← Chapters

အခန်း ၂၁၉၅

Vol. 136 Ch. 2195

အခန်း ၂၁၉၅

Vol. 136 Ch. 2195

အခန်း (၂၁၉၅) သူရဲကောင်းများ အားလုံးကို ဖိနှိပ်ထားခြင်း

အမြဲတမ်းလိုလိုပင် ထိုဂိုဂူလျောစစ်သည်မှာ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ မဟာထန်စစ်တပ် အတွင်းသို့ ဝင်ရောက်ပြီး "မြေလိမ့် ဓားသိုင်း"ကို အသုံးပြုကာ မဟာထန်စစ်ကြောင်းများကို လုံးဝ ဖရိုဖရဲ ဖြစ်သွားစေရန် ကြိုးစားလိုက်တော့သည်၊ ဤအရာ အားလုံးမှာ သူ့အတွက် အလွန်ပင် ကျွမ်းကျင်ပြီးသား အလုပ်တစ်ခု ဖြစ်ပေသည်။

သို့သော် ဤအတွေ့အကြုံ ကြွယ်ဝလှသော ဂိုဂူလျော စစ်သည မှာ အနီးသို့ပင် မကပ်ရသေးမီမှာပင်….

ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြီး တစ်ခုက သူ၏ခန္ဓာကိုယ် အတွင်းသို့ ပြင်းထန်စွာ ဝင်ရောက်လာခဲ့ပြီး၊ လူကောမြင်းပါ တစ်သားတည်း ဧရာမ လှိုင်းလုံးကြီး တစ်ခု၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည့်အလား အားလုံး ပြိုင်တူ လွင့်စင်ထွက်သွားကြတော့သည်။ ဂျွတ်ခနဲ အရိုးများ ဆက်တိုက် ကျိုးကြေသွားသည့်အသံများ သူ၏ကိုယ်တွင်းမှ ထွက်ပေါ်လာခဲ့ပြီး ထိုတစ်ကြိမ်တည်းသော တိုက်ခိုက်မှုက မျက်တောင်တစ်ခတ်အတွင်း သူ၏ကိုယ်တွင်းရှိ အရိုးများနှင့် အတွင်းကလီစာများ အားလုံးကို လုံးဝကြေမွသွားစေခဲ့တော့သည်။

သူ၏ကိုယ်တွင်းမှ သွေးများမှာ မြားတံများအလား တဟုန်ထိုး ပန်းထွက်နေဆဲပင် ဖြစ်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုဂိုဂူလျော စစ်သည်မှာ မျက်လုံးများကို ပြူးထားလျက် အသိစိတ်များ လုံးဝမှောင်မိုက်သွားပြီး အလုံးစုံသေဆုံးသွားသည့် အချိန်အထိ သူ မည်သို့ သေဆုံးသွားခဲ့ရသည်ကို လုံးဝ နားမလည်နိုင်ခဲ့ပါချေ။

အစမှ အဆုံးတိုင်အောင် သူ မည်သူနှင့်မျှ ထိတွေ့ခဲ့ရခြင်း မရှိသေးပါချေ။

"အားးး"

နောက်ဆုံး အခိုက်အတန့်၌ သူ မြင်တွေ့ခဲ့ရသည်မှာ သူနှင့်အလားတူ လွင့်စင်ထွက်သွားကြသော မရေမတွက်နိုင်သည့် ဂိုဂူလျော စစ်သည်များကိုပင် ဖြစ်တော့သည်။

ထိတ်လန့်စရာကောင်းလှသည်။

တုန်လှုပ်စရာကောင်းလှသည်။

မျက်နှာချင်းဆိုင် တစ်ကြိမ်တည်း ဆုံတွေ့ရုံမျှဖြင့် တာ့ခ်အင်ပါယာ နှင့် ဂိုဂူလျော အင်ပါယာတို့မှ စစ်သည် ခြောက်သောင်း၊ ခုနစ်သောင်းခန့်မှာ လွင့်စင်ထွက်သွားကြရတော့သည်။

တိုက်ပွဲ မရှိပါချေ။

ခုတ်ပိုင်း သတ်ဖြတ်ခြင်း မရှိပါချေ။

လုံးဝတစ်ဖက်သတ် ကြိတ်ချေခံလိုက်ရခြင်းဖြစ်ပြီး လူအများစုမှာ ဘာဖြစ်သွားမှန်းကိုပင် နားမလည်လိုက်မီ အသတ်ခံလိုက်ရခြင်းပင် ဖြစ်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"

