← Chapters

အခန်း ၂၁၈၇

Vol. 136 Ch. 2187

အခန်း ၂၁၈၇

Vol. 136 Ch. 2187

အခန်း (၂၁၈၇) ထုံလော့သံချပ်ကာမြင်းတပ်နှင့် ဝံပုလွေ တပ်ဖွဲ့

ရှင်းရှင်းလင်းလင်းပင် ဝမ်ချောင်ကိုယ်တိုင် ရေးသားထားသည် ဖြစ်ပါလျက်၊ အဘယ်ကြောင့် ဧကရာဇ်သစ်၏ လက်ကို ငှားရမ်းကာ ဧကရာဇ်သစ် ပေးအပ်သည်ဟု ဆိုရသနည်း။

အာပုစစ်သည် ဤအချိန်ကျမှသာ စာရွက်ထဲရှိ အကြောင်းအရာများကို အလေးအနက်ထား စတင်ဖတ်ရှုလိုက်တော့သည်။

သို့သော်လည်း ဤစာရွက်သည် သူ၏ထုံလော့မဟာအလင်းစက်ကွင်းနှင့် အမှန်တကယ် ပတ်သက်နေလိမ့်မည်ဟု အာပုစစ်မည်သို့မျှ မတွေးထားခဲ့မိပါချေ၊ ထို့ပြင် ၎င်းသည် ထုံလော့မဟာအလင်းစက်ကွင်းထဲမှ သတိပြုမိရန် ခဲယဉ်းပြီး သူကိုယ်တိုင်ပင် မတွေ့ရှိခဲ့သော အားနည်းချက်တစ်ခုကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်ကာ၊ သူ၏ ထုံလော့မဟာအလင်းစက်ကွင်း၏ အစွမ်းသတ္တိကို တစ်ဆင့်တိုက်ရိုက် မြင့်တက်သွားစေခဲ့ပြီးမှ ယခုကဲ့သို့ အလွန်အစွမ်းထက်လှသော ထုံလော့မဟာအလင်းစက်ကွင်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့် ဧကရာဇ်သစ်၏အမိန့်ကို အကြောင်းပြရသနည်း ဆိုသည်မှာ... နောက်ဆုံးတွင် ထုံလော့မျိုးနွယ်စုတစ်ခုလုံး၏မျက်နှာကို ငဲ့ကွက်ပေးခြင်းပင် ဖြစ်တော့သည်။

အတိတ်က ဝမ်ချောင်နှင့် ဖြစ်ပွားခဲ့သော ကျေးဇူးတရားများနှင့် ရန်ငြိုးများကို ပြန်လည် တွေးတောမိသည့်အခါ အာပုစစ်၏ရင်ထဲ၌ အလွန်ပင် ခံစားချက်များ ပြည့်နှက်သွားစေတော့သည်။

ဝမ်ချောင်၏ကိုယ်ပေါ်တွင် အမှန်တကယ်ပင် လျှို့ဝှက်ချက်များ အလွန်များပြားလွန်းလှသည်။ သံသယဖြစ်ဖွယ် မရှိပါဘဲ ထုံလော့မျိုးနွယ်စုများမှာ အစပိုင်းကတည်းက မှားယွင်းသောရန်သူကို၊ မှားယွင်းသော ပြိုင်ဘက်ကို ရွေးချယ်မိခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် ထုံလော့မျိုးနွယ်စုများ၏တုံ့ပြန်မှုက မြန်ဆန်ခဲ့ပြီး မင်းသားသုံးပါး ပုန်ကန်မှုတွင် ချက်ချင်းပင် လမ်းကြောင်း ပြောင်းလဲကာ ဝမ်ချောင်ဘက်သို့ ခိုလှုံခဲ့ကြသဖြင့်သာ တော်တော့သည်။ သို့မဟုတ်ပါက နောက်ဆက်တွဲ ရလဒ်များမှာ တွေးဝံ့စရာပင် မဟုတ်တော့ပါချေ။

ဝမ်ချောင်ကဲ့သို့သော လူမျိုးနှင့် မိတ်ဆွေ ဖြစ်ရခြင်းက ရန်သူ ဖြစ်ရခြင်းထက် များစွာ ပိုမို သက်သောင့်သက်သာ ရှိလှပေသည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ ဝမ်ချောင်ကဲ့သို့သောလူမျိုးနှင့် ရန်သူအဖြစ် မခံချင်ကြပါချေ။ ထိုနောက်ဆက်တွဲ ရလဒ်များကို မည်သူကမျှ ခံနိုင်ရည် ရှိကြမည် မဟုတ်ပါချေ။

ဤအတွေးများမှာ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားခဲ့ပြီး အာပုစစ်မှာ လျင်မြန်စွာပင် သတိပြန်ဝင်လာခဲ့သည်။ ရှေ့တန်းတွင်မူ စစ်မြေပြင်ကြီးမှာ ကြီးမားလှသော အပြောင်းအလဲများ ဖြစ်ပေါ်နေပြီ ဖြစ်၏။

