← Chapters

အခန်း ၂၁၈၈

Vol. 136 Ch. 2188

အခန်း ၂၁၈၈

Vol. 136 Ch. 2188

အခန်း (၂၁၈၈) နေမင်းလိုက် သံချပ်ကာမြင်းတပ်

‘ခြင်္သေ့သည် ယုန်ကိုဖမ်းရာတွင်ပင် အစွမ်းကုန် ကြိုးစားရသည်’ ဆိုသည့်အတိုင်း ဤ ထုံလော့သံချပ်ကာမြင်းတပ်နှင့် ပတ်သက်၍ ကောင်းရှန်းအနေဖြင့် အနည်းငယ်မျှ အထင်သေးဝံ့ခြင်း မရှိပါချေ။

"ကောင်းပြီ!"

ကောင်းရှန်း၏ တောင်းဆိုမှုကို ကြုံတွေ့ရသည့်အခါ ခီတန်ဘုရင်သည် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ချက်ချင်းပင် သဘောတူလိုက်သည်၊ ထို့နောက် ခေါင်းလှည့်ကာ ဘေးနားရှိ ခီတန် ဗိုလ်ချုပ် တစ်ဦးကို လျင်မြန်စွာ အမိန့်ပေးလိုက်တော့သည်။

"ငါ့ အမိန့်ကို ပေးလိုက်စမ်း၊ ရစ်ကျင်းမျိုးနွယ်စုရဲ့ နေမင်းလိုက် သံချပ်ကာမြင်းတပ်ကို ထွက်တိုက်ဖို့ အမိန့်ပေးလိုက်!"

ခီတန် မျိုးနွယ်စုတွင် မျိုးနွယ်စု ရှစ်စုဟု ခွဲခြားထားရှိပြီး၊ ထိုအထဲမှ ရစ်ကျင်း မျိုးနွယ်စုမှာ အတော်ဆုံး အဆင့်မြင့်တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။ နေမင်းလိုက် သံချပ်ကာမြင်းတပ်နှင့် ပတ်သက်၍မူ သူတို့မှာ ရစ်ကျင်း မျိုးနွယ်စု၏ အထက်တန်းလွှာများထဲမှ အထက်တန်းလွှာများ ဖြစ်ကြပြီး စုစုပေါင်း လူ ခုနစ်ထောင်ကျော်ခန့်သာ ရှိသည်၊ ထိုသူများ အားလုံးမှာ တစ်သောင်းတွင် တစ်ယောက်သာ ရှိနိုင်သော ရဲရင့်သူများ ဖြစ်ကြပြီး ခီတန်ဘုရင် ကိုယ်တိုင် ရွေးချယ်ကာ နန်းတော်ကို ကာကွယ်ရန်အတွက် ဖွဲ့စည်းထားသော အစွမ်းအထက်ဆုံး သံချပ်ကာမြင်းတပ် ပင် ဖြစ်တော့သည်။

ကျယ်လောင်စွာ ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ ခီတန်ဘုရင်၏ အမိန့်နှင့်အတူ အဝေးဆီရှိ မြေပြင်ကြီးမှာ ကွဲအက်သွားသကဲ့သို့ တုန်ခါသွားခဲ့ကာ ဟစ်အော်နေသော နှင်းမုန်တိုင်းကြီးတစ်ခုမှာ စစ်တပ်ကြီး၏ အနောက်ဘက်မှနေ၍ တလိမ့်လိမ့် ထွက်ပေါ်လာတော့သည်။ နှင်းမုန်တိုင်းကြီး အတွင်း၌မူ သံချပ်ကာများ ထိခတ်မိသံများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံသို့ ပျံ့လွင့်သွားသော သတ်ဖြတ်လိုသည့် အရှိန်အဝါကြီး တစ်ခုမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်လှုပ်သွားစေတော့သည်။

စူးရှလှသော မြင်းဟီသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီးနောက် အလင်းတန်း တစ်ချက် လက်သွားကာ နှင်းမြူများ လွင့်စင်သွားတော့သည်။ အရပ် ရှစ်ပေကျော်ခန့် မြင့်မားသော သန်မာသည့် လူကြီးတစ်ဦးမှာ သံချပ်ကာ အပြည့် ဆင်မြန်းထားလျက် ပခုံးပေါ်တွင် သားရဲ သားရေတစ်ချပ်ကို လွှမ်းခြုံထားပြီး မျက်ဝန်းထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ လက်နေကာ ရက်စက်ကြမ်းတမ်းလှသော နတ်ဆိုးကြီး တစ်ပါးအလား နှင်းမုန်တိုင်းကြီး အတွင်းမှနေ၍ ရုတ်တရက် ခုန်ထွက်လာတော့သည်။

