အခန်း ၂၁၉၆
Vol. 136 Ch. 2196
အခန်း (၂၁၉၆) ကောင်းကင်နတ်ဘုရား၏ အလင်းတန်းခြောက်ခု
ယွန်းဂျယ်စိုးမွန်း စတင်တိုက်ခိုက်လိုက်သော အချိန်မှာ အလွန်ပင် ကွက်တိကျလှပြီး မြေအောက်မှ ထွက်ပေါ်လာသော ထိုလျှို့ဝှက်ဆန်းကြယ်သူများနှင့် အချင်းချင်း ပူးပေါင်း တိုက်ခိုက်မှုမှာလည်း အလွန်ပင် နားလည်မှု ရှိလှပေသည်။
ထို့ပြင်နှစ်ဖက်စလုံး၏ ပူးပေါင်းမှုကို ကြည့်မည်ဆိုပါက ယွန်းဂျယ်စိုးမွန်းအနေဖြင့် မြေအောက်ရှိ ထိုလူများ၏ တည်ရှိမှုကို အစောကတည်းက သိရှိထားပြီးသား ဖြစ်ပုံရသည်။
အပြောင်းအလဲများမှာ မျက်တောင်တစ်ခတ်အတွင်း ပေါ်ထွက်လာခဲ့သည် ဆိုသော်ငြားလည်း ဝမ်ချောင်သည် လေထဲတွင် ရပ်တန့်နေလျက် မျက်ဝန်းထဲ၌ အလင်းတန်းများ လက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အရာရာတိုင်းကို နားလည်သွားတော့သည်။
ဝူဆူမစ်ရှ် ခါဂန်းက အရှေ့ တာ့ခ် ဗိုလ်ချုပ်များကို ဦးဆောင်ကာ ရှေ့တန်းမှနေ၍ မိမိ၏အာရုံစိုက်မှုကို ဆွဲဆောင်ထားပြီး၊ ယွန်းဂျယ်စိုးမွန်းနှင့် မြေအောက်မှ ထိုသိုင်းပညာရှင်များက အချင်းချင်း ပူးပေါင်းကာ အနောက်မှနေ၍ အတူတကွ လုပ်ကြံ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။
ဤအရာ အားလုံးမှာ အစောကတည်းက ကြိုတင် စီစဉ်ထားခဲ့သော အကြံအစည်များ ဖြစ်ကြောင်း သိသာလှပေသည်။
ဤအတွေးများမှာ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားခဲ့ပြီးနောက် ဝမ်ချောင်သည် လျင်မြန်စွာပင် သတိပြန်ဝင်လာတော့သည်။
"ဟွန်း… ရယ်စရာပဲ"
အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် ဝမ်ချောင်က မျက်တောင်တစ်ခတ်အတွင်း စတင်တိုက်ခိုက်လိုက်တော့သည်။
"မဟာလော့ဝ် နတ်ဘုရား သိုင်းစဉ်"
ဟာလာဟင်းလင်းပြင်ကြီး အတွင်း၌ တုန်ခါသွားခဲ့ပြီး ဝမ်ချောင်၏ အနောက်ဘက်တွင် ခမ်းနားထည်ဝါသော မျှော်စင်များ၊ ရွှေရောင် တောက်ပနေသော အဆောက်အအုံများမှာ နံနက်ခင်း နေမင်းကြီးအလား တောက်ပ လင်းလက်လာခဲ့ပြီး ဝမ်ချောင်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။
"ဝုန်း"
အရပ်မျက်နှာ အားလုံးမှနေ၍ မြစ်ရေလှိုင်းလုံးကြီးများအလား ပြင်းထန်လှသော ထိုတိုက်ခိုက်မှုများမှာ လျင်မြန်စွာ တဟုန်ထိုး ရောက်ရှိလာခဲ့ပြီး ဝမ်ချောင်၏ ကိုယ်ပေါ်သို့၊ ပိုမိုတိကျစွာဆိုရလျှင် ဝမ်ချောင် ဖန်တီးထားသော ကောင်းကင်ဘုံ ဘုံသုံးဆယ့်သုံးထပ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ကျသွားတော့သည်။
ဤအခိုက်အတန့်၌ ဝမ်ချောင်၏ ခန္ဓာကိုယ်မှာ ဘုံသုံးဆယ့်သုံးထပ်အတွင်း၌ လုံးဝ ပျောက်ကွယ်နေပြီ ဖြစ်၏။
မြစ်ဝါမြစ် ကြီးအလား ကြီးမားကျယ်ပြန့်လှသော ထိုဂန်ချီ စွမ်းအင်များမှာ ဝမ်ချောင်ကို ဝင်တိုက်မိသွားပါသော်လည်း လေဟာနယ်ပြင်ကြီး တစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်သွားခဲ့ပြီး၊ တလိမ့်လိမ့် ထွက်ပေါ်လာသော ဂန်ချီ စွမ်းအင်များမှာ ယန်ဇီမြစ်နှင့် မြစ်ဝါမြစ် များအလား ဝမ်ချောင်၏ ဘုံသုံးဆယ့်သုံးထပ် အတွင်းသို့ ဝင်ရောက်သွားခဲ့ကာ၊ ဝမ်ချောင်၏ မဟာလော့ဝ် နတ်ဘုရား သိုင်းစဉ် မှတစ်ဆင့် အလုံးစုံ စုပ်ယူ ချေဖျက်ခြင်း ခံလိုက်ရတော့သည်။
