← Chapters

အခန်း ၂၁၈၉

Vol. 136 Ch. 2189

အခန်း ၂၁၈၉

Vol. 136 Ch. 2189

အခန်း (၂၁၈၉) ကောင်းရှန်း၏ စိုးရိမ်ပူပန်မှု

အရှေ့မြောက်ဘက် ဒေသတစ်ခုလုံးတွင် အန်းလုရှန်း မပေါ်ပေါက်လာမီ အချိန်တုန်းက၊ အန်းတုံး ကျန်းရှို့ကွေး၏နာမည်မှာ နိုင်ငံအသီးသီး အကြားတွင် သေချာပေါက် ကျယ်လောင်စွာ ကျော်ကြားခဲ့ပြီး၊ အင်အားစု အားလုံးအတွက် မိုးကြိုးသံအလား ရင်းနှီးကျွမ်းဝင်နေခဲ့ပြီးသား ဖြစ်သည်။

အန်းလုရှန်း ထွန်းတောက်လာခဲ့သည့် ယခုအချိန်တွင်ပင် ကျန်းရှို့ကွေး၏ နာမည်မှာ နိုင်ငံအသီးသီး၏ ရင်ထဲ၌ အလွန်ပင် ကြီးမားလှသော လွှမ်းမိုးမှုတစ်ခု ရှိနေဆဲပင် ဖြစ်သည်။

အခြားအကြောင်းပြချက် မရှိပါချေ၊ ကျန်းရှို့ကွေး၏ခွန်အားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသောကြောင့်သာ ဖြစ်သည်!

သူ မရောက်ရှိလာမီ အရှေ့မြောက်ဘက် ဒေသတွင် နိုင်ငံအသီးသီးမှာ အချင်းချင်း စစ်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခဲ့ကြပြီး၊ မဟာထန်အနေဖြင့် ယိုကျိုးတွင် နေရာတစ်နေရာ ရရှိထားသည် ဆိုသော်ငြားလည်း နိုင်ငံအသီးသီး အတွက်မူ အနည်းငယ်မျှ ခြိမ်းခြောက်မှု ရှိလှသည် မဟုတ်ပါချေ။

သို့သော်လည်း ကျန်းရှို့ကွေးသည် ယိုကျိုးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ရူးသွပ်နေသည့်အလား နိုင်ငံအသီးသီးကို စတင်တိုက်ခိုက်တော့သည်။ ဂိုဂူလျော၊ ရှီ၊ ခီတန်၊ တာ့ခ် အင်ပါယာ အစရှိသည်တို့ကို ကျန်းရှို့ကွေးက တစ်ယောက်တည်းသော ခွန်အားဖြင့် အရှေ့မြောက်ဘက် ဒေသတစ်ခုလုံး၏ အခြေအနေကို လုံးဝပြောင်းလဲပစ်လိုက်ခြင်းပင် ဖြစ်သည်။

ကျန်းရှို့ကွေးနှင့် စစ်ပွဲများ ဖြစ်ပွားခဲ့ရာတွင် အင်ပါယာ အားလုံးမှာ စစ်သည်နှင့် ဗိုလ်ချုပ် အများအပြား ဆုံးရှုံးခဲ့ကြရပြီး၊ အချို့သော အချိန်များတွင် ကျန်းရှို့ကွေး၏ တိုက်ခိုက်မှုကြောင့် အင်ပါယာ အသီးသီး၏ အတွင်းပိုင်းအထိပင် ဆုတ်ခွာခဲ့ကြရသည်။ အထူးသဖြင့် ရှီ နှင့် ခီတန် တို့မှာ ကျန်းရှို့ကွေး၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ပြန်လည်နာလန်မထူနိုင်လောက်အောင်ပင် အထိနာသွားခဲ့ကြရသည်။

နောက်ဆုံးတွင် မူလက အချင်းချင်း စစ်ပွဲများ ဖြစ်ပွားနေခဲ့ကြသော နိုင်ငံအသီးသီးမှာ မတတ်သာဘဲ မဟာမိတ် ဖွဲ့လိုက်ကြပြီး မဟာထန်ကို အတူတကွ ရင်ဆိုင် တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန်ကျမှသာ ခြေရာပျောက်သည်အထိ အဆက်မပြတ် ရှုံးနိမ့်နေရသည့် အခြေအနေကို အနည်းငယ် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။

"ပုရွက်ဆိတ် တစ်အုပ်လောက်ကများ ငါ ကျန်းရှို့ကွေးကို လာပြီး ယှဉ်ပြိုင်ဝံ့တယ်ပေါ့!"

ကျန်းရှို့ကွေး၏ တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသော အရှိန်အဝါများ တလိမ့်လိမ့် ထွက်ပေါ်နေခဲ့ပြီး လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင်ပင် ထူထပ်နေတော့သည်၊ မိုးကြိုးသံအလား ပြင်းထန်လှသော သူ၏ဟောက်သံကြီး တစ်ချက်က စစ်မြေပြင် တစ်ခုလုံးကို ချက်ချင်းပင် တိတ်ဆိတ်သွားစေတော့သည်။

"အန်းလုရှန်း... မင်းလို ဖောက်ပြန်တဲ့ကောင် ကို ဒီနေ့ ငါ ကိုယ်တိုင် အသက်နုတ်ပစ်မယ်!"