ထိုသန်မာသည့် လူကြီး၏အကြည့်များမှာ စူးရှလှပေရာ ဘေးပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရုံမျှဖြင့် နောက်တစ်ခဏတွင် တဖျပ်ဖျပ် မြည်သံများနှင့်အတူ ဘေးပတ်ဝန်းကျင်ရှိ ခီတန် သံချပ်ကာမြင်းတပ်များမှာ တစ်စုံတစ်ရာကို ထိတ်လန့်သွားသကဲ့သို့ ကပ်ရောဂါဆိုး တစ်ခုကို ရှောင်ရှားနေသည့်အလား အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြတော့သည်။

ပို၍ဝေးကွာသော နေရာရှိ အခြားနိုင်ငံအသီးသီးမှ သံချပ်ကာမြင်းတပ်များမှာလည်း ရင်ထဲ၌ ထိတ်လန့်သွားကြပြီး မသိစိတ်ဖြင့် အနောက်သို့ လှမ်းကြည့်လိုက်မိကြတော့သည်။

အရှေ့မြောက်ဘက် ဒေသတွင် အင်အားစု အသီးသီးမှာ အလွန်ပင် ရှုပ်ထွေးလှပေရာ မဟာထန်နှင့် တိုက်ခိုက်ခဲ့ခြင်းအပြင် နိုင်ငံအသီးသီး အချင်းချင်းလည်း စစ်ပွဲများ ဖြစ်ပွားခဲ့ဖူးကြသည်။

စစ်မြေပြင်မှ အသက်ရှင် လွတ်မြောက်လာနိုင်ပြီး သွေးနှင့် မီးတောက်များ၏ လေ့ကျင့်ပုံသွင်းမှုများကို ဖြတ်သန်းလာခဲ့ရသူတိုင်းမှာ များသောအားဖြင့် အထက်တန်းလွှာများသာ ဖြစ်ကြသည်။

သို့သော်လည်း ဤခီတန် တပ်ဖွဲ့မှာမူ အခြားသူများနှင့် လုံးဝမတူညီပါချေ။ သူတို့သည် ရက်စက်ကြမ်းတမ်းရုံ သက်သက်မဟုတ်တော့ပါချေ၊ ဤလူများ၏ မျက်ဝန်းအစုံကို ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်လိုက်တိုင်း ဧရာမ သားရဲကြီးများအလား လူကို အရှင်လတ်လတ် ဝါးမြိုစားသောက်ချင်နေသည့် အသွင်အပြင်များ ပေါ်ထွက်နေတော့သည်။

ဤသည်မှာ အလွန်အမင်း သွေးဆာနေပြီး အလွန်အမင်း ရူးသွပ်နေကာ အလွန်အမင်း အန္တရာယ် များလှသော တပ်ဖွဲ့တစ်ဖွဲ့ပင် ဖြစ်တော့သည်။

တဘုန်းဘုန်း မြည်သံများနှင့်အတူ….တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်... ရှေ့ဆုံးမှ ခီတန် သံချပ်ကာမြင်းတပ်၏အနောက်တွင် ပိုမိုများပြားလှသော ခီတန် သံချပ်ကာမြင်းတပ်များမှာ တစ်ပုံစံတည်း တူညီသော ဝတ်စုံများဖြင့်၊ အရပ် ရှစ်ပေကျော်ခန့် မြင့်မားသော ခန္ဓာကိုယ်များဖြင့် နှင်းမုန်တိုင်းကြီးအတွင်းမှနေ၍ တစ်ယောက်ပြီးတစ်ယောက် ရုတ်တရက် ခုန်ထွက်လာကြတော့သည်။

ဤလူများကို မြင်တွေ့လိုက်ရသည့်အခါ ဘေးပတ်ဝန်းကျင်ရှိ နိုင်ငံအသီးသီး၏ တပ်ဖွဲ့များမှာ ပို၍ပင် ဖရိုဖရဲ ဖြစ်သွားကြတော့သည်။

"ဖယ်ပေးကြ! မြန်မြန် ဖယ်ပေးကြ… ရစ်ကျင်းမျိုးနွယ်စု လာနေပြီ!"

ဘေးပတ်ဝန်းကျင်ရှိ စစ်တပ်များမှာ အော်ဟစ်လိုက်ကြရင်း အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြတော့သည်။

ခီတန် မျိုးနွယ်စု ရှစ်စုတွင် ရစ်ကျင်း မျိုးနွယ်စု ၏ နာမည်ကျော်ကြားမှုမှာ ဝံပုလွေ သံချပ်ကာမြင်းတပ်ထက်ပင် သာလွန်လှသေးသည်။ ထိုသို့ ဖြစ်ရခြင်းမှာ သူတို့၏ တိုက်ရည်ခိုက်ရည်ကြောင့် မဟုတ်ဘဲ သူတို့သည် စစ်မြေပြင်တွင် အမှန်တကယ်ပင် လူသားများကို စားသောက်လေ့ ရှိသောကြောင့်ပင်။

အရှေ့မြောက်ဘက်ရှိ နိုင်ငံအသီးသီး၏ အမြင်တွင်မူ နေမင်းလိုက် သံချပ်ကာမြင်းတပ် သားတိုင်းမှာ အသက်ရှင်နေသော မိစ္ဆာ နတ်ဆိုးကြီးများပင် ဖြစ်တော့သည်!