ဝုန်းခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သောင်းနှင့်ချီသော မဟာထန်သံချပ်ကာမြင်းတပ် များမှာ မြားဦးပုံစံ စစ်ကြောင်းကို ဖွဲ့စည်းလိုက်ကြကာ ထုံလော့မဟာအလင်းစက်ကွင်း၏ ပံ့ပိုးမှုဖြင့် ချက်ချင်းပင် မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် ထက်မြက်လှသည့် ဓားရှည်ကြီး တစ်စင်းအလား မျက်နှာချင်းဆိုင်ရှိ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့နှင့် ပြင်းထန်စွာ ဝင်တိုက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် မျက်နှာချင်းဆိုင်ရှိ စစ်တပ်ကြီး အတွင်းသို့ အလွန်ပင် နက်ရှိုင်းစွာ ထိုးစိုက်ဝင်ရောက်သွားတော့သည်။

ဟီးခနဲ မြင်းဟီသံများ ထွက်ပေါ်လာတော့သည်။

"သတ်စမ်း"

စစ်မြင်းများ၏ ဟီသံများ၊ သတ်ဖြတ်လိုသော အော်ဟစ်သံများ၊ သံချပ်ကာများ ထိခတ်မိသံများနှင့် ဓားများ ထိခတ်မိသံများမှာ နားထဲသို့ အဆက်မပြတ် ဝင်ရောက်နေတော့သည်။ ကျဉ်းမြောင်းသောလမ်းတွင် ဆုံတွေ့သည့်အခါ ရဲရင့်သူက အနိုင်ရစမြဲ ဖြစ်သည်ဟူသည့်အတိုင်း ပြည့်နှက်နေသော မဟာမိတ်တပ်ဖွဲ့ သံချပ်ကာမြင်းတပ်များမှာ ခဏတာမျှသာ တောင့်ခံနိုင်လိုက်ကြပြီး လုံးဝဆုတ်ဖြဲခံလိုက်ရသည်။ မရေမတွက်နိုင်သော မဟာမိတ်တပ်ဖွဲ့ သံချပ်ကာမြင်းတပ်များမှာ နာကျင်စွာ အော်ဟစ်လိုက်ကြရင်း ထိုထိတ်လန့်စရာကောင်းသော အရှိန်အဟုန်များကြောင့် လူကောမြင်းပါ လွင့်စင်ထွက်သွားကြရတော့သည်။

အချို့သော သံချပ်ကာမြင်းတပ်များမှာ ရိုက်ခတ်မိသည့် အခိုက်အတန့်မှာပင် အရိုးများ အပိုင်းပိုင်း ကျိုးကြေသွားခဲ့ရပြီး အတွင်းကလီစာများ အလုံးစုံ ပျက်စီးကာ သေဆုံးသွားခဲ့ကြရသည်။

စစ်တပ်ကြီးနှစ်ခု မျက်နှာချင်းဆိုင် ပြင်းထန်စွာ ဝင်တိုက်မိကြသည့်အခါတွင် ထိုအရှိန်အဟုန်ကို သာမန်လူတစ်ယောက်အနေဖြင့် မည်သို့မျှ ခံနိုင်ရည် ရှိမည် မဟုတ်ပါချေ။

"တောင့်ထားကြ! တောင့်ထားကြ!"

"သူတို့ကို အမြန် တားဆီးကြစမ်း!"

"ဘယ်သူမှ နောက်ဆုတ်ဖို့ မစဉ်းစားနဲ့၊ ရှေ့ကို တိုးကြစမ်း၊ နောက်ဆုတ်တဲ့သူ သေဒဏ်ပဲ!"

စစ်တပ်အတွင်း၌ ဗိုလ်ချုပ်တစ်ဦးမှာ အလွန်အမင်း အံ့ဩထိတ်လန့်သွားခဲ့ပြီး ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊ သူ၏လက်ထဲရှိ ဓားရှည်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားတစ်ချက်တည်းဖြင့်ပင် စစ်မြင်း ထိတ်လန့်သွားသဖြင့် အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားမိသော မဟာမိတ်တပ်ဖွဲ့ စစ်သည် တစ်ဦးကို ချက်ချင်း ခုတ်ပိုင်း သတ်ဖြတ်လိုက်တော့သည်။

သို့သော်လည်း မည်သည့်အရာကမျှ စစ်တပ်ကြီး၏ ဖရိုဖရဲ ဖြစ်နေမှုများကို တားဆီးနိုင်စွမ်း မရှိကြပါချေ။

မဟာထန်သံချပ်ကာမြင်းတပ် သုံးဖွဲ့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လူနှင့်မြင်းများ လွင့်စင်သွားခဲ့ကြပြီး ပြိုင်ဘက်ကင်းကာ ဝါးအစည်းပြေသည့်အလား ဖြစ်နေတော့သည်။