ဤမျှသာမက မြေအောက်ဘုံ နတ်ဘုရား၏ ဧရာမ ဗုဒ္ဓလက်ဝါးကြီးထဲမှ ပန်းထွက်လာသော သွေးရောင် ဓားရှည် ဆယ်စင်းကျော်ခန့်မှာ ဝမ်ချောင်နှင့် ပေဆယ်ကျော်ခန့် အကွာအဝေးသို့ ရောက်ရှိချိန်တွင် ဝမ်ချောင်၏ကိုယ်ပြင်ပရှိ ဘုံသုံးဆယ့်သုံးထပ်နှင့် ဝင်တိုက်မိသွားခဲ့ပြီး၊ သံမဏိတံတိုင်းကြီးတစ်ခုကို ဝင်တိုက်မိသွားသည့်အလား အားလုံး တားဆီးခြင်း ခံလိုက်ရတော့သည်။
လက်ရှိ ဝမ်ချောင်မှာ ယခင်ကနှင့် လုံးဝမတူညီတော့ပါချေ။ မဟာလော့ဝ် နတ်ဘုရား သိုင်းစဉ်ကိုလည်း သူ အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူ၏ ခွန်အားမှာလည်း လုံးဝအသွင်ပြောင်းသွားခဲ့ပြီး ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။ တစ်လောကလုံးသို့ လှမ်းကြည့်လိုက်မည် ဆိုပါက ဤမျှလောက် မုန်တိုင်းများအလား ပြင်းထန်လှသော တိုက်ခိုက်မှုများကို မျက်တောင်တစ်ခတ်အတွင်း စုပ်ယူ ချေဖျက်ပြီး မိမိ၏ခွန်အားအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိသူမှာ ဝမ်ချောင်တစ်ဦးတည်းသာ ရှိပေသည်။
"ဒုက္ခပဲ"
မိမိတို့ စတင် တိုက်ခိုက်လိုက်သော တိုက်ခိုက်မှုများမှာ ရွှံ့ရုပ်လေးများ ပင်လယ်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ အားလုံး ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည့်အခါ ထိုဧရာမ မြေအောက် ဘုံ နတ်ဘုရား၏ ဗုဒ္ဓ လက်ဝါးကြီး အတွင်းရှိ အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ကြယ်ပုံစံ သရဖူကို ဆောင်းထားသော အဘိုးအိုမှာ ရင်ထဲ၌ အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး အခြေအနေ မကောင်းတော့ကြောင်း ချက်ချင်း သိရှိသွားတော့သည်။
ဝမ်ချောင်၏ သိုင်းအဆင့်မှာ အလွန်ပင် မြင့်မားလွန်းလှသည်။ သူတို့ ခန့်မှန်း တွက်ချက်ထားသည်ထက် အဆများစွာ ပိုမို မြင့်မားနေခဲ့ခြင်း ဖြစ်သည်။
စတင်မလှုပ်ရှားမီကတည်းက သူတို့အနေဖြင့် အခြေအနေအမျိုးမျိုးကို တွက်ချက်ထားခဲ့ပြီးသား ဖြစ်သည်။ သို့သော် သူတို့ တစ်ခုတည်း လုံးဝမထင်မှတ်ထားခဲ့သည်မှာ ဝမ်ချောင်က သူ၏ပြိုင်ဘက်ကင်းလှသော သိုင်းပညာများဖြင့် သူတို့၏ တိုက်ခိုက်မှု အားလုံးကို အလွယ်တကူ ဖြေရှင်းသွားလိမ့်မည် ဟုပင်။
လူတိုင်းကို ပို၍တုန်လှုပ်သွားစေသည်မှာ စတင်လှုပ်ရှားမည့် အချိန်ကတည်းက လူတိုင်းက ဝမ်ချောင်၏သိုင်းပညာများမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု တွေးတောထားခဲ့ကြပြီး ဖြစ်ရာ၊ ဤတစ်ကြိမ် တိုက်ခိုက်မှုတွင် လူတိုင်းက မြေကမ္ဘာဂိုဏ်း၏ နှစ်ပေါင်း ခုနစ်ရှစ်ရာခန့် သက်တမ်းရှိပြီး အလွန်ပင် အစွမ်းထက်လှသော ဂန်ချီ စွမ်းအင်များကို ဖောက်ထွင်းနိုင်သည့် လက်နက် ဆယ်စင်းကျော်ခန့်ကိုပါ အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။