"ဟဲဟဲဟဲ"

ရှေ့ဆုံးမှ နေမင်းလိုက် သံချပ်ကာမြင်းတပ် ခေါင်းဆောင်မှာ ဘေးပတ်ဝန်းကျင်ရှိ နိုင်ငံအသီးသီး သံချပ်ကာမြင်းတပ်များ၏ တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသည့်အခါ အထင်သေးစွာဖြင့် ရယ်မောလိုက်ပြီး သူ၏ဖြူဖွေးနေသော သွားများကို ပေါ်အောင် ပြသလိုက်တော့သည်။

"သံချပ်ကာမြင်းတပ်တွေ အများကြီး စားခဲ့ဖူးပေမဲ့ မဟာထန်ရဲ့ ထုံလော့သံချပ်ကာမြင်းတပ်ကိုတော့ တစ်ခါမှ မစားဖူးသေးဘူး။ ဒီလောက် အစွမ်းထက်တဲ့ ခြေလျင်တပ်တွေရဲ့ သွေးသား အရသာက သေချာပေါက် ခြားနားနေမှာပဲ!"

ရှေ့ဆုံးမှ နေမင်းလိုက် သံချပ်ကာမြင်းတပ် ခေါင်းဆောင်က ရက်စက်ကြမ်းတမ်းစွာ ရယ်မောလိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ နိုင်ငံအသီးသီး သံချပ်ကာမြင်းတပ်များဆီမှ အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ကာ လျင်မြန်စွာပင် လေဟာပြင်ကြီးကို ဖြတ်ကျော်လျက် ရှေ့တန်း စစ်မြေပြင်ရှိ အပြင်းအထန် တိုက်ခိုက်နေသော ထုံလော့သံချပ်ကာမြင်းတပ် ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်တော့သည်။

နေမင်းလိုက် သံချပ်ကာမြင်းတပ်များမှာ အစွမ်းထက်သော ပြိုင်ဘက်များကို အနိုင်ယူလိုသည့် ပြင်းပြသော ရူးသွပ်မှု တစ်ခု ရှိနေကြသည်။ ဤအချက်ကိုမူ ခီတန်ဘုရင်ပင်လျှင် ထိန်းချုပ်နိုင်စွမ်း မရှိပါချေ။

"ကျားးး"

နောက်တစ်ခဏတွင် ရှေ့ဆုံးမှ နေမင်းလိုက် သံချပ်ကာမြင်းတပ် ခေါင်းဆောင်က မြင်းဗိုက်ကို အားကုန် ညှပ်လိုက်ရာ စူးရှလှသော မြင်းဟီသံကြီးနှင့်အတူ အမြောက်ဆံ တစ်ခုအလား မျက်နှာချင်းဆိုင်သို့ ရုတ်တရက် တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ဤသည်မှာ အချက်ပြ သင်္ကေတ တစ်ခုအလားပင်။

ကျယ်လောင်စွာ မြည်ဟည်းသွားခဲ့ပြီးနောက် လျင်မြန်စွာပင် ခီတန်၏ နေမင်းလိုက် သံချပ်ကာမြင်းတပ် ခုနစ်ထောင်ခန့်မှာ ရက်စက်ကြမ်းတမ်းလှသော နတ်ဆိုးကြီးများအလား မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် ရှေ့တန်း စစ်မြေပြင်ဆီသို့ တဟုန်ထိုး ခုန်ထွက်သွားကြတော့သည်။

"ထျန်းချန်ကျန်းကို ပြောလိုက်၊ သူ့ကိုပါ ထွက်တိုက်ခိုင်းလိုက်တော့!"

တစ်ချိန်တည်းမှာပင် ရှေ့တန်းရှိ ပြင်းထန်လှသော တိုက်ပွဲအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ အန်းလုရှန်း၏မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး ရင်ထဲ၌ အနည်းငယ်မျှ စိုးရိမ်နေဆဲ ဖြစ်သဖြင့် ရုတ်တရက် စိတ်စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ကာ ကောင်းရှန်း ၏ ဦးနှောက်ထဲသို့ ပြောလိုက်တော့သည်။

"အင်း"