ခြေလှမ်း ဆယ်လှမ်း၊ ခြေလှမ်း ရာလှမ်း၊ ခြေလှမ်း ထောင်လှမ်း... မဟာထန်သံချပ်ကာမြင်းတပ် သုံးဖွဲ့မှာ အဆက်မပြတ် နက်ရှိုင်းစွာ ဝင်ရောက်လာကြပြီး၊ ရှေ့သို့ တစ်လှမ်း တိုးလာတိုင်း နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များ၏ ဖရိုဖရဲ ဖြစ်နေမှုများကို ပိုမိုကြီးမားသွားစေခဲ့သည်။ မရေမတွက်နိုင်သော မဟာမိတ်တပ်ဖွဲ့ သံချပ်ကာမြင်းတပ်များမှာ အနောက်သို့ အဆက်မပြတ် ဆုတ်ခွာနေကြရပြီး မရေမတွက်နိုင်သော စစ်မြင်းများမှာလည်း ထိတ်လန့်တုန်လှုပ်နေကြကာ ဒေါသတကြီး အော်ဟစ်နေခဲ့သော ထိုဗိုလ်ချုပ်ပင်လျှင် ဖရိုဖရဲ ဖြစ်နေသော လူအုပ်ကြီးနှင့်အတူ အနောက်သို့ ပါသွားခဲ့ရတော့သည်။

သို့သော် ဤအရာများမှာ ပြီးဆုံးသွားခြင်း လုံးဝ မဟုတ်သေးပါချေ။

သံမဏိခံတပ်အတွင်း၌ ထုံလော့ဗိုလ်ချုပ်အာပုစစ်၏ မျက်ဝန်းများမှာ အေးစက်နေပြီး ရှေ့တည့်တည့်ကို အမြဲတမ်း စိုက်ကြည့်နေခဲ့သည်။ အခြေအနေအရ မိမိတို့၏စစ်တပ်ကြီးမှာ ဤသံချပ်ကာမြင်းတပ်တိုက်ပွဲတွင် လုံးဝအသာစီး ရရှိနေသည် ဆိုသော်ငြားလည်း အာပုစစ်အနေဖြင့် တစ်ဖက်လူအား အသက်ရှူပေါက် တစ်ချက်မျှပင် ချောင်သွားစေရန် အခွင့်အရေး ပေးလိုခြင်း မရှိပါချေ။

သံချပ်ကာမြင်းတပ်များ၏ တိုက်ခိုက်မှုဆိုသည်မှာ ဧရာမလှိုင်းလုံးကြီးများအလား တစ်လှိုင်းပြီးတစ်လှိုင်း အဆက်မပြတ် တိုက်ခိုက်ရမည်ဖြစ်ကာ ပြိုင်ဘက်အား အသက်ရှူချိန် အနည်းငယ်မျှပင် ပေး၍ မဖြစ်ပါချေ။ အဆက်မပြတ် တိုက်ခိုက်ပြီး အနိုင်ရချိန်တွင် ဆက်လက် တိုက်ခိုက်ကာ တစ်ဖက်လူအား လုံးဝအမြစ်ပြတ် ချေမှုန်းပစ်ရမည် ဖြစ်၏။

ဤသည်မှာလည်း ထုံလော့သံချပ်ကာမြင်းတပ်၏ အမြဲတမ်း လိုက်နာလေ့ရှိသော တိုက်ခိုက်ရေး ပုံစံပင် ဖြစ်တော့သည်။

"စစ်တပ် အားလုံး အမိန့်ကို နာခံကြ၊ တိုက်ခိုက်ကြစမ်း"

အာပုစစ်က မျက်လုံးကို အနည်းငယ် မှေးထားလိုက်ရာ ကြီးမားကျယ်ပြန့်လှသော စွမ်းအင်များမှာ မြစ်ဝါမြစ်ကြီးအလား သူ၏ဦးခေါင်းထက်မှနေ၍ ကောင်းကင်ယံသို့ ရုတ်တရက် တဟုန်ထိုး တက်သွားတော့သည်။

အာပုစစ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် ကိုင်းညွတ်သွားခဲ့ပြီးနောက် လူနှင့်မြင်း တစ်သားတည်း ဖြစ်သွားကာ အလင်းစက်ကွင်းကို နင်းလျက် လေးကြိုးမှ ထွက်ပေါ်သွားသော မြားတံတစ်စင်းအလား လေထုကို ဖောက်ထွက်ကာ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

"ထုံလော့"

"ထုံလော့"

"ထုံလော့"

......

ခွာသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး စစ်မြင်းများမှာ မြေပြင်ကို တုန်ဟိန်းသွားစေတော့သည်။ ကောင်းကင်ယံသို့ ပျံ့လွင့်နေသော ဟိန်းဟောက်သံကြီးများအကြား၌ ထုံလော့သံချပ်ကာမြင်းတပ် နှစ်သောင်းခန့်မှာ မိုးကြိုးလျှပ်စီးများအလား အာပုစစ်၏အနောက်မှနေ၍ သံမဏိခံတပ် အတွင်းမှ ရုတ်တရက် တဟုန်ထိုး ပြေးထွက်လာကြတော့သည်။

လေးစက္ကန့် အချိန်မျှဖြင့် အာပုစစ်ဦးဆောင်သော ထုံလော့သံချပ်ကာမြင်းတပ် နှစ်သောင်းခန့်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသောအရှိန်ဖြင့် မျက်နှာချင်းဆိုင်ရှိ မဟာမိတ်တပ်ဖွဲ့ စစ်တပ်ကြီး၏အလယ်ဗဟိုသို့ ရုတ်တရက် တဟုန်ထိုး ဝင်ရောက်သွားကြတော့သည်။

နာကျင်စွာ အော်ဟစ်သံ တစ်ခုကိုသာ ကြားလိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှေ့ဆုံးမှ သံချပ်ကာမြင်းတပ်သားတစ်ဦးမှာ စက္ကူတစ်ချပ်အလား အာပုစစ်ဦးဆောင်သော ထုံလော့သံချပ်ကာမြင်းတပ်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် ထိုသူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ ပေဆယ်ကျော်ခန့် မြင့်မားစွာ လွင့်စင်သွားခဲ့ပြီး ဝုန်းခနဲ မြည်သံနှင့်အတူ မီတာဆယ်ဂဏန်းခန့် အကွာအဝေးရှိ စစ်တပ်ကြီး အတွင်းသို့ ပြင်းထန်စွာ ရိုက်ကျသွားတော့သည်။

ထုံလော့လူမျိုးများမှာ တစ်သောင်း မပြည့်ပါက ပြဿနာမရှိသော်လည်း၊ တစ်သောင်း ကျော်သွားပါက လုံးဝပြိုင်ဘက်ကင်း ဖြစ်သွားတော့သည်။

ယခုအခိုက်အတန့်၌ စုစည်းမိလာသော ထုံလော့သံချပ်ကာမြင်းတပ်များမှာ အရေအတွက် နှစ်သောင်းခန့်အထိ ရှိနေပြီဖြစ်ရာ၊ အာပုစစ်က စစ်တပ်ကြီးကို ကိုယ်တိုင် ဦးဆောင်ကာ တိုက်ခိုက်လိုက်သည့် အခါတွင်၊ ယခင်က ကုန်းမြေလောက၌ ဝူရှန်း သံချပ်ကာမြင်းတပ် မပေါ်ပေါက်မီအချိန်တုန်းက တစ်လောကလုံးကို လွှမ်းမိုးထားနိုင်ခဲ့သော ထုံလော့သံချပ်ကာမြင်းတပ်၏ အစွမ်းထက်လှသည့် တိုက်ရည်ခိုက်ရည်များကို ချက်ချင်းပင် ထုတ်ဖော်ပြသလိုက်တော့သည်။

ဝုန်းခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာတော့သည်။

တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် မဟာမိတ်တပ်ဖွဲ့စစ်သည် ရှစ်ထောင်ထက်မနည်း လူနှင့်မြင်းပါ လွင့်စင်သွားကြရပြီး စုတ်ပြဲနေသော အိတ်ခွံများအလား ကောင်းကင်ယံသို့ ပြင်းထန်စွာ ရိုက်ခတ်ခြင်း ခံလိုက်ရတော့သည်။

ဤနိုင်ငံအသီးသီးမှ သံချပ်ကာမြင်းတပ် များမှာ မြေပြင်သို့ပင် မကျသေးမီ လေထဲ၌တင် တိုက်ရိုက်ပင် သေဆုံးသွားခဲ့ကြရပြီ ဖြစ်သည်။

တစ်သောင်းခြောက်ထောင်

သုံးသောင်းလေးထောင်

ငါးသောင်း!

......

အသက်ရှူကြိမ် အနည်းငယ်မျှပင် မကြာလိုက်သော အချိန်အတွင်း နိုင်ငံအသီးသီး ဘက်မှ အတော်ဆုံး ဆိုသော သံချပ်ကာမြင်းတပ် ငါးသောင်းခန့်မှာ ချက်ချင်းပင် သေဆုံးသွားခဲ့ကြရပြီဖြစ်ကာ၊ သေဆုံးသူ အရေအတွက်မှာလည်း အဆမတန် အဆက်မပြတ် မြင့်တက်နေဆဲပင် ဖြစ်သည်။

"စစ်တပ်အားလုံး အမိန့်ကို နာခံကြ၊ မြားဦးပုံစံ စစ်ကြောင်း အားကုန် တိုက်ခိုက်ကြစမ်း!"

