အခန်း ၁၄၉၅
Vol. 101 Ch. 1495
အခန်း ၁၄၉၅ လှည့်စားတတ်သော တွက်ချက်နည်း (၃/၁၀)
ဤသူသည် ယခင်ဘဝက သူ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ပြီး၊ ဤနှစ်များအတွင်း ဘဏ္ဍာရေးအခြေအနေများ ကောင်းမွန်ချိန်တွင်၊ ငွေကြေး မနည်းမနောရှာဖွေနိုင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင်မူအားလုံး ပြန်လည် ဆုံးရှုံးသွားခဲ့ရပေသည်။
သူက ဖုန်းယွီကို အမြဲတမ်း ပြောလေ့ရှိသော စကားတစ်ခွန်းမှာ၊ အစကတည်းက အိမ်ဝယ်ခဲ့ရမှာကို စောစောစီးစီးကတည်းက သိခဲ့ရင် အခုချိန်အထိ ဘာတစ်ခုမှမရှိတဲ့ အဖြစ်မျိုး ရောက်လာမှာ မဟုတ်ဘူးဟူ၍ ပင်ဖြစ်သည်။
ဖုန်းယွီသည် သူ့ကို ဤမျှသာ သတိပေးနိုင်ပြီး၊ တစ်ဖက်လူ နားထောင်ခြင်း ရှိမရှိကိုမူ၊ ဖုန်းယွီအနေဖြင့် ဝင်ရောက်စွက်ဖက်၍မရနိုင်တော့ပေ၊ အကယ်၍ ယခင်ဘဝကအတိုင်းသာ နောက်ဆုံးတွင်ဘာတစ်ခုမျှ ကျန်ရှိမနေခဲ့လျှင်လည်း၊ ကံမကောင်းဘူးဟုသာ ဆိုရတော့မည် ဖြစ်သည်။
"ဟေ့ ဟေ့ ဟေ့ ခဏလောက် နေပါဦး။ " ကျန်းရှောင်ဝေသည် ဖုန်းယွီ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။
ဖုန်းယွီ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားခဲ့သည်။ "မင်းမှာ ဘာကိစ္စရှိသေးလို့လဲ"
လူတစ်ယောက်၏ လက်မောင်းကို အလွယ်တကူ ဆွဲကိုင်ထားပြီး မသွားခွင့်ပြုခြင်းမှာ၊ သူတို့၏လုပ်ငန်းခွင်တွင် တားမြစ်ထားသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့လုပ်ဆောင်ခြင်းသည် ကိုယ်ထိလက်ရောက် ပဋိပက္ခဖြစ်သည်ဟု သတ်မှတ်နိုင်ပြီး၊ ရဲများကို ခေါ်ယူရန် လွယ်ကူသောကြောင့် ဖြစ်သည်။
"အစ်ကို၊ အစ်ကိုလည်း အခု အိမ်ဝယ်တာက သင့်တော်တယ်လို့ ထင်နေတာလား” ကျန်းရှောင်ဝေသည် သံသယမျက်လုံးများဖြင့် ဖုန်းယွီကို ကြည့်လိုက်သည်။ "အစ်ကိုက အိမ်ရောင်းတဲ့သူတော့ မဟုတ်ပါဘူးနော်၊ ကျွန်တော်တို့ဆီက ဖောက်သည်တွေကို တမင်သက်သက် လာလုတာလား”
ယခုအချိန်တွင် သူတို့လို ဘဏ္ဍာရေး ပွဲစားများသာ ဖောက်သည်များကို လုယူရန် လိုအပ်နေသည် မဟုတ်ဘဲ၊ ထို အိမ်ခြံမြေ ပွဲစားအစရှိသူတို့သည်လည်း၊ အလွန်ပင် အသက်လု၍ကြိုးစားနေကြပေသည်။