ထိုဧရာမ မြေအောက်ဘုံ နတ်ဘုရား၏ ဗုဒ္ဓ လက်ဝါးကြီး အတွင်း၌ ဖုံးကွယ်ထားသော သွေးရောင် ဓားရှည် ဆယ်စင်းကျော်ခန့်မှာ တစ်စင်းချင်းစီတိုင်းက အလွန်ပင် ထက်မြက်လှပြီး၊ အလယ်ပိုင်းဒေသနှင့် နိုင်ငံအသီးသီးမှ ပြိုင်ဘက်ကင်း သိုင်းပညာရှင် အမြောက်အမြားကို ခုတ်ပိုင်း သတ်ဖြတ်ခဲ့ဖူးပေသည်။ ထိုအထဲတွင် ဂန်ချီ စွမ်းအင်များကို ခိုင်မာစွာ ဖွဲ့စည်းထားနိုင်ပြီး ထူးခြားလှသော ကိုယ်ခံပညာများ ရှိကြသည့် အစွမ်းထက် သိုင်းပညာရှင် အမြောက်အမြားပင်လျှင် ပါဝင်ခဲ့ရာ၊ မရေမတွက်နိုင်သော သိုင်းပညာရှင်များအား ရင်ထဲ၌ တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။
ဂန်ချီ စွမ်းအင်များကို အထွတ်အထိပ်သို့ ရောက်အောင် လေ့ကျင့်ထားသော သိုင်းပညာရှင်များပင်လျှင် တားဆီးနိုင်စွမ်း ရှိမည် မဟုတ်ပါချေ။
သို့သော် မည်သူမျှ မထင်မှတ်ထားခဲ့သည်မှာ ထိုတိကျုံး(မြေကမ္ဘာဂိုဏ်း)၏ ပြိုင်ဘက်ကင်း ရတနာများ ဖြစ်ကြသော ဂန်ချီဖောက်ထွင်းနိုင်သည့် လက်နက် ဆယ်စင်းကျော်ခန့်မှာ ဝမ်ချောင်၏ ဖြူစင်လှသော ဂန်ချီများဖြင့်သာ တားဆီးခြင်း ခံလိုက်ရခြင်းပင်။
ထိုမြေကမ္ဘာဂိုဏ်း၏ ရတနာ ဆယ်ခုကျော်ခန့်မှာ သူ၏ ဂန်ချီ စွမ်းအင်အတွင်းသို့ လက်မဝက်ခန့် ပင်လျှင် ဖောက်ထွင်းဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါချေ။
"ဆုတ်"
ရှေ့ဆုံးမှ မြေကမ္ဘာဂိုဏ်း၏သိုင်းပညာရှင်က တိုးညှင်းစွာ ဟောက်လိုက်ပြီး နောက်ဆုံးတွင် အနောက်သို့ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်တော့သည်။
ဝမ်ချောင်မှာ အလွန်ပင် အစွမ်းထက်လွန်းလှသည်။ အနောက်မြောက်ဘက် စစ်ပွဲတွင် ကုတိုင်ဗဟ်ကို အနိုင်ယူခဲ့စဉ်ကထက်ပင် များစွာပိုမိုအစွမ်းထက်နေသေးသည်။ သူတို့ အနေဖြင့် လုံးဝယှဉ်ပြိုင်နိုင်စွမ်း ရှိမည် မဟုတ်ပါချေ။
"သွားချင်လို့လား။ သွားလို့ ရမယ် ထင်နေလား"
ပေါ့ပါးလှသော ရယ်မောသံတစ်ခုမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် ထွက်ပေါ်လာခဲ့ပြီး ထိုအသံထဲတွင် အထင်သေး လှောင်ပြောင်မှုများ အပြည့်ပါဝင်နေတော့သည်။ နောက်တစ်ခဏတွင် ထိုမြေကမ္ဘာဂိုဏ်း၏သိုင်းပညာရှင်က လူတိုင်းကို ဦးဆောင်ကာ မြေလျှိုးပညာရပ်များကို ထပ်မံအသုံးပြုပြီး မြေအောက်သို့ ထွက်ပြေးရန် ပြင်ဆင်နေသည့် အချိန်မှာပင် ဝမ်ချောင်က ရိုးရှင်းစွာ လက်ဝါးတစ်ချက် ရိုက်ချလိုက်တော့သည်။
"ဝုန်း"
မည်သည့် လှည့်ကွက်မျှ မပါဝင်ပါချေ။ ဝမ်ချောင်သည် ယခင်က မဟာလော့ဝ် နတ်ဘုရား သိုင်းစဉ်ဖြင့် စုပ်ယူထားသော မြစ်ရေလှိုင်းလုံးကြီးများအလား တိုက်ခိုက်မှုများကို သူ၏ကြီးမားကျယ်ပြန့်လှသော ဂန်ချီ စွမ်းအင်များနှင့် ပေါင်းစပ်ကာ ရိုးရှင်းစွာပင် ပြန်လည်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
"အားးး"
