခံရနိုင်တယ်နော်"ကျုံးချင်းရှန်သည် အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။
ဈေးကွက်နေရာကို အသုံးချပြီး၊ ထုတ်ကုန်ဈေးနှုန်းကို ခြယ်လှယ်ခြင်းသည်လည်း လက်ဝါးကြီးအုပ်မှု အမျိုးအစားတစ်ခုပင် ဖြစ်သည်။ Taihua Polysilicon၏ ထုတ်လုပ်မှုပမာဏသည်၊ ယခုအခါတွင် ကမ္ဘာ့ဈေးကွက်၏ ငါးဆယ့်သုံးရာခိုင်နှုန်းကို နေရာယူထားပြီးဖြစ်ကာ၊ တရုတ်၏ အခြားသော Polysilicon လုပ်ငန်းများနှင့်ပါ ပေါင်းလိုက်မည်ဆိုလျှင် တရုတ်သည် ကမ္ဘာ့Polysilicon လုပ်ငန်းနယ်ပယ်၏ခေါင်းဆောင်ကြီး ဖြစ်သည်ဟု ပြောဆိုနိုင်ပေသည်။
ဥရောပ၊ အမေရိက၊ ဂျပန်နိုင်ငံ၊ ထိုင်ဝမ် အစရှိသည့် ရိုးရာ Polysiliconလုပ်ငန်း အင်အားကြီးများ၏ဝေစုများမှာ ယခုအခါ အလွန်အမင်း ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အီလက်ထရောနစ် စသည့်လုပ်ငန်းများ၏ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့်၊ သူတို့၏ထုတ်ကုန်များမှာလည်း ရောင်းလမ်းအတွက် ပူပန်စရာ မလိုပေ။
စီးပွားရေးလုပ်ငန်းတစ်ခုသည် လက်ဝါးကြီးအုပ်သည်ဟု သတ်မှတ်ခံလိုက်ရသည်နှင့် ကြီးမားလှသော ဒဏ်ကြေးများကို ရင်ဆိုင်ရမည်သာမက၊ လုပ်ငန်းအပေါ် အခြားသောကဏ္ဍများမှ ကန့်သတ်ချက်အချို့ကိုပါ ပြုလုပ်လာမည်ဖြစ်ပြီး၊ လုပ်ငန်း၏ဂုဏ်သတင်းအပေါ်တွင်လည်း သက်ရောက်မှု အတိုင်းအတာတစ်ခုအထိ ရှိလာမည် ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများမှသည် တစ်ဦးတစ်ယောက်ချင်းစီအထိ၊ ထိုလက်ဝါးကြီးအုပ်သည့်သူဌေးကြီးများကို မမုန်းတီးသူဟူ၍ မရှိပေ၊ သူတို့ကိုယ်တိုင်က ထိုသူများထဲမှ တစ်ဦး ဖြစ်မနေလျှင်ပေါ့။
"မဟုတ်ဘူး။ တရားစွဲခံရမှာ မဟုတ်ဘူး၊ အဲဒီ Polysilicon ကုမ္ပဏီတွေက ကျွန်တော်တို့နဲ့အတူ ဈေးလိုက်တက်ကြမှာပါ၊ ကျွန်တော်တို့ အကျိုးအမြတ်ရရင် သူတို့လည်း အရှုံးပေါ်မှာ မဟုတ်ပါဘူး" ဖုန်းယွီကသေချာပေါက် ပြောလိုက်သည်။
လုပ်ငန်းတစ်ခုအတွင်းရှိ စီးပွားရေးလုပ်ငန်းများအကြားတွင် ပြိုင်ဆိုင်မှု ရှိသည်မှာ သေချာသော်လည်း၊ ပူးပေါင်းမှုလည်း ရှိနေပေသည်။ သူတို့အားလုံးက ခေါင်းဆောင်ဖြစ်ရန် ပြိုင်ဆိုင်ကြသော်လည်း၊ တစ်ချိန်တည်းမှာပင် ပူးပေါင်းကြပြီး၊ အောက်ပိုင်းနှင့်အထက်ပိုင်းရှိ စီးပွားရေးလုပ်ငန်းများကို တစ်ညီတစ်ညွတ်တည်း ဦးတည်ကာ မိမိတို့၏ အကြီးမားဆုံးသော အကျိုးအမြတ်ကို အာမခံချက် ရယူကြသည်။