ထို့အပြင် သူတို့သည် တိုက်ရိုက် ပြိုင်ဘက်များဟု ဆိုနိုင်သည်၊ အဘယ်ကြောင့်ဆိုသော် အားလုံးက ဖောက်သည်များ၏ ငွေကြေးများကို သူတို့ထံသို့ အပ်နှံစေချင်သောကြောင့်ဖြစ်သည်။ သို့သော် ကျန်းရှောင်ဝေသည် ဤအချိန်တွင်အမှန်တကယ်ပင် အိမ်ဝယ်ချင်နေခဲ့သည်။ သူ၏ ချစ်သူကောင်မလေးနှင့် တွဲလာခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး၊ အိမ်ဝယ်လိုက်နိုင်ပါက အိမ်ထောင်ပြုနိုင်တော့မည် ဖြစ်သည်။
သို့သော် ယခုအခါ ဘဏ္ဍာရေး အခြေအနေများက ဤမျှလောက် ကောင်းမွန်နေသဖြင့် အိမ်ဝယ်လိုက်ခြင်းက မတွက်ခြေကိုက်ဘူးဟု သူက ခံစားနေရပြန်သည်။ အကယ်၍များ အိမ်ဈေးနှုန်းများ ကျဆင်းသွားခဲ့ပါက၊ သူ အရှုံးပေါ်သွားမည် မဟုတ်လော။ ဘဏ်ချေးငွေအများအပြားကိုလည်း ကျောပိုးထားရဦးမည်ဖြစ်ပြီး၊ ထို့နောက်တွင် စတော့ရှယ်ယာရင်းနှီးမြှုပ်နှံရန် ငွေလည်း ရှိတော့မည် မဟုတ်ပေ။
နိုင်ငံတော်ကလည်း အိမ်ဈေးနှုန်းများကို ထိန်းချုပ်မည်၊ ဈေးကွက်ကို ထိန်းချုပ်မည်ဟု ပြောထားခဲ့သည် မဟုတ်လော၊ အမြဲတမ်း ပါးစပ်ကသာ ပြောနေခဲ့ခြင်း ဖြစ်သည်ဆိုသော်လည်း၊ အကယ်၍များ အကောင်အထည် ဖော်လာခဲ့လျှင်ရော။ အကယ်၍များ နိုင်ငံတော်က တတ်နိုင်သောဈေးနှုန်းရှိသည့် အိမ်ရာများကို ဖော်ထုတ်လာခဲ့လျှင်၊ သူ အကြီးအကျယ် အရှုံးပေါ်သွားတော့မည် ဖြစ်သည်။
ယခုငွေများကို ကိုင်ဆောင်ကာ စတော့ရှယ်ယာတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ရှေးရိုးဆန်ဆန်လေး လုပ်လျှင်ပင်၊ တစ်နှစ်တာအတွင်း ငွေမနည်းမနော ရှာဖွေနိုင်ပေသည်။ မူလက သူသည် နောက်ထပ် နှစ်နှစ်ခန့် ငွေပိုရှာရန် ရည်ရွယ်ထားခဲ့ပြီး၊ အရစ်ကျ ပေးချေရန်ပင် မလိုအပ်ဘဲ ရှန်ဟိုင်းတွင် အိမ်တစ်လုံးကို ငွေအပြည့်ချေကာဝယ်ယူနိုင်ကောင်း ဝယ်ယူနိုင်မည် ဖြစ်သည်။
အိပ်ခန်းနှစ်ခန်းပါ အိမ်တစ်လုံး ဝယ်ယူလိုက်ပါက၊ မိဘများကိုပါ ဇာတိရွာမှခေါ်ယူလာနိုင်ပြီး၊ မြို့ပေါ်လူများ၏ ဘဝကိုခံစားခွင့်ပေးနိုင်မည် ဖြစ်သည်။
ဖုန်းယွီသည် ကျန်းရှောင်ဝေ၏ လက်ကို ပုတ်ချလိုက်သည်။ "ငါသာ အိမ်ခြံမြေ ပွဲစားဆိုရင် ဒီလောက် ကျွမ်းကျင်မှုမရှိတဲ့ ပုံစံမျိုးဝတ်ထားမယ်လို့ မင်း ထင်နေတာလား”