နာကျင်စွာ အော်ဟစ်သံများကိုသာ ကြားလိုက်ရပြီး၊ မြေအောက်မှနေ၍ တိတ်တဆိတ် တိုက်ခိုက်ရန် ထွက်ပေါ်လာခဲ့သော အရှေ့ တာ့ခ်မှ မြေကမ္ဘာဂိုဏ်း အစွမ်းထက် သိုင်းပညာရှင် ဆယ်ဦးကျော်ခန့်မှာ ကြိုးပြတ်သွားသော စွန်များအလား တစ်ဦးပြီးတစ်ဦး လွင့်စင်ထွက်သွားကြရတော့သည်။
ဝမ်ချောင်၏အလုံးစုံ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသော ဂန်ချီ စွမ်းအင် လှိုင်းလုံးကြီး ရှေ့တွင်မူ ထိုသူများ၏ ခုခံမှုမှာ လုံးဝ အသုံးမဝင်တော့ပါချေ။ နှစ်ဖက်စလုံး၏ ခွန်အားကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလှပေသည်။
ဘုန်း ဘုန်း ဘုန်း!
မြေကမ္ဘာဂိုဏ်း သိုင်းပညာရှင် ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ ခုခံရန် အခွင့်အရေးပင်လျှင် မရလိုက်ဘဲ သူတို့၏ခန္ဓာကိုယ်များမှာ လေထဲတွင် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားကြတော့သည်။
ဤတစ်ကြိမ်တည်းသော တိုက်ခိုက်မှုတွင် ဝမ်ချောင်အနေဖြင့် သူတို့ကို အသက်ရှင်ခွင့် ပေးရန် လုံးဝမတွေးတောခဲ့ပါချေ။
"ယွန်းဂျယ်စိုးမွန်း၊ မင်းလည်း သူတို့နဲ့အတူ သွားလိုက်ပါ!"
ထိုမြေကမ္ဘာဂိုဏ်း သိုင်းပညာရှင်များကို ကိုင်တွယ်နေသည့် တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည် ယွန်းဂျယ်စိုးမွန်းကိုလည်း မေ့လျော့မနေခဲ့ပါချေ။ သူ၏မျက်နှာအမူအရာမှာ အေးစက်နေခဲ့ပြီး ညာဘက် လက်ဝါးဖြင့် ထပ်မံ၍ ရိုက်ချလိုက်ရာ နောက်တစ်ခဏတွင် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်မည့် ဧရာမ ဂန်ချီ စွမ်းအင် လှိုင်းလုံးကြီး တစ်ခုမှာ မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသောအရှိန်ဖြင့် ယွန်းဂျယ်စိုးမွန်းဆီသို့ တဟုန်ထိုး ပြေးဝင်လာတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ယွန်းဂျယ်စိုးမွန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး ပြင်းထန်လှသော သေခြင်းတရား၏ အရှိန်အဝါတစ်ခုကို ချက်ချင်းပင် ခံစားလိုက်ရတော့သည်။
သို့သော် ဤသို့ဖြစ်နေလင့်ကစား ယွန်းဂျယ်စိုးမွန်း၏ရင်ထဲရှိ ရက်စက်ကြမ်းတမ်းမှုများမှာလည်း နိုးထလာခဲ့တော့သည်။
"ကောင်းကင်နတ်ဘုရား၏ အလင်းတန်းခြောက်ခု ခုတ်ပိုင်းစမ်း"
ထိုပြင်းထန်လှသော ဟောက်သံကြီးမှာ မိုးကြိုးသံအလား ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားတော့သည်။
"ဝုန်း"
ယွန်းဂျယ်စိုးမွန်း၏ အသံနှင့်အတူ ကောင်းကင်ယံ အနက်ပိုင်းမှနေ၍ မည်သူမျှ သတိမပြုမိလိုက်သောနေရာမှ အနက်ရောင် ဓားရှည်ကြီး တစ်စင်းမှာ ကြီးမားကျယ်ပြန့်ပြီး အလုံးစုံ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသော ရေလှိုင်းကြီးများကို သယ်ဆောင်လျက် ကောင်းကင်မှ ကျလာသော ကျောက်ပျံကြီး တစ်ခုအလား မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် ဝမ်ချောင်ဆီသို့ ပြင်းထန်စွာ ပစ်ခတ်လာတော့သည်။
"ဝုန်း!"