ကောင်းရှန်းက ခဏမျှ တွေဝေသွားခဲ့ပြီးနောက် လျင်မြန်စွာပင် ခေါင်းညိတ်လိုက်သည်။

ထုံလော့သံချပ်ကာမြင်းတပ်၏ နာမည်ကျော်ကြားမှုမှာ အလွန်ပင် ကြီးမားလွန်းလှရာ ဝံပုလွေ သံချပ်ကာမြင်းတပ်နှင့် နေမင်းလိုက် သံချပ်ကာမြင်းတပ် နှစ်ဖွဲ့တည်းဖြင့် သေချာပေါက် ဖိနှိပ်ထားနိုင်လိမ့်မည်ဟု အာမခံနိုင်စွမ်း မရှိပါချေ၊ ထျန်းချန်ကျန်းမှာ ရှေ့တန်းတွင် ရှိနေပြီဖြစ်ရာ သူ့ကိုပါ ဝင်ရောက် တိုက်ခိုက်ခိုင်းလိုက်ပါက စစ်တပ် သုံးဖွဲ့ ပူးပေါင်း တိုက်ခိုက်ခြင်းဖြင့် အောင်မြင်နိုင်ခြေ ပိုမို များပြားလာမည် ဖြစ်၏။

လျင်မြန်စွာပင် ကောင်းရှန်းက ကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး မသိမသာ လက်ဟန်ပြလိုက်ရာ အမိန့်တစ်ခုမှာ ရှေ့တန်းဆီသို့ ရောက်ရှိသွားတော့သည်။ ဝုန်းခနဲ မြည်သံကြီးနှင့်အတူ သံချပ်ကာအပြည့် ဆင်မြန်းထားသော ထျန်းချန်ကျန်းသည် သူ၏ အနောက်ရှိ ယိုရင်တပ်ဖွဲ့သောင်းနှင့်ချီ၍ ကိုယ်တိုင်ဦးဆောင်ကာ လေထဲသို့ ခုန်တက်သွားခဲ့ပြီး အခြားသော လမ်းကြောင်း တစ်ခုမှနေ၍ ထုံလော့သံချပ်ကာမြင်းတပ်ရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်တော့သည်။

မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး စစ်မြေပြင် တစ်ခုလုံးမှာ ရူးသွပ်စွာ တိုက်ခိုက်နေတော့သည်။

"ငါ့ အမိန့်ကို ပေးလိုက်စမ်း၊ ခြေသုံးချောင်း ရွှေကျီးကန်း တပ်ဖွဲ့ကို အသင့်အနေအထားနဲ့ စောင့်ဆိုင်းနေခိုင်းလိုက်၊ အချိန်မရွေး ဝင်တိုက်ဖို့ အသင့်ပြင်ထား"

တစ်ချိန်တည်းမှာပင် စစ်တပ်ကြီး သုံးဖွဲ့ ဝင်ရောက် တိုက်ခိုက်နေသည့် အချိန်၌ ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်းက ရုတ်တရက် ခေါင်းလှည့်ကာ မည်သူမျှ သတိမပြုမိစေဘဲ အသံကို နှိမ့်ကာ ဘေးနားရှိ ဂိုဂူလျော စစ်သူကြီ တစ်ဦးကို တိုးညှင်းစွာ အမိန့်ပေးလိုက်တော့သည်။

"ခြေသုံးချောင်း ရွှေကျီးကန်း တပ်ဖွဲ့" ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ထိုဗိုလ်ချုပ်၏တစ်ကိုယ်လုံးမှာ သိသိသာသာ တုန်ခါသွားခဲ့သည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသူက ခေါင်းကို ငုံ့လိုက်ကာ ကိုယ်ကိုကိုင်းလျက် အရိုအသေ ပေးလိုက်ပြီး

"ဟုတ်ကဲ့ပါ!"

စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ လှည့်ထွက်သွားတော့သည်။

ခြေသုံးချောင်း ရွှေကျီးကန်း။

ဤသည်မှာ ဂိုဂူလျော အင်ပါယာ တစ်ခုလုံး ကိုးကွယ်ယုံကြည်ကြသော ရှေးဟောင်း နတ်ဘုရား တစ်ပါးပင် ဖြစ်သည်။

ဤအမည်ကို အသုံးပြုကာ ဖွဲ့စည်းထားသော ခြေသုံးချောင်း ရွှေကျီးကန်း တပ်ဖွဲ့မှာ ဂိုဂူလျော အင်ပါယာ တစ်ခုလုံးရှိ အစွမ်းအထက်ဆုံးသော အထက်တန်းလွှာ တပ်ဖွဲ့ကြီးပင် ဖြစ်တော့သည်။

သို့သော်လည်း ဤတပ်ဖွဲ့မှာ သံချပ်ကာမြင်းတပ် လုံးဝမဟုတ်ပါချေ၊ ဆန့်ကျင်ဘက် အားဖြင့် ၎င်းမှာ သံချပ်ကာမြင်းတပ် များကို အထူး နှိမ်နင်းရန်အတွက် ဖွဲ့စည်းထားခြင်း ဖြစ်သည်၊ အတိတ်က ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် ဤတပ်ဖွဲ့မှာ ထိတ်လန့်စရာကောင်းသော တိုက်ခိုက်မှုများဖြင့် ခြေလျင်တပ်များနှင့် မြင်းတပ်များ အမြောက်အမြားကို သတ်ဖြတ်နိုင်ခဲ့ဖူးပေသည်။