ကျန်းရှောင်ဝေသည် အထက်အောက် သေချာစွာ အကဲခတ်ကြည့်လိုက်ရာ၊အမှန်ပင် မျက်မှောက်ရှိ ဤသူ၏ ဝတ်စားဆင်ယင်မှုမှာ ကိုယ်ခန္ဓာနှင့် အလွန်လိုက်ဖက်နေသော်လည်း၊ ပွဲစားတစ်ဦးနှင့် လုံးဝမတူပေ။ သူတို့ လုပ်ငန်းခွင်၏ စည်းမျဉ်းများအရဆိုလျှင်လည်း၊ ၎င်းမှာ အမှန်တကယ်ပင် အလွန် ကျွမ်းကျင်မှုမရှိသည့်ပုံစံ ပေါက်နေပေသည်။
နှမြောစရာကောင်းသည်မှာ သူ ရှန်ဟိုင်းသို့ ရောက်ရှိလာသည်မှာ ဤမျှနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း မျက်မှောက်ရှိ ဤသူ ဝတ်ဆင်ထားသည်မှာ မည်သည့် ကုန်အမှတ်တံဆိပ်အဝတ်အစား ဖြစ်သည်ဆိုတာကိုပင် သူ မခွဲခြားနိုင်ခဲ့ပေ။
ထိုလူ၏ အမူအရာကို ကြည့်ရသည်မှာလည်း၊ အထက်တန်းလွှာ တစ်ဦးနှင့်တူနေပြီး၊ မျက်လုံးအကြည့်များထဲတွင် ယုံကြည်မှုများ ပြည့်နှက်နေကာ သေချာပေါက် ပိုက်ဆံရှိသူတစ်ဦး ဖြစ်ပေသည်။
ဤသူက အိမ်ခြံမြေ ပွဲစား မဟုတ်ဘဲ၊ အိမ်ခြံမြေ ပွဲစားကုမ္ပဏီ၏ သူဌေး ဖြစ်နေမလား။ သို့မဟုတ် အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ဖြစ်နေမလား။
မဟုတ်သေးဘူး မဟုတ်သေးဘူး.. အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းရှင်ဆိုတာ ဘယ်ကလာ ဒီလောက် ငယ်ရွယ်နေမှာလဲ၊ ကြည့်ရတာ အသက် သုံးဆယ်ဝန်းကျင်လောက်ပဲ ရှိဦးမှာကို။ အဲဒီဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဆိုတာ ဗိုက်ရွှဲရွှဲနဲ့ ထိပ်ပြောင်နေတဲ့ အသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အမျိုးသားတွေချည်းပဲ မဟုတ်ဘူးလား။
"ဒါဆို အစ်ကိုက ဘာလုပ်တဲ့သူလဲ"
"ငါလား၊ တစ်သီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူလေ" ဖုန်းယွီက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
တစ်သီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူ ဟုတ်လား။ ဒီသူ၏ ပုံစံကို ကြည့်ရသည်မှာ တစ်သီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူ ဖြစ်လျှင်တောင်မှ အလွန်ကြီးမားသော စူပါ တစ်သီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူဖြစ်မည်မှာ သေချာလှသည်။