အာပုစစ်၏ ပြင်းထန်လှသော ဟောက်သံကြီးမှာ မိုးကြိုးသံအလား စစ်မြေပြင်၏ ကောင်းကင်ယံ၌ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကမ္ဘာနှင့် မြေကြီးကြား၌ ပြင်းထန်လှသော လေပြင်းများကို တိုက်ခတ်သွားစေတော့သည်။

ဟီးခနဲ မြင်းဟီသံများ ထွက်ပေါ်လာတော့သည်။

စစ်မြင်းများ မြည်ဟီးသွားကြပြီး မြို့ရိုးအက်ကြောင်း သုံးခုမှ တဟုန်ထိုး ထွက်ပေါ်လာခဲ့ကြသော မဟာထန်စစ်တပ်သုံးဖွဲ့မှာ ချက်ချင်းပင် လမ်းကြောင်း ပြောင်းလဲလိုက်ကြကာ အားကုန် ပြေးလွှားလိုက်ကြပြီး ထုံလော့သံချပ်ကာမြင်းတပ်ရှိရာ အရပ်ဆီသို့ ဦးတည်သွားကြတော့သည်။

အဆက်မပြတ်သော တိုက်ခိုက်သံများ ထွက်ပေါ်လာခဲ့ပြီး ခဏတာ အချိန်တိုအတွင်းမှာပင် စစ်တပ် သုံးဖွဲ့၊ စစ်သည်ဟောင်း ရှစ်သောင်းခန့်မှာ စစ်တပ်ကြီးကို လျင်မြန်စွာ ဖောက်ထွင်းသွားခဲ့ကာ ထုံလော့သံချပ်ကာမြင်းတပ်နှင့် တစ်သားတည်း ဖြစ်သွားကြပြီး စစ်မြေပြင်တစ်ခုလုံးတွင် ဧရာမ မြားဦးပုံစံ စစ်ကြောင်းကြီးတစ်ခုကို ဖွဲ့စည်းလိုက်ကြတော့သည်။

ဤမြားဦးပုံစံ စစ်ကြောင်းကြီးတစ်ခုလုံးတွင် အာပုစစ်နှင့်ထုံလော့သံချပ်ကာမြင်းတပ်က မြားဦးအဖြစ် နေရာယူထားပြီး အခြားသော စစ်တပ်ကြီးများက အနောက်မှ လိုက်ပါကာ ဘေးနှစ်ဖက်မှ အကာအကွယ် ပေးထားကြခြင်း ဖြစ်သည်။

လူတစ်သိန်း ရှိသော မြားဦးပုံစံ စစ်ကြောင်းကြီးမှာ ယခင်က တစ်ခါမျှ မရှိဖူးသေးသော ဧရာမ မြားဦးကြီးတစ်ခုကို ချက်ချင်း ဖွဲ့စည်းသွားစေခဲ့ပြီး ရှေ့တည့်တည့်ရှိ နိုင်ငံအသီးသီး၏ စစ်တပ်ကြီး အားလုံးအတွက် ကြီးမားလှသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာရန် လုံလောက်လှပေသည်။

အထူးသဖြင့် မြားဦးပုံစံ စစ်ကြောင်း၏ မြားဦးနေရာရှိ အာပုစစ်ဦးဆောင်သော ထုံလော့သံချပ်ကာမြင်းတပ်မှာ အကြိမ်ပေါင်းများစွာ ရိုက်နှက်ပုံသွင်းခြင်း ခံထားရသူများဖြစ်ကြရာ အရေအတွက်အားဖြင့် နှစ်သောင်းသာ ရှိပါသော်လည်း သူတို့၏ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ လူ သုံးလေးသိန်းခန့် အားကုန် တိုက်ခိုက်နေသည့်အလားပင်။

အားခနဲ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

နာကျင်စွာ အော်ဟစ်သံများမှာ စစ်မြေပြင်ပေါ်မှ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး တစ်ကြိမ်တည်းသော တိုက်ခိုက်မှုဖြင့် နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ အလယ်ဗဟို စစ်တပ်ကြီးမှာ လုံးဝဖောက်ထွင်းခံလိုက်ရတော့သည်။

စိပ်လှစွာ ပြည့်နှက်နေသော နိုင်ငံအသီးသီး၏ သံချပ်ကာမြင်းတပ်များမှာ ချက်ချင်းပင် လုံးဝဖရိုဖရဲ ဖြစ်သွားကြပြီး ဤကဲ့သို့ ဖရိုဖရဲ ဖြစ်နေမှုများမှာ အလယ်ဗဟို စစ်တပ်မှနေ၍ ဘေးနှစ်ဖက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