အမြင့်ဆုံး အရှိန်ဖြင့် ပြေးဝင်လာသော အထက်တန်းလွှာ သံချပ်ကာမြင်းတပ် တစ်ဖွဲ့ကို ရင်ဆိုင်ရလျှင်တောင်မှ ဂိုဂူလျော၏ ခြေသုံးချောင်း ရွှေကျီးကန်း တပ်ဖွဲ့မှာ ရဲရင့်စွာဖြင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ဝံ့ကြပြီး၊ သူတို့၏ ထိတ်လန့်စရာကောင်းသော ဓားသိုင်းများဖြင့် မြင်းတပ်များ အားလုံးကို ခုတ်ပိုင်း သတ်ဖြတ်ပစ်နိုင်စွမ်း ရှိကြပေသည်။

ယွန်းဂျယ်စိုးမွန်း၏ အမိန့်နှင့်အတူ စစ်မြေပြင်၏ အရှေ့မြောက်ဘက် ထောင့်ရှိ အနောက်တန်းတွင် အသင့်အနေအထားဖြင့် အမြဲတမ်း စောင့်ဆိုင်းနေခဲ့သော ဂိုဂူလျော တပ်ဖွဲ့ တစ်ဖွဲ့မှာ ဖြည်းညင်းစွာ လှုပ်ရှားလာခဲ့ပြီး ရုတ်တရက် ရှေ့သို့ ထွက်လာတော့သည်။

ဤတပ်ဖွဲ့မှာ နေမင်းလိုက် သံချပ်ကာမြင်းတပ်၊ ဝံပုလွေ သံချပ်ကာမြင်းတပ်တို့နှင့် လုံးဝမတူညီကြပါချေ၊ သူတို့သည် ထိုမျှလောက် အရပ်ရှည်ပြီး တောင့်တင်းခိုင်မာခြင်း မရှိကြပါချေ။ ဆန့်ကျင်ဘက် အားဖြင့် သူတို့ အားလုံး၏ အရပ်အမောင်းမှာ ခြောက်ပေဝန်းကျင်ခန့်သာ ရှိကြပြီး၊ တစ်ဦးချင်းစီမှာ ထူးဆန်းလှသောပုံစံရှိသည့် ဂိုဂူလျော သံချပ်ကာများကို ဆင်မြန်းထားကြလျက်၊ အနောက်တွင် မင်ရည်များအလား နက်မှောင်နေပြီး ဓားကိုယ်ထည် အလွန်သေးသွယ်လှသည့် ဓားရှည်သုံးစင်းကို လွယ်ထားကြကာ၊ တစ်ကိုယ်လုံးမှ အရှိန်အဝါများ တလိမ့်လိမ့် ထွက်ပေါ်နေလျက် အလွန်ပင် ကျွမ်းကျင်ပြီး သန်မာသည့် ပုံစံမျိုး ရှိနေကြတော့သည်။

သို့သော်လည်း အာရုံစိုက်စရာ အကောင်းဆုံး အချက်မှာ သူတို့၏ ဘယ်ဘက် ရင်ဘတ်ပေါ်ရှိ ရှေးဆန်လှသော ပုံစံရှိသည့် ခြေသုံးချောင်း ရွှေကျီးကန်း တံဆိပ်ပင် ဖြစ်တော့သည်။

"ညီအစ်ကိုတို့၊ ငါတို့ အလှည့် ရောက်ပြီ!"

ရှေ့ဆုံးမှ ဂိုဂူလျော ဗိုလ်ချုပ်က အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ အကြည့်များဖြင့် စစ်မြေပြင်၏ ရှေ့တန်းရှိ ထုံလော့သံချပ်ကာမြင်းတပ်ကို လျင်မြန်စွာ ပစ်မှတ်ထားလိုက်တော့သည်။

သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ချက်ချင်းပင် တဂျွတ်ဂျွတ် မြည်သံများနှင့်အတူ တစ်ကိုယ်လုံးရှိ အရိုးဆက်များမှ အဆက်မပြတ်သော ကွဲအက်သံများ ထွက်ပေါ်လာတော့သည်။

ဟာလာဟင်းလင်းပြင်ကြီး အတွင်း၌ ထိုပုံသဏ္ဌာန်မဲ့သော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ ပိုမို၍ ပြင်းထန်လာတော့သည်။

......

"အရှင် အန်းလုရှန်းဘက်က စတင်လှုပ်ရှားနေပါပြီ!"

