အခန်း ၁၄၈၉
Vol. 101 Ch. 1489
အခန်း ၁၄၈၉ လောင်ကျန့်၏ ပူးပေါင်းပါဝင်မှု
[တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကျန့်ရွေ့ချန်သည် Taihua Polysilicon ကုမ္ပဏီသို့ ကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ပြီး၊ ပြဿနာများစွာ ရှိနေကြောင်း ထုတ်ဖော်ပြောဆို]
[Taihua Polysilicon ၏ ဆီလီကွန် သတ္တုတွင်းအချို့တွင် လုံခြုံရေးဆိုင်ရာ အန္တရာယ်များ ရှိနိုင်ကြောင်း၊ လုပ်ငန်းရပ်နားကာ စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ပြီး၊ အမှားအယွင်းကင်းရှင်းကြောင်း အတည်ပြုပြီးမှသာ၊ ပြန်လည်တူးဖော်ခွင့် ပြုမည်ဖြစ်ကြောင်း ကျန့်ရွေ့ချန်မှ ထောက်ပြပြောဆို]
[တရုတ်၏ Polysilicon များ ပြည်ပသို့ တင်ပို့မှုအရမ်းများပြားလွန်းနေကြောင်း၊ တရုတ်အနေဖြင့် သယံဇာတများကို အသုံးပြု၍ GDPနှင့် လဲလှယ်သည့် လမ်းဟောင်းကြီးပေါ်တွင် ဆက်လျှောက်နေ၍ မရနိုင်ကြောင်း၊ ထို့ကြောင့် Polysiliconများ ပြည်ပသို့ တင်ပို့မှုကို ကန့်သတ်ရန် အထက်လူကြီးများထံသို့ အကြံပြုသွားမည်ဖြစ်ကြောင်း ကျန့်ရွေ့ချန်မှ ယူဆ]
[ဖုန်းယွီသည် ကျန့်ရွေ့ချန်၏ ရုံးခန်းသို့ သွားရောက်ခဲ့သော်လည်း၊ ကာယကံရှင်ကို တွေ့ဆုံခွင့် မရရှိခဲ့]
[Taihua Polysilicon ပြဿနာထဲသို့ ကျဆင်းသွားပြီး၊ယခုနှစ်အတွင်း Polysilicon များ အကြီးအကျယ်ထုတ်လုပ်မှု လျော့ကျသွားနိုင်ချေ ရှိ]
……
သတင်းတစ်ပုဒ်ပြီး တစ်ပုဒ်ပေါက်ကြားထွက်ပေါ်လာခဲ့ရာ Polysiliconလိုအပ်သော စီးပွားရေးလုပ်ငန်းများ အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အကယ်၍ ဤTaihua Polysiliconသာ ပြဿနာတက်ပြီးထုတ်လုပ်မှုကို ရပ်နားလိုက်ရမည်ဆိုပါက၊ ကမ္ဘာ့ Polysiliconထုတ်လုပ်နိုင်စွမ်းမှာ တစ်ဝက်တိတိ လျော့ကျသွားမည် ဖြစ်သည်။
အကယ်၍ ဤကိစ္စက တရုတ်ရှိ အခြားသော Polysiliconကုမ္ပဏီများဆီသို့ပါ ရိုက်ခတ်သွားမည်ဆိုပါက ယခုနှစ်ကမ္ဘာပေါ်တွင် ဝယ်ယူရရှိနိုင်မည့် Polysiliconပမာဏသည်၊ မနှစ်က ပမာဏ၏ လေးဆယ်ရာခိုင်နှုန်းပင် ပြည့်မီနိုင်တော့မည် မဟုတ်ပေ။
သူတို့သည် အချိန်ကိုလု၍ ကုန်ပစ္စည်း တစ်သုတ်ကို မှာယူရန်အတွက်၊ Taihua Polysiliconထံသို့ ချက်ချင်းဆက်သွယ်လိုက်ကြသည်။ တရုတ်၏ မူဝါဒများ ထွက်ပေါ်မလာသေးခင်အချိန်လေးကို အခွင့်ကောင်းယူ၍၊ ကုန်ပစ္စည်းများ သိုလှောင်ထားခြင်းကလည်းတွက်ခြေကိုက်ပေသည်။