ဝမ်ချောင်၏ ခေါင်းထက် သုံးပေခန့် အကွာအဝေးတွင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ် ပေါ်ထွက်လာကာ ထိုထူးဆန်းလှသော အနက်ရောင် ဓားရှည်ကြီး ကို မျက်တောင်တစ်ခတ်အတွင်း တားဆီးလိုက်တော့သည်။
ဝမ်ချောင်၏ ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်မှာ သံမဏိများအလား ခိုင်မာလှပေရာ မြေကမ္ဘာဂိုဏ်း၏ ဂန်ချီ စွမ်းအင်ကို ဖောက်ထွင်းနိုင်သည့် ပြိုင်ဘက်ကင်း ရတနာများ ပင်လျှင် အနည်းငယ်မျှ ထိုးဖောက်နိုင်စွမ်း မရှိခဲ့ပါချေ၊ သို့သော် ယွန်းဂျယ်စိုးမွန် ၏ ဤဓားရှည် မှာမူ ဘုံသုံးဆယ့်သုံးထပ် အတွင်းသို့ ပေဝက်ခန့်ပင်လျှင် ထိုးစိုက်ဝင်ရောက်သွားခဲ့ရာ ၎င်း၏ခွန်အားမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားလှပေသည်။
သို့သော် ဝမ်ချောင်၏ ဘုံသုံးဆယ့်သုံးထပ် ဂန်ချီ စွမ်းအင်၏အထူမှာ ပေဝက်ခန့် သာမကပါချေ။ ယွန်းဂျယ်စိုးမွန်း၏ ဤဓားတစ်ချက်မှာ ဝမ်ချောင်၏ခံစစ်ကို လုံးဝ ဖောက်ထွင်းနိုင်စွမ်း မရှိသေးပါချေ။
"ကောင်းကင်နတ်ဘုရား ၏ အလင်းတန်းခြောက်ခု… ဒါက မင်းရဲ့ ဆဋ္ဌမမြောက် ဓားကိုး"
ဝမ်ချောင်က အထက်ရှိ သူ့ဆီသို့ ထိုးစိုက်လာသော ဆဋ္ဌမမြောက် ဓားကို မော့ကြည့်ရင်း အသာအယာ ပြုံးလိုက်သည်။
ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်း၏ ဓားသိုင်းများမှာ နတ်ဘုရားများအလား အစွမ်းထက်ပြီး တစ်လောကလုံး၌ ယှဉ်ပြိုင်နိုင်သူ အလွန်ရှားပါးလှကြောင်းကို ဝမ်ချောင်အနေဖြင့် အစောကြီးကတည်းက ကြားသိခဲ့ဖူးပြီး ဖြစ်သည်။
သို့သော် အံ့ဩစရာ အကောင်းဆုံး အချက်မှာ ယွန်းဂျယ်စိုးမွန်း၏ ဆဋ္ဌမမြောက်ဓားပင် ဖြစ်သည်။ သူ၏ ဆဋ္ဌမမြောက်ဓားကို မြင်တွေ့ဖူးသူ အလွန်ပင် ရှားပါးလှရာ၊ ဤသည်မှာ ဝမ်ချောင်အနေဖြင့် သူ၏ဆဋ္ဌမမြောက်ဓားကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်တော့သည်။
အစွမ်းသတ္တိများ အလွန် ကြီးမားပြီး အလွန်ပင် ထက်မြက်လှသည် ဆိုသော်ငြားလည်း ကံမကောင်းစွာဖြင့် မိမိ၏ ပြိုင်ဘက်တော့ မဟုတ်သေးပါချေ။
"ဘုန်း!"