သံမဏိခံတပ် အတွင်း၌ ကျန်းချွယ်က ဖုန်မှုန့်များ တလိမ့်လိမ့် ထွက်ပေါ်နေလျက် ဤဘက်သို့ လာနေသော ထိပ်တန်း သံချပ်ကာမြင်းတပ် သုံးဖွဲ့ကို ကြည့်ရင်း ရုတ်တရက် စကားဆိုလိုက်ရာ သူ၏မျက်ဝန်းထဲ၌ အနည်းငယ် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်ထွက်နေတော့သည်။

ထုံလော့သံချပ်ကာမြင်းတပ်၏ တိုက်ရည်ခိုက်ရည်မှာ သံသယဖြစ်ဖွယ် မရှိပါသော်လည်း နိုင်ငံအသီးသီး၏ ထိပ်တန်းတပ်ဖွဲ့များမှာ ထင်မှတ်ထားသည်ထက် များစွာပိုမိုများပြားလှပေရာ တပ်ဖွဲ့အနည်းငယ် ပူးပေါင်းလိုက်မည် ဆိုပါကလည်း ထုံလော့သံချပ်ကာမြင်းတပ်အပေါ် ဧရာမ ခြိမ်းခြောက်မှုကြီး တစ်ခုကို ဖြစ်ပေါ်စေရန် လုံလောက်လှပေသည်။

ပို၍အရေးကြီးသည့်အချက်မှာ မျက်နှာချင်းဆိုင်တွင် အနည်းဆုံး အင်ပါယာ ဗိုလ်ချုပ်နှစ်ဦး ဝင်ရောက် တိုက်ခိုက်နေပြီ ဖြစ်ခြင်းပင်!

ဝမ်ချောင်က စကားတစ်ခွန်းမျှ မဆိုဘဲ ရှေ့တည့်တည့်ကိုသာ ကြည့်ရင်း ပြုံးနေတော့သည်။

စစ်ပွဲ ဆိုသည်မှာ ထိုမျှလောက် ရိုးရှင်းခြင်း မရှိပါချေ၊ လူဦးရေ များပြားရုံမျှဖြင့် အနိုင်ရနိုင်မည် မဟုတ်ပါချေ၊ အန်းလုရှန်းနှင့် နိုင်ငံအသီးသီး အနေဖြင့် အနိုင်ရရှိရန် ဆိုသည်မှာ သေချာပေါက် ထိုမျှလောက် လွယ်ကူလိမ့်မည် မဟုတ်ပါချေ။

စကားပြောရသည်မှာ ကြာပါသော်လည်း လက်တွေ့တွင်မူ အလွန်ပင် မြန်ဆန်လှပေသည်။ ဝမ်ချောင်စကားမပြောရသေးမီမှာပင်

ဘုန်းခနဲ မြည်သံနှင့်အတူ ဝမ်ချောင်၏ အနောက်ဘက်တွင် ခြေလှမ်းတစ်လှမ်း ပြင်းထန်စွာ နင်းချလိုက်သံ ထွက်ပေါ်လာခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ခန့်ညားထည်ဝါလှသော လူရိပ်တစ်ခုမှာ ဝမ်ချောင်၏ အနောက်တွင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"မျိုးနွယ်ခြားဘုရင်၊ ငါ့ ကို ထွက်တိုက်ခွင့် ပြုပါ!"

"အဲဒီမိစ္ဆာကောင်ကို ငါ့ လက်နဲ့ ဖန်တီးခဲ့တာ။ ဒီအမှားကို ငါ့ကိုယ်တိုင် ပြန်လည် ကုစားခွင့် ပြုပါ!"

ကျန်းရှို့ကွေးက ဝမ်ချောင်၏အနောက်တွင် ရပ်နေလျက် စကားဆိုလိုက်သည်။ သူ၏ အကြည့်များမှာ မြို့ရိုးအက်ကြောင်းမှ တစ်ဆင့် မျက်နှာချင်းဆိုင်ရှိ ယိုကျိုး စစ်အလံအောက်က ထိုလူရိပ်ဆီသို့ လှမ်းကြည့်နေခဲ့ပြီး သူ၏မျက်ဝန်းထဲ၌ ကောင်းကင်ယံသို့ ပျံ့လွင့်နေသော နာကျည်းမှုများနှင့် သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပေါ်ထွက်နေတော့သည်။

အန်းလုရှန်း၏ တွက်ချက်မှု ခံလိုက်ရပြီး ကော်ကျိုးသို့ အပြောင်းခံလိုက်ရသည့် အချိန်မှစ၍ မရေမတွက်နိုင်သော နေ့ရက်တိုင်းတွင် သူ၏ကိုယ်ပေါ်ရှိ အရှက်ကွဲမှုများကို ဆေးကြောရန် မည်သည့်အချိန်မှ မတွေးတောဘဲ မနေခဲ့ပါချေ။

သူကဲ့သို့သော ခန့်ညားထည်ဝါလှသည့် ကျန်းရှို့ကွေး၊ အန်းတုံ ကာကွယ်ရေးဗိုလ်ချုပ်ကြီး တစ်ဦးအနေဖြင့် စစ်မြေပြင်တွင် သေဆုံးခဲ့ရခြင်း မဟုတ်ဘဲ ပြိုင်ဘက်၏လက်ထဲတွင် သေဆုံးခဲ့ရခြင်း မဟုတ်ဘဲ၊ လူယုတ်မာတစ်ဦး၏ တွက်ချက်ခြင်းကို ခံလိုက်ရပြီး ဘဝ နှောင်းပိုင်းတွင် ဂုဏ်သိက္ခာများ ကျဆင်းသွားခဲ့ရကာ တစ်လောကလုံး၏ လှောင်ပြောင်စရာ အဖြစ်သို့ ရောက်ရှိသွားခဲ့ရခြင်းမှာ သူ တစ်ခါမျှ မတွေးထားခဲ့ဖူးသော ကိစ္စရပ်ပင် ဖြစ်သည်။