အီလက်ထရောနစ် အစိတ်အပိုင်းများကို ထုတ်လုပ်ချင်သည့်အချိန်တွင်၊ Polysiliconများ မရှိတော့ပါက သူတို့ ဘာသွားလုပ်လို့ ရတော့မည်နည်း။
ဤအချိန်တွင် တစ်ကမ္ဘာလုံး၏ အီလက်ထရောနစ် စက်မှုလုပ်ငန်းများမှာ အလျင်အမြန် တိုးတက်လာနေကြပြီး၊ သူတို့၏အမြတ်အစွန်း အများဆုံး အချိန်လည်းဖြစ်ကာ၊ နေ့စဉ်နှင့်အမျှ အီလက်ထရောနစ် စက်ရုံသစ်များ ပေါ်ထွက်လာနေပေသည်။
သို့သော် ဤအချိန်တွင်၊ ကုန်ကြမ်းပစ္စည်းများသာ ပြတ်လပ်သွားခဲ့မည်ဆိုပါက၊ ၎င်းမှာလုပ်ငန်းခွင်အတွက် အလွန်ပြင်းထန်သော ထိုးနှက်ချက်ကြီး ဖြစ်ပေသည်။
အထူးသဖြင့် ထို ပေါ်ထွက်ကာစ အသေးစား စီးပွားရေးလုပ်ငန်းများအတွက်မူ၊ ထိုးနှက်ချက်အကြီးမားဆုံးပင် ဖြစ်သည်။
သူတို့ကိုယ်တိုင်က ဈေးပေါသော လုပ်အားခ ကုန်ကျစရိတ်များကို အားကိုး၍အမြတ်အစွန်းများကို ဖန်တီးနေရခြင်းဖြစ်ရာ ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းသာ မြင့်တက်သွားခဲ့ပါက၊ သူတို့၏ရောင်းဈေးကိုလည်း မလွဲမသွေ မြှင့်တင်ရမည်ဖြစ်ပြီး၊ ထိုအခါ သူတို့တွင် မည်သည့်ယှဉ်ပြိုင်နိုင်စွမ်းမျှ ရှိတော့မည် မဟုတ်ပေ။
ကုန်အမှတ်တံဆိပ်၏ ထပ်ဆောင်းတန်ဖိုးလည်းမရှိ၊ ပိုမိုကောင်းမွန်သော နည်းပညာလည်းမရှိ၊ ကောင်းမွန်သော ဒီဇိုင်းလည်း မရှိပါဘဲနှင့်၊ မည်သို့လုပ်၍ ငွေရှာနိုင်မည်နည်း။
အခြားသော Polysiliconကုမ္ပဏီများမှာမူ အလွန်အမင်း ပျော်ရွှင်သွားခဲ့ကြသည်။
အခွင့်အရေးကောင်းကြီး အလွန်ကောင်းမွန်သော အခွင့်အရေးကြီးပင် ဖြစ်သည်။
အီလက်ထရောနစ် လုပ်ငန်းများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေချိန်ကို အခွင့်ကောင်းယူကာ၊ သူတို့၏Polysiliconများကိုလည်း ဈေးတင်ပြီး၊ ပိုမိုကောင်းမွန်သော အမြတ်အစွန်းများရရှိရန်အတွက် သူတို့က အမြဲတမ်း စဉ်းစားနေခဲ့ကြသည်။
သို့သော် တရုတ်၏ကုမ္ပဏီများ အမြဲရှိနေခဲ့ပြီး၊ အထူးသဖြင့် Taihua Polysiliconက ထိုနေရာတွင် ရှိနေသောကြောင့် သူတို့ထဲမှ မည်သူကမျှ ဈေးမတင်ရဲခဲ့ကြပေ။
တရုတ်ဘက်က ဈေးမတင်ဘဲ၊ သူတို့ထဲမှ တစ်ယောက်ယောက်က ဈေးတင်လိုက်မည်ဆိုလျှင် အော်ဒါများမှာ အလျင်အမြန် ကျဆင်းသွားမည်မှာ သေချာပေသည်။