နောက်ဆုံး စကားကို ပြောလိုက်သည့် အခါတွင်မူ ကျန်းရှို့ကွေး၏ မျက်လုံးများမှာ သွေးများအလား နီရဲနေခဲ့ပြီး အဝေးဆီရှိ အန်းလုရှန်းနှင့်ကောင်းရှန်းတို့ကို စူးစိုက်ကြည့်နေတော့သည်။

ထိုအခိုက်အတန့်၌ ကျန်းရှို့ကွေး၏ သတ်ဖြတ်လိုစိတ်များနှင့် နာကျည်းမှုများမှာ ကောင်းကင်ယံအထိ ပျံ့လွင့်နေခဲ့ပြီး၊ ထိုရက်စက်ကြမ်းတမ်းလှသော မျက်နှာကြီးက အဝေးဆီရှိ အန်းလုရှန်းနှင့်ကောင်းရှန်းတို့ကိုပင် ရင်ထဲ၌ တုန်လှုပ်သွားစေခဲ့ကာ မသိစိတ်ဖြင့် အနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားမိစေတော့သည်။

"ယုတ်မာလိုက်တဲ့ကောင်"

သတိပြန်ဝင်လာသည့်အခါတွင်မူ အန်းလုရှန်း၏ရင်ထဲ၌ အံ့ဩထိတ်လန့်သွားခဲ့ရပြီး ခြေလက်များပင် အားပျော့သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

မဟာထန်ကို ပုန်ကန်မည့် အစီအစဉ်များ ရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး၊ ကျန်းရှို့ကွေးကို ကိုင်တွယ်မည့် ကိစ္စမှာလည်း အစီအစဉ်များထဲတွင် ပါဝင်နေပြီးသား ဖြစ်သည်ဆိုသော်ငြားလည်း၊ ကျန်းရှို့ကွေးကို နောက်တစ်ကြိမ် ပြန်လည်မြင်တွေ့လိုက်ရသည့်အခါတွင် အန်းလုရှန်း၏ရင်ထဲ၌ မသိစိတ်ဖြင့် နက်ရှိုင်းလှသော ကြောက်ရွံ့မှု တစ်ခု ပေါ်ထွက်လာဆဲပင်၊ ထိုကြောက်ရွံ့မှုမှာ ကြွက်က ကြောင်ကို တွေ့လိုက်ရသည့်အလား သူ၏ဝိညာဉ် အတွင်းပိုင်းအထိ အနက်ရှိုင်းဆုံး စွဲထင်နေခဲ့ပြီ ဖြစ်သည်။

"တစ်ချိန်နဲ့ တစ်ချိန် မတူတော့ပါဘူး၊ သခင်ကြီး သူ့ကို ထပ်ပြီး ကြောက်နေစရာ မလိုတော့ပါဘူး!"

ကောင်းရှန်း က သူ၏ အနောက်သို့ အသာအယာ လျှောက်လာခဲ့ပြီး ကျောပြင်ကို လက်ဝါးဖြင့် အသာလေး ပုတ်ပေးလိုက်သည့်အချိန်ကျမှသာ အန်းလုရှန်းမှာ သတိပြန်ဝင်လာတော့သည်။

"အင်း"

အန်းလုရှန်းက ခေါင်းညိတ်လိုက်ပါသော်လည်း သူ၏ရင်ထဲ၌မူ ဒေါသထွက်ပြီး နာကျည်းနေတော့သည်။

"ချွေချန်းယုံ ကို အမိန့်ပေးလိုက်စမ်း၊ ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ ကျန်းရှို့ကွေးကို သတ်ပစ်ဖို့ ပြောလိုက်၊ သူ့ကို ထပ်ပြီး အသက်ရှင်ခွင့် မပေးနိုင်ဘူး"

အန်းလုရှန်းက သွားကို တင်းတင်းကြိတ်ကာ ရက်စက်စွာ ဆိုလိုက်သည်။

အန်းလုရှန်း၏ စကားသံမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားခဲ့ပြီး ယွန်းဂျယ်စိုးမွန်း၊ ဝူဆူမစ်ရှ် ခါဂန်း၊ ရှီဘုရင်မ၊ ခီတန်ဘုရင်တို့ အပါအဝင် လူတိုင်း၏ မျက်နှာအမူအရာများမှာ ထူးဆန်းသွားကြတော့သည်။

လူတိုင်းက စကားတစ်ခွန်းမျှ မဆိုကြပါသော်လည်း သူတို့အားလုံး၏ရင်ထဲ၌လည်း အလားတူ ခံစားချက်များ ရှိနေကြသည်။

ဤစစ်ပွဲကြီးတွင် ကျန်းရှို့ကွေးမှာ လူတိုင်း အမြင်တွေ့ချင်ဆုံးသော သူတစ်ဦး ဖြစ်ကြောင်း ဆိုနိုင်ပေသည်။