"အစ်ကိုကလည်း စတော့ရှယ်ယာမှာ ရင်းနှီးမြှုပ်နှံတယ်ဆိုမှတော့ အခု စတော့ဈေးကွက်အခြေအနေက ဘယ်လောက်တောင် ကောင်းနေလဲဆိုတာကို သိသင့်တာပေါ့၊ စတော့ရှယ်ယာမဝယ်ဘဲနဲ့ ဘာလို့ အိမ်ကို သွားဝယ်မှာလဲ။ အိမ်ဈေးနှုန်းတွေ မြင့်တက်လာတဲ့ပမာဏက၊ စတော့ရှယ်ယာ မြင့်တက်လာတဲ့ ပမာဏကို ယှဉ်နိုင်လို့လား”
"အစ်ကို အစ်ကို စတော့ရှယ်ယာပဲ ဝယ်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။ အရင်တုန်းက အစ်ကို့ရဲ့ Traderက ဆက်မလုပ်တော့လို့လား။ ကျွန်တော့်ဆီ အပ်လိုက်လေ၊ အစ်ကို့အတွက် ကျွန်တော် အရောင်းအဝယ်လုပ်ပေးမယ်၊ ငွေမြတ်စေရမယ်လို့ အာမခံတယ်” ကျန်းရှောင်ဝေသည် မိမိ၏ ရင်ဘတ်ကို ဖြောင်းဖြောင်းမြည်အောင် ပုတ်ကာ ပြောလိုက်သည်။
"ဒါ့အပြင် လွန်ခဲ့တဲ့ သုံးလကျော်လောက်ကဆိုရင် စတော့ အညွှန်းကိန်းက အမှတ်တစ်ထောင်တောင် မပြည့်သေးဘူးလေ၊ အခုကော။ တစ်ထောင့်ငါးရာအမှတ်ကို ရောက်နေပြီလေ။ အခုမှ သုံးလတောင် မပြည့်သေးဘူးဆိုတော့ အခုအချိန်က အကြီးအကျယ် ဈေးတက်မယ့် Bull Market(ဈေးကွက်အေးဆေးသာယာပြီး တက်နေသောကာလ)ကြီး ဖြစ်နေတယ်ဆိုတာကို သိနိုင်ပါတယ်၊ ဒီအချိန်မှာ အစ်ကို နှုတ်ထွက်သွားမယ်ဆိုရင် အကြီးအကျယ် ရှုံးသွားမှာပေါ့"
ကျန်းရှောင်ဝေသည် အလွန်အမင်း နှမြောတသဖြစ်နေသော ပုံစံဖြင့်၊ဖုန်းယွီကို အဆက်မပြတ် ဖျောင်းဖျပြောဆိုနေခဲ့သည်။ သူကစိတ်ထဲမှ တိတ်တဆိတ် တွေးတောနေခဲ့သည်၊ အကယ်၍ ဖုန်းယွီသည် အမှန်တကယ်ပင် သုံးလအတွင်း ရှာဖွေနိုင်သော ငွေများဖြင့် အိမ်တစ်လုံးကို ဝယ်နိုင်သည်ဆိုပါက၊ ကနဦးပေးချေငွေ မျှသာဖြစ်လျှင်တောင်မှ၊ ဖုန်းယွီ၏ရင်းနှီးငွေမှာ သေချာပေါက် နည်းပါးမည်မဟုတ်ဘဲ၊ ယွမ်သန်းဂဏန်းလောက်ရှိကောင်း ရှိနေနိုင်ပေသည်။
ဤကဲ့သို့သော ဖောက်သည်ကြီးမျိုးကိုသာ သူ၏လက်ထဲသို့ ဆွဲသွင်းနိုင်မည်ဆိုပါက၊ သူ၏ဝင်ငွေများလည်း မနည်းမနော တိုးလာမည် ဖြစ်သည်။ ထိုအချိန်သို့ ရောက်ပါက၊အိမ်ဝယ်မည်ဖြစ်စေ၊ စတော့ရှယ်ယာကို ဆက်လက် ရင်းနှီးမြှုပ်နှံမည်ဖြစ်စေ၊ ငွေကြေးပိုင်းတွင် များစွာ ပိုမိုချောင်လည်သွားမည် ဖြစ်သည်။
"အိုး… ဒါဆို အခု ဘယ်စတော့ရှယ်ယာကို ဝယ်ရင် သေချာပေါက် ဈေးတက်နိုင်မယ်လို့ မင်းထင်လဲ" ဖုန်းယွီက ပြန်လည် မေးခွန်းထုတ်လိုက်သည်။