ရွှတ်ခနဲ မြည်သံနှင့်အတူ ထက်ရှလှသော ဓားရောင်တစ်ချက်မှာ လေဟာနယ်၌ ဖြတ်ပြေးသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း မျက်နှာချင်းဆိုင်မှ ပြေးဝင်လာသော ရှီမျိုးနွယ်စုသံချပ်ကာမြင်းတပ်သားတစ်ဦးမှာ လူနှင့်မြင်းပါမက လက်ထဲရှိ လက်နက်ပါမကျန် မြင်းပေါ်ရှိ ထုံလော့သံချပ်ကာမြင်းတပ်သား၏ ဓားတစ်ချက်တည်းဖြင့် အပိုင်းပိုင်း ခုတ်ပိုင်းခြင်း ခံလိုက်ရတော့သည်။

ထိုရှီ မျိုးနွယ်စုစစ်သည်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး သူ၏ကျန်ရစ်နေသော ခန္ဓာကိုယ် အပိုင်းအစများမှာ ပြင်းထန်လှသောအရှိန်များကြောင့် မီတာ ဆယ်ကျော်ခန့် အကွာအဝေးသို့ လွင့်စင်ထွက်သွားရသေးသည်။

ထုံလော့သံချပ်ကာမြင်းတပ်၏ လက်နက်နှင့် သံချပ်ကာများမှာ ဝမ်ချောင်၏ ဝူရှန်း သံချပ်ကာမြင်းတပ်ကို မယှဉ်နိုင်ပါသော်လည်း ၎င်းတို့အားလုံးမှာလည်း အကြိမ်ပေါင်းများစွာ ရိုက်နှက်ပုံသွင်းခြင်း ခံထားရသည့်အရာများ ဖြစ်ကြရာ၊ ဓားတစ်ချောင်းစီနှင့် သံချပ်ကာ တစ်ခုစီတိုင်းကို အချိန်နှင့် ခွန်အား အများအပြား အကုန်အကျခံကာ တစ်ခုချင်းစီ သေချာစွာ ပုံသွင်း ဖန်တီးထားခြင်းပင် ဖြစ်သည်။

ဤသည်မှာလည်း ထုံလော့သံချပ်ကာမြင်းတပ်၏ အရေအတွက်ကို ကန့်သတ်ထားသော အရေးကြီးသည့် အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်တော့သည်။

သံချပ်ကာ၏ ခိုင်မာမှုနှင့် လက်နက်များ၏ ထက်မြက်မှုကိုသာ ယှဉ်မည်ဆိုပါက ထုံလော့သံချပ်ကာမြင်းတပ် မှာ ဝူရှန်း သံချပ်ကာမြင်းတပ် ၏ နောက်တွင်သာ ရှိပြီး၊ အာရပ်လူမျိုးများ၏ မမ်လုခ်သံချပ်ကာမြင်းတပ်ပင်လျှင် သူတို့ကို ယှဉ်နိုင်မည် မဟုတ်ပါချေ။

ဘုန်းဘုန်းဘုန်း မြည်သံများနှင့်အတူ စစ်မြင်းနှင့် စစ်မြင်းများ အချင်းချင်း ဝင်တိုက်မိကြပြီး၊ ဓားနှင့် ဓားများ အချင်းချင်း ထိခတ်မိကြကာ၊ အလင်းစက်ကွင်းနှင့် အလင်းစက်ကွင်းများ အချင်းချင်း ရိုက်ခတ်မိကြရာ၊ မိုးရေစက်များအလား ပြင်းထန်လှသော တိုက်ခိုက်သံများ နားထဲသို့ အဆက်မပြတ် ဝင်ရောက်နေတော့သည်။ ခဏတာ အချိန်တိုအတွင်းမှာပင် အာပုစစ်ဦးဆောင်သော စစ်တပ်ကြီးမှာ လူ တစ်သိန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အဝေးဆီရှိ မဟာမိတ်တပ်ဖွဲ့ ခေါင်းဆောင် အားလုံး၏မျက်နှာများမှာ တစ်ဦးပြီးတစ်ဦး ပြောင်းလဲသွားကြရသည်။

အန်းလုရှန်းက အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်း၏ အကြီးစား လက်နက်များကို အသုံးပြုကာ မဟာထန်၏သံမဏိခံတပ်ကို ဖောက်ထွင်းပြီး မျက်နှာချင်းဆိုင်ရှိ ခံစစ်မျဉ်းကို ဖွင့်လှစ်ပေးခဲ့သည် ဆိုသော်ငြားလည်း ပထမဆုံး စတင်တိုက်ခိုက်လာသူမှာ မဟာထန်သံချပ်ကာမြင်းတပ်များပင် ဖြစ်နေတော့သည်။ ထို ပြိုကျသွားသော မြို့ရိုး သုံးခုမှာ နိုင်ငံအသီးသီး၏ မြို့ရိုးများအလား ထင်မှတ်ရလောက်အောင်ပင်။

ဤကဲ့သို့သော ခံစားချက်မှာ လူကို အံ့ဩမှင်တက်သွားစေသလို ဒေါသလည်း ထွက်သွားစေတော့သည်။

ခဏတာအတွင်းမှာပင် လူတိုင်း၏ မျက်နှာအမူအရာများမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းနေတော့သည်။

"တိုက်ခိုက်ကြစမ်း!"

