အခန်း ၂၁၉၈
Vol. 136 Ch. 2198
အခန်း (၂၁၉၈) ဘုရင်သုံးပါး ပြိုင်တူ ပေါ်ထွက်လာပြီး၊ ပုစဉ်းရင်ကွဲက နောက်ကွယ်မှ စောင့်နေခြင်း
ရှန့်ကုန်းအကြီးအကဲ၏ ခန္ဓာကိုယ်မှာ လေထဲသို့ ခုန်တက်သွားခဲ့ပြီးနောက် နှင်းမုန်တိုင်းများ အကြား၌ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ရှန့်ကုန်းအကြီးအကဲ ပျောက်ကွယ်သွားသည့် အခိုက်အတန့်မှာပင်၊ အန်းလုရှန်းနှင့် ကောင်းရှန်းဘုရင်နှင့် အမတ်နှစ်ဦးမှာ အချင်းချင်း တစ်ချက် လှမ်းကြည့်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်နှာပေါ်ရှိ အမူအရာများမှာ တဖြည်းဖြည်း တင်းမာလာတော့သည်။
"မင်း ပြောတာ မှန်သွားတယ်။ သူတို့က ငါတို့ကို တကယ်ပဲ စိတ်ချနေတာ မဟုတ်ဘူး၊ အင်အားတွေ ချန်ထားပြီး အနီးအနားမှာ ငါတို့ကို စောင့်ကြည့်ဖို့ လူတွေ ထားခဲ့သေးတယ်"
အန်းလုရှန်းက စိတ်စွမ်းအင်တစ်ခုကို ဟာလာဟင်းလင်းပြင်အတွင်းသို့ ပို့လွှတ်လိုက်ကာ ကောင်းရှန်း၏ ဦးနှောက်ထဲသို့ ဝင်ရောက်ပြီး ဆိုလိုက်သည်။
ယိုကျိုးတွင် ရှိနေစဉ်က သူတို့ကိုယ်သူတို့ နတ်ဘုရားများ ဟု ခေါ်ဆိုသော ဤလူများမှာ သူ့ထံသို့ ရုတ်တရက် ရောက်ရှိလာခဲ့ပြီး၊ သူသည် အနာဂတ်၏ စစ်မှန်သော ဧကရာဇ်လောင်းဖြစ်ကြောင်း၊ သူ့ကို ထီးနန်းပေါ်သို့ ရောက်ရှိလာရန်နှင့် တစ်လောကလုံးကို သိမ်းပိုက်နိုင်ရန် အစွမ်းကုန် ကူညီပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ထိုအချိန်က အန်းလုရှန်းအနေဖြင့် ပြုံးရွှင်စွာ သဘောတူလိုက်ပြီး အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်ခဲ့သည်ဆိုသော်ငြားလည်း သူ၏ရင်ထဲ၌မူ မည်သို့လျှင် အမှန်တကယ် ယုံကြည်ပါမည်နည်း။
ဤ နတ်ဘုရား အဖွဲ့အစည်းနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ သူ ဘာတစ်ခုမှ မသိရှိရသေးပါချေ၊ လျှို့ဝှက်ချက်များ အများအပြား ရှိနေသည်ဟုသာ ခံစားရပြီး မည်သို့လျှင် ယုံကြည်မှု အပြည့် ရှိနိုင်ပါမည်နည်း။
အန်းလုရှန်းက သူတို့နှင့် ပူးပေါင်းပြီး သူတို့၏ အင်အားများကို အသုံးချနေသည် ဆိုသော်ငြားလည်း၊ တစ်ချိန်တည်းမှာပင် သူတို့ကို သတိထား စောင့်ကြည့်နေခဲ့ခြင်းပင် ဖြစ်သည်။
သို့သော်လည်း တစ်လောကလုံးကို မသိမ်းပိုက်နိုင်သေးမီ အချိန်အထိတော့ အန်းလုရှန်းအနေဖြင့် သူတို့နှင့် မည်သည့် ပဋိပက္ခ မျှ ဖြစ်ပွားရန် ရည်ရွယ်ချက် မရှိပါချေ။
"သူတို့ ဝင်တိုက်ပေးဖို့ သဘောတူတယ်ဆိုရင်ပဲ လုံလောက်နေပါပြီ။ လက်ရှိ အရေးအကြီးဆုံးက အဲဒီလူပါပဲ"
ကောင်းရှန်းက ရှေ့တည့်တည့်ကို ကြည့်ရင်း ဆိုလိုက်သည်။
စစ်မြေပြင်တွင် နှစ်ဖက်စလုံး၏ စစ်ပွဲကြီးမှာ အလွန်ပင် အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ကောင်းရှန်းမှာ ဆက်လက်၍ အေးဆေးတည်ငြိမ်နေဆဲပင် ဖြစ်သည်။
စစ်ဗျူဟာမှူးတစ်ဦးအနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုး ရောက်လေလေ ပိုမိုတည်ငြိမ်နေရန် လိုအပ်လေလေပင် ဖြစ်သည်။
"သူ့မှာ နောက်ထပ် အင်အားတွေ ချန်ထားသေးတယ်လို့ မင်း ထင်နေတာလား?"
