အခန်း ၂၁၉၄
Vol. 136 Ch. 2194
အခန်း (၂၁၉၄) ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့်မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်
အင်ပါယာ ဧကရာဇ် နှစ်ဦးစလုံးမှာ အလောင်းများ တောင်ပုံရာပုံနှင့် သွေးပင်လယ်ကြီးများ အကြားမှနေ၍ ကျော်ကြားလာခဲ့သူများ ဖြစ်ကြရာ အတွေ့အကြုံများမှာ အလွန်ပင် ကြွယ်ဝလှပြီး၊ တုံ့ပြန်မှုများမှာလည်း အလွန်ပင် မြန်ဆန်လှပေသည်။ သို့သော်လည်း သမိုင်းတွင် တစ်ခါမျှ မပေါ်ပေါက်ဖူးသေးသော ပြိုင်ဘက်မျိုးဖြစ်သည့် ဝမ်ချောင်ကို ရင်ဆိုင်ရသည့် အခါတွင်မူ နောက်ဆုံး၌ ခြေတစ်လှမ်း နောက်ကျသွားခဲ့ရသည်။
ဝမ်ချောင်က ကော်ကျစ်ရီနှင့် အခြားသူများကို မဟာစစ်အစီအရင်အား စတင်ရန် အမိန့်ပေးခဲ့ခြင်းမှာ အပြင်ပန်းတွင် မြင်တွေ့ရသကဲ့သို့ ရိုးရှင်းပြီး ပေါ့ပေါ့ဆဆ လုပ်ဆောင်ခဲ့ခြင်း လုံးဝ မဟုတ်ပါချေ။
ကော်ကျစ်ရီနှင့် အခြားသူများ ထွက်ခွာသွားခဲ့သည့် အချိန်ကတည်းက ထိုမဟာစစ်အစီအရင်၏စတင်မှုကို မည်သူကမျှ တားဆီးနိုင်တော့မည် မဟုတ်ကြောင်း အစောကတည်းက သတ်မှတ်ပြီးသား ဖြစ်နေခဲ့ပြီ၊ ဝူဆူမစ်ရှ် ခါဂန်းနှင့် အခြားသူများ အနေဖြင့် အရှိန်အပြည့်ဖြင့် ပြေးဝင်လာကြသည် ဆိုလျှင်တောင်မှ တားဆီးနိုင်စွမ်း လုံးဝရှိမည် မဟုတ်ပါချေ။
လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး ကောင်းကင်နှင့် မြေကြီးပင်လျှင် ဆုတ်ဖြဲခံလိုက်ရသည့်အလား ဖြစ်နေတော့သည်။ မရေမတွက်နိုင်သော လူများ၏ အကြည့်များ အောက်တွင် လေထဲ၌ မူလက ဝေဝါးနေခဲ့သော ပုံရိပ်ယောင်များမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရုတ်တရက် အလွန်အမင်း ပီပြင်လာတော့သည်။ ထိုအခိုက်အတန့်၌ ထိုအရာက အတိအကျ ဘာလဲ ဆိုတာကို လူတိုင်း နောက်ဆုံးတွင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။
ထိုအရာမှာ ရှေးဟောင်း နတ်ဘုရား နှင့် မိစ္ဆာတို့၏ စစ်မြေပြင်ကြီး တစ်ခုပင် ဖြစ်တော့သည်။
တလိမ့်လိမ့် ထွက်ပေါ်နေသော တိမ်မည်းများနှင့် မြူခိုးများ အကြား၌ အလွန်ပင် ခန့်ညားထည်ဝါပြီး တောင်တန်းကြီးများအလား ကြီးမားလှသော နတ်ဘုရားများ၊ မိစ္ဆာများ၏ အလောင်းများမှာ ဖရိုဖရဲ လဲကျနေကြကာ ပြည့်နှက်နေပြီး ဤစစ်မြေပြင်ကြီး တစ်ခုလုံးတွင် ပြန့်ကျဲနေတော့သည်။ ဤ နတ်ဘုရား နှင့် မိစ္ဆာများထဲတွင် အချို့မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိကြပြီး၊ အချို့မှာ လူခေါင်းနှင့် သားရဲကိုယ်လုံး ရှိကြကာ၊ အချို့မှာ မင်ရည်များအလား နက်မှောင်နေပြီး အလွန်ပင် ရက်စက်ကြမ်းတမ်းလှသည်။ အချို့မှာမူ ရွှေများအလား တောက်ပ လင်းလက်နေကြသည်။