ပြည်တွင်းရှိ ယခင်က Bear Market(ငွေကြေးဈေးကွက်တွင် ဈေးနှုန်းများ စဉ်ဆက်မပြတ် ကျဆင်းနေသောကာလ)သည် ယခုလေးတင်ကျော် လွန်သွားခဲ့ပြီး၊ နိုင်ငံတော်၏လှုံ့ဆော်မှုများပါ ပေါင်းထည့်လိုက်သောအခါ၊ ကြီးမားလှသောရင်းနှီးငွေများကို စတော့ဈေးကွက်ထဲသို့ စီးဝင်သွားစေခဲ့ရာ၊ စတော့ဈေးကွက်မှာ ပြင်းထန်စွာ စတင်မြင့်တက်လာခဲ့ပေသည်။
ယခင်ဘဝက ဖုန်းယွီသည်လည်း ဤအချိန်တွင်ပင် ချမ်းသာကြွယ်ဝလာခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စတော့အညွှန်းကိန်းမှာ အမှတ်တစ်ထောင် မပြည့်ရာမှနေ၍၊ ၂၀၀၇ခုနှစ် နှစ်ကုန်ပိုင်း၏ အမြင့်ဆုံး အချိန်သို့ ရောက်သောအခါ၊ အမှတ်ခြောက်ထောင်ကို ကျော်လွန်သွားခဲ့သောကြောင့် ဖြစ်သည်။
ဤအကြီးအကျယ် ဈေးတက်သော Bull Marketကြီးတွင်၊ အလွန်အမင်း ကံဆိုးလွန်းသူများမှလွဲ၍၊ အခြေခံအားဖြင့် လူတိုင်းငွေရှာနိုင်ခဲ့ကြပြီး၊ ငွေအမြတ် အနည်းအများ ကွာခြားမှုသာရှိခဲ့ကြသည်။
သို့သော် ဤအထဲတွင်၊ အလွန် ထင်ရှားပေါ်လွင်သော စတော့ရှယ်ယာအချို့လည်း ရှိနေခဲ့ပြီး ဈေးနှုန်းမြင့်တက်မှု ပမာဏမှာ ဆယ်ဆကိုပင် ကျော်လွန်သွားခဲ့ရာ၊ သဘာဝကျကျပင် အလွန်အမင်း အမှိုက်ကျနေသော စတော့ရှယ်ယာများလည်း ရှိနေခဲ့ပြီး၊ဈေးမတက်သည့်အပြင် ဈေးကျသွားခဲ့သည်များလည်း ရှိနေခဲ့ကာ၊ ၎င်းမှာကုမ္ပဏီ၏ စီမံခန့်ခွဲမှုတွင် အမှန်တကယ်ပင် ပြဿနာများ ရှိနေသောအမျိုးအစားများပင် ဖြစ်သည်။
"လျှပ်စစ်ပစ္စည်း၊ ဓာတုဗေဒ အစရှိတာတွေ အားလုံးက မဆိုးပါဘူး" ကျန်းရှောင်ဝေသည် ဖုန်းယွီတွင် စိတ်ဝင်စားမှု ရှိနေသည်ကို မြင်လိုက်ရသည်နှင့်၊ ချက်ချင်းပင် အလွန်အမင်း တက်ကြွလန်းဆန်းသွားခဲ့ပြီး၊ မိမိ၏ အလွန်ထက်မြက်လှသော စကားပြောစွမ်းရည်ကို ပြသရန်ပြင်ဆင်လာခဲ့ကာ၊ ဤဖောက်သည်ကို မဖြစ်မနေ သိမ်းသွင်းရယူရန် ဆုံးဖြတ်လိုက်သည်။
"မင်းပြောတဲ့ ဟာတွေက မဆိုးပါဘူး၊ ဒါပေမဲ့ ငါထင်တာကတော့ ဆောက်လုပ်ရေး၊ သံမဏိအစရှိတာတွေက ဈေးတက်မယ့် ပမာဏ ပိုများနိုင်မယ်လို့ ထင်တယ်။ ဒါပေမဲ့ ငါက မင်းကို အိမ်ဝယ်ဖို့ပဲ အကြံပေးချင်ပါတယ်၊ ဒါက ပိုပြီးတည်ငြိမ်တယ်။ မင်း ဒီအရွယ်လူတွေနဲ့ ပိုပြီး သင့်တော်တယ်”