ပူလောင်မှု၊ နာကျင်မှု၊ နှိပ်စက်မှု... အနောက်တန်းတွင် တိတ်ဆိတ်စွာ နေထိုင်ခဲ့ရသော ထိုအချိန်များအတွင်း နေ့ရက်တိုင်းမှာ သူ့အတွက်မူ တစ်နေ့တာကို တစ်နှစ်အလား ဖြတ်သန်းခဲ့ရခြင်းပင်။

သူ တိတ်ဆိတ်စွာ နေလေလေ သူ၏ရင်ထဲရှိ လက်စားချေလိုသော ဒေါသမီးတောက်များမှာ ပိုမိုကြီးမားလာလေလေ ဖြစ်သည်။ ထို့ပြင် ထိုအရာများ အားလုံးမှာ နောက်ဆုံးတွင် ယခုအခိုက်အတန့်၌ ထိုပုန်ကန်သူများကို လုံးဝအဆုံးသတ်ပစ်နိုင်ရန်အတွက်ပင် ဖြစ်တော့သည်။

ဝမ်ချောင်က လွယ်လင့်တကူ သဘောတူလိမ့်မည် မဟုတ်ဟု ကျန်းရှို့ကွေးက မူလက တွေးတောထားခဲ့ပါသော်လည်း၊ မထင်မှတ်ထားဘဲ ဝမ်ချောင်သည် အေးဆေးစွာ ပြုံးလိုက်ပြီး အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။

"ကာကွယ်ရေးဗိုလ်ချုပ် ... ခင်ဗျားကို အတော်ဆုံး အထက်တန်းလွှာ ခြေလျင်တပ် တစ်သိန်းခွဲ ပေးမယ်၊ အဲဒီထဲမှာ ခုနက ကျန်ရစ်နေတဲ့ သံချပ်ကာ ခြေလျင်တပ်တွေလည်း ပါမယ်၊ ဒါ့အပြင် မြို့ထဲမှာရှိတဲ့ အတော်ဆုံး အထက်တန်းလွှာ သံချပ်ကာမြင်းတပ် ငါးသောင်းကိုပါ ခင်ဗျားဆီကို ထပ်ပေးမယ်၊ စစ်မြေပြင်မှာ ခင်ဗျားကို ဘာအမိန့်မှ မပေးဘူး၊ အရာရာကို ခင်ဗျား သဘောအတိုင်း လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးတယ်"

"ကျွန်တော့်ဆီမှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ်၊ ပြိုင်ဘက်ကို အမြစ်ပြတ် ချေမှုန်းပြီး တစ်ဖက်လူရဲ့ စစ်တပ်ခြောက်သိန်းထက်မနည်းကို သတ်ဖြတ်ဖို့ပဲ၊ သခင်ကြီး လုပ်နိုင်မလား"

"လုပ်နိုင်တယ်"

ကျန်းရှို့ကွေး၏ မျက်လုံးများမှာ သွေးများအလား နီရဲနေခဲ့ပြီး မျက်နှာချင်းဆိုင်ရှိ ယိုကျိုး စစ်တပ်ကြီးကို သေချာစွာ စိုက်ကြည့်နေလျက် သွားကြားထဲမှနေ၍ ဤစကားလုံး နှစ်လုံးကို ပြောလိုက်တော့သည်။

"ကောင်းပြီ"

ဝမ်ချောင်က ခေါင်းညိတ်လိုက်ပြီး အများကြီး ဆက်မပြောတော့ပါချေ။

"ကျန်းချွယ်... ငါ့ အမိန့်ပြား ကို ယူသွားပြီး မြို့ထဲကို ငါ ခေါ်လာတဲ့ စစ်တပ် နှစ်သိန်းလုံးကို သခင်ကြီးကျန်းရဲ့ လက်ထဲကို အပ်လိုက်တော့!"

ကျန်းချိုးကျန့်ချုံးအနေဖြင့် "အင်ပါယာ၏ကျား"ဟု အမြဲတမ်း ခေါ်ဆိုခံခဲ့ရသည် ဆိုသော်ငြားလည်း ဝမ်ချောင်၏ရင်ထဲ၌မူ လူတစ်ဦးတည်းကသာ အင်ပါယာ၏ကျားရိုင်း ဟု အမှန်တကယ် ခေါ်ဆိုထိုက်ပေသည်။ ထိုသူမှာ ကျန်းရှို့ကွေးပင် ဖြစ်တော့သည်!