သူတို့၏မျက်နှာအမူအရာများမှာ ကြောက်မက်ဖွယ် ကောင်းနေကြပြီး အချို့မှာ ရက်စက်ကြမ်းတမ်းသည့်အသွင် ရှိကြကာ၊ အချို့မှာ နတ်ဘုရား သံချပ်ကာ များကို ဆင်မြန်းထားကြပါသော်လည်း သံချပ်ကာအောက်ရှိ ခန္ဓာကိုယ်များမှာ အစောကြီးကတည်းက ပုပ်သိုးဆွေးမြည့်နေခဲ့ပြီဖြစ်ကာ အရိုးဖြူဖြူများပင် ပေါ်ထွက်နေတော့သည်။ အချို့မှာမူ မြင်းငါးကောင်ဖြင့် ဆွဲဖြဲခံလိုက်ရသည့်အလား ခြေလက်များနှင့် ဦးခေါင်းများမှာ အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်ပြုတ်ကျနေတော့သည်။
ဤ ဧရာမ နတ်ဘုရား နှင့် မိစ္ဆာ စစ်မြေပြင်ကြီး အတွင်း၌ ရွှေရောင် သို့မဟုတ် အနက်ရောင် သွေးများမှာ မြစ်များအလား စီးဆင်းနေကြရာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း တစ်ချိန်တည်းမှာပင် လှပလွန်းနေတော့သည်။
မရေမတွက်နိုင်သော ဧရာမ နတ်ဘုရား နှင့် မိစ္ဆာ လက်နက်များ ဖြစ်ကြသည့် ဓား၊ ဓားရှည်၊ သံကြိုး၊ လှံရှည်၊ စစ်အလံများမှာ... အလွန် ထက်မြက်သော အရာတစ်ခုခုဖြင့် ခုတ်ပိုင်းခံလိုက်ရသည့်အလား ပျက်စီးနေကြပြီး၊ စစ်မြေပြင် တစ်ခုလုံးနှင့် မရေမတွက်နိုင်သော နတ်ဘုရားနှင့် မိစ္ဆာများ၏ အလောင်းများပေါ်တွင် စိုက်ဝင်နေကြတော့သည်။
ဤစစ်မြေပြင်၏ အလယ်ဗဟို၌ ကြောက်မက်ဖွယ်ကောင်းပြီး ဦးရေပြားကိုပင် ထုံကျင်သွားစေသော လျှပ်စီးများ ဆုတ်ဖြဲသံကြီး တစ်ခုနှင့်အတူ၊ မြူခိုးများနှင့် တိမ်မည်းများ အထူထပ်ဆုံးသော စစ်မြေပြင် အလယ်ဗဟို နေရာတွင် နတ်ဘုရားနှင့် မိစ္ဆာ စစ်မြေပြင် တစ်ခုလုံး၌ အကြောက်မက်ဖွယ် အကောင်းဆုံးသော အရာတစ်ခုကို လူတိုင်း နောက်ဆုံးတွင် မြင်တွေ့လိုက်ရတော့သည်။
ထိုအရာမှာ အရှည် ပေ ထောင်နှင့်ချီ ရှိပြီး ဓားသွား အောက်သို့ စိုက်နေကာ၊ ရွှေရောင် သို့မဟုတ် အနက်ရောင် နတ်ဘုရားနှင့်မိစ္ဆာ သွေးများ အဆက်မပြတ် ယိုစီးကျနေသော ထက်မြက်လှသည့် ဓားရှည်ကြီး တစ်စင်းပင် ဖြစ်တော့သည်။
ဓားရှည်ကြီး၏အောက်ခြေတွင် မရေမတွက်နိုင်သော ပျက်စီးနေသည့် နတ်ဘုရား လက်နက် အပိုင်းအစများ ပြန့်ကျဲနေပြီး၊ နတ်ဘုရားနှင့်မိစ္ဆာ အလောင်းများမှာ တောင်ပုံရာပုံ ဖြစ်နေကာ၊ အသက်မဲ့နေသော မျက်လုံးပေါက်ကြီးများဖြင့် ကောင်းကင်ယံကို မော့ကြည့်နေကြရာ အလွန်အမင်း သေခြင်းတရားနှင့် ကြောက်ရွံ့မှုများ ထွက်ပေါ်နေတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတိုင်း ချက်ချင်း နားလည်သွားကြတော့သည်။ ဤနတ်ဘုရားများနှင့်နတ်ဘုရား လက်နက်များကို ခုတ်ပိုင်း ဖျက်ဆီးပြီး ဤရှေးဟောင်း စစ်မြေပြင်ကြီးကို ဖန်တီးခဲ့သည်မှာ ဤ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား ဓားရှည်ကြီး ပင် ဖြစ်တော့သည်။
ဤရှေးဟောင်းနှင့် ကြီးမားလှသော နတ်ဘုရားနှင့်မိစ္ဆာ စစ်မြေပြင်ကြီးမှာ စစ်မြေပြင်၏ ကောင်းကင်ယံ၌ အပြည့်အဝ ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင် အချိန်များပင်လျှင် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