အရှေ့မြောက်ဘက် ဒေသတစ်ခုလုံးရှိ အာဏာအရှိဆုံးသော သူတစ်ဦးအနေဖြင့် ကျန်းရှို့ကွေးသည် ယိုကျိုး စစ်တပ်ကို ကိုယ်တိုင် လေ့ကျင့်ပေးခဲ့ရုံ သာမကဘဲ၊ ဂိုဂူလျော အင်ပါယာ၊ တာ့ခ် အင်ပါယာ၊ ရှီနှင့် ခီတန် စသည့် နိုင်ငံအသီးသီး၏ စစ်အင်အားနှင့် အခြေအနေများ၊ ထို့ပြင် တိုက်ခိုက်ရေး ဗျူဟာများ အားလုံးကို လက်ဖဝါးလို ထွင်းဖောက် သိမြင်ထားသူ ဖြစ်သည်။

ဝမ်ချောင်နှင့် မတူညီသည်မှာ သူသည် လူတိုင်းနှင့် ပတ်သက်၍ အလွန်ပင် ရင်းနှီးကျွမ်းဝင်လွန်းနေခြင်းပင်။

"ငါ့ အမိန့်ကို ပေးလိုက်စမ်း၊ ကျန်းရှို့ကွေးကို သတ်ဖို့ နည်းလမ်း ရှာကြစမ်း!"

အရှေ့မြောက်ဘက်ရှိ နိုင်ငံအသီးသီးမှ ဘုရင်များ အားလုံးမှာ တိုင်ပင်ထားခြင်း မရှိဘဲ တစ်ချိန်တည်း တစ်ပြိုင်တည်း လိုလိုပင် အလားတူ အမိန့်များကို အသီးသီး ထုတ်ပြန်လိုက်ကြတော့သည်။

ကျန်းရှို့ကွေးအပေါ် နိုင်ငံအသီးသီး၏ ထိတ်လန့်ကြောက်ရွံ့မှု များကို ခဏထားလိုက်ပါဦး၊ အဝေးဆီရှိ မြို့ရိုးပေါ်တွင်မူ ကျန်းရှို့ကွေး၏ တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ကောင်းကင်ယံအထိ ပျံ့လွင့်နေခဲ့ပြီး၊ စစ်တပ်ကြီး နှစ်သိန်းကို လက်ထဲတွင် ကိုင်ဆောင်ထားလျက် ဖျားနာမှု၊ စိတ်ပျက်မှု နှင့် ဒေါသများ၏ နှိပ်စက်မှုကို ခံစားခဲ့ရသော ကျန်းရှို့ကွေးမှာ ဤအခိုက်အတန့်၌ ယခင်က မဟာထန်၏ ကြီးမားလှသော ဓားရှည်ကြီး တစ်စင်းအလား သူ၏ အရှိန်အဝါများ အားလုံး ပြန်လည် ပြည့်ဝလာခဲ့ပြီ ဖြစ်၏။

"တိုက်ခိုက်ကြစမ်း!"

ကျန်းရှို့ကွေး၏ဓားရှည်မှာ ဓားအိမ်မှ ကျွတ်ထွက်သွားတော့သည်။

ကျန်းရှို့ကွေး၏ အမိန့်နှင့်အတူ နောက်တစ်ခဏတွင် မြေပြင်တစ်ခုလုံး ကျယ်လောင်စွာ မြည်ဟည်းသွားခဲ့ပြီး မဟာထန်၏ ခြေလျင်တပ်နှင့် မြင်းတပ် ပေါင်းစပ်ထားသော စစ်တပ်ကြီး နှစ်သိန်းခန့်မှာ ဒီရေများအလား မြို့ရိုး အက်ကြောင်း နေရာမှနေ၍ အရှိန်အဟုန်ဖြင့် တဟုန်ထိုး ထွက်ပေါ်လာကြတော့သည်။

"သတ်စမ်း!"

သတ်ဖြတ်လိုသော အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး မျက်နှာချင်းဆိုင်ရှိ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့များမှ စစ်သည် နှစ်သန်းခန့်ကို ရင်ဆိုင်ရာတွင် မဟာထန်စစ်သည် နှစ်သိန်းခန့်မှာ လှောင်အိမ်ထဲမှ လွတ်လာသော ကျားရိုင်းများအလား မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် နိုင်ငံအသီးသီး၏ စစ်တပ်ကြီးဆီသို့ တဟုန်ထိုး တိုးဝင် တိုက်ခိုက်လိုက်ကြတော့သည်။

ပေ ၂၀၀၀

ပေ ၁၀၀၀

နောက်တစ်ခဏတွင် နှစ်ဖက်စလုံးမှ စစ်တပ်ကြီးများမှာ ဧရာမ လှိုင်းလုံးကြီးများအလား ပြင်းထန်စွာ ဝင်တိုက်မိကြတော့သည်။

"ချွင်"