"ဒါပေမဲ့ အချို့သော အီလက်ထရောနစ် လုပ်ငန်းတွေမှာ၊ သူတို့ကိုယ်ပိုင် Polysilicon စက်ရုံတွေ ရှိနေကြတယ်လေ" လျူချွမ်းကျစ်သည် အနည်းငယ် တွေဝေသွားခဲ့သည်။
"ဒါက ဘာသက်ဆိုင်လို့လဲ။ တကယ်လို့ သူတို့က ဈေးနှုန်းနှိမ့်ထားဖို့ ဆုပ်ကိုင်ထားမယ်ဆိုရင် တခြားPolysiliconကုမ္ပဏီတွေကို ဆန့်ကျင်တာနဲ့ အတူတူပဲပေါ့။ အမေရိကရဲ့အမြန်လမ်းပေါ်မှာ၊ အကယ်၍ လမ်းတစ်လမ်းရဲ့ ကန့်သတ်အမြန်နှုန်းက တစ်ရာ့တစ်ဆယ် ဖြစ်နေပြီး၊ တခြားလူတွေ အကုန်လုံးက တစ်ရာ့ငါးဆယ်နဲ့မောင်းနေချိန်မှာ၊ ခင်ဗျားက တစ်ရာ့တစ်ဆယ်နဲ့ မောင်းမယ်ဆိုရင် ခင်ဗျားက စည်းကမ်းဖောက်ဖျက်တာပဲ၊ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့အမြန်နှုန်းက အရမ်းနှေးလွန်းနေပြီး၊ တခြားကားတွေကို ပိုပြီးအန္တရာယ်ဖြစ်စေလို့ပဲ"
"သဘောတရားကတော့ အတူတူပါပဲ၊ ဥပဒေက လူအများစုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတာဖြစ်ပြီး၊ အခုကျွန်တော်တို့က လူအများစုကို ကိုယ်စားပြုနေတာလေ။ ပိုပြီးအရေးကြီးတာက၊ ကျွန်တော်တို့က လူအများစုအတွက် အကျိုးအမြတ်တွေ ယူဆောင်လာပေးနိုင်တယ်။ အဲဒီPolysilicon ကုမ္ပဏီတွေရဲ့ ရှယ်ယာရှင်တွေက Polysiliconတွေ ဈေးတက်တာကို မလိုချင်ကြဘူးလို့ ခင်ဗျားထင်နေတာလား”
"သူတို့က ကျွန်တော်တို့ရဲ့ မျက်နှာရိပ်မျက်နှာကဲကို အမြဲတမ်းစောင့်ကြည့်နေကြလို့ပါ၊ သူတို့က ဈေးတက်ပြီး၊ ကျွန်တော်တို့က ဈေးမတက်ဘူးဆိုရင် ဆုံးရှုံးရမှာက သူတို့ပဲဖြစ်လိမ့်မယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့က ဈေးတက်မယ်ဆိုရင် သူတို့လည်း ဝမ်းသာအားရနဲ့ ဈေးလိုက်တက်ကြမှာပေါ့။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းက အဲဒီလောက်ပဲရှိတာဆိုတော့ ဈေးနှုန်းက နိမ့်သည်ဖြစ်စေ မနိမ့်သည်ဖြစ်စေ၊ အဲဒီလောက်ပဲ ရောင်းထွက်နိုင်မှာပဲလေ"
"ဈေးနှုန်းမြင့်တက်တာက၊ သူတို့အတွက် ပိုပြီး အကျိုးရှိတာ ထင်ရှားပါတယ်။ သူတို့ကို ထုတ်လုပ်နိုင်စွမ်း မြှင့်တင်ဖို့ မလိုအပ်ဘဲ၊ ကုန်ကျစရိတ်ကို လျှော့ချဖို့အသေအလဲ စဉ်းစားစရာ မလိုဘဲနဲ့၊ ပိုမိုမြင့်မားတဲ့ အမြတ်အစွန်းတွေ ရရှိနိုင်စေတာဆိုတော့ သူတို့က ဘယ်လိုလုပ် သဘောမတူဘဲ နေမှာလဲ"
"အဲဒီအီလက်ထရောနစ် ထုတ်လုပ်သူတွေက ထိန်းချုပ်ထားတဲ့ Polysiliconကုမ္ပဏီတွေကလည်း မလွဲမသွေ ဈေးလိုက်တက်ရမှာပါပဲ၊ သူတို့က ကျွန်တော်တို့လို ဒီလောက်များပြားတဲ့ ကုမ္ပဏီတွေကိုတော့ ရင်ဆိုင်ရဲမှာ မဟုတ်ပါဘူး။ ပိုပြီးအရေးကြီးတာက သူတို့ကတောင် အရင်ဈေးတက်ချင် တက်နေမှာနော်"