လူတိုင်းမှာ ဤခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းလှသော မြင်ကွင်းကြောင့် မှင်တက်သွားကြရတော့သည်။
"အဲဒါ ဘာကြီးလဲ"
ဤအခိုက်အတန့်၌ လူတိုင်း၏မျက်ဝန်းထဲတွင် နက်ရှိုင်းလှသော အံ့ဩထိတ်လန့်မှုများ ပေါ်ထွက်လာတော့သည်။
မူလက ဝမ်ချောင်ဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့ကြသော ဝူဆူမစ်ရှ် ခါဂန်းနှင့် ယွန်းဂျယ်စိုးမွန်းတို့ပင်လျှင် နက်ရှိုင်းလှသော တုန်လှုပ်မှုကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။
သူတို့ နှစ်ဦးစလုံးမှာ အတွေ့အကြုံ ကြွယ်ဝလှသူများ ဖြစ်ကြရာ၊ စစ်အစီအရင် ကောင်းကင်ဖြစ်စဉ်မှာ ဝမ်ချောင်မတိုင်မီကတည်းက ပျောက်ဆုံးနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး နှစ်ပေါင်း ထောင်နှင့်ချီကာ မည်သူမျှ အသုံးမပြုခဲ့ဖူးတော့သည် ဆိုသော်ငြားလည်း၊ အနည်းနှင့်အများ ဆိုသလို မှတ်တမ်းအချို့ ကျန်ရစ်နေဆဲပင် ဖြစ်သည်။ သို့သော် ဤဧရာမ နတ်ဘုရားနှင့်မိစ္ဆာ စစ်မြေပြင်ကြီး၊ မရေမတွက်နိုင်သော နတ်ဘုရားနှင့်မိစ္ဆာ အလောင်းများနှင့် ထိုကြောက်မက်ဖွယ်ကောင်းသော ဓားရှည်ကြီး...
အရာရာတိုင်းမှာ လူတိုင်း၏တွေးတောနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
"မဖြစ်နိုင်ဘူး။ ပုရွက်ဆိတ်လို သေးငယ်တဲ့ သာမန်လူသားတွေက ဘယ်လိုလုပ်ပြီး ဒီလိုအရာမျိုးကို တတ်နိုင်မှာလဲ"
ဤအခိုက်အတန့်၌ အံ့ဩထိတ်လန့်ဆုံးသော သူမှာ အနောက်တန်းရှိ ရှန့်ကုန်းအကြီးအကဲပင် ဖြစ်တော့သည်။
နိုင်ငံကြီး အတော်များများ ပါဝင်ပတ်သက်နေပြီး စစ်အင်အား သန်းနှင့်ချီ စုစည်းနေသော ဤ သာမန် လူသားများ၏ စစ်ပွဲကြီးနှင့် ပတ်သက်၍၊ ရှန့်ကုန်းအကြီးအကဲမှာ အမြဲတမ်း ဘေးမှနေ၍သာ ကြည့်ရှုနေခဲ့ပြီး အထင်သေးလှောင်ပြောင်သော သဘောထားမျိုးသာ ရှိနေခဲ့သည်။
အမြင့်ဆုံး နေရာတွင် ရှိနေသော နတ်ဘုရား တစ်ပါးအနေဖြင့် ဤ လူသားများ အချင်းချင်း ဖြစ်ပွားနေသော စစ်ပွဲကြီးကို အဘယ်ကြောင့် ဂရုစိုက်နေရန် လိုအပ်မည်နည်း။
နောက်ဆုံးတွင် အရာရာတိုင်းကို နောက်ကွယ်မှနေ၍ နတ်ဘုရားများက လမ်းညွှန်နေခြင်းသာ ဖြစ်သည်။
မျက်စိရှေ့ရှိ သာမန် လူသားအားလုံးမှာ စစ်တုရင် နယ်ရုပ်လေးများ သက်သက်သာ ဖြစ်၏။
သို့သော် ထိုမဟာထန်စစ်အစီအရင်ကြီး ထွက်ပေါ်လာသည့်အခါတွင်မူ ရှန့်ကုန်းအကြီးအကဲ၏ သိရှိနားလည်ထားမှုများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်တော့သည်။
စစ်အစီအရင် ကောင်းကင်ဖြစ်စဉ် ဆိုသည်မှာ ကောင်းကင်ဖြစ်စဉ် သက်သက်သာ ဖြစ်ပြီး၊ နတ်ဘုရားများနှင့်မိစ္ဆာများ၏ ပုံရိပ်ယောင်များ လုံးဝ မပေါ်ထွက်လာသင့်ပါချေ။
နတ်ဘုရားနှင့်မိစ္ဆာကဲ့သို့သော အရာများမှာ ပုံရိပ်ယောင် သက်သက် လုံးဝမဟုတ်သလို တွေးတော စိတ်ကူးယဉ်ရုံ သက်သက်ဖြင့်လည်း ပြီးမြောက်နိုင်မည် မဟုတ်ပါချေ။