နှစ်ဖက်စလုံးမှ စစ်တပ်ကြီးများ ဝင်တိုက်မိကြသည့် အခိုက်အတန့်မှာပင် အလင်းတန်းများကိုပါ ဝါးမြိုပစ်နိုင်မည့်အလား နက်မှောင်နေသော စစ်ပွဲ အလင်းစက်ကွင်းကြီးတစ်ခုမှာ ကျန်းရှို့ကွေး၏ ခြေအောက်မှနေ၍ မျက်တောင်တစ်ခတ်အတွင်း ပန်းထွက်လာခဲ့ပြီး စစ်တပ်ကြီး တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားတော့သည်။ သံမဏိများ ထိခတ်မိသကဲ့သို့သော အသံများနှင့်အတူ ကျန်းရှို့ကွေး၏ ခြေအောက်တွင် မည်သည့် အပြောင်းအလဲမျှ မရှိပါသော်လည်း မဟာထန်စစ်သည် နှစ်သိန်းခန့်၏ ခြေအောက်တွင်မူ အလင်းစက်ကွင်း သုံးခု ရုတ်တရက် ပေါ်ထွက်လာခဲ့ရာ ဤ အလင်းစက်ကွင်း သုံးခု၏ ပံ့ပိုးမှုဖြင့် စစ်တပ်ကြီး နှစ်သိန်းခန့်၏ အရှိန်အဝါများမှာ အဆင့်များစွာ တဟုန်ထိုး မြင့်တက်သွားကြတော့သည်။

ကျန်းရှို့ကွေး၏ အလင်းစက်ကွင်း ပံ့ပိုးမှုကို ရရှိလိုက်သည့်အခါတွင် မဟာထန်၏ ခြေလျင်တပ် နှင့် မြင်းတပ် ပေါင်းစပ်ထားသော စစ်တပ်ကြီး နှစ်သိန်းခန့်မှာ ဝံပုလွေများနှင့် ကျားများအလား မျက်နှာချင်းဆိုင်ရှိ မဟာမိတ်တပ်ဖွဲ့ စစ်တပ်ကြီးကို မျက်တောင်တစ်ခတ်အတွင်း ဆုတ်ဖြဲပစ်လိုက်ကြတော့သည်။

"အားးး"

ပြည့်နှက်နေသော မဟာမိတ်တပ်ဖွဲ့ စစ်တပ်ကြီး အတွင်း၌ ဂိုဂူလျော စစ်သည်တစ်ဦးမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ဓားတစ်ချက်တည်းဖြင့် တိုက်ရိုက်ခုတ်ပိုင်းခြင်း ခံလိုက်ရတော့သည်။

မျက်နှာချင်းဆိုင်ရှိ မဟာထန်စစ်သည်၏ ကိုယ်ပေါ်မှ ဂန်ချီ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကျားများအလား ထိုဂိုဂူလျော စစ်သည်ကို ခုတ်လဲပြီးနောက် ရှေ့သို့ ဆက်လက် တဟုန်ထိုး ပြေးဝင်သွားခဲ့ရာ ယိုကျိုး စစ်သည် နှစ်ဦးကိုပါ ဆက်တိုက် လွင့်စင်သွားစေခဲ့သည်။ သူ၏အနောက်တွင်မူ ပိုမိုများပြားလှသော မဟာထန်စစ်သည်များမှာ ဒီရေများအလား တဟုန်ထိုး ဝင်ရောက်လာကြတော့သည်။

မရေမတွက်နိုင်သော မဟာမိတ်တပ်ဖွဲ့ စစ်သည်များမှာ မြက်ခြောက်များအလား တစ်ဦးပြီးတစ်ဦး လဲကျသွားကြရတော့သည်။

"တည်ငြိမ်အောင်ထား! တည်ငြိမ်အောင်ထား!"

"သူတို့ကို တားထားကြစမ်း!"

မဟာမိတ်တပ်ဖွဲ့ စစ်သည် များမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြရင်း ခံစစ်မျဉ်းများကို ရူးသွပ်စွာ ဖွဲ့စည်းလိုက်ကြသည်၊ မရေမတွက်နိုင်သော ဒိုင်းလွှားတပ်များမှာ လျင်မြန်စွာ စုစည်းမိလာကြပါသော်လည်း ဝုန်းခနဲ မြည်သံကြီးနှင့်အတူ ဤခံစစ်မျဉ်းများမှာ ခဏတာမျှပင် တောင့်ခံနိုင်လိုက်ခြင်း မရှိဘဲ လုံးဝဖောက်ထွင်း ဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။

"သတ်စမ်း"

ကျန်းရှို့ကွေး၏ မျက်လုံးများမှာ သွေးများအလား နီရဲနေခဲ့ပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ကောင်းကင်ယံအထိ ပျံ့လွင့်နေတော့သည်၊ သူ၏ လက်ထဲရှိ ဓားရှည်ဖြင့် တစ်ချက် ညွှန်ပြလိုက်ရာ စစ်တပ် တစ်ဖွဲ့မှာ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး မျက်စိရှေ့ရှိ ခံစစ်မျဉ်းကို လုံးဝ ဖောက်ထွင်းပစ်လိုက်တော့သည်။

"ဝုန်း!"

"ဝုန်း!"

"ဝုန်း!"