ဤအခိုက်အတန့်၌ ဝူဆူမစ်ရှ် ခါဂန်း၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေခဲ့ပြီး အသက်ရှူရန်ပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေတော့သည်။

သူ၏တစ်သက်တာလုံးတွင် ဤကဲ့သို့သော တိုက်ပွဲမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပါချေ၊ ဝမ်ချောင်အသုံးပြုလိုက်သော အရာများမှာ ပုံမှန် စစ်ပွဲများ၏ နယ်ပယ်ကို အဆများစွာ ကျော်လွန်နေခဲ့ပြီဖြစ်ရာ ဝူဆူမစ်ရှ် ခါဂန်းအနေဖြင့် ဖော်ပြရန် စကားလုံးပင် ရှာမရတော့ပါချေ။

မျက်နှာချင်းဆိုင်ရှိ ထန်စစ်တပ်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိသော အရာကြီ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သူ ရုတ်တရက် သတိပြုမိလိုက်တော့သည်။

ပို၍ကြောက်မက်ဖွယ် ကောင်းသည်မှာ ဝမ်ချောင်က ထို ရှေးဟောင်း စစ်အစီအရင် ကို စတင် အသုံးပြုလိုက်ပြီး "ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်"ကို စတင်လိုက်သည့် အချိန်တွင် အရာရာတိုင်းမှာ လုံးဝ တားဆီး၍ မရနိုင်တော့ခြင်းပင် ဖြစ်သည်။

ဝုန်း! ဝုန်း! ဝုန်း!

မရေမတွက်နိုင်သော စစ်တပ်ကြီးများမှာ လွင့်စင်ထွက်သွားကြရသည်။ သူတို့ ပြေးဝင်လာသော အရှိန်က မည်မျှ ပြင်းထန်သနည်း။ လွင့်စင်ထွက်သွားရသော အကွာအဝေးကလည်း ထိုမျှပင် ဝေးကွာလှပြီး ရရှိသော ဒဏ်ရာများကလည်း ထိုမျှပင် ပြင်းထန်လှပေသည်။

တစ်သုတ်ပြီး တစ်သုတ် တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဝူဆူမစ်ရှ် ခါဂန်း နှင့် ယွန်းဂျယ်စိုးမွန်းတို့ ဦးဆောင်လာသော စစ်တပ်ကြီးများမှာ ဤအခိုက်အတန့်၌ ရွံ့ခွက်များအလား အလွယ်တကူ ပျက်စီးသွားကြရသည်။ သူတို့၏ ခြေအောက်တွင် ထပ်တိုးထားသော အလင်းစက်ကွင်းများ မည်မျှပင် များပြားနေပါစေ၊ ထိုအလင်းစက်ကွင်း များက မည်မျှပင် တောက်ပနေပါစေ၊ "ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်" ၏ ရှေ့မှောက်တွင်မူ မျက်တောင်တစ်ခတ်အတွင်းမှာပင် အားလုံး အပိုင်းပိုင်းအစစ ပျက်စီးသွားကြရတော့သည်။

"သတ်စမ်း"

ရှေ့တည့်တည့်ရှိ မဟာထန်စစ်တပ်ကြီးမှာ မည်သို့မျှ တားဆီး၍ မရနိုင်တော့ဘဲ နှင်းလုံးကြီး လိမ့်ဆင်းလာသည့်အလား အရှိန်အဟုန်ဖြင့် သုတ်သင် ရှင်းလင်းလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ နောက်ဆုတ်စရာလမ်း မရှိတော့သော အရှေ့တာ့ခ် သံချပ်ကာမြင်းတပ်ထောင်နှင့်ချီမှာ ရင်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်ပြီး ရက်စက်စွာဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

"လူတိုင်းရဲ့ အားကို စုစည်းပြီး သူတို့ရဲ့ မြင်းတပ် တစ်ဖွဲ့ကို သတ်မယ်၊ ပြီးရင် သူတို့ရဲ့ မဟာစစ်အစီအရင်ကို ဖျက်ဆီးပစ်မယ်"

ဤအရှေ့ တာ့ခ် သံချပ်ကာမြင်းတပ်များ၏အကြည့်များမှာ စစ်အစီအရင်ကြီး၏ အစွန်အဖျားရှိ လူ လေးငါးဆယ်ခန့် ပါဝင်သော မဟာထန်တပ်ဖွဲ့တစ်ဖွဲ့ကို လျင်မြန်စွာ ပစ်မှတ်ထားလိုက်ပြီး အသက်စွန့်ကာ ပြေးဝင် တိုက်ခိုက်လိုက်ကြတော့သည်။