ဤသည်မှာ မျက်နှာချင်းဆိုင်ရှိ ထိုမဟာထန်လူငယ်လေး အသုံးပြုလိုက်သော စွမ်းရည်မှာ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ အခြားသော စစ်အစီအရင် ကောင်းကင်ဖြစ်စဉ်များ အားလုံးကို အဆများစွာ ကျော်လွန်သွားကာ ခန့်မှန်းရ ခက်ခဲလှသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြသနေပေသည်။ ထိုနေရာမှာ နတ်ဘုရားများနှင့်မိစ္ဆာများ၏ နယ်ပယ်ပင် ဖြစ်တော့သည်။
နတ်ဘုရား အဖွဲ့အစည်းအတွင်း၌ ဖုံးကွယ်ထားသော ပျောက်ဆုံးနေပြီဖြစ်သည့် အစွမ်းထက်သော ရှေးဟောင်း စစ်အစီအရင်များပင်လျှင် ဤအရာနှင့် နှိုင်းယှဉ်နိုင်စွမ်း လုံးဝမရှိပါချေ။
သူသည် စစ်အစီအရင် ကောင်းကင်ဖြစ်စဉ် ပုံကြမ်းများစွာကို မြင်တွေ့ခဲ့ဖူးပါသော်လည်း ဤကဲ့သို့သော ပုံရိပ်ယောင်မျိုး ပါဝင်သည့် စစ်အစီအရင် ကောင်းကင်ဖြစ်စဉ်ကိုမူ တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပါချေ။ သူ သိရှိထားသမျှ မည်သည့် မှတ်တမ်းများတွင်မျှ ဤကဲ့သို့သော အကြောင်းအရာမျိုး လုံးဝ မရှိခဲ့ပါချေ။
ဤသည်မှာ လုံးဝ ပုံမှန်ဖြစ်စဉ်တစ်ခု မဟုတ်ပါချေ။
သာမန် လူသား တစ်ဦးအနေဖြင့် နတ်ဘုရား ထက်ပင် အစွမ်းထက်သော ခွန်အားကို လုံးဝ မပိုင်ဆိုင်သင့်ပါချေ။
ဤအခိုက်အတန့်၌ ရှန့်ကုန်းအကြီးအကဲမှာ အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီး ယခင်ကဲ့သို့ တည်ငြိမ်မှုများ လုံးဝမရှိတော့ပေ။
ဘေးနားရှိ အန်းလုရှန်းနှင့်ကောင်းရှန်းတို့မှာလည်း ရှန့်ကုန်းအကြီးအကဲကို ကြည့်ရင်း ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်နေကြတော့သည်။
အဝေးဆီရှိ စစ်အစီအရင် ကောင်းကင်ဖြစ်စဉ်က ဘာကို ကိုယ်စားပြုသလဲ ဆိုတာကို သူတို့ နှစ်ဦး နားမလည်ကြပါသော်လည်း၊ သူတို့ ဘေးနားရှိ နတ်ဘုရား အဖွဲ့အစည်းထဲမှ အလွန်ပင် မာနထောင်လွှားလှသော ဤရှန့်ကုန်းအကြီးအကဲကိုမူ ကောင်းကောင်း နားလည်ထားကြသည်။
ထိုက်ရှီက တစ်ခါ ပြောခဲ့ဖူးသည်မှာ ရှန့်ကုန်းအကြီးအကဲ၏ အသိပညာမှာ အလွန်ပင် ကျယ်ပြန့်လှပြီး လေ့လာမှုများ အလွန်များပြားလှရာ၊ နတ်ဘုရား အဖွဲ့အစည်း အတွင်းရှိ စစ်ပွဲများနှင့် သက်ဆိုင်သော အရာတိုင်းကို သူ အားလုံးနီးပါး သိရှိထားသည် ဟူ၍ပင်။
သူတို့နှစ်ဦးအနေဖြင့် သူ့အား စတင်သိကျွမ်းကတည်းက ဤကဲ့သို့ အမူအရာ ပျက်ယွင်းသွားသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။
သံသယဖြစ်ဖွယ် မရှိပါဘဲ ဝမ်ချောင်စတင် အသုံးပြုလိုက်သော စစ်အစီအရင် ကောင်းကင်ဖြစ်စဉ်မှာ သူတို့ တွေးတောထားသည်ထက် များစွာပိုမိုကြောက်မက်ဖွယ် ကောင်းနေမည်မှာ သေချာလှပေသည်။
"မြန်မြန်… စစ်အစီအရင်ကို စတင်လိုက်တော့ မဟုတ်ရင် အချိန်မမီတော့ဘူး"