ဤစကားကို ကြားလိုက်ရသည့်အခါ အန်းလုရှန်းမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားတော့သည်။
"ဟုတ်တယ်"
ကောင်းရှန်းက ခေါင်းငုံ့ကာ အလေးအနက် တွေးတောနေဟန်ဖြင့် ဆိုလိုက်သည်။
"ဒါပေမဲ့ မဟာထန်တစ်ခုလုံးအနေနဲ့ စစ်အင်အား ခြောက်သိန်းကျော် အသုံးပြုထားပြီးဖြစ်လို့ သူတို့ရဲ့ အင်အား ၉၀ ရာခိုင်နှုန်းကျော်ကို ထုတ်သုံးထားပြီးပြီ၊ သူတို့မှာ ဘာအကြံအစည်များ ရှိနေဦးမှာလဲ"
"မသိဘူး"
ကောင်းရှန်းက ခေါင်းခါလိုက်သည်။ ဤအချက်မှာ သူ အလွန်အမင်း စိုးရိမ်နေရသော အကြောင်းရင်းပင် ဖြစ်တော့သည်။
စစ်မြေပြင်ကို ကြည့်မည်ဆိုပါက မဟာထန်ဘက်မှ အမှန်တကယ်ပင် အင်အား အားလုံးနီးပါး ထုတ်သုံးထားပြီး ဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ပင် စစ်မြေပြင်သို့ ဝင်ရောက် တိုက်ခိုက်နေပြီဖြစ်ကာ ကျန်းရှို့ကွေးနှင့် အာပုစစ်တို့ကိုလည်း စေလွှတ်ထားပြီး ဖြစ်သည်။ ဤမျှသာမက "ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်" ကဲ့သို့သော ထိပ်တန်း စစ်အစီအရင် ကြီးကိုပင် အသုံးပြုထားပြီဖြစ်ရာ ယုတ္တိအရဆိုပါက မည်သည့် လျှို့ဝှက်ချက်မျှ ရှိမနေသင့်တော့ပါချေ။
သို့သော် ကောင်းရှန်း၏ ရင်ထဲ၌ ပြင်းထန်လှသော စိုးရိမ်ပူပန်မှုတစ်ခု ရှိနေဆဲပင် ဖြစ်သည်။
ခန့်ညားထည်ဝါလှသော မဟာထန်၏ နံပါတ်တစ် စစ်နတ်ဘုရားအနေဖြင့် တကယ်ပဲ ဒီလောက်လေးပဲ တတ်နိုင်တာလား။
"ဝမ်ကျုံးစစ် များလား"
ကောင်းရှန်း၏ ရင်ထဲ၌ အတွေးများ အဆက်မပြတ် လှိုင်းထနေတော့သည်။
လက်ရှိအချိန်အထိ တစ်ဦးတည်းသော ပေါ်ထွက်မလာသေးသူမှာ မင်းဆရာ ဝမ်ကျုံးစစ် တစ်ဦးတည်းသာ ရှိတော့သည်။ သို့သော် ဝမ်ကျုံးစစ်တစ်ဦးတည်းဖြင့် မည်သည့် လှိုင်းလေများ ထပ်မံဖန်တီးနိုင်မည်နည်း။
နောက်ဆုံးတွင် မဟာထန်၏စစ်ဗိုလ်ချုပ်ဖြစ်သော ဝမ်ချောင်ကိုယ်တိုင်ပင် ဝင်ရောက် တိုက်ခိုက်နေပြီ မဟုတ်ပါလော။
"ဟူးး!"