အခြားသူများနှင့် နှိုင်းယှဉ်ပါက ဤတပ်ဖွဲ့မှာ အလွန်ပင် ဝေးကွာသော နေရာသို့ ရောက်ရှိနေသည်မှာ သိသာလှပြီး သူတို့အတွက် အကြီးမားဆုံးသော အခွင့်အရေး တစ်ခုလည်း ဖြစ်ပေသည်။

လူတစ်ထောင်ဖြင့် လူငါးဆယ်ကို ချေမှုန်းရန်မှာ စစ်အစီအရင်ကြီး၏ ထောင့်တစ်နေရာကို ဖျက်ဆီးနိုင်ရုံဖြင့် တစ်ဆင့်ပြီးတစ်ဆင့် စစ်အစီအရင်ကြီးကို အဆက်မပြတ် ဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။ မိမိတို့၏ အသက်အန္တရာယ်နှင့် ပတ်သက်၍မူ သူတို့ အားလုံး ဂရုမစိုက်နိုင်တော့ပါချေ။

အရှေ့ တာ့ခ် အင်ပါယာတွင် ရဲရင့်သူများ လုံးဝမရှားပါချေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်ဖက်စလုံး ပြင်းထန်စွာ ဝင်တိုက်မိကြတော့သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သို့သော် နောက်တစ်ခဏတွင် အရှေ့ တာ့ခ် သံချပ်ကာမြင်းတပ် အားလုံး၏ မျက်လုံးများ အလွန်အမင်း ပြူးကျယ်သွားကြရတော့သည်။

ဝင်တိုက်မိသည့် အခိုက်အတန့်မှာပင် သူတို့ ဝင်တိုက်မိလိုက်သည်မှာ လူ ငါးဆယ် ပါဝင်သော တပ်ဖွဲ့ တစ်ဖွဲ့ မဟုတ်ဘဲ လူ ငါးထောင် ပါဝင်သော တပ်ဖွဲ့ကြီးတစ်ဖွဲ့ကို ဝင်တိုက်မိလိုက်သကဲ့သို့ ခံစားလိုက်ရတော့သည်။

ထိုသံချပ်ကာမြင်းတပ် ငါးဆယ်၏ ခွန်အားများမှာ အခြားသူများ၏ ခွန်အားများနှင့် ပေါင်းစပ်သွားခဲ့ပြီး မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားလှသော ခွန်အားကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။

"ဝုန်း!"

"ဝုန်း!"

"ဝုန်း!"

ခဏတာမျှသာ ယှဉ်ပြိုင်နိုင်လိုက်ပြီး နောက်တစ်ခဏတွင် ဤလူတစ်ထောင်ကျော် ပါဝင်သော အရှေ့ တာ့ခ် သံချပ်ကာမြင်းတပ်များမှာ တစ်တန်းပြီး တစ်တန်း ဆက်တိုက်ဆိုသလို လွင့်စင်ထွက်သွားကြရသည်။ ထို့နောက်တွင် စစ်အစီအရင်ကြီး၏ အခြားအစိတ်အပိုင်းများမှ လိုက်ပါလာသော မဟာထန်စစ်တပ်များ၏ နဂါးအမြီး ရိုက်ခတ်သည့်အလား တိုက်ခိုက်ခြင်းကို ထပ်မံခံလိုက်ရပြန်သည်။

ဗွက်ခနဲ အသံများနှင့်အတူ လူတိုင်း၏ကိုယ်တွင်းမှ သွေးများမှာ ရေတံခွန်များအလား ထွက်လာခဲ့ပြီး အသက်ရှင်နိုင်ရန် လမ်းစ မရှိတော့ပါချေ။

တစ်ထောင်၊ နှစ်ထောင်၊ သုံးထောင်...

မရေမတွက်နိုင်သော နိုင်ငံအသီးသီးမှ စစ်သည်များမှာ အတန်းလိုက်၊ အုပ်စုလိုက် လွင့်စင်ထွက်သွားကြရသည်။ စစ်မြေပြင် တစ်ခုလုံးတွင် အလားတူ ကိစ္စရပ်များ အဆက်မပြတ် ဖြစ်ပေါ်နေပြီး၊ မဟာထန်၏ "ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်" ရှေ့တွင် မည်သူမျှ တစ်ချက်မျှပင် တောင့်ခံနိုင်စွမ်း မရှိကြပါချေ။