နောက်တစ်ခဏတွင် ဝမ်ချောင်က လက်ချောင်း တစ်ချောင်းဖြင့် ညွှန်ပြလိုက်ရာ သူ၏ခေါင်းထက်ရှိ သူ့ဆီသို့ ထိုးစိုက်လာသော ယွန်းဂျယ်စိုးမွန်း ၏ ဆဋ္ဌမမြောက်ဓားမှာ ပုံသဏ္ဌာန်မဲ့သော ခွန်အားကြီး တစ်ခု၏ ထိန်းချုပ်မှုကို ခံလိုက်ရသည့်အလား၊ ပြင်းထန်လှသော ဂန်ချီ စွမ်းအင်များနှင့်အတူ အရှိန်အဟုန်ဖြင့် လှည့်ထွက်သွားပြီး ယွန်းဂျယ်စိုးမွန်း၏ မျက်နှာဆီသို့ တိုက်ရိုက် ဦးတည် ပြေးဝင်သွားတော့သည်။
ဤဓားတစ်ချက်မှာ အလွန်ပင် မြန်ဆန်လွန်းလှရာ ပျောက်ကွယ်သွားပြီးနောက် ပြန်လည်ထွက်ပေါ်လာချိန်တွင် ယွန်းဂျယ်စိုးမွန်း၏မျက်နှာနှင့် လက်မအနည်းငယ်ခန့် သာ ကွာဝေးတော့သည်။
ဝမ်ချောင်မှာ ဓားသိုင်းတွင် ကျွမ်းကျင်မှု မရှိပါသော်လည်း ဓားမြှောင် သိုင်းတွင်မူ အလွန်ပင် ကျွမ်းကျင်လှပေသည်၊ စုကျန်းချန် သင်ကြားပေးခဲ့သော နတ်နှင့်မိစ္ဆာ သုတ်သင်ခြင်း အတတ်မှာ ယွန်းဂျယ်စိုးမွန်း၏ ဓားသိုင်းထက် လုံးဝမနိမ့်ကျလှပါချေ။
ဓားမြှောင်၏ သဘောတရားများဖြင့် ဓားရှည်ကို ထိန်းချုပ်လိုက်သည့်အခါတွင် ဝမ်ချောင်ထုတ်ဖော်လိုက်သော ခွန်အားမှာ ယွန်းဂျယ်စိုးမွန်းထက်ပင် များစွာပိုမိုကြောက်မက်ဖွယ် ကောင်းလှပေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယွန်းဂျယ်စိုးမွန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး မျက်နှာပေါ်၌ မယုံကြည်နိုင်သော အမူအရာများ ပေါ်ထွက်နေတော့သည်။ ဝမ်ချောင်အနေဖြင့် သူ၏ဆဋ္ဌမမြောက်ဓားကို လုယူပြီး ပုံမှန်အတိုင်း အသုံးပြုနိုင်လိမ့်မည်ဟု သူ မည်သို့မျှ မတွေးတောထားခဲ့မိပါချေ။
ယွန်းဂျယ်စိုးမွန်း၏ဆဋ္ဌမမြောက် ဓားမှာ မိစ္ဆာဓား တစ်စင်း ဖြစ်သည်။ ဓားအတွင်း၌ ဧရာမ သားရဲကြီး တစ်ကောင်အလား ပြင်းထန်လှသော အသိစိတ်တစ်ခု ပါဝင်နေပြီး၊ အကယ်၍ ပေါ့ပေါ့ဆဆ ထိတွေ့မိမည်ဆိုပါက ဤမိစ္ဆာဓားကို ပုံမှန် အသုံးပြုနိုင်မည် မဟုတ်သည့်အပြင် မိစ္ဆာဓား၏ အသိစိတ က ဦးနှောက်အတွင်းသို့ ဝင်ရောက်လာပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်သွားနိုင်ကာ အသိစိတ်များကိုပင် ဖျက်ဆီးပစ်နိုင်ပေသည်။
ဂိုဂူလျော အင်ပါယာ တစ်ခုလုံးတွင် ဘုရင်ကိုဂျန်အပါအဝင် သူ့မှလွဲ၍ အခြား မည်သူတစ်ဦးတစ်ယောက်ကမျှ ဤ မိစ္ဆာဓားကို အသုံးပြုနိုင်စွမ်း မရှိကြပါချေ။
သို့သော် ယခုအခါတွင် ဤ ဓာရှည်ကြီးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်၏ထိန်းချုပ်မှု အောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ပို၍အရေးကြီးသည်မှာ ဝမ်ချောင်စတင် တိုက်ခိုက်လိုက်သည့် အခိုက်အတန့်မှာပင် ယွန်းဂျယ်စိုးမွန်းဟူသော ဤဂိုဂူလျော ဧကရာဇ်မှာ သေခြင်းတရား၏ အန္တရာယ် အတွင်းသို့ ကျရောက်သွားခဲ့ပြီ ဖြစ်ခြင်းပင်။
အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး ယွန်းဂျယ်စိုးမွန်းမှာ ဝမ်ချောင်၏ ဓားရှည် နှင့် ဂန်ချီ စွမ်းအင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရကာ ပျက်စီးနေသော ဓားတစ်စင်းအလား လွင့်စင်ထွက်သွားခဲ့ပြီး မြေကြီးထဲသို့ ပြင်းထန်စွာ ရိုက်ကျသွားကာ ဖုန်မှုန့်များ တလိမ့်လိမ့် ထွက်ပေါ်လာတော့သည်။