ကောင်းရှန်းက လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားတော့သည်။
"အချိန်မမီတော့ဘူး၊ နှစ်ဖက်စလုံးရဲ့ စစ်တပ်ကြီးတွေက ထွက်တိုက်နေကြပြီ၊ ဒီအချိန်မှာ ငါတို့မှာ နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး၊ အင်အား အားလုံး ထုတ်သုံးပြီး တိုက်ဖို့ပဲ ရှိတော့တယ်!"
"ဝူ….."
နောက်တစ်ခဏတွင် ကျယ်လောင်လှသော ခရုသင်းသံကြီးတစ်ခုမှာ ကောင်းကင်ယံကို ဖြတ်ကျော်သွားခဲ့ပြီး ယိုကျိုး စစ်တပ်ကြီး၏ အနောက်ဘက်တွင် ထပ်မံထွက်ပေါ်လာပြန်သည်။ ဤသည်မှာ တိုက်ခိုက်ရန် အချက်ပြသော အသံပင် ဖြစ်တော့သည်။
"သတ်…"
သတ်ဖြတ်လိုသော အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော နိုင်ငံအသီးသီး၏ စစ်တပ်များမှာ ပင်လယ်လှိုင်းကြီးများအလား ပိုမို၍ ရူးသွပ်စွာဖြင့် ရှေ့သို့ တဟုန်ထိုး တိုးဝင်လာကြတော့သည်။ သိန်းနှင့်ချီသော စစ်တပ်ကြီးများမှာ သမုဒ္ဒရာကြီး တစ်ခုအလား အလယ်ဗဟိုရှိ ဝမ်ချောင်နှင့် "ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်"ကို ရှောင်ကွင်းသွားကြပြီး၊ ဘေးနှစ်ဖက်ရှိ ကျန်းရှို့ကွေးနှင့် အာပုစစ်တို့ဆီသို့ တိုက်ရိုက် ဦးတည်သွားကြကာ မဟာထန်၏ဘေးနှစ်ဖက်ရှိ ဖိအားကို အဆက်မပြတ် တိုးမြှင့်ပေးနေကြတော့သည်။
ဤအရာ အားလုံးမှာ ကောင်းရှန်း၏ အကြံအစည်များပင် ဖြစ်တော့သည်။
ဝမ်ချောင်၏ "ကိုးကောင်းကင် ဆယ်ကမ္ဘာ နတ်ဘုရားနှင့် မိစ္ဆာ ချေမှုန်းရေး မဟာစစ်အစီအရင်" ၏ စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှရာ စစ်တပ်အနေဖြင့် ထိုနေရာသို့ သွားရောက် တိုက်ခိုက်မည် ဆိုပါက ဥကို ကျောက်တုံးနှင့် ပေါက်သကဲ့သို့သာ ဖြစ်သွားမည်ဖြစ်ပြီး၊ အားထုတ်မှု နှစ်ဆဖြင့် ရလဒ် တစ်ဝက်သာ ရရှိမည် ဖြစ်ကာ လူ မည်မျှ သေဆုံးရမည်ကိုပင် သိရှိနိုင်မည် မဟုတ်ပါချေ။
၎င်းနှင့် နှိုင်းယှဉ်ပါက ဘယ်ဘက်ခြမ်းရှိ ကျန်းရှို့ကွေးနှင့် ညာဘက်ခြမ်းရှိ အာပုစစ်တို့ကို တိုက်ခိုက်ခြင်းက ပို၍ လွယ်ကူပေလိမ့်မည်။
ထို့ပြင် ဘယ်ဘက်ခြမ်းရှိ ကျန်းရှို့ကွေး၏သတ်ဖြတ်လိုစိတ်များမှာ အလွန်ပင် ပြင်းထန်လွန်းလှရာ လျစ်လျူရှု၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယိုကျိုး စစ်တပ်ကို သူ ကိုယ်တိုင် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ရာ ယိုကျိုး စစ်တပ်၏ စစ်ဗျူဟာများ အားလုံးကို လက်ဖဝါးလို ထွင်းဖောက် သိမြင်ထားသည်။ မဟာထန်စစ်သည် နှစ်သိန်းမှာ သူ၏လက်ထဲတွင် ဝမ်ချောင်၏ နောက်၌သာ ရှိပြီး၊ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ ဘယ်ဘက်ခြမ်းမှာ သူ၏ တိုက်ခိုက်မှုကြောင့် ဖောက်ထွင်းခံရလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ကျန်းရှို့ကွေးမှာ မည်သူမျှ တားဆီး၍ မရနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။