ထိုအခိုက်အတန့်၌ လူတိုင်း တုန်လှုပ်သွားကြရတော့သည်။

ထိတ်လန့်သွားကြရတော့သည်။

ဤကဲ့သို့သော တိုက်ပွဲမျိုးကို မည်သူမျှ တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပါချေ။

ဝူဆူမစ်ရှ် ခါဂန်းနှင့် ယွန်းဂျယ်စိုးမွန်းတို့ပင်လျှင် ဤအခိုက်အတန့်၌ လုံးဝဖရိုဖရဲ ဖြစ်နေကြတော့သည်။

အရာရာတိုင်းမှာ သူတို့ စတင် ထွက်ခွာလာစဉ်က တွက်ချက်ထားသည်များနှင့် လုံးဝ ကွဲပြားခြားနားနေတော့သည်။

"ဝူဆူမစ်ရှ်၊ ယွန်းဂျယ်စိုးမွန်း... ရောက်လာမှတော့ ပြန်မသွားပါနဲ့တော့"

"နိုင်ငံအသီးသီး ထဲမှာ မင်းတို့ နှစ်ယောက်တည်းကိုပဲ ငါ တစ်ခါမှ မတိုက်ခိုက်ဖူးသေးတာ၊ ငါ မင်းတို့ကို စောင့်နေတာ အရမ်း ကြာနေပြီ!"

ထိုအချိန်မှာပင် ပေါ့ပါးလှသော ရယ်မောသံတစ်ခုမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ထွက်ပေါ်လာတော့သည်။ စကားသံ မဆုံးမီမှာပင် ဝမ်ချောင်သည် မြေပြင်မှနေ၍ ရုတ်တရက် ခုန်ထွက်လာခဲ့ပြီး စတင် တိုက်ခိုက်လိုက်တော့သည်။

ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်မှာ ကိုယ်ပိုင် အသိစိတ်ဖြင့် လည်ပတ်နိုင်သော စစ်အစီအရင်တစ်ခုဖြစ်ရာ သူ့အနေဖြင့် အမြဲတမ်း ဦးဆောင်နေရန် မလိုအပ်ပါချေ။ ဤအချိန်တွင် ဝမ်ချောင်မှာ လုံးဝလွတ်လပ်သွားခဲ့ပြီ ဖြစ်သည်။

ဝူဆူမစ်ရှ် ခါဂန်းနှင့်ယွန်းဂျယ်စိုးမွန်းတို့က သူ့ကို လာရောက် ဝိုင်းဝန်းသတ်ဖြတ်ရန် ကြိုးစားနေသည် ဆိုသည်မှာ အလွန်ပင် ရယ်စရာ ကောင်းလှပေသည်။

ဝမ်ချောင်အနေဖြင့် သူတို့ကို ကိုင်တွယ်ရန် အခွင့်အရေး မရှိသေးသဖြင့် စိတ်ပူနေခဲ့သည်ဖြစ်ရာ ယခုကဲ့သို့ အခွင့်အရေးကောင်းကို မည်သို့လျှင် လက်လွှတ်ခံပါမည်နည်း။

ဝုန်း…

မျက်တောင်တစ်ခတ်အတွင်း ဝမ်ချောင်သည် ဧရာမ လင်းယုန်ကြီးတစ်ကောင် တောင်ပံခတ်လိုက်သည့်အလား တစ်ချက်မျှ လှုပ်ရှားလိုက်ရုံဖြင့် ဟာလာဟင်းလင်းပြင်ကြီးကို ဖြတ်ကျော်လျက် ဝူဆူမစ်ရှ် ခါဂန်း ရှိရာ အရပ်ဆီသို့ တိုက်ရိုက် ဦးတည် ပြေးဝင်သွားတော့သည်။

"သတိထား"

ဝမ်ချောင်စတင် တိုက်ခိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ ယွန်းဂျယ်စိုးမွန်း၏ မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားခဲ့သည်။ အများကြီး တွေးတောနေရန် အချိန်မရှိတော့ဘဲ ဂန်ချီများကို ခွကြားရှိ စစ်မြင်းအတွင်းသို့ စီးဝင်စေလိုက်ကာ၊ ယွန်းဂျယ်စိုးမွန်းသည် သူ၏ အနောက်ရှိ စစ်တပ်ကြီးမှနေ၍ တိုက်ရိုက် ခွဲထွက်သွားခဲ့ပြီး မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် ဝူဆူမစ်ရှ် ခါဂန်း နှင့် ဝမ်ချောင်တို့ ရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

"အရှင်မင်းကြီး"