"အစ်ကို၊ ကျွန်တော် စကားတစ်ခွန်းပဲ ပြောလိုက်မယ်၊ အစ်ကို အိမ်ဝယ်တာ ဘယ်လောက်တောင် ရှုံးလဲဆိုတာကို အစ်ကို နားလည်သွားလိမ့်မယ်။ ကျွန်တော်တို့ရဲ့ရင်းနှီးမြှုပ်နှံမှု အယူအဆက အတိုးပေါ်အတိုးဆင့်တဲ့ တိုးတက်မှုကို ဆုပ်ကိုင်ထားဖို့ပါ၊ ဆယ်နှစ် အချိန်ရရင် အစ်ကိုအလုပ်ကနေ အနားယူလို့ ရနေပြီ"
"ဥပမာအားဖြင့် တစ်နှစ်တာ အကျိုးအမြတ်က ၂၅ရာခိုင်နှုန်းဆိုရင် ဆယ်နှစ်ဆိုရင် ၉.၃၁ဆ မြတ်မယ်။ တစ်နှစ်တာ အကျိုးအမြတ်က ၃၅ရာခိုင်နှုန်းဆိုရင် ဆယ်နှစ်ဆိုရင်၂၀.၁၀ ဆ ဖြစ်သွားပြီ။ တစ်နှစ်တာ အကျိုးအမြတ်က ၅၀ရာခိုင်နှုန်းဆိုရင် ဆယ်နှစ်ဆိုရင် ၅၇.၆၇ဆ ဖြစ်သွားပြီ။ တစ်နှစ်တာ အကျိုးအမြတ်က ၁၀၀ရာခိုင်နှုန်းဆိုရင် ဆယ်နှစ်ဆိုရင် ၁၀၂၄ဆဖြစ်သွားပြီ။ တစ်နှစ်တာ အကျိုးအမြတ် တစ်ရာရာခိုင်နှုန်း ရဖို့ဆိုတာကလည်း၊ တစ်လကို ၆ရာခိုင်နှုန်း မြတ်ဖို့ပဲ လိုအပ်တာပါ၊ အခု ဈေးကွက်အခြေအနေအရ ကြည့်မယ်ဆိုရင် သေချာပေါက် ဒီထက်အများကြီး ပိုများမှာပါ"
ဖုန်းယွီသည် ထူးဆန်းသော မျက်နှာထားဖြင့် ကျန်းရှောင်ဝေကို ကြည့်လိုက်သည်။ ဤစကားလုံး အစီအစဉ်များကို ယခင်ဘဝတုန်းက ဖုန်းယွီလည်း ဖောက်သည်များကို တစ်ကြိမ်မက ပြောဆိုခဲ့ဖူးပေသည်။ သို့သော် ဤအထဲတွင် ဆန့်ကျင်ဘက် အယူအဆ တစ်ခု ရှိနေသည်၊ ၎င်းမှာ ဤအကျိုးအမြတ်များကို သင်လုံးဝ ထုတ်ယူသုံးစွဲ၍ မရဘဲ၊ အဆက်မပြတ် ထပ်မံရင်းနှီးမြှုပ်နှံနေရမည်ဖြစ်ပြီး အရှုံးပေါ်လို့လည်း လုံးဝမဖြစ်ပေ။
သေချာပေါက်ပင်၊ လူအများအပြားမှာ ပထမဆုံး အကြိမ်တွင် ဤစကားလုံးများကြောင့် တွေဝေမိန်းမောသွားကြမည်ဖြစ်ပြီး၊ ဆယ်နှစ်အတွင်း အဆတစ်ထောင်ကျော် တက်သွားနိုင်သည်ဆိုပါက၊ အကယ်၍ ယွမ်တစ်သိန်း ရင်းနှီးမြှုပ်နှံလိုက်လျှင်၊ ဆယ်နှစ်ကြာပြီးနောက် သန်းကြွယ်သူဌေးကြီး ဖြစ်သွားပြီ မဟုတ်လော။
မေးကြည့်စမ်းပါရစေ… လတိုင်း ငွေမြတ်မည်ဟု မည်သူက အာမခံနိုင်သနည်း။ လတိုင်း ထိုမျှများပြားသော ငွေကြေးများကို ရှာဖွေနိုင်မည်ဟု မည်သူက အာမခံနိုင်သနည်း။ ထို့အပြင် စတော့ဈေးကွက်တွင်၊ ယွမ်တစ်သိန်းကို အသုံးပြု၍ ယွမ်သန်းတစ်ရာ ရှာဖွေနိုင်ခဲ့သူ မည်မျှ ရှိဖူးသနည်း။