ဖုန်းယွီ ဤသို့ပြောဆိုခြင်းမှာ အခြေအမြစ်မရှိဘဲ ခန့်မှန်းနေခြင်းမဟုတ်ပေ။ ယခင်ဘဝတုန်းက သူသည် ဤကဲ့သို့သော ကိစ္စမျိုးကိုကြုံတွေ့ခဲ့ဖူးသည်။
ထိုအချိန်က Toshiba၏ Polysiliconစက်ရုံတွင် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး၊ အိန္ဒိယဘက်တွင်လည်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရာ၊ ရလဒ်အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ အီလက်ထရောနစ် ထုတ်ကုန်များ၏ ဈေးနှုန်းများ အားလုံးမြင့်တက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကုန်ပစ္စည်းများက ဝယ်လိုအားကို မဖြည့်ဆည်းပေးနိုင်တော့သောကြောင့် ဖြစ်သည်။
"ဒါပေမဲ့ ကျွန်တော်တို့က အကြောင်းပြချက်တစ်ခု လိုအပ်တယ်၊ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုပေါ့။ ဘာလို့ ဈေးနှုန်းက ရုတ်တရက်ကြီး မြင့်တက်သွားတာလဲဆိုတာကိုပေါ့၊ ဒါမှမဟုတ်ရင်လည်း ကျွန်တော်တို့ရဲ့ ဂုဏ်သတင်းအပေါ်မှာ ခန့်မှန်းလို့မရနိုင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်” ကျုံးချင်းရှန်က သတိပေးလိုက်သည်။
အခြားသော စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်း၍ ဈေးတင်နိုင်သော်လည်း အကြောင်းပြချက်မရှိဘဲ ဈေးတင်ပစ်လိုက်၍တော့ မရနိုင်ပေ။
"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့Polysiliconစက်ရုံမှာ မတော်တဆမှု ဖြစ်ပွားလို့ပဲ" ဖုန်းယွီက အလွန်သေချာစွာဖြင့် ပြောလိုက်သည်။
"ဟင်… ကျွန်တော်တို့ စက်ရုံမှာ မတော်တဆမှု ဖြစ်လို့" လျူချွမ်းကျစ်သည် အလွန်အံ့အားသင့်သွားပြီး ကျုံးချင်းရှန်ကို ကြည့်လိုက်သည်။ ကျုံးချင်းရှန်သည်လည်း နားမလည်နိုင်သော မျက်နှာဖြင့်ခေါင်းခါပြလိုက်သည်၊ သူလည်း မသိပေ။
သူတို့က Taihua Holdings၏ ဥက္ကဋ္ဌနှင့်CEOတို့ဖြစ်ကြရာ၊ အကယ်၍ ဤမျှကြီးမားသော ကိစ္စမျိုးဖြစ်ပွားခဲ့မည်ဆိုလျှင် သူတို့နှစ်ယောက်စလုံး မသိဘဲနေမည်ဆိုသည်မှာ မဖြစ်နိုင်ပေ။
"အကြောင်းပြချက် မရှိရင် ကျွန်တော်တို့က အကြောင်းပြချက်တစ်ခုကို ရှာရမှာပေါ့။ မတော်တဆမှု မရှိရင် ကျွန်တော်တို့က မတော်တဆမှုတစ်ခုကို ဖန်တီးလို့ရတာပဲ"
ကျုံးချင်းရှန်နှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်ကာ နားမလည်နိုင် ဖြစ်သွားကြသည်။