တစ်ချိန်တည်းမှာပင် အရှေ့ တာ့ခ် အင်ပါယာ မှ ဗိုလ်ချုပ်များ အားလုံးမှာ ကြီးမားလှသော အန္တရာယ်ကြီး တစ်ခုကို ခံစားလိုက်ရပြီး အားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြတော့သည်။

တစ်လောကလုံးရှိ အတော်ဆုံး စစ်ဗျူဟာ နတ်ဘုရားမှသည် မဟာထန်၏ မျိုးနွယ်ခြားဘုရင်အထိ၊ အာရပ်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီး ကုထိုက်ပိုင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သူဖြစ်ရာ မည်သူကမျှ သူ့ကို အထင်သေးဝံ့ခြင်း မရှိပါချေ။

"စစ်အစီအရင် ဖွဲ့ကြစမ်း"

တစ်ချိန်တည်းမှာပင် ဝူဆူမစ်ရှ် ခါဂန်းမှာလည်း အန္တရာယ်ကို ခံစားလိုက်ရသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါများက သူ့၏ဦးရေပြားကိုပင် ထုံကျင်သွားစေခဲ့ပြီး ဆံပင်များ အားလုံး ထောင်မတ်သွားမတတ် ဖြစ်သွားစေတော့သည်။

သို့သော် ယခုအချိန်တွင် သူ၏ အနောက်၌ ဆုတ်ခွာစရာ လမ်း မရှိတော့ပါချေ။

"နတ်ဘုရား မန်ပါ မဟာစစ်အစီအရင် စတင်စမ်း"

ဝူဆူမစ်ရှ် ခါဂန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး ပြင်းထန်စွာ ဟောက်လိုက်တော့သည်။

"ဝမ်ချောင်... မင်း တိုက်ချင်တယ်ဆိုရင် ငါကိုယ်တော်က မင်းနဲ့အတူ အဆုံးအထိ တိုက်ပေးမယ်!"

နောက်တစ်ခဏတွင် ဝူဆူမစ်ရှ် ခါဂန်း၏ တစ်ကိုယ်လုံးမှ ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ဂန်ချီ စွမ်းအင်များ ပေါက်ကွဲလာတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင် စွမ်းအားကြီး တစ်ခုမှာ အလွန်ပင် ပြိုင်ဘက်ကင်းလှပြီး ပင်လယ်ကြီးအလား ဝူဆူမစ်ရှ် ခါဂန်း ၏ ကိုယ်ပေါ်မှနေ၍ ကောင်းကင်ယံသို့ တဟုန်ထိုး တက်သွားကာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေတော့သည်။

"ဝုန်း"

ဝူဆူမစ်ရှ် ခါဂန်း က ပေ ဆယ်ကျော်ခန့် ရှည်လျားသော ရွှေရောင် ဓားရှည်ကြီး တစ်စင်းကို လျင်မြန်စွာ ဖန်တီးလိုက်ပြီး ဟာလာဟင်းလင်းပြင်ကြီးကို ခုတ်ပိုင်းလျက် မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် ဝမ်ချောင်ဆီသို့ ခုတ်ပိုင်းချလိုက်တော့သည်။

ဟိန်းးး

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော အရှေ့ တာ့ခ် ဗိုလ်ချုပ်များမှာလည်း စစ်တပ်ကြီး အတွင်းမှနေ၍ လေထဲသို့ ခုန်တက်လာကြပြီး၊ ဝူဆူမစ်ရှ် ခါဂန်းနှင့်အတူ ပူးပေါင်းကာ ဝမ်ချောင်ဆီသို့ ပြေးဝင်လာကြတော့သည်။

ဤမျှသာမက လူတိုင်းက စတင်တိုက်ခိုက်သည့် တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီးမှာ မြည်ဟည်းသွားခဲ့ပြီး၊ အဆုံးအစမရှိသော စွမ်းအင်များမှာ အရပ်မျက်နှာ အသီးသီးရှိ အရှေ့ တာ့ခ် စစ်တပ်ကြီး သိန်းနှင့်ချီထံမှ ပေါက်ကွဲထွက်ပေါ်လာကာ မြစ်ပေါင်းရာချီ ပင်လယ်ထဲသို့ စီးဝင်သွားသကဲ့သို့ စုစည်းသွားကြပြီး၊ ခေါင်းတွင် ဦးချိုများ ပါရှိပြီး တောင်ကြီးတစ်လုံးအလား ကြီးမားလှကာ၊ မျက်လုံး အိမ်များမှာ ဒေါင်လိုက် ဖြစ်နေသဖြင့် အလွန်ပင် ရက်စက်ကြမ်းတမ်းသော အသွင်အပြင် ရှိသည့် ရွှေရောင် မြွေကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