ကျန်းရှို့ကွေး၏ ကွပ်ကဲမှု အောက်တွင် မဟာထန်စစ်တပ်ကြီး နှစ်သိန်းခန့်မှာ ဒီရေများအလား အဆက်မပြတ် လှုပ်ရှားနေကြပြီး၊ တိုက်ခိုက်မှု၊ တိုက်ခိုက်မှု၊ ထပ်မံ တိုက်ခိုက်မှုများကိုသာ အဆက်မပြတ် ပြုလုပ်နေကြသည်။ ခုခံမှု ရှိသည့် နေရာတိုင်းသို့ ကျန်းရှို့ကွေးက တိုက်ခိုက်ရေး တပ်ဖွဲ့များကို စေလွှတ်လိုက်တော့သည်။

ရှုံးနိမ့်ခြင်း!

ရှုံးနိမ့်ခြင်း!

ရှုံးနိမ့်ခြင်း!

ကျန်းရှို့ကွေး၏ တိုက်ခိုက်မှု အောက်တွင် တဟုန်ထိုး ပြေးဝင်လာသော နိုင်ငံအသီးသီး၏ စစ်တပ်များမှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ ကြေမွသွားကြရတော့သည်။

ဤထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှုကြီးတွင် ကျန်းရှို့ကွေးသည် မည်သည့် စစ်ဗျူဟာနှင့် စစ်ကြောင်း များကိုမျှ အသုံးမပြုခဲ့ပါချေ၊ စစ်တပ်ကြီးကို အဆက်မပြတ် တိုက်ခိုက်ရန်၊ တိုက်ခိုက်ရန်နှင့် ထပ်မံတိုက်ခိုက်ရန်သာ အမိန့်ပေးနေခဲ့ပြီး ထိုအရာကပင် ဤ မဟာမိတ်တပ်ဖွဲ့ စစ်တပ်ကြီးကို လုံးဝရှုံးနိမ့်သွားစေခဲ့ပြီ ဖြစ်သည်။

"မဟာထန်ရဲ့ ကျောက်တိုင်ကြီးလို့ ခေါ်ဆိုထိုက်တာပဲ!"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အနောက်ဘက်ရှိ ဝမ်ချောင်၏ရင်ထဲ၌ အလွန်ပင် ခံစားချက်များ ပြည့်နှက်သွားစေတော့သည်။

‘ဂျင်းဟောင်းက ပိုစပ်တယ်’ ဆိုသည့်အတိုင်း ကျန်းရှို့ကွေးမှာ အမှန်တကယ်ပင် မဟာထန်စစ်တပ်၏ ခေါင်းဆောင်ကြီး ဖြစ်ပြီး၊ ဝမ်ကျုံးစစ်နှင့် တန်းတူ ရပ်တည်နိုင်သူ တစ်ဦး ဖြစ်ပေသည်။ လပိုင်းလောက် စိတ်ပျက်အားငယ်စွာ နေထိုင်ခဲ့ရမှုများက သူ့အား လုံးဝကျဆင်းသွားစေခြင်း မရှိခဲ့ရုံ သာမကဘဲ ယခင်ကထက် ပိုမိုကြောက်မက်ဖွယ် ကောင်းလှသော တိုက်ရည်ခိုက်ရည်များကိုပါ ပေါက်ကွဲထွက်ပေါ်လာစေခဲ့သည်။

အပြင်ပန်း၌ ကြည့်မည်ဆိုပါက ကျန်းရှို့ကွေးသည် စစ်တပ်ကြီးကို အဆက်မပြတ် တိုက်ခိုက်ရန်သာ အမိန့်ပေးနေပြီး လုံးဝအသိဉာဏ်မဲ့သော လူမိုက် တစ်ဦးအလား မည်သည့် နည်းစနစ်မျှ မရှိသလို ဖြစ်နေပါသော်လည်း၊ လက်တွေ့တွင်မူ ဤကဲ့သို့သော ရိုးရှင်းပုံရသည့် ကွပ်ကဲမှု နောက်ကွယ်တွင် စစ်မြေပြင် တစ်ခုလုံး၏ အခြေအနေများကို အလွန်ပင် ထက်မြက်စွာ သိမြင်နိုင်စွမ်း ရှိနေခြင်းပင် ဖြစ်သည်။

စစ်တပ်ကြီးကို ဦးဆောင်ကာ တိုက်ခိုက်ရန် ရွေးချယ်လိုက်သော နေရာနှင့် ဒေသ အားလုံးမှာ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ အားနည်းဆုံးသော နေရာများချည်းသာ ဖြစ်နေတော့သည်။

နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့များအနေဖြင့် မည်မျှပင် ညှိနှိုင်းဆောင်ရွက်ကြပါစေ၊ နိုင်ငံအသီးသီး၏ စစ်တပ်များကြားတွင်မူ ဟာကွက်များ သေချာပေါက် ပေါ်ထွက်လာမည်သာ ဖြစ်သည်။ ကျန်းရှို့ကွေးက ဤအချက်ကို ထက်မြက်စွာ ဆုပ်ကိုင်နိုင်ခဲ့ပြီး အဆက်မပြတ် တိုက်ခိုက်ခြင်းဖြင့် နိုင်ငံအသီးသီးကြားရှိ ဖရိုဖရဲ ဖြစ်မှုများနှင့် ဟာကွက်များကို အဆက်မပြတ် ပိုမိုကြီးမားလာစေခဲ့ခြင်းပင် ဖြစ်သည်။