ဒေါသများ ပြည့်နှက်နေပြီး လက်စားချေလိုစိတ်များ အပြည့်အဝ ရှိနေကာ ကိုယ်ပေါ်ရှိ ဒဏ်ရာများ အားလုံးကို ကုသပျောက်ကင်းသွားပြီဖြစ်သော ကျန်းရှို့ကွေးမှာ အကြောက်မက်ဖွယ် အကောင်းဆုံးသော လူသတ်စက် ကြီး တစ်ခုပင် ဖြစ်တော့သည်။

ထို့ပြင် အချို့သော ကိစ္စရပ်များတွင် စစ်ဗျူဟာနှင့် စစ်ကြောင်းများကို ကျွမ်းကျင်သော ကျန်းရှို့ကွေးမှာ ထုံလော့ဗိုလ်ချုပ် အာပုစစ်ထက်ပင် များစွာပိုမိုကြောက်မက်ဖွယ် ကောင်းလှသေးသည်။

ဝမ်ချောင်သည် ကျန်းရှို့ကွေး၏ ဒဏ်ရာများကို ကုသပေးပြီးနောက် အနောက်တန်းတွင် လျှို့ဝှက်စွာ ထားရှိကာ တိတ်ဆိတ်စွာ နေခိုင်းထားခြင်းမှာ သူ၏ရင်ထဲရှိ ဒေါသများကို ဖိနှိပ်ထားရန်နှင့် စုဆောင်းထားရန်အတွက်ဖြစ်ပြီး၊ ယခုအခိုက်အတန့် ရောက်မှသာ အလုံးစုံ ပေါက်ကွဲထွက်ပေါ်လာစေရန်အတွက်ပင် ဖြစ်သည်။

ဤ အင်ပါယာ၏ ကြီးမားလှသော ဓားရှည်ကြီးမှာ နောက်ဆုံးတွင် မည်မျှလောက်အထိ ကြောက်မက်ဖွယ် ကောင်းလာမည်ကို ဝမ်ချောင်ပင်လျှင် ခန့်မှန်းနိုင်စွမ်း မရှိပါချေ။

"သခင်ကြီးကျန်း... နောက်ပိုင်း ကိစ္စတွေကိုတော့ ခင်ဗျားဆီပဲ အပ်လိုက်တော့မယ်!"

ဝမ်ချောင်က လက်နှစ်ဖက်ကို အနောက်သို့ ပစ်ထားလိုက်ရာ သူ၏ဆံနွယ်ရှည်များမှာ လေထဲ၌ လွင့်ပျံနေခဲ့ပြီး ရင်ထဲ၌ တိုးညှင်းစွာ ရေရွတ်လိုက်တော့သည်။

စစ်တပ်ကြီး နှစ်သိန်းခန့်မှာ လျင်မြန်စွာပင် ကျန်းရှို့ကွေး၏လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ကျန်းရှို့ကွေး၏ စစ်အလံကြီးကိုပင်လျှင် ဝမ်ချောင်က အစောကြီးကတည်းက ကြိုတင် ပြင်ဆင်ဖန်တီးပေးထားခဲ့ပြီး ဖြစ်သည်။

အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ကျန်းရှို့ကွေး၏ ထူးခြားလှသော စစ်အလံကြီးမှာ မြို့ရိုး အက်ကြောင်းတစ်ခု နေရာသို့ ရောက်ရှိလာသည့်အခါတွင် မျက်တောင်တစ်ခတ်အတွင်း လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားတော့သည်။

"ကျန်းရှို့ကွေး၊ ကျန်းရှို့ကွေးပဲ"

သံချပ်ကာအပြည့် ဆင်မြန်းထားလျက် အေးစိမ့်လှသော အမူအရာဖြင့် နတ်ဘုရား တစ်ပါးအလား မြို့ရိုး အက်ကြောင်းနေရာ၌ ပေါ်ထွက်လာသော ကျန်းရှို့ကွေးကို မြင်တွေ့လိုက်ရသည့်အခါ လူအုပ်ကြီးမှာ မျက်တောင်တစ်ခတ်အတွင်း လုံးဝဆူပွက်သွားကြတော့သည်။

အဝေးဆီတွင်မူ အန်းလုရှန်း၊ ယွန်းဂျယ်စိုးမွန်း၊ ဝူဆူမစ်ရှ် ခါဂန်း၊ ခီတန်ဘုရင်နှင့် ရှီဘုရင်မ အပါအဝင် လူတိုင်း၏ မျက်ခွံများမှာ အဆက်မပြတ် လှုပ်ခါသွားကြပြီး လူတိုင်း၏ မျက်နှာပေါ်၌ အလွန်အမင်း ကြောက်ရွံ့စိုးရိမ်မှု အရိပ်အယောင်များ ပေါ်ထွက်လာကြကာ သူတို့၏ အမူအရာများမှာ အလွန်ပင် ပုံမှန် မဟုတ်တော့ပါချေ။

******

All Chapters