သို့သော် ယခုအခါ Taihua Polysiliconသည် ပြဿနာတက်သွားခဲ့ပြီး၊ သူတို့၏ကိုယ်ပိုင်နိုင်ငံမှပင် စုံစမ်းစစ်ဆေးခြင်းကိုခံနေရသည်။ အထူးသဖြင့် ဤကိစ္စသည် တရုတ်၏Polysiliconကုမ္ပဏီများ အားလုံးဆီသို့ပါ ရိုက်ခတ်သွားနိုင်ချေ ရှိနေရာ၊ ၎င်းမှာ သူတို့၏ ဈေးကွက်သည် တစ်ဆမက ပိုမိုကျယ်ပြန့်သွားခဲ့ပြီး Polysiliconသည် ဝယ်လိုအားကို မဖြည့်ဆည်းပေးနိုင်တော့သည့် အခြေအနေသို့ ဝင်ရောက်သွားတော့မည်ဟုဆိုလိုခြင်း ဖြစ်သည်။
အရှင်းလင်းဆုံးသော ရောင်းလိုအားနှင့် ဝယ်လိုအား ဆက်စပ်မှုအရ၊ ထုတ်ကုန်များသည် ဝယ်လိုအားကို မဖြည့်ဆည်းပေးနိုင်တော့သည့် အချိန်တွင်၊ ဈေးတင်သင့်ပေသည်။
ထို့ကြောင့် Toshibaကုမ္ပဏီက သူတို့၏Polysiliconများ ဈေးတက်သွားပြီဖြစ်ကြောင်း ပထမဆုံး ကြေညာလိုက်ပြီး၊ တစ်တန်လျှင် သုံးဆယ်ရာခိုင်နှုန်း ဈေးတက်သွားခဲ့သည်။
အခြားသော Polysilicon ကုမ္ပဏီများကလည်း ချက်ချင်းပင်အတုခိုးလာကြပြီး၊ သုံးဆယ်ရာခိုင်နှုန်းနှင့် အထက်ကိုအသီးသီး ဈေးတင်လိုက်ကြသည်။
ဤအချိန်တွင် ဈေးမတင်လျှင် ဘာကိုစောင့်နေရဦးမည်နည်း။ ထို့အပြင် သူတို့၏ဈေးနှုန်းမြင့်တက်မှုသည်လည်း အကြောင်းပြချက် ခိုင်လုံပြီး မည်သည့် ဥပဒေချိုးဖောက်မှု စုံစမ်းစစ်ဆေးခြင်းမျိုးကိုမျှ ခံရမည်မဟုတ်ပေ။ ၎င်းမှာ ဈေးကွက်၏ ပုံမှန်ရောင်းလိုအားနှင့် ဝယ်လိုအား ဆက်စပ်မှုအရ ဆုံးဖြတ်ထားခြင်းဖြစ်ရာ၊ သူတို့နှင့် စာချုပ်ချုပ်ဆိုရန် စောင့်ဆိုင်းနေသော စီးပွားရေးလုပ်ငန်းများ မည်မျှရှိနေသည်ကိုသာ ကြည့်လိုက်ပေတော့။
ကုန်ကြမ်းပစ္စည်းများ ရုတ်တရက် တစ်ဝက်တိတိ လျော့ကျသွားရာ သူတို့က ဈေးနှုန်းကို တစ်ရာရာခိုင်နှုန်းအထိ မမြှင့်တင်လိုက်ခြင်းကပင် အတော်လေး သဘောထားကြီးရာကျနေပြီဖြစ်ပြီး၊ ယခုသုံးဆယ်ရာခိုင်နှုန်းသာ ဈေးတင်လိုက်ခြင်းမှာ၊မလုပ်သင့်သည့် အရာများ ရှိနေလို့လား။
ဥရောပနှင့် အမေရိကဘက်ရှိ ကုမ္ပဏီများကိုသာ ကြည့်လိုက်စမ်းပါ။ သုံးဆယ့်ငါးရာခိုင်နှုန်းအထိ ဈေးတင်သွားသူများပင် ရှိနေသေးသည်။
Polysiliconများ၏ ဈေးနှုန်းမြင့်တက်သွားခြင်းကြောင့်၊ ထိုနေ့မှာပင် အီလက်ထရောနစ် ထုတ်လုပ်သူကြီးများက အသီးသီးကြေညာလာခဲ့သည်။ သူတို့၏ ကုန်ကျစရိတ် မြင့်တက်လာသောကြောင့်၊ သူတို့၏ထုတ်ကုန်ဈေးနှုန်းများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်လာပြီ ဖြစ်သည်။