ထို့ပြင် ဝမ်ချောင်က သူ့ထံသို့ စေလွှတ်ပေးလိုက်သူများမှာ မူလကတည်းက အထက်တန်းလွှာများ ဖြစ်ကြရာ၊ အထက်တန်းလွှာ တပ်ဖွဲ့များဖြင့် ပြိုင်ဘက်၏ အားနည်းဆုံးသော နေရာများကို တိုက်ခိုက်ခြင်းက အားထုတ်မှု တစ်ဝက်ဖြင့် ရလဒ် နှစ်ဆ ရရှိစေနိုင်ပေသည်။

ထို့ကြောင့် နိုင်ငံအသီးသီး၏ စစ်တပ်ကြီးများ အနေဖြင့် သေချာပေါက် တားဆီးနိုင်စွမ်း မရှိကြခြင်းပင်။

"ဝုန်းခနဲ!"

မဟာထန်စစ်တပ်ကြီး နှစ်သိန်းခန့်မှာ စိတ်ဓာတ်များ အလွန်ပင် မြင့်တက်နေခဲ့ပြီး၊ ကျန်းရှို့ကွေးသည် မြင်းတပ်များကိုပင် အများကြီး ထုတ်မသုံးလိုက်ရဘဲ သူတို့ အားလုံးကို လုံးဝ အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ပြီ ဖြစ်သည်။

မျက်နှာချင်းဆိုင်တွင်မူ နိုင်ငံအသီးသီး၏ စစ်တပ်များ အားလုံး၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြရပြီး၊ အထူးသဖြင့် အန်းလုရှန်းနှင့် ယိုကျိုး ဗိုလ်ချုပ်များ အားလုံး၏ မျက်နှာများမှာ အလွန်ပင် ပျက်ယွင်းနေတော့သည်။

ရှောင်ဟူတပ်ဖွဲ့မှာ လုံးဝအမြစ်ပြတ်သွားခဲ့ပြီ ဖြစ်ရာ၊ ကျန်းရှို့ကွေးမှာ သွားကျိုးနေသော ကျားအိုကြီး တစ်ကောင်အလား ကြီးမားလှသော ခြိမ်းခြောက်မှု မရှိတော့ဘူးဟု လူတိုင်းက မူလက တွေးတောထားခဲ့ကြသည်။ သို့သော် မည်သူမျှ မထင်မှတ်ထားခဲ့သည်မှာ နာကျည်းမှုများ၏ တွန်းအားပေးမှု အောက်တွင် ကျန်းရှို့ကွေးမှာ သူ၏ အမြင့်ဆုံး အချိန်တုန်းကထက်ပင် များစွာပိုမိုကြောက်မက်ဖွယ် ကောင်းနေခြင်းပင် ဖြစ်တော့သည်။

ဤမြင်ကွင်းကို ကြည့်ရင်း အန်းလုရှန်း မှာ အလွန်ပင် ထိတ်လန့်ကြောက်ရွံ့နေတော့သည်။

"ထျန်းချန်ကျန်း တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး၊ ငါ့ အမိန့်ကို ပေးလိုက်စမ်း၊ ချွေချန်းယုံ၊ ကျောက်ကန်း၊ ပိုင်ကျန်ထော်လော့တို့ အားလုံးကို အကုန် သွားတိုက်ခိုင်းလိုက်!"

အန်းလုရှန်းက အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီးဖြင့် စကားဆိုလိုက်သည်။

ကျန်းရှို့ကွေးမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူ့ကိုသာ မသတ်နိုင်ပါက အန်းလုရှန်း အနေဖြင့် အစားမဝင် အိပ်မပျော် ဖြစ်နေရပေလိမ့်မည်။

"သခင်ကြီး... စိတ်မလောပါနဲ့"

ထိုအချိန်မှာပင် တိုးညှင်းလှသော အသံတစ်ခုမှာ နားဘေးမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး၊ ကောင်းရှန်းက ရုတ်တရက် ရှေ့သို့ တိုးလာကာ တိုးညှင်းစွာ ဆိုလိုက်သည်။ ထိုအေးဆေးတည်ငြိမ်လှသောအသံက အန်းလုရှန်းကို ချက်ချင်းပင် အနည်းငယ် သတိပြန်ဝင်လာစေခဲ့သည်။

ကျန်းရှို့ကွေးက အန်းလုရှန်း၏ ရင်ထဲ၌ ချန်ထားခဲ့သော အရိပ်မည်းကြီးမှာ အလွန်ပင် နက်ရှိုင်းလွန်းလှရာ ဤအချက်ကိုမူ ကောင်းရှန်း ပင်လျှင် ပြောင်းလဲနိုင်စွမ်း မရှိပါချေ။