ရှန့်ကုန်းအကြီးအကဲက ရုတ်တရက် သတိပြန်ဝင်လာခဲ့ပြီး အန်းလုရှန်းနှင့်ကောင်းရှန်းတို့ဆီသို့ ပြင်းထန်စွာ အော်ဟစ်လိုက်တော့သည်။ ဤမျှလောက် ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာမျိုးကို သူ၏ကိုယ်ပေါ်တွင် သူတို့ နှစ်ဦး တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပါချေ။
သို့သော်လည်း စစ်မြေပြင်မှာ မျက်တောင်တစ်ခတ်အတွင်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ ရှန့်ကုန်းအကြီးအကဲက မည်မျှပင် ဟောက်နေပါစေ၊ မည်မျှပင် စိုးရိမ်နေပါစေ၊ ကောင်းကင်ယံတွင် ထိုရှေးဟောင်း နတ်ဘုရားနှင့်မိစ္ဆာ စစ်မြေပြင်ကြီး ပေါ်ထွက်လာသည့် အခိုက်အတန့်မှာပင် အရာရာတိုင်းမှာ အဆုံးအဖြတ် ပေးပြီးသား ဖြစ်သွားခဲ့ပြီ ဖြစ်၏။
အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ထိုအခိုက်အတန့်၌ ဝမ်ချောင်က မြင်းပေါ်တွင် မတ်မတ်ရပ်နေလျက် သူ၏မျက်လုံးများမှာ နေမင်းထက်ပင် တောက်ပ လင်းလက်နေခဲ့ပြီး မဟာစစ်အစီအရင် ကြီးကို ချက်ချင်း စတင်လိုက်တော့သည်။
ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်။
ဤကမ္ဘာပျက်ကပ်ခေတ်တွင် နံပါတ်တစ်အဖြစ် အစွမ်းအထက်ဆုံးသော စစ်အစီအရင်ကြီးမှာ ဝမ်ချောင်၏ လက်မှတစ်ဆင့် ဤလောကတွင် ပထမဆုံး အကြိမ်အဖြစ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်တော့သည်။
ယခင်က စစ်အစီအရင် ကြီးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ချိန်တွင် မရေမတွက်နိုင်သော လူများမှာ ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း လူတိုင်းက လျစ်လျူရှုထားခဲ့မိသည်မှာ စစ်အစီအရင်ကြီး၏ခွန်အားက ပိုမိုကြီးမားလေလေ ၎င်းကို အသုံးပြုရန် လိုအပ်သော အခြေအနေများမှာလည်း ပိုမိုခက်ခဲလေလေ ဖြစ်သည် ဆိုသည့် အချက်ကိုပင်။
ဤကမ္ဘာပျက်ကပ်ခေတ်၏ နံပါတ်တစ် စစ်အစီအရင်ကြီးမှာ စစ်အစီအရင် ဆယ်ဂဏန်းခန့်ကို ပေါင်းစပ်ပြီး ပြီးပြည့်စုံအောင် ဖန်တီးထားသော လက်ရာကြီးတစ်ခု ဖြစ်သည်။ မရေမတွက်နိုင်သော လူများ၏ ကြိုးစားအားထုတ်မှုများ ပါဝင်နေပြီး မရေမတွက်နိုင်သော ရှေ့ဆောင် လမ်းပြများမှာ ဤအရာအတွက် အသက်စွန့်ကာ ယွမ်းရှန်(အသက်စွမ်းအား)များ အကုန်အကျခံပြီး သေဆုံးခဲ့ကြရရာ ၎င်း၏စွမ်းအားမှာ မည်မျှ ကြီးမားမည်ကို ခန့်မှန်းကြည့်၍ ရနိုင်ပေသည်။
သို့သော်လည်း ကမ္ဘာပျက်ကပ် ခေတ်တွင် တခြားကမ္ဘာမှ ကျူးကျော်သူများ၏ ဖျက်ဆီးမှုများကြောင့် အလယ်ပိုင်းဒေသမှာ အလွန်ပင် ကြီးမားသော ထိုးနှက်ချက်ကြီးကို ခံခဲ့ရသည်။ လူရည်ချွန်များ ရှားပါးသွားပြီး စစ်အင်အားလည်း မလုံလောက်တော့သဖြင့် ဤစစ်အစီအရင်ကို အသုံးပြုရန် လိုအပ်သော အခြေအနေများကို မဖြည့်ဆည်းနိုင်တော့ဘဲ နောက်ဆုံးတွင် ဤမဟာစစ်အစီအရင် ကြီးမှာ တစ်ကြိမ်မျှပင် မပေါ်ထွက်နိုင်ခဲ့ခြင်းက ကြီးမားလှသော နောင်တကြီး တစ်ခု ဖြစ်ခဲ့ရပေသည်။