ဝယ်ယူသုံးစွဲသူ အများအပြားက တွေ့ရှိသွားကြသည်။ မနေ့က ယွမ်ရှစ်ဆယ်ဖြင့် ရောင်းချနေသော ထုတ်ကုန်သည် ယနေ့တွင် ယွမ်တစ်ရာအထိ ဈေးတက်သွားခဲ့သည်။ မနေ့က ယွမ်သုံးထောင်ဖြင့် ရောင်းချနေသောထုတ်ကုန်သည်၊ ယနေ့တွင် ရုတ်တရက် ပစ္စည်းပြတ်သွားကြောင်း ကြေညာလာခဲ့သည်။
သို့သော် ထိုအထဲမှ လူအများစုမှာ၊ အစောပိုင်းကတည်းက ကြိုတင်မှာယူထားသူများဖြစ်ပြီး စရန်ငွေ ပေးချေထားပြီးဖြစ်ရာ၊ အစောပိုင်းက စရန်ငွေ ပေးထားခဲ့မိခြင်းက ကံကောင်းသွားကြောင်းကို သူတို့အသီးသီး တွေးတောဝမ်းသာနေခဲ့ကြသည်။ ထိုသို့မဟုတ်လျှင် ဤသို့ ဈေးတက်သွားပါက၊ သူတို့အနေဖြင့် ငွေအတော်များများကို ပို၍သုံးစွဲလိုက်ရမည်ဖြစ်သည်။
PC ကွန်ပျူတာ ထုတ်ကုန်များသာမကဘဲ၊ MP3များ၊ USB Flash Driveများ၊ မိုဘိုင်းဖုန်းများ အစရှိသည့် လုံးဝနီးပါးသော အီလက်ထရောနစ်ထုတ်ကုန်များ အားလုံးမှာ ဈေးတက်သွားခဲ့ကြသည်။ သို့သော် PC ကွန်ပျူတာများ၏ဈေးနှုန်း မြင့်တက်မှုမှာ အကြမ်းတမ်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤထုတ်ကုန်များသည် မူလကတည်းက ရောင်းဈေးမြင့်မားသောကြောင့်ပင်။
ဤအချိန်တွင် သူတို့၏ ထိုNetbookများကို ဤမျှဈေးပေါပေါဖြင့် ဆက်လက်ရောင်းချနေပါက၊ အရှုံးပေါ်သွားမည်ဖြစ်ရာ သူတို့က စဉ်းစားကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ Lenovo Group က သက်ရောက်မှု အကြီးမားဆုံး ခံရမည်ဖြစ်သည်။ သူတို့က တရုတ်၏ကုမ္ပဏီ ဖြစ်နေသည်ကိုး၊ မဟုတ်ဘူးလား။
ငါတို့ ဈေးပြန်တင်လိုက်တာကို Lenovo Groupက မျက်စိသူငယ်ဖြင့်သာ ထိုင်ကြည့်နေရုံမှတစ်ပါး အခြားမရှိပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်၏ Polysilicon ကုမ္ပဏီများ ထိခိုက်နစ်နာသွားသောကြောင့် တရုတ်၏ အီလက်ထရောနစ် ကုမ္ပဏီများက သက်ရောက်မှုကို အကြီးမားဆုံး ခံစားရမည်ဖြစ်သည်။
Sonyအစရှိသည့် ဂျပန်နိုင်ငံ ၏စီးပွားရေးလုပ်ငန်းများကတော့ အောင်ပွဲခံနေကြသည်။ သူတို့က တရုတ်ဈေးကွက်ထဲသို့ ဝင်ရောက်ရန် နည်းလမ်းမရှိဖြစ်ကာ ပူပန်နေခဲ့ကြရာ၊ ယခုအခွင့်အရေး ရောက်လာပြီမဟုတ်လော။