ဈေးတင်ရန်အတွက် တကယ်ကြီး စက်ရုံကို မတော်တဆမှုဖြစ်အောင် လုပ်ရမည်လား။ ဤပေးဆပ်ရမှုကလည်း အလွန်ကြီးမားလွန်းနေသည် မဟုတ်လော။
……
"လောင်ကျန့် ဒီကိစ္စကို ခင်ဗျား နည်းနည်းလောက် ကူညီပြီးပူးပေါင်းပေးပါ၊ ဇာတ်လမ်းတစ်ပုဒ် သရုပ်ဆောင်ရုံလေးတင်ပါ" ဖုန်းယွီသည် ဆိုဖာပေါ်တွင် မှီထိုင်ရင်း၊ လက်ဖက်ရည်ခွက်ကိုမကာ၊ လက်ဖက်ရည်ကို ရှလွတ်မြည်အောင် သောက်ရင်း ပြောလိုက်သည်။
"မင်းက ဘာအကွက်တွေ ထပ်ရွှေ့ချင်နေပြန်ပြီလဲ၊ မင်းတို့ရဲ့ ဆီလီကွန် သတ္တုတွင်းကို ငါ့ကို စစ်ဆေးခိုင်းမယ်။ မင်းတို့ရဲ့ Polysilicon စက်ရုံကို စစ်ဆေးခိုင်းမယ် ဟုတ်လား” ကျန့်ရွေ့ချန်သည် သံသယဝင်နေသောမျက်နှာဖြင့် ဖုန်းယွီကို ကြည့်လိုက်သည်။
ဖုန်းယွီသည် မိမိကိုယ်မိမိ ပြဿနာရှာတတ်သောလူမျိုး မဟုတ်သည်မှာ ထင်ရှားရာ ဤကိစ္စက မည်သို့ကြည့်ကြည့် ထူးဆန်းမှုများကို ဖော်ပြနေပေသည်။
"တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် နောက်ထပ် ပြောဆိုချက်တချို့ကိုပါ ထုတ်ပြန်ပေးပါ။ ဥပမာအားဖြင့် Polysiliconတွေကို ပြည်ပတင်ပို့မှု ကန့်သတ်သင့်တယ် ဘာညာပေါ့။ ဒါမှမဟုတ်ရင်လည်း နှစ်ခွဖြစ်နေတဲ့ စကားလုံးတချို့ကို သုံးလို့ရပါတယ်” ဖုန်းယွီက ဆက်လက်ပြောဆိုလိုက်သည်။
"ဘာဖြစ်လို့လဲ။ မင်းတို့ရဲ့Polysilicon ကုမ္ပဏီမှာ ပြဿနာ တစ်ခုခုတက်နေလို့လား” ကျန့်ရွေ့ချန်၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုအချို့ ပေါ်လွင်လာခဲ့သည်။
ဖုန်းယွီသည် ဟားတိုက်၍ ရယ်မောလိုက်သည်။ "ဘယ်လိုလုပ် ပြဿနာတက်နိုင်မှာလဲ။ ငါတို့ရဲ့ သန့်စင်ထုတ်လုပ်မှုနည်းပညာအသစ်ကလည်း မကြာခင်မှာ သုတေသန အောင်မြင်တော့မှာပါ၊ အဲဒီအချိန်ကျရင် ငါတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်က နောက်တစ်ကြိမ် ထပ်မံတိုးတက်လာပြီး၊ ကုန်ကျစရိတ်က နောက်တစ်ကြိမ် ကျဆင်းသွားမှာပါ။ ပြီးတော့ Taihua Polysiliconရဲ့ ထုတ်လုပ်မှုနဲ့ ရောင်းအားက ကမ္ဘာ့ဝေစုရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ကို နေရာယူထားတာဆိုတော့ ဘာပြဿနာ ရှိနိုင်မှာလဲ"
"ဒါပေမဲ့ မကြာသေးခင်က နိုင်ငံခြား ကုမ္ပဏီတချို့က ငါ့ကို ပစ်မှတ်ထားလာတယ်၊Lenovo Group ကို ပစ်မှတ်ထားလာတယ်၊ ငါက သူတို့ကို သတိလေး နည်းနည်းပေးဖို့ ရည်ရွယ်ထားရုံတင်ပါ"
ဖုန်းယွီ၏ မျက်နှာပေါ်တွင် ပြုံးရွှင်နေသော်လည်း၊ ကျန့်ရွေ့ချန်က အလွန် ရှင်းလင်းစွာ သိရှိနေသည်။ ၎င်းမှာ ဖုန်းယွီ၏စိတ်ခံစားချက် အမှန်တကယ် ကောင်းမွန်နေသည်ဟု မဆိုလိုပေ။