ရှေးဟောင်း နတ်ဘုရား မြွေကြီး မန်ပါ။

ဤသည်မှာ အရှေ့ တာ့ခ် ဒဏ္ဍာရီတွင် ကမ္ဘာဖျက် မြွေနတ်ဘုရား ကြီး တစ်ကောင်ဖြစ်ပြီး အလွန်ပင် ကြီးမားလှသော စွမ်းအားများကို ပိုင်ဆိုင်ထားပေသည်။ ဤနတ်ဘုရား မန်ပါ မဟာစစ်အစီအရင် မှာ ဤမြွေကြီးကို အခြေခံကာ ဖန်တီးထားသော စစ်အစီအရင် ဖြစ်ပြီး၊ အရှေ့ တာ့ခ် တစ်ခုလုံး၏ တိုင်းပြည်စောင့် မဟာစစ်အစီအရင်ပင် ဖြစ်တော့သည်။

စစ်အစီအရင်ကြီးကို စတင်လိုက်သည်နှင့် တစ်ပြိုင်နက် စစ်တပ်ကြီးတစ်ခုလုံး၏ ခွန်အားများကို လူတစ်ဦးတည်း၏ ကိုယ်ပေါ်သို့ စုစည်းပေးနိုင်မည် ဖြစ်သည်။ သို့သော် အရှေ့ တာ့ခ် အင်ပါယာ တစ်ခုလုံးတွင် ဝူဆူမစ်ရှ် ခါဂန်း တစ်ဦးတည်းသာ အသုံးပြုနိုင်စွမ်း ရှိပေသည်။

"ဂျွတ်ဂျွတ်"

နတ်ဘုရား မန်ပါ မဟာစစ်အစီအရင်၏ပံ့ပိုးမှုကို ရရှိလိုက်သည့်အခါတွင် ဝူဆူမစ်ရှ် ခါဂန်း ၏ အရိုးများမှာ တဂျွတ်ဂျွတ် မြည်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်မှာ လေထိုးသွင်းလိုက်သည့်အလား ကြီးမားလာတော့သည်။ တစ်ချိန်တည်းမှာပင် သူ တစ်ကိုယ်လုံး၏ အရှိန်အဝါမှာ သိုင်းအဆင့်များ၏ ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့ပြီး ခွန်အားပိုင်းတွင် အနုစိတ်အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားကာ၊ အနုစိတ်အဆင့် အနိမ့်ပိုင်း မှနေ၍ အနုစိတ်အဆင့် အမြင့်ပိုင်းသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

ထို့အပြင် မြက်ခင်းပြင် ဗိုလ်ချုပ် အမြောက်အမြား၏ ခွန်အားများကိုပါ ပေါင်းစပ်လိုက်သည့် အခါတွင်မူ လျစ်လျူရှု၍ မရနိုင်လောက်အောင် ကြီးမားလှသော ခွန်အားကြီး တစ်ခု ချက်ချင်း ပေါ်ထွက်လာတော့သည်။

"အသုံးမဝင်ဘူး"

သို့သော် လေထဲတွင် ဝမ်ချောင်မှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်သီး တစ်ချက်ကို ပြင်းထန်စွာ ထိုးချလိုက်တော့သည်။

"ဝုန်း"

ယင်နှင့် အအေးဓာတ် အလွန်အမင်း လွှမ်းမိုးနေသော ဧရာမ ခွန်အားကြီးတစ်ခုမှာ အဆုံးအစမရှိသော ရေခဲနှင့်နှင်းများ၏ စွမ်းအားများကို သယ်ဆောင်လျက် ဝမ်ချောင်၏ ကိုယ်တွင်းမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ဝူဆူမစ်ရှ် ခါဂန်း၏ အစွမ်းကုန် တိုက်ခိုက်မှု၊ နတ်ဘုရား မန်ပါ မဟာစစ်အစီအရင်နှင့်အရှေ့ တာ့ခ် ဗိုလ်ချုပ်များ အားလုံး၏ ဂန်ချီ စွမ်းအင်များနှင့် ပြင်းထန်စွာ ဝင်တိုက်မိသွားတော့သည်။

"အားးး"