တစ်ချိန်တည်းမှာပင် ၎င်းမှာ ဝမ်ချောင်၏ရင်ထဲရှိ နက်ရှိုင်းလှသော နောင်တကြီး တစ်ခုလည်း ဖြစ်ခဲ့ရသည်။
ပြန်လည်မွေးဖွားလာပြီးနောက် ဝမ်ချောင်သည် ဤစစ်အစီအရင်၏ ကံကြမ္မာကို ပြောင်းလဲပစ်လိုခဲ့သည်။ မရေမတွက်နိုင်သော ရှေ့ဆောင်လမ်းပြများ၏ အကောင်းဆုံးသော ပညာရပ်များကို စုစည်းထားပြီး အသက်စွန့် ဖန်တီးထားခဲ့သော ဤအစွမ်းထက်သည့် စစ်အစီအရင်ကြီးကို လူ့လောကတွင် အမှန်တကယ် ပြန်လည်ပေါ်ထွက်လာစေချင်ခဲ့ပြီး ထိုရှေ့ဆောင်လမ်းပြများ၏ အသက်စွန့်မှုများကို အချည်းနှီး မဖြစ်စေချင်ခဲ့ပါချေ။
သို့သော်လည်း ကံမကောင်းစွာဖြင့် အခြေအနေများမှာ အမြဲတမ်း မပြည့်စုံခဲ့ပါချေ။
ဤစစ်အစီအရင်ကို အသုံးပြုရန်အတွက် အလွန်ပင် အစွမ်းထက်လှသော အထက်တန်းလွှာ စစ်သည်များ အများအပြား လိုအပ်သည်။ ကိုယ်ခံပညာနှင့် အခြားသော အဖက်ဖက်မှ တောင်းဆိုချက်များ အလွန်မြင့်မားလှသည်။ ထို့ပြင် အရင်းအမြစ်များစွာကိုလည်း အကုန်အကျ ခံရမည်ဖြစ်ပြီး မန္တန်များ၊ စစ်အစီအရင်များ၊ လက်နက်များ၊ သံချပ်ကာများ အများအပြားကိုလည်း တပ်ဆင်ပေးရမည်ဖြစ်ရာ ဤအရာများမှာ သာမန်လူတစ်ယောက်အနေဖြင့် လုံးဝဖြည့်ဆည်းပေးနိုင်မည့်အရာများ မဟုတ်ပါချေ။
ထို့ပြင် မဟာထန်တွင် စုစုပေါင်း စစ်အင်အား ခြောက်သိန်းသာရှိပြီး ဒေသအသီးသီးတွင် ဖြန့်ကျက်ထားရသေးသည်။ ဝမ်ချောင်အနေဖြင့် ဤကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့်မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင် ကြီးကို အသုံးပြုရန်အတွက် စစ်သည် နှစ်သိန်း လိုအပ်ရာ အောင်မြင်ရန် ဆိုသည်မှာ မည်သို့လျှင် လွယ်ကူပါမည်နည်း။
သာမန် စစ်တပ်များမှာ လိုအပ်ချက်များကို လုံးဝဖြည့်ဆည်းပေးနိုင်စွမ်း မရှိကြပါချေ။
သို့သော်လည်း ဧကရာဇ်သစ် နန်းတက်လာပြီးနောက် မဟာထန်တစ်ခုလုံးတွင် စစ်သည် အများအပြားကို စုဆောင်းခဲ့သည်။ ထို့ပြင် ကြီးမားလှသော ဘဏ္ဍာရေး အထောက်အပံ့များ နှင့် တစ်လောကလုံးရှိ မန္တန် ဆရာများနှင့် စစ်အစီအရင် ဆရာများ အားလုံးကို စုစည်းနိုင်ခဲ့ခြင်းကြောင့် ဝမ်ချောင်အနေဖြင့် နောက်ဆုံးတွင် ဤ ကမ္ဘာပျက်ကပ်ခေတ်၏ နံပါတ်တစ် စစ်အစီအရင် ကြီးကို အမှောင်ထဲမှနေ၍ အလင်းရောင်သို့ ရောက်ရှိလာစေခဲ့ပြီး ယခင်ဘဝက မရေမတွက်နိုင်သော လူများ၏ရင်ထဲရှိ နောင်တကြီးကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။
ကျယ်လောင်စွာ ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ လူတိုင်း တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင်၊ ကြမ်းတမ်းပြီး ပြိုင်ဘက်ကင်းကာ ကြီးမားကျယ်ပြန့်လှသော ခွန်အားကြီးတစ်ခုမှာ မျက်နှာချင်းဆိုင်မှ တဟုန်ထိုး ပြေးဝင်လာသော ဂိုဂူလျောနှင့် အခြား စစ်တပ်ကြီးများဆီသို့ ပြင်းထန်စွာ ဝင်ရောက် ရိုက်ခတ်သွားတော့သည်။
"အားးး!"