ယိုကျိုး၏ ထိပ်တန်းတပ်ဖွဲ့များပင်လျှင် သူ၏ရှေ့မှောက်တွင် မည်သည့် အစွမ်းသတ္တိမျှ ပြသနိုင်စွမ်း မရှိကြပါချေ။
ယိုကျိုး စစ်သည်ဟောင်းများအားလုံးမှာ ကျန်းရှို့ကွေးနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ကို မသိစိတ်ဖြင့် ကြောက်ရွံ့နေကြသည်။
အကယ်၍ အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်း၏ အကူအညီဖြင့် ကျန်းရှို့ကွေးကိုသာ သတ်ဖြတ်နိုင်မည်ဆိုပါက ဘယ်ဘက်ခြမ်းရှိ မဟာထန်စစ်တပ်မှာ ကြောက်စရာ လုံးဝမလိုတော့ပါချေ။ ထို့နောက် ညာဘက်ခြမ်းရှိ အာပုစစ်နှင့် ထုံလော့သံချပ်ကာမြင်းတပ်ကိုပါ ဆက်လက် ချေမှုန်းနိုင်မည်ဆိုပါက အင်အား အသာစီး ရရှိသွားမည်ဖြစ်ပြီး နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့အနေဖြင့် ဝမ်ချောင်၏ စစ်တပ်ကြီး တစ်ခုလုံးကို ဝိုင်းဝန်း ပိတ်ဆို့ကာ နောက်ဆုံးတွင် အမြစ်ပြတ် ချေမှုန်းနိုင်မည် ဖြစ်ပေသည်။
ဤသည်မှာ ကောင်းရှန်း၏ အစီအစဉ်ပင် ဖြစ်တော့သည်။
စစ်မြေပြင်တွင် သတ်ဖြတ်လိုသော အော်ဟစ်သံများ၊ အလင်းစက်ကွင်းများ တုန်ခါသံများနှင့် သံမဏိများ မြည်ဟည်းသံများမှာ မိုင်ဆယ်ဂဏန်းခန့်အထိ ပျံ့လွင့်နေခဲ့သည်။ သို့သော် မည်သူမျှ သတိမပြုမိလိုက်သည်မှာ ရှန့်ကုန်းအကြီးအကဲ ထွက်ခွာသွားပြီး မကြာမီမှာပင် အရိပ်တစ်ခုမှာ သာမန်မျက်စိဖြင့်ပင် မမြင်နိုင်လောက်အောင် မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် စစ်မြေပြင်ကြီးကို ဖြတ်ကျော်သွားခဲ့ပြီး ဘယ်ဘက်ခြမ်းရှိ ကျန်းရှို့ကွေးရှိရာ အရပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခြင်းပင် ဖြစ်သည်။
"ပုရွက်ဆိတ်တွေ"
နှင်းမုန်တိုင်းများ အကြား၌ အနည်းဆုံး အနုစိတ်အဆင့်သို့ ရောက်ရှိနေသော ထို အစွမ်းထက် သိုင်းပညာရှင်၏ မျက်နှာအမူအရာမှာ အေးစက်နေခဲ့ပြီး၊ သူ၏မျက်လုံးများက အဝေးဆီရှိ ကျန်းရှို့ကွေးကို စိုက်ကြည့်နေကာ မျက်ဝန်းထဲ၌ ရက်စက်ကြမ်းတမ်းသော အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။
"ဝုန်း!"
ပေ ထောင်နှင့်ချီသော ဟာလာဟင်းလင်းပြင်ကြီးကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်သွားခဲ့ပြီး၊ ထိုထူးဆန်းလှသော ပုံရိပ်မှာ အလွန် မြန်ဆန်လွန်းလှရာ လေထဲတွင် အသံလှိုင်းများ ဆက်တိုက် ထွက်ပေါ်နေခဲ့ပြီး သူ၏အနောက်တွင် လေဟာနယ် အက်ကြောင်းများ ဆက်တိုက် ကျန်ရစ်ခဲ့သည်။ သို့သော် သူ၏ခန္ဓာကိုယ် အစစ်အမှန်မှာမူ ကျန်းရှို့ကွေး၏အထက်သို့ ရောက်ရှိနေပြီဖြစ်ကာ ဓားတစ်ချက်တည်းဖြင့် ကျန်းရှို့ကွေးကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်တော့သည်။
"သေစမ်း!"