နာကျင်စွာ အော်ဟစ်သံများကိုသာ ကြားလိုက်ရပြီး တစ်ကြိမ်တည်းသော တိုက်ခိုက်မှုဖြင့် ဝူဆူမစ်ရှ် ခါဂန်းနှင့် အရှေ့တာ့ခ် ဗိုလ်ချုပ် အများအပြားမှာ ကြိုးပြတ်သွားသော စွန်များအလား တစ်ဦးပြီးတစ်ဦး လွင့်စင်ထွက်သွားကြရတော့သည်။

ဝမ်ချောင်၏ရှေ့မှောက်တွင် သူတို့အားလုံး၏ခွန်အားများမှာ လုံးဝဖိနှိပ်ခံလိုက်ရပြီး တစ်ချက်မျှပင် တောင့်ခံနိုင်စွမ်း မရှိကြပါချေ။

ဝင်တိုက်မိသည့် အခိုက်အတန့်မှာပင် သူတို့ အားလုံးမှာ သံနှင့်ကြေးနီများဖြင့် သွန်းလုပ်ထားသကဲ့သို့ အလွန်ပင် လေးလံလှသော တောင်တန်းကြီးတစ်ခုကို ဝင်တိုက်မိလိုက်သကဲ့သို့ ခံစားလိုက်ရတော့သည်။

"မဖြစ်နိုင်ဘူး။ သူ ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်နေရတာလဲ"

လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး ကိုယ်တွင်းမှနေ၍ ပြင်းထန်လှသော ကွဲအက်သွားသကဲ့သို့ နာကျင်မှုကြီး တစ်ခုကို ခံစားလိုက်ရသည့်အခါ ဝူဆူမစ်ရှ် ခါဂန်း ၏ ရင်ထဲ၌ မသိစိတ်ဖြင့် ပြင်းထန်လှသော တုန်လှုပ်မှုကြီး တစ်ခု ပေါ်ထွက်လာတော့သည်။

ဤသည်မှာ ဝမ်ချောင်နှင့် ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ဖူးခြင်းပင်!

ဝမ်ချောင်မှာ အလွန်အစွမ်းထက်ကြောင်း သူ သိထားပြီးသားဖြစ်သဖြင့် အစပိုင်းကတည်းက သူ အစွမ်းကုန် ကြိုးစား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ မထင်မှတ်ထားခဲ့သည်မှာ ကောလာဟလများထဲမှ ဤမဟာထန်၏ ပါရမီရှင်လေးမှာ ဤမျှလောက်အထိ အစွမ်းထက်နေလိမ့်မည် ဟုပင်။

"နတ်ဘုရား မန်ပါ မြွေကြီး ၏ စွမ်းအား" များကို ရရှိထားပြီး အခြားသော မြက်ခင်းပြင် ဗိုလ်ချုပ် များ၏ ခွန်အားများကိုပါ ပေါင်းစပ်ထားသည် ဆိုလျှင်တောင်မှ ဝမ်ချောင်၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မခံနိုင်ပါချေ။

ဝူဆူမစ်ရှ် ခါဂန်း၏ ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်နေခဲ့သည်။ သို့သော် ထိုအချိန်မှာပင် နောက်ထပ် ပြင်းထန်လှသော အန္တရာယ်ကြီးတစ်ခု သူ၏ရင်ထဲမှနေ၍ ထပ်မံ ပေါ်ထွက်လာပြန်သည်။

လေထဲတွင် ဝမ်ချောင်က အထက်စီးမှနေ၍ အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး၊ လက်ချောင်း ငါးချောင်းကို ကွေးထားလျက် အများကြီး တွေးတောမနေတော့ဘဲ မိုးကြိုးလျှပ်စီးနှယ် ပြင်းထန်လှသော နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို အရှိန်အဟုန်ဖြင့် ထပ်မံ ပြုလုပ်လိုက်ပြန်သည်။

ရန်သူ အထိနာနေချိန် အသက်ကိုပါ နုတ်ယူရမည်။

ဝမ်ချောင်အနေဖြင့် ဝူဆူမစ်ရှ် ခါဂန်းကို မည်သည့် အခွင့်အရေးမျှ ပေးလိမ့်မည် မဟုတ်ပါချေ။

သူ့ကိုသာ သတ်နိုင်မည် ဆိုပါက အရှေ့ တာ့ခ် စစ်တပ်ကြီး တစ်ခုလုံး၏ စိတ်ဓာတ်ကို ကြီးမားစွာ ထိုးနှက်နိုင်မည်ဖြစ်ပြီး အလွန်အမင်း တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။

"ဝုန်း!"