ခဏတာ အချိန်တိုလေး အတွင်းမှာပင် ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်းနှင့် မြေကမ္ဘာဂိုဏ်း၏ သိုင်းပညာရှင်များအားလုံး ပူးပေါင်းတိုက်ခိုက်ခဲ့သော တိုက်ခိုက်မှုများမှာ ဝမ်ချောင်၏မျက်တောင်တစ်ခတ်အတွင်း ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ဝမ်ချောင်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ရုံသာမကဘဲ ဝမ်ချောင်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် သေဆုံးသူများ အလွန်များပြားသွားခဲ့ရသည်။
ထိုအခိုက်အတန့်၌ ဝမ်ချောင်သည် လေထဲတွင် မတ်မတ်ရပ်နေလျက် အေးဆေးတည်ငြိမ်သော အကြည့်များဖြင့် စစ်မြေပြင် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ပြိုင်ဘက်ကင်းလှသော နတ်ဘုရား တစ်ပါးအလား ဖြစ်နေတော့သည်။
အလွန်အမင်း ကြီးမားလှသော ခွန်အားများ ရှေ့တွင်မူ မည်သည့် အကြံအစည်များမဆို နောက်ဆုံးတွင် မြေအိုးမြေခွက်များအလား အလွယ်တကူ ပျက်စီးသွားရမည် ချည်းသာ ဖြစ်၏။
"ဟင်"
ရုတ်တရက် ဝမ်ချောင်၏မျက်ခုံးများ ပင့်သွားခဲ့ပြီး ခေါင်းကို လျင်မြန်စွာ လှည့်ကာ အောက်ဘက်သို့ လှမ်းကြည့်လိုက်တော့သည်။
"မသေသေးဘူးပဲ"
ဝမ်ချောင်၏မျက်ဝန်းထဲ၌ ပထမဆုံးအကြိမ်အဖြစ် မထင်မှတ်ထားသော အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။
စစ်မြေပြင် တိုက်ပွဲများတွင် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ကြရာ၊ ဝမ်ချောင်၏ တွက်ချက်မှုအရ ခုနက သူ၏လက်ဝါး ရိုက်ချက်မှာ ပြိုင်ဘက်ကင်းလှပြီး မြေကမ္ဘာဂိုဏ်း၏သိုင်းပညာရှင်များ အားလုံးကို သတ်ဖြတ်နိုင်ရန် လုံလောက်လှပေသည်။ သို့သော် သူ၏အကြည့်များ ရောက်ရှိသွားသည့် အခါတွင်မူ မြေကမ္ဘာဂိုဏ်း၏ ပြိုင်ဘက်ကင်း သိုင်းပညာရှင် ဆယ်ဦးကျော်ခန့်တွင် ရှစ်ဦး ကိုးဦးခန့်သာ သေဆုံးသွားခဲ့ပြီး၊ ကျန်ရှိနေသူများ ဖြစ်ကြသော ကြယ်ပုံစံ သရဖူကို ဆောင်းထားသည့် မြေကမ္ဘာဂိုဏ်း အဘိုးအိုအပါအဝင် အခြားသူများ အားလုံးမှာ ဝမ်ချောင်၏ တိုက်ခိုက်မှု အောက်မှ ပြီးပြည့်စုံစွာ လွတ်မြောက်လာနိုင်ခဲ့ကြသည်။ သူတို့၏ အတွင်းကလီစာများ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်မှ လွဲ၍ အခြား ထိခိုက်မှု အနည်းငယ်မျှ မရှိကြပါချေ။
"အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းတွေ ထပ်ပြီး ပါလာပြန်ပြီ!"
ဝမ်ချောင်၏ အကြည့်များ တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် ထိုမြေကမ္ဘာဂိုဏ်းမှ ကြယ်ပုံစံ သရဖူ ဆောင်းထားသော အဘိုးအို၏ ရှေ့တွင် ရှေးဟောင်း ပုံစံရှိပြီး အပေါက်များ ပါရှိသော အနက်ရောင် သံလုံးလေး တစ်လုံးကို ချက်ချင်း မြင်တွေ့လိုက်ရတော့သည်။
ထိုအပေါက်များ ပါရှိသော သံလုံးလေးမှာ လေဟာနယ်၏အတွင်း၌ အလွန် မြန်ဆန်လှသော အရှိန်ဖြင့် လည်ပတ်နေပြီး အပြင်ဘက်သို့ တိမ်မည်းများကို အဆက်မပြတ် မှုတ်ထုတ်နေတော့သည်။ သေချာစွာ ကြည့်မည်ဆိုပါက သံလုံးလေး၏ အလယ်ဗဟို၌ အပြာရောင် လျှပ်စစ်မီးပွင့်များ ပန်းထွက်နေသည်ကို မြင်တွေ့နိုင်ပြီး အလွန်ပင် အစွမ်းထက်လှသော ခံစားချက်ကို ပေးစွမ်းနေတော့သည်။