"နိုင်ငံအသီးသီး ကလည်း စတင် လှုပ်ရှားနေကြပြီ၊ သခင်ကြီးအနေနဲ့ ကျန်းရှို့ကွေးကို ကိုင်တွယ်ချင်တယ်ဆိုရင် ချွေချန်းယုံကို စစ်တပ်တစ်ဖွဲ့ပေးပြီး သွားတိုက်ခိုင်းလိုက်ရင် ရပါပြီ"

လက်ရှိအချိန်တွင် ကျန်းရှို့ကွေးအပေါ်သို့ စစ်အင်အား အများအပြား အသုံးပြုခြင်းကို ကောင်းရှန်း၏ရင်ထဲ၌ အမှန်တကယ်ပင် သဘောမတူပါသော်လည်း၊ အကယ်၍ ကျန်းရှို့ကွေးကို ဖိနှိပ်ရန် နည်းလမ်း မရှာဘဲ အန်းလုရှန်း၏ရင်ထဲရှိ ဤကြောက်ရွံ့မှုများကို မဖယ်ရှားပေးနိုင်ပါက စိတ်လောနေသော အန်းလုရှန်းကြောင့် စစ်တပ်အတွက် ပိုမိုကြီးမားလှသော ဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်၏။

ကောင်းရှန်း၏ စကားများက နောက်ဆုံးတွင် အကျိုးသက်ရောက်မှု ရှိသွားခဲ့ပြီး အန်းလုရှန်းက ခေါင်းကို မော့ကာ တစ်ချက် ဝေ့ကြည့်လိုက်ရာ၊ စစ်မြေပြင်တွင် ယိုကျိုး စစ်တပ်များအပြင် အခြားသော နိုင်ငံအသီးသီး၏ စစ်တပ်များကလည်း ကျန်းရှို့ကွေးရှိရာ အရပ်ဆီသို့ ရွေ့လျားနေကြသည်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရသည်။

ကျန်းရှို့ကွေး၏ စစ်တပ် နှစ်သိန်း တစ်ခုတည်းကပင် နိုင်ငံအသီးသီး၏ စစ်အင်အား ရှစ်သိန်းကျော်ခန့်ကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး၊ အဝေးဆီသို့ လှမ်းကြည့်လိုက်မည်ဆိုပါက ကျန်းရှို့ကွေးစတင် တိုက်ခိုက်သည့်အချိန်၌ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးများမှာ နားလည်မှုရှိစွာဖြင့် ဧရာမ ပိုက်ကွန်ကြီး တစ်ခုကို ဖွဲ့စည်းလိုက်ကြကာ ကျန်းရှို့ကွေးဦးဆောင်သော စစ်တပ်ကြီးကို ဝိုင်းဝန်း ပိတ်ဆို့ရန် ကြိုးစားနေကြပြီ ဖြစ်သည်။

ကျန်းရှို့ကွေး၏ အရည်အချင်းမှာ အလွန်ပင် အစွမ်းထက်လှသည် ဆိုသော်ငြားလည်း နိုင်ငံအသီးသီးတွင်လည်း စစ်ဗျူဟာ ကျွမ်းကျင်သော နာမည်ကြီး ဗိုလ်ချုပ်များ မရှားပါချေ။ ကျန်းရှို့ကွေးမှာ တိုက်ပွဲအတွင်း အာရုံစိုက်နေသည့် အချိန်ကို အခွင့်ကောင်းယူကာ သင့်လျော်သော အပြောင်းအလဲများနှင့် စီမံခန့်ခွဲမှုများကို လျင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့ကြခြင်းပင်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အန်းလုရှန်းမှာ နောက်ဆုံးတွင် ပြန်လည်တည်ငြိမ်သွားတော့သည်။

"အခုတော့ သံမဏိမြင်းစီးဗိုလ်ချုပ် ပိလဲ့လီ ဘက်ကိုပဲ အားကိုးရတော့မယ်"

ကောင်းရှန်းက ရင်ထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်သည်။

အမျက်ဒေါသဖြင့် တိုက်ခိုက်သော စစ်တပ်သည် သေချာပေါက် အနိုင်ရစမြဲ ဖြစ်သည်။

လက်စားချေလိုသော ဒေါသမီးတောက်များ အတွင်း၌ နစ်မြုပ်နေသည့် ကျန်းရှို့ကွေးမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထို့ပြင် သူက နိုင်ငံအသီးသီး အကြောင်းကိုလည်း အလွန်ပင် သေချာစွာ သိရှိထားလွန်းလှရာ အချိန်တိုလေး အတွင်းမှာတော့ သူ့ကို သတ်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်ပါချေ။ ထို့ကြောင့် အခြားတစ်ဖက်ကိုသာ မျှော်လင့်ရတော့မည် ဖြစ်၏။