တစ်ချိန်တည်းမှာပင် စစ်မြေပြင်၏ ရှေ့တန်းတွင် မူလက ပေ တစ်ထောင်ကျော် အကွာအဝေး၌ နောက်တန်းကို ထိန်းပေးနေခဲ့သော သံမဏိမြင်းစီးဗိုလ်ချုပ် ပိလဲ့လီ၏ မျက်ဝန်းထဲ၌ အေးစိမ့်လှသော အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီးနောက် မျက်တောင်တစ်ခတ်အတွင်း လူနှင့်မြင်း တစ်သားတည်း ဖြစ်သွားကာ လေထဲသို့ ခုန်တက်သွားတော့သည်။

သူ၏ အနောက်တွင်မူ ဝုန်းခနဲ မြည်သံကြီးနှင့်အတူ ကျယ်လောင်စွာ မြည်ဟည်းသွားခဲ့ပြီး ဝံပုလွေ တပ်ဖွဲ့ သုံးသောင်းကျော်ခန့်မှာ စကားတစ်ခွန်းမျှ မဆိုကြဘဲ တစ်ကိုယ်လုံးမှ အလွန်ပင် အေးစက်ပြီး ရက်စက်ကြမ်းတမ်းလှသော အရှိန်အဝါများ ထွက်ပေါ်နေလျက် ဒေါသထွက်နေသော နဂါးများအလား အနောက်မှနေ၍ လိုက်ပါခုန်တက်လာကြတော့သည်။

လူ သုံးသောင်း၏ လှုပ်ရှားမှုများမှာ တစ်ပြေးညီတည်း ဖြစ်နေပြီး လူတစ်ဦးတည်းအလား ပင်၊ ထိုအရှိန်အဝါမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

တချွင်ချွင် မြည်သံများနှင့်အတူ ဝံပုလွေ တပ်ဖွဲ့ သုံးသောင်းခန့် လေထဲသို့ ခုန်တက်လာသည့် တစ်ချိန်တည်းမှာပင် စစ်ပွဲ အလင်းစက်ကွင်းများမှာ သူတို့၏ခြေအောက်မှနေ၍ ထွက်လာကြသည်။ အလင်းစက်ကွင်း သုံးသောင်းခန့်မှာ တစ်ခုချင်းစီ သီးခြားလွတ်လပ်နေကြပါသော်လည်း တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်နေကြပြီး ဧရာမ တစ်သားတည်းဖြစ်သော အရာကြီးတစ်ခုကို ဖွဲ့စည်းလိုက်ကြတော့သည်။

ဝံပုလွေ မဟာစစ်အစီအရင်။

ဤသည်မှာ တာ့ခ် အင်ပါယာ ၏ တစ်လောကလုံး၌ ကျော်ကြားလှသော ထိပ်တန်းအဆင့် စစ်အစီအရင် တစ်ခုဖြစ်ပြီး၊ သံမဏိမြင်းစီးဗိုလ်ချုပ် ပိလဲ့လီအနေဖြင့် ကျန်းရှို့ကွေးနှင့် အကြိမ်ကြိမ် ထိပ်တိုက် ရင်ဆိုင်ရာတွင် ရှောင်ဟူတပ်ဖွဲ့(ကျားငယ်တပ်ဖွဲ့)ကို ယှဉ်ပြိုင်နိုင်ရန်နှင့် ကျန်းရှို့ကွေး၏ သတ္တိကောင်းပြီး ပြင်းထန်လှသော တိုက်ခိုက်မှုများကို အကြိမ်ကြိမ် နောက်ဆုတ်သွားစေရန် အသုံးပြုခဲ့သော အဓိကအားကိုးရာ တစ်ခုပင် ဖြစ်တော့သည်။

ပေ သုံးဆယ်

ဟိန်းခနဲ ဟောက်သံကြီး ထွက်ပေါ်လာတော့သည်။

ကျယ်လောင်စွာ ဒေါသတကြီး ဟိန်းဟောက်သံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး ဝံပုလွေ တပ်ဖွဲ့ သုံးသောင်း၏ ကောင်းကင်ယံတွင် ဟာလာဟင်းလင်းပြင်ကြီး လိမ်ယှက်သွားခဲ့ကာ အလင်းနှင့်အရိပ်များ အပြန်အလှန် ဖြတ်သန်းသွားကြသည်။ မရေမတွက်နိုင်သော လူများ၏ အကြည့်များအောက်တွင် ဧရာမ ကြောက်မက်ဖွယ်ကောင်းလှသော ရွှေရောင် ဝံပုလွေ ခေါင်းကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်ယံသို့ မော့ကာ ဟိန်းဟောက်လိုက်တော့သည်။ ထိုဧရာမ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင် ဝံပုလွေခေါင်းကြီး ပေါ်ထွက်လာသည့် တစ်ချိန်တည်းမှာပင် အလင်းတန်း တစ်ချက်လက်သွားခဲ့ပြီး ဝံပုလွေ တပ်ဖွဲ့ သုံးသောင်း၏ ခန္ဓာကိုယ် အပြင်ဘက်တွင် ရွှေရောင် အလင်းတန်းများ ဖုံးလွှမ်းသွားတော့သည်။