ဧရာမ ဂန်ချီ စွမ်းအင်ကြီး တစ်ခုမှာ လေပြင်းများအလား ဆင်းသက်လာခဲ့သည်၊ ထိုအချိန်မှာပင် ဝမ်ချောင်၏ခြေအောက်ရှိ မြေပြင်မှာ မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ နှစ်ခြမ်း ကွဲထွက်သွားခဲ့ပြီး၊ တစ္ဆေများအလား ပုံရိပ်ယောင် ဆယ့်တစ်ခုမှာ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသောအရှိန်ဖြင့် အသံတိတ် ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်၏အာရုံစိုက်မှုများ ဝူဆူမစ်ရှ် ခါဂန်းဆီသို့ ရောက်ရှိနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ဝမ်ချောင်ဆီသို့ တိုက်ရိုက်ခုန်အုပ်တိုက်ခိုက်လိုက်ကြတော့သည်။

"မြေအောက်ဘုံ နတ်ဘုရား၏ ဒေါသ"

ဟာလာဟင်းလင်းပြင်ကြီးအတွင်း၌ အနက်ရောင် မီးခိုးငွေ့များ တလိမ့်လိမ့် ထွက်ပေါ်လာခဲ့ပြီး မင်ရည်များအလား နက်မှောင်နေသော ဧရာမ ဗုဒ္ဓ လက်ဝါးကြီးတစ်ခုမှာ လက်ဝါးပြင်၌ ရွှေရောင် "卍" (ဝမ်) အမှတ်အသားကို ရေးထွင်းထားလျက် မြစ်ရေလှိုင်းလုံးကြီးများအလား မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် ဝမ်ချောင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ထို ဧရာမ ဗုဒ္ဓလက်ဝါးကြီးအတွင်း၌ အနက်ရောင် အရိပ်လေးများ လက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ခုနစ်ပေ ရှစ်ပေခန့် ရှည်လျားသော ထက်မြက်လှသည့် ဓားရှည်များမှာ ဓားသွားပေါ်တွင် သွေးရောင်များ လွှမ်းခြုံနေလျက် လေပြင်းမုန်တိုင်းများအလား ဝမ်ချောင်ဆီသို့ ထိုးစိုက်ဝင်ရောက်လာကြတော့သည်။

ဤအရာ အားလုံးမှာ အလွန်ပင် ရုတ်တရက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ရာ ဝမ်ချောင်သတိပြုမိသည့် အချိန်တွင် အလွန်ပင် နီးကပ်နေခဲ့ပြီ ဖြစ်သည်။

ဤမျှသာမက ဗုဒ္ဓ လက်ဝါးကြီး၏ အရှိန်အဝါကို ကြည့်မည်ဆိုပါက ထိုအထဲတွင် အနည်းဆုံး မတူညီသော အရှိန်အဝါ ဆယ့်ခုနစ် ဆယ့်ရှစ် ခုခန့် ပါဝင်နေသည်၊ ဤလူများမှာ မိမိတို့၏ အရှိန်အဝါများ အားလုံးကို ဖုံးကွယ်ထားပြီး မြေအောက်တွင် မည်မျှကြာအောင် ပုန်းအောင်းနေခဲ့သည်ကို မသိရှိရပါချေ၊ ယခုအချိန်ကျမှသာ ရုတ်တရက် ထွက်ပေါ်လာပြီး တိုက်ခိုက်ခြင်းဖြစ်ရာ သူတို့၏အကြံအစည်များမှာ အလွန်ပင် ယုတ်မာလှပေသည်။

"ဓားခြောက်လက် နတ်ဘုရား ထိန်းချုပ်မှု၊ ထိုက်ဝူ၏ နိမိတ်"

တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော ဟောက်သံကြီး တစ်ခုမှာ အနောက်ဘက်မှနေ၍ ထွက်ပေါ်လာခဲ့သည်။ ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်းမှာ အကွာအဝေး အနည်းငယ် ဝေးကွာနေသေးသည် ဆိုသော်ငြားလည်း ဤအချိန်တွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သူ၏ ဓားရှည် ငါးစင်းမှာ လေထဲသို့ မြောက်တက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နှင့် မြေကြီးကြား၌ ဂန်ချီ စွမ်းအင် လှိုင်းလုံးကြီး ငါးခုကို ဖြစ်ပေါ်စေခဲ့ကာ၊ ထိုလှိုင်းလုံးကြီး ငါးခုမှာ ဧရာမ မုန်တိုင်းကြီး တစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ဝမ်ချောင်၏ အနောက်ဘက်မှနေ၍ သူ့ဆီသို့ ပြင်းထန်စွာ တိုက်ခတ်လာတော့သည်။

******

All Chapters