အခြားသော အရပ်မျက်နှာ တစ်ခုတွင်မူ ဝံပုလွေ တပ်ဖွဲ့၊ နေမင်းလိုက် သံချပ်ကာမြင်းတပ်၊ ယိုရင် သံချပ်ကာမြင်းတပ်တို့မှာ အရပ်မျက်နှာ သုံးခုမှနေ၍ အာပုစစ်၏ ထုံလော့သံချပ်ကာမြင်းတပ် ကို ညှပ်ပိတ် တိုက်ခိုက်ရန် လာနေကြပြီ ဖြစ်သည်။ ထိပ်တန်း တပ်ဖွဲ့သုံးဖွဲ့နှင့် စစ်တပ် သုံးလေးသိန်းခန့် ပူးပေါင်းလိုက်မည်ဆိုပါက ထုံလော့သံချပ်ကာမြင်းတပ်ကို အောင်မြင်စွာ ဖျက်ဆီးနိုင်မည်ဖြစ်ပြီး၊ ၎င်းမှတစ်ဆင့် မဟာထန်၏ ခံစစ်မျဉ်းကိုပါ အလွယ်တကူ ဖောက်ထွင်းနိုင်မည် ဖြစ်ကာ၊ အခြားသော မြို့ရိုး အက်ကြောင်း နှစ်ခုမှတစ်ဆင့် ခံတပ်အတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်၏။

ဤသို့ဆိုလျှင် ကျန်းရှို့ကွေးက မည်မျှပင် ရဲရင့်နေပါစေ။ တစ်ယောက်တည်းဖြင့် စစ်ပွဲ တစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲနိုင်စွမ်း ရှိတော့မည် မဟုတ်ပါချေ။

သို့မဟုတ်ပါကလည်း နောက်တစ်ဆင့်အနေဖြင့် သံမဏိမြင်းစီးဗိုလ်ချုပ် ပိလဲ့လီ နှင့် ထျန်းချန်ကျန်းတို့အနေဖြင့် အားလပ်သွားသည့် အချိန်တွင် အနောက်ဘက်မှနေ၍ ကျန်းရှို့ကွေးဆီသို့ ပြန်လည် လှည့်ပတ်တိုက်ခိုက်နိုင်မည်ဖြစ်ပြီး၊ သံချပ်ကာမြင်းတပ် သုံးဖွဲ့၏ ခွန်အားဖြင့်ဆိုပါက ကျန်းရှို့ကွေး၏ စစ်တပ်ကြီးကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် လုံလောက်လှပေသည်။

"ဝမ်ချောင်... နောက်ပိုင်း ကိစ္စတွေကိုတော့ မင်း ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့!"

ကောင်းရှန်း က တိတ်တဆိတ် ရေရွတ်လိုက်သည်။

အာပုစစ်နှင့် ကျန်းရှို့ကွေးနှစ်ဦးစလုံးမှာ ကြောက်ရွံ့စရာ လုံးဝမလိုပါချေ၊ ကောင်းရှန်းကို အမှန်တကယ် စိုးရိမ်သွားစေသူမှာ အနောက်ဘက်ရှိ မြင့်မားလှသော စစ်အလံကြီးအောက်တွင် မတ်မတ်ရပ်နေလျက် ယခုအချိန်အထိ တစ်ချက်မျှ လှုပ်ရှားခြင်း မရှိသေးသော ဝမ်ချောင်ပင် ဖြစ်တော့သည်။

အာပုစစ်ဖြစ်စေ၊ ကျန်းရှို့ကွေးဖြစ်စေ နောက်ဆုံးတွင်မူ သူတို့ အားလုံးမှာ ဝမ်ချောင်၏ စစ်ဗျူဟာများကို အကောင်အထည် ဖော်နေကြခြင်းသာ ဖြစ်၏။

အထူးသဖြင့် ကျန်းရှို့ကွေးမှာ ဝမ်ချောင်၏ ဝင်ရောက် စွက်ဖက်မှုသာ မရှိခဲ့ပါက ဤယခင် အန်းတုံး ကာကွယ်ရေးဗိုလ်ချုပ်မှာ အစောကြီးကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဝမ်ချောင်က သူ့ကို ချန်းကျိုးသို့ တိတ်တဆိတ် ခေါ်ဆောင်လာခဲ့ခြင်းမှာ သူတို့အားလုံးကို ကိုင်တွယ်ရန်အတွက်ပင် ဖြစ်တော့သည်။

သို့သော်လည်း ဝမ်ချောင်တွင် မိမိ မသိရှိသေးသော လျှို့ဝှက်လက်နက်အချို့ ရှိနေသေးသည်ဟု ကောင်းရှန်း၏ ရင်ထဲ၌ အမြဲတမ်း ပြင်းထန်သော ခံစားချက် တစ်ခု ရှိနေခဲ့သည်။ ခန့်ညားထည်ဝါလှသော မျိုးနွယ်ခြားဘုရင်၊ အလယ်ပိုင်းဒေသ၏ အစွမ်းအထက်ဆုံးသော စစ်နတ်ဘုရားတစ်ဦးအနေဖြင့် ဤမျှလောက် နည်းလမ်းလေးသာ ရှိလိမ့်မည်တော့ မဟုတ်ပါချေ။

ခဏတာ အချိန်တိုလေး အတွင်းမှာတော့ ဝမ်ချောင်၏ နည်းလမ်းများက အတိအကျ ဘာဖြစ်မည်ဆိုတာကို သူ စဉ်းစားလို့ မရသေးခြင်းသာ ဖြစ်၏။

******

All Chapters