တရုတ်၏ ထုတ်ကုန်ရောင်းဈေးများက မလွဲမသွေ ကြီးမားသော ပမာဏဖြင့် မြင့်တက်လာမည်ဖြစ်ရာ၊ ဈေးနှုန်းပိုင်း အားသာချက်ကိုဆုံးရှုံးသွားမည်ဖြစ်ပြီး၊ ပစ္စည်းပြတ်လပ်သွားနိုင်ချေပင်ရှိနေသေးသည်။
ဤသို့ဆိုလျှင်၊ ဈေးကွက်တွင် အလွန်ကြီးမားသော ကွက်လပ်ကြီးတစ်ခု ပေါ်ထွက်လာမည်ဖြစ်ပြီး၊ သူတို့ အလုံးအရင်းဖြင့် ဝင်ရောက်လာရန်အတွက် အလွန်ကောင်းမွန်သောအခွင့်အရေးကြီးပင် ဖြစ်သည်။
PC ကွန်ပျူတာ ထုတ်ကုန်များသာမက၊ အခြားသော အီလက်ထရောနစ် ထုတ်ကုန်များအတွက်လည်း၊ သူတို့ အလွန်ဆုံး မျှော်လင့်တောင့်တနေခဲ့သော ဤတရုတ်ဈေးကွက်ထဲသို့၊ သူတို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
Lenovo Group တစ်ခုတည်းသာ မဟုတ်ဘဲ၊ TaihuaElectronics၊ AIWA Electronics၊ AIWA Subor အစရှိသည့် စီးပွားရေးလုပ်ငန်းများ အားလုံးမှာ ပြင်းထန်သောသက်ရောက်မှုများကို ခံရမည် ဖြစ်သည်။
တရုတ်တွင် မည်သည့် မဟာသူဌေးကြီးမျိုးကိုမျှ ပေါ်ထွက်လာခွင့် မပြုဟုအားလုံးက ပြောကြသည်။ ယခင်က ဖုန်းယွီ ရှိနေသောကြောင့် လေတိုက်ရာလမ်းကြောင်း ပြောင်းသွားပြီဟု သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း ယခုကြည့်ရသည်မှာ တရုတ်အစိုးရသည် ဖုန်းယွီအပေါ် လက်စွမ်းပြတော့မည်ဖြစ်သည်။
ဖုန်းယွီရေ ဖုန်းယွီ…မင်းမှာလည်း ဒီလိုနေ့မျိုး ရှိတာပဲကိုး။
……
"မန်နေဂျာဖုန်း၊ ကျွန်တော်တို့ လက်စွမ်းပြလို့ ရပြီ မဟုတ်လား”လျူချွမ်းကျစ်က ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
တစ်ပတ် ကြာသွားခဲ့ပြီ၊ ထိုအီလက်ထရောနစ် ထုတ်လုပ်သူများ၏ ဈေးနှုန်းများ အားလုံး ပြုပြင်ပြောင်းလဲပြီးသွားခဲ့ပြီဖြစ်ပြီး၊ အထူးသဖြင့် Lenovo Group အမုန်းဆုံးဖြစ်သည့် Netbook၏ ဈေးနှုန်းမှာ ယွမ်သုံးထောင်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဖုန်းယွီသည် ဆိုဖာပေါ်တွင် ထိုင်လျက်၊ ဆိုဖာလက်ရန်းပေါ်တွင် လက်ချောင်းများကို အဆက်မပြတ် ခေါက်နေကာ၊ စိတ်ခံစားချက် အလွန်ကောင်းမွန်နေသည့်ပုံ ပေါက်နေသည်။ "ဘာလောစရာ ရှိလို့လဲ၊ Polysilicon ဝယ်မရတဲ့ ကုမ္ပဏီတွေက ဘယ်သူတွေလဲဆိုတာ အကုန်သိပြီလား”