မရေမတွက်နိုင်သော သံချပ်ကာမြင်းတပ်များမှာ စစ်အစီအရင်၏ ပံ့ပိုးမှုဖြင့် ဤနေရာဆီသို့ အရှိန်အပြည့်ဖြင့် တဟုန်ထိုး ပြေးဝင်လာနေကြသည်။ သို့သော် နောက်တစ်ခဏတွင် ပုံသဏ္ဌာန်မဲ့သော လေနံရံကြီး တစ်ခုကို ဝင်တိုက်မိသွားသည့်အလား သောင်းနှင့်ချီသော သံချပ်ကာမြင်းတပ်များမှာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြီး တစ်ခုကြောင့် လွင့်စင်သွားကြပြီး လေထဲသို့ မြင့်မားစွာ တက်သွားကြတော့သည်။
ထိုခွန်အားကြီးမှာ အလွန်ပင် ကြီးမားလှသဖြင့် ရိုက်ခတ်ခြင်း ခံလိုက်ရသော သံချပ်ကာမြင်းတပ်များ အားလုံးမှာ လူကောမြင်းပါ သွေးများ ပန်းထွက်ကာ သေဆုံးသွားကြရသည်။ သူတို့၏ ကိုယ်တွင်းရှိ သွေးများမှာ ဓားများဖြင့် ထိုးဖောက်ခံလိုက်ရသည့်အလား ပေါက်ကွဲ ပေါက်ထွက်လာကြပြီး သေဆုံးပုံမှာ အလွန်ပင် သနားစရာ ကောင်းလှပေသည်။
ထိုဒဏ်ရာများမှာ ထောင်နှင့်ချီသော ထက်ရှလှသည့် ဓားများဖြင့် ထိုးဖောက်ခံလိုက်ရသည့်အလားပင်။ ထို့ပြင် ရိုက်ခတ်ခြင်း ခံရသည်မှာ လူသက်သက်သာ မဟုတ်ပါချေ။
"ဝုန်း.."
ဂိုဂူလျော စစ်သည်တစ်ဦးမှာ စစ်မြင်းကို စီးနင်းကာ အရှိန်အပြည့်ဖြင့် ပြေးဝင်လာခဲ့သည်။ ခြောက်ပေ ခုနစ်ပေခန့် အကွာအဝေးသို့ ရောက်ရှိသည့်အခါ မြင်းပေါ်ရှိ ဂိုဂူလျော စစ်သည်မှာ ရုတ်တရက် ခုန်ဆင်းလိုက်ပြီး ပြင်းထန်လှသော အရှိန်အဟုန်၏ တွန်းအားဖြင့် ထိုသံချပ်ကာ စစ်မြင်းကြီးမှာ မဟာထန်စစ်ကြောင်းကြီးဆီသို့ အလွန်မြန်ဆန်လှသော အရှိန်ဖြင့် ဆက်လက် တိုးဝင်သွားတော့သည်။
ထိုဂိုဂူလျောစစ်သည်မှာ အရှိန်ကို အသုံးချကာ မြေပြင်ပေါ်တွင် တစ်ပတ် လိမ့်လိုက်ပြီးနောက် ဓားနှစ်လက်ကို ဖြန့်ကျက်လိုက်ရာ တောက်ပလှသော ဓားရောင် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သားရဲတစ်ကောင်အလား မြေကြီးနှင့် ကပ်လျက် မဟာထန်စစ်တပ်အတွင်းသို့ တဟုန်ထိုး ခုန်ဝင်သွားတော့သည်။
ဤသည်မှာ ဂိုဂူလျော အင်ပါယာ၏တစ်လောကလုံး၌ ကျော်ကြားလှသော ခြေလျင်တပ် နှင့် မြင်းတပ် ပေါင်းစပ် တိုက်ခိုက်ရေး ဗျူဟာပင် ဖြစ်တော့သည်။
ဂိုဂူလျော အင်ပါယာမှာ လယ်ယာစိုက်ပျိုးရေး မျိုးနွယ်စု ဖြစ်သည်။ စစ်သည်တော် အလေ့အထများ ခေတ်စားလာသည့်အချိန်တွင် များသောအားဖြင့် မြေပြင်တိုက်ပွဲများသာဖြစ်ရာ အနီးကပ် တိုက်ပွဲများတွင် အလွန်ပင် ရက်စက်ကြမ်းတမ်းလှသည်။ သို့သော် မြင်းတပ်တိုက်ပွဲများတွင်မူ တာ့ခ်အင်ပါယာ ကဲ့သို့သော မြက်ခင်းပြင် လှည့်လည်သွားလာသူများကို လုံးဝယှဉ်ပြိုင်နိုင်စွမ်း မရှိပါချေ။