ဤထူးခြားလှသော အလင်းတန်းများမှာ ဝံပုလွေတပ်ဖွဲ့၏ ကိုယ်ပေါ်ရှိ သံချပ်ကာများ အတွင်းသို့ စိမ့်ဝင်သွားခဲ့ပြီး ဝံပုလွေတပ်ဖွဲ့ သုံးသောင်း၏ ကိုယ်ပေါ်ရှိ သံချပ်ကာများကို နတ်ဘုရားများ၏ သံချပ်ကာများအလား အလွန်ပင် ခိုင်မာသွားအောင် တိုက်ရိုက် ပုံသွင်းပေးလိုက်တော့သည်။

ဤအခိုက်အတန့်၌ ဝံပုလွေ တပ်ဖွဲ့၏ ခံစစ်စွမ်းအားမှာ နှစ်ဆမက မြင့်တက်သွားခဲ့ပြီး မူလထက် နှစ်ဆ သုံးဆခန့်အထိ တိုက်ရိုက် မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။

ဤမျှသာမက ထိုရွှေရောင်အလင်းတန်းများမှာ အရည်များအလား လက်ထဲရှိ လက်နက်များပေါ်သို့ပင် ပျံ့နှံ့သွားခဲ့ရာ ထိုဝံပုလွေဓားများ၏ ထက်မြက်မှုမှာလည်း အဆမတန် မြင့်တက်သွားခဲ့ရပြီ ဖြစ်၏။

မြက်ခင်းပြင်တွင် ဝံပုလွေ တပ်ဖွဲ့ ၏ "ရွှေ" ဟူသော စကားလုံးက "ရွှေရောင်"ကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ "သတ္တု” ကို ဆိုလိုကြောင်း လူတိုင်း ကောင်းကောင်း သိထားကြသည်။

ဝုန်းခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာတော့သည်။

မြေပြင်ကြီး ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ဝံပုလွေတပ်ဖွဲ့ သုံးသောင်းမှာ လေပြင်းများအလား အရှိန်အဟုန် အပြည့်ဖြင့် တဟုန်ထိုး ပြေးလွှားလာကြရာ ထိုအရှိန်အဝါမှာ နှင်းတောင်ပြိုကျလာသကဲ့သို့ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ နိုင်ငံအသီးသီး၏ မဟာမိတ်တပ်ဖွဲ့များမှာ ချက်ချင်းပင် စိတ်ဓာတ်များ တဟုန်ထိုး မြင့်တက်သွားကြပြီး အန်းလုရှန်းပင်လျှင် မသိမသာ ခေါင်းညိတ်လိုက်မိသည်။

တာ့ခ် အင်ပါယာ နှင့် အနောက် တာ့ခ် အင်ပါယာတို့အနေဖြင့် အချင်းချင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခြင်းမှာ အမှန်တကယ်ပင် သူတို့၏ထူးခြားသော အရည်အချင်းများ ရှိနေသောကြောင့်ပင်။

အနောက်ဘက်ရှိ ကောင်းရှန်း တစ်ဦးတည်းသာ ရှေ့တန်းရှိ စစ်မြေပြင်ကို ကြည့်ရင်း သူ၏မျက်ဝန်းထဲ၌ လှိုင်းဂယက်လေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

"ခီတန်ဘုရင်... ထုံလော့သံချပ်ကာမြင်းတပ်ရဲ့ တိုက်ရည်ခိုက်ရည်က အရမ်းကို အစွမ်းထက်တယ်၊ အရင်ကဆိုရင် တစ်လောကလုံးမှာ ကျော်ကြားခဲ့ပြီး ကုန်းမြေလောကရဲ့ နံပါတ်တစ် သံချပ်ကာမြင်းတပ် လို့တောင် ခေါ်ဆိုခဲ့ကြတာ။ ဝံပုလွေ တပ်ဖွဲ့က အစွမ်းထက်တယ် ဆိုပေမဲ့ တပ်ဖွဲ့ တစ်ဖွဲ့တည်းနဲ့တော့ သူတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး၊ ခီတန်ဘုရင်ကို ဒုက္ခပေးပြီး ရှစ်မျိုးနွယ်စုထဲက အထက်တန်းလွှာ တပ်ဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ပေးဖို့ လိုအပ်လိမ့်မယ် ထင်တယ်"

ကောင်းရှန်းက ရုတ်တရက် ခေါင်းလှည့်ကာ ဘေးနားရှိ ခီတန်ဘုရင်ကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။

******

All Chapters