"ကျွန်တော်တို့ အကုန် စုံစမ်းပြီးပါပြီ၊ အခုက အဲဒီ Polysiliconကုမ္ပဏီတွေနဲ့ ဆက်ဆံရေးကောင်းတဲ့ အီလက်ထရောနစ် ကုမ္ပဏီတွေသာ ကုန်ပစ္စည်းကို ရနိုင်ကြတာပါ၊ ပျမ်းမျှဈေးနှုန်းက သုံးဆယ်ရာခိုင်နှုန်းကျော် တက်သွားတယ်ဆိုရင်တောင်မှ ဝယ်လိုအားကို မဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်၊ ဝယ်ချင်တဲ့သူ အများအပြားက ဝယ်လို့ကို မရကြဘူး"
လျူချွမ်းကျစ်တို့ကလည်း သေချာပေါက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ဤသူများ အားလုံးမှာ Taihua Polysilicon၏ ဖောက်သည်များ ဖြစ်ကြသည် မဟုတ်လော။
ထို့အပြင် ဤတစ်ကြိမ်တွင် တရုတ်၏ အခြားသော Polysiliconကုမ္ပဏီများကလည်း၊ လိုက်ပါ၍ ဇာတ်လမ်းဆင်နေကြခြင်း ဖြစ်ပြီး၊ သေချာပေါက်ပင် သူတို့လည်း အရှုံးမပေါ်ခဲ့ပေ။ လျူချွမ်းကျစ်သည် အီလက်ထရောနစ် ကုမ္ပဏီအချို့ကို ဤPolysiliconကုမ္ပဏီများနှင့် မိတ်ဆက်ပေးခဲ့ပြီး Taihua Polysilicon၏ နောက်ထပ်ခြေလှမ်း ရည်မှန်းချက်မှာ ပြည်ပသို့ တင်ပို့ရန်ပင် ဖြစ်သည်။
"ကောင်းပြီ၊ ကျွန်တော်တို့ရဲ့ အစီအစဉ်အတိုင်း၊ ဒီကုမ္ပဏီတွေကို ဆက်သွယ်လိုက်…Toshibaအစရှိတဲ့ ကုမ္ပဏီတွေရဲ့ ဈေးနှုန်းအောက် ဆယ်ရာခိုင်နှုန်းလောက် လျှော့ထားတဲ့ ဈေးနှုန်းနဲ့၊သူတို့နဲ့ ရေရှည်ကုန်ပစ္စည်းထောက်ပံ့မှု စာချုပ် ချုပ်ဆိုလိုက်ပါ။ Toshibaတို့က မချုပ်ချင်ဘူးဆိုပေမဲ့၊ ကျွန်တော်တို့က ချုပ်ချင်တယ်လေ"
ဈေးနှုန်းက ယခုလေးတင် တက်သွားခြင်းဖြစ်ရာ၊ ချက်ချင်း ပြန်လည်လျှော့ချရန် မဖြစ်နိုင်ပေ။ အကယ်၍ သူတို့က ယခုလေးတင် ဈေးတင်ထားပြီး၊ချက်ချင်း ပြန်လည်လျှော့ချလိုက်မည်ဆိုပါက၊ ၎င်းမှာ အမှန်တကယ်ပင် ဈေးကွက်ဈေးနှုန်းကို ခြယ်လှယ်နေခြင်းဖြစ်ရာ၊ Toshibaအစရှိသည့် Polysiliconကုမ္ပဏီများသည်လည်း စုံစမ်းစစ်ဆေးခြင်းကို ခံရမည်ဖြစ်ပြီး၊ ကြီးမားလှသောဒဏ်ကြေးများကို လက်ခံရရှိမည် ဖြစ်သည်။
တစ်ကမ္ဘာလုံးရှိ အခြားနိုင်ငံများမှ Polysilicon ကုမ္ပဏီများအားလုံး ပျော်ရွှင်မြူးထူးနေကြပြီး၊ Toshiba အစရှိသည့်ကုမ္ပဏီများက Polysilicon စက်မှုလုပ်ငန်းအပေါ် ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ရန် ပြင်ဆင်နေကြောင်း ကြေညာလိုက်သည့်အချိန်တွင် ကျန့်ရွေ့ချန်က သတင်းတစ်ပုဒ်ကို ထပ်မံကြေညာလိုက်ပြန်ရာ ကမ္ဘာပေါ်ရှိနိုင်ငံများစွာ၏ မီဒီယာ ခေါင်းကြီးပိုင်းများတွင် နောက်တစ်ကြိမ် ဖော်ပြခံလိုက်ရပြန်သည်။
******