ယွန်းဂျယ်စိုးမွန်းမှာ ဂိုဂူလျော မြင်းတပ် စစ်တပ်တစ်ခုကို တည်ထောင်ရန်အချိန်နှင့် ခွန်အား အများအပြား အကုန်အကျခံကာ ကြိုးစားခဲ့ဖူးပါသော်လည်း ဓလေ့စရိုက်များကြောင့် နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့ရသည်။
နောက်ဆုံး မတတ်သာသည့်အဆုံး ယွန်းဂျယ်စိုးမွန်းမှာ ဤစစ်ဗျူဟာကို တီထွင်ခဲ့ရခြင်း ဖြစ်သည်။
တိုက်ခိုက်သည့် အချိန်တွင် ဂိုဂူလျော ခြေလျင်တပ်နှင့်မြင်းတပ်ပေါင်းစပ် စစ်သည်များမှာ အခြားသော မြင်းတပ်များကဲ့သို့ပင် အရှိန်အပြည့်ဖြင့် တိုက်ခိုက်ကြသည်။ သို့သော် နောက်ဆုံး ဝင်တိုက်မည့် အချိန်ရောက်မှသာ လူနှင့်မြင်း ခွဲထွက်သွားကြပြီး မြင်းပေါ်မှနေ၍ ခုန်ဆင်းလိုက်ကြခြင်း ဖြစ်သည်။
ဤနည်းအားဖြင့် စစ်မြင်းမှာ တစ်ဖက်လူ၏ စစ်ကြောင်းအတွင်းသို့ ဝင်ရောက်သွားနိုင်ပြီး တစ်ဖက်လူကို ဖရိုဖရဲ ဖြစ်သွားစေနိုင်ကာ၊ ဂိုဂူလျော စစ်သည်များမှာမူ ထိုအခွင့်အရေးကို အသုံးချကာ တစ်ဖက်လူဆီသို့ ခုန်အုပ် တိုက်ခိုက်နိုင်မည် ဖြစ်သည်။
အောက်ဘက်တွင် မြင်းခြေထောက်များကို ခုတ်ပိုင်းပြီး အထက်ဘက်တွင် ရန်သူများကို ခုတ်ပိုင်းခြင်း ဖြစ်သည်။
ဤစစ်ဗျူဟာကို အသုံးပြုကာ ယွန်းဂျယ်စိုးမွန်းမှာ မြင်းတပ်များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ကို အနိုင်ယူနိုင်ခဲ့ပြီး အရှေ့မြောက်ဘက်ဒေသတွင် အတင်းအကျပ် နေရာတစ်နေရာ ရယူနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
မြင်းတပ်များ တိုက်ခိုက်ရာတွင် အရှိန်အမြင့်ဆုံးသို့ ရောက်ရှိသွားပြီးနောက် စစ်မြင်းပေါ်မှနေ၍ ခုန်ဆင်းခြင်းမှာ အလွန်ပင် အန္တရာယ် များလှပြီး၊ မြင်းတပ်သားကိုလည်း ပြင်းထန်လှသော ရိုက်ခတ်မှုနှင့် ဒဏ်ရာများကို ရရှိစေနိုင်ပေသည်။
သို့သော်လည်း ဂိုဂူလျော စစ်သည်တပ်ဖွဲ့မှာမူအရှိန်ကို အသုံးချကာ ရိုက်ခတ်မှုများကို အဆက်မပြတ် လျှော့ချနိုင်စွမ်းရှိပြီး ဆန့်ကျင်ဘက်အားဖြင့် ထိုအရှိန်ကို အသုံးချကာ မိမိတို့၏ တိုက်ခိုက်မှု စွမ်းအားကိုပင် တိုးမြှင့်နိုင်ကြသေးသည်။
အရှေ့မြောက်ဘက်ရှိ နိုင်ငံအသီးသီးကို လှမ်းကြည့်လိုက်မည်ဆိုပါက ဂိုဂူလျော အင်ပါယာ တစ်ခုတည်းကသာ ဤအချက်ကို အတိုင်းအတာ ကြီးမားစွာဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
******