သေချာပေါက်ပင် လူအများစု၏ စိတ်ထဲရှိ မျှော်လင့်ချက်များမှာ တစ်ဆင့်ခန့် လျော့ကျသွားမည်ဖြစ်ပြီး၊ တစ်နည်းအားဖြင့် ဆယ်နှစ်အတွင်း ထိုမျှလောက် အများကြီး မရှာနိုင်လျှင်တောင်၊ တစ်နှစ်ကို ငါးဆယ်ရာခိုင်နှုန်းလောက် ရှာနိုင်လျှင် ရပြီမဟုတ်လော။ ဆယ်နှစ်ကြာပြီးနောက် အဆငါးဆယ်ကျော် တက်သွားလျှင်၊ ယွမ်တစ်သိန်းက ယွမ်ငါးသန်း ဖြစ်လာနိုင်သေးသည် မဟုတ်လော။
အဆိုးဆုံး အဆိုးဆုံး အခြေအနေမှာတောင် ဆယ်နှစ်ဆိုရင် ငွေကို ဆယ်ဆတက်သွားအောင် လုပ်နိုင်သေးတယ် မဟုတ်လား။ ယွမ်တစ်သန်းဆိုရင်လည်း မဆိုးပါဘူး။
လူအများအပြားမှာ ဤကဲ့သို့ လှည့်စားခံရပြီး၊ စတော့ရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုက်ကြသည်။ နောက်ဆုံးတွင် လူအချို့က ငွေရှာနိုင်ခဲ့ပြီးနောက် နှုတ်ထွက်သွားခဲ့ကြသော်လည်း လူများပြားစွာကမူ လုံးဝတုံ့ပြန်ချိန်ပင် မရလိုက်ဘဲ၊ စတော့ဈေးကွက်မှာ ကျဆင်းသွားခဲ့ရသည်။ ဤအချိန်တွင် နှုတ်ထွက်သွားသူများမှာလည်း ငွေရှာနိုင်ခဲ့ကြသော်လည်း အရှုံးပေါ်သွားသူများမှာမူ ငွေကိုင်ကာ ဈေးကွက်ထဲ ဝင်လာချိန်တွင်၊ ၂၀၀၈ခုနှစ်၏Bear Marketနှင့် အချိန်ကိုက် တိုးသွားသူများဖြစ်ရာ သူတို့သည် တွင်းဖြည့်ခံရသူများ ဖြစ်သွားခဲ့ကြသည်။
ဖုန်းယွီသည် ကျန်းရှောင်ဝေကို ကြည့်ကာ ပြန်လည်မေးခွန်းထုတ်လိုက်သည်။ "ဒါဆို မင်းထင်တာ၊ ဒီတစ်လှိုင်း Bull Marketကြီးက ဘယ်နှစ်နှစ်လောက် ခံနိုင်မလဲ။ ဆယ်နှစ်ကြာတဲ့ Bull Marketကို ဘယ်တုန်းက မြင်ဖူးလို့လဲ။ အကယ်၍များ ရုတ်တရက် Bear Marketအဖြစ် ပြောင်းသွားပြီး၊ ထွက်ပြေးချိန် မရလိုက်ရင် အရင်းပါ ပြုတ်သွားမှာမဟုတ်ဘူးလား။ ထားလိုက်ပါတော့ ငါကတော့ အိမ်ပဲ ဝယ်လိုက်တော့မယ်။ အိမ်ဝယ်ထားမှ၊ မိန်းမယူလို့ ကောင်းမှာလေ"
ပြောစရာစကားတွေ အားလုံးက ဤမျှသာ ဖြစ်ရာ၊ အကြံဉာဏ်ကို နားထောင်ခြင်း ရှိမရှိကိုမူ၊ ဖုန်းယွီအနေဖြင့် ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်ပေ။
ယခုအချိန်တွင် လူမည်မျှက၊ မျက်လုံးများ နီရဲကာ စတော့ဈေးကွက်ထဲသို့ ခုန်ဆင်းသွားကြပြီလဲဆိုတာကို၊ မသိနိုင်တော့ပေ။
******