အထူးခြားဆုံး အချက်မှာ ဝမ်ချောင်သည် ဤအဆက်မပြတ် လည်ပတ်နေသော အပေါက်များ ပါရှိသည့် သံလုံးလေး အတွင်းမှ ရင်းနှီးကျွမ်းဝင်နေသော အရှိန်အဝါ တစ်ခုကိုပါ ခံစားလိုက်ရခြင်းပင် ဖြစ်သည်။ ထိုအရာမှာ သူ ခုနက ထုတ်လွှတ်လိုက်သော ဂန်ချီ စွမ်းအင်၏ လှိုင်းဂယက်များပင် ဖြစ်တော့သည်။
သူ ပေါက်ကွဲ ထွက်ပေါ်လာစေခဲ့သော ဂန်ချီ စွမ်းအင် များထဲမှအများစုမှာ ထိုသံလုံးလေး၏ စုပ်ယူ တားဆီးခြင်းကို ခံလိုက်ရပုံ ပေါ်ပေသည်။
ဤကဲ့သို့သော အခြေအနေမျိုးကို ဝမ်ချောင်အနေဖြင့် လုံးဝစိမ်းသက်နေခြင်း မရှိပါချေ၊ နိုင်ငံပေါင်းစုံ ပွဲတော်တွင် အန်းလုရှန်းက ဤကဲ့သို့သော မှော်လက်နက်မျိုးကို အသုံးပြုကာ သူ၏ တိုက်ခိုက်မှုများကို တားဆီးခဲ့ဖူးပေသည်။
မြေကမ္ဘာဂိုဏ်းဘက်မှအနေဖြင့် အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းများနှင့် တိုက်ရိုက် အဆက်အသွယ်ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်ရာ၊ ဤမှော်လက်နက်များ အားလုံးကို အန်းလုရှန်းက သူတို့ကို ပေးအပ်ထားခြင်း ဖြစ်ကြောင်း သိသာလှပေသည်။
ဤမြေကမ္ဘာဂိုဏ်းသိုင်းပညာရှင်များပင်လျှင် အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းမှ ပေးအပ်ထားသော မှော်လက်နက်များ ရှိနေသည်ဆိုပါက၊ ယွန်းဂျယ်စိုးမွန်းဘက်တွင်လည်း သေချာပေါက် ရှိနေမည်မှာ အသေအချာပင်။
ဝမ်ချောင်က ခေါင်းလှည့်ကြည့်လိုက်ရာ အမှန်တကယ်ပင် အခြားတစ်ဖက်တွင် ခုနက သူ၏တိုက်ခိုက်မှုကြောင့် သေချာပေါက် သေဆုံးသွားလောက်ပြီဟု ဝမ်ချောင် တွေးတောထားခဲ့သော ယွန်းဂျယ်စိုးမွန်းမှာ၊ ဖုန်မှုန့်များနှင့် နှင်းမြူများ လွင့်စင်သွားပြီးနောက် ခန္ဓာကိုယ် တောင့်တင်းခိုင်မာလှသော ပုံရိပ်ကြီး တစ်ခုအနေဖြင့် ချောင်းဆိုးလျက် ကိုယ်ကိုကိုင်းကာ မြေပြင်ပေါ်မှနေ၍ မတ်တပ် ထရပ်လာခဲ့သည်။ သူ၏ ကိုယ်ပေါ်တွင်မူ ပွင့်အာနေသော ဓားရှည်အချို့မှာ အလွန်ပင် ထင်ရှားနေတော့သည်။
ယွန်းဂျယ်စိုးမွန်း၏ နှုတ်ခမ်းထောင့်များမှ သွေးများ ယိုစီးကျနေခဲ့ပြီး မျက်လုံးများမှာလည်း မှေးမှိန်နေခဲ့ကာ ကိုယ်ပေါ်ရှိ သံချပ်ကာများ ပင်လျှင် ရိုက်ခတ်မှုကြောင့် ပျက်စီးနေခဲ့ပြီဖြစ်ရာ ပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း သိသာလှပေသည်။ သို့သော် ဤဂိုဂူလျော အင်ပါယာ၏ဧကရာဇ်ကြီးမှာ ခုနက အန္တရာယ်ကြီး ထဲမှနေ၍ အမှန်တကယ်ပင် အသက်ရှင် လွတ်မြောက်လာနိုင်ခဲ့ပြီ ဖြစ်သည်။
ဝမ်ချောင်၏အကြည့်များက သူ၏ကိုယ်ပေါ်သို့ ရောက်ရှိသွားသည့်အခါတွင်မူ ခုနက အပေါက်များ ပါရှိသည့် ကြေးနီလုံးလေးနှင့် ဆင်တူသော အရာတစ်ခုက အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်နေလျက် ချီချီ မြည်သံများနှင့်အတူ သူ့ကို ဗဟိုပြုကာ လျင်မြန်စွာ လှည့်ပတ်နေသည်ကို မြင်တွေ့လိုက်ရတော့သည်။
တိုက်ခိုက်မှုကိုလည်း ဤအပေါက်များပါရှိသည့် ကြေးနီလုံးလေး မှော်လက်နက်ကပင် တားဆီးပေးလိုက်ခြင်း ဖြစ်ကြောင်း သိသာလှပေသည်။
******