"မင်းက Polysiliconတွေကို ဈေးတင်ဖို့ ရည်ရွယ်နေတာလား။ ဒီလိုဆိုမင်း ပညာပေးချင်နေတာက အဲဒီအီလက်ထရောနစ် ထုတ်လုပ်သူတွေကိုပေါ့" ကျန့်ရွေ့ချန်သည် အနည်းငယ် တွေးကြည့်လိုက်သည်နှင့်၊ ဖုန်းယွီ၏အစီအစဉ်ကို နားလည်သွားခဲ့သည်။
ဈေးတင်မည်ဆိုလျှင် အကြောင်းပြချက်တစ်ခုတော့ အမြဲတမ်း ရှာရမည်ဖြစ်ပြီး ဖုန်းယွီ၏ ဤအကြောင်းပြချက်က အတော်လေး ကောင်းမွန်ပေသည်။ နိုင်ငံတော်က ခေါင်းခံပေးရသလို ဖြစ်နေသည်ကလွဲလျှင်ပေါ့။ သို့သော် နိုင်ငံတော်သည်လည်း ၎င်းနှင့် ထိုက်တန်သော အကျိုးအမြတ်များကို ရရှိမည်ဖြစ်ပြီး၊ အခွန်အခများ တိုးလာမည် မဟုတ်လော၊ GDP များ တိုးလာမည် မဟုတ်လော။
"မမှားပါဘူး၊ ပြီးတော့ ငါတို့ ပိုမြတ်လာတဲ့ ငွေတွေကိုလည်း တစ်ဝက်ထုတ်ယူပြီးတော့ ဒေသတွင်းကို ရင်းနှီးမြှုပ်နှံကာ၊ ဒေသတွင်းရဲ့ ပြည်သူ့ဘဝတွေကို တိုးတက်လာအောင် လုပ်ဆောင်ပေးမှာပါ"
မည်သို့ပင်ဖြစ်စေ ဖုန်းယွီတွင် သုံးမကုန်နိုင်လောက်အောင် ငွေများပြားနေပြီဖြစ်ပြီး၊ နှစ်ဆယ်ရာခိုင်နှုန်း ဈေးတင်လိုက်ခြင်းကြောင့်၊ သူတို့၏ တစ်နှစ်တာအမြတ်အစွန်းမှာ တိုးလာမည်မှာ နည်းနည်းနောနော ပမာဏ မဟုတ်ပေ။
အကယ်၍ Taihua Polysiliconသာ စတော့ရှယ်ယာ ဈေးကွက်သို့ ဝင်ရောက်မည်ဆိုပါက၊ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံတစ်ရာကို ကျော်ဖြတ်သွားရန်မှာ၊ မည်သည့် ပြဿနာမျှ ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကမ္ဘာ့ Polysilicon လုပ်ငန်းများ၏ခေါင်းဆောင် ဖြစ်သောကြောင့်ပင်။
"ဒါတွေကို ငါ့ကို ပြောပြနေဖို့ မလိုအပ်ဘူး၊ မင်းက ငါ့ကို မင်းအတွက် ပြဿနာရှာပေးစေချင်တယ်ဆိုမှတော့ မင်းက ပြဿနာကြီးသွားမှာကို မကြောက်နဲ့နော်" ကျန့်ရွေ့ချန်က အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။
"သေချာပေါက် မကြောက်ပါဘူး၊ ငါ့ရဲ့စီးပွားရေးလုပ်ငန်းတွေက ဘယ်စည်းကမ်းကိုမှ ဖောက်ဖျက်ထားတဲ့နေရာမျိုးရှိမှာ မဟုတ်ဘူး။ ရိုးရိုးသားသား စီးပွားရေးလုပ်လို့ရတဲ့ ငွေတွေကိုတောင် ငါ သုံးလို့ မကုန်နိုင်သေးတာ၊ စည်းကျော်ဖို့ လိုအပ်လို့လား" ဖုန်းယွီသည် ပခုံးတွန့်ပြလိုက်သည်။ "ဒါဆို ငါ ပြန်သွားပြီး ခင်ဗျားဆီက သတင်းကောင်းကို စောင့်နေလိုက်တော့မယ်၊ ပြဿနာက ကြီးသွားမှာကို ငါ မကြောက်ဘူး။ အကြီးကြီးဖြစ်အောင် သေချာပေါက် လုပ်ပေးပါ"
******