"ဝုန်း!"
ဓားတစ်ချက် ခုတ်ပိုင်းချလိုက်ရာ ဟာလာဟင်းလင်းပြင်ကြီး ကွဲအက်သွားခဲ့ပြီး၊ ပေ တစ်ထောင် နီးပါး ရှည်လျားကာ ရေလှိုင်းများကဲ့သို့ ကွဲထွက်သွားသော ဧရာမ ဓားရိပ်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ဓား၏ အရှိန်အဝါများ လွှမ်းခြုံသွားခဲ့ပြီး ဧရာမ အရိပ်မည်းကြီး တစ်ခု ဖုံးလွှမ်းသွားရာ ဤအခိုက်အတန့်၌ ကျန်းရှို့ကွေးပင်လျှင် အလွန်သေးငယ်သွားသကဲ့သို့ ဖြစ်နေတော့သည်။
လေထဲတွင်မူ ထိုနတ်ဘုရား အဖွဲ့အစည်း မှ "နတ်ဘုရား သခင်" ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးတက်သွားခဲ့ပြီး အထင်သေး လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။
လောက၌ နာမည်ကျော်ကြားသော ဗိုလ်ချုပ်များ ဆိုသည်မှာ အစစ်အမှန် နတ်ဘုရားများ၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်များ သက်သက်သာ ဖြစ်ပြီး အလွန်ပင် သေးငယ်လွန်းလှပေသည်။
သူတို့ကို သတ်ရခြင်းမှာ ကြက်တစ်ကောင်ကို သတ်ရသည်ထက် ပိုခက်မည် မဟုတ်ပါချေ။
"သွားသေလိုက်တော့"
ကောင်းကင်ယံတွင် ထိုနတ်ဘုရားသခင်မှာ ပြင်းထန်စွာ ဟောက်လိုက်ပြီး မျက်နှာအမူအရာမှာ အလွန်ပင် ရက်စက်ကြမ်းတမ်းနေတော့သည်။
ကျန်းရှို့ကွေးမှာ နတ်ဘုရား အဖွဲ့အစည်းမှ အနုစိတ်အဆင့်ရှိ နတ်ဘုရား သခင်၏ လက်ချက်ဖြင့် သေဆုံးရတော့မည့် အချိန်မှာပင် ထူးဆန်းသော အပြောင်းအလဲများ ပေါ်ထွက်လာတော့သည်။
"ဝုန်း!"
ကျန်းရှို့ကွေး၏ ခြေအောက်ရှိ မြေအောက် အနက်ပိုင်းမှနေ၍ ကျယ်လောင်စွာ မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျောက်တုံးများ အက်ကွဲကာ နှင်းမှုန်များ လွင့်စင်သွားတော့သည်။ လူရိပ်တစ်ခုမှာ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် မြေအောက်မှနေ၍ ဟာလာဟင်းလင်းပြင်ကြီးကို ဖောက်ထွက်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းရှို့ကွေး၏အထက်သို့ ရောက်ရှိလာကာ ထိုနတ်ဘုရား အဖွဲ့အစည်းမှ နတ်ဘုရား သခင် ၏ ရှေ့တွင် ကန့်လန့်ဖြတ် ပိတ်ဆို့လိုက်တော့သည်။
"ဟွန်း… မင်းတို့တွေ ဒီအချိန်မှာ ထွက်တိုက်ကြမယ် ဆိုတာကို ငါ သိနေပြီးသား!"
အေးစက်ပြီး အထင်သေး လှောင်ပြောင်မှုများ ပါဝင်သော အသံတစ်ခုမှာ မတိုးမကျယ်ဖြင့် နားဘေးမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ရင်းနှီးကျွမ်းဝင်နေသော လူငယ်လေးတစ်ဦး၏ မျက်နှာမှာ ထိုနတ်ဘုရား သခင်၏ ရှေ့တွင် ပေါ်ထွက်လာတော့သည်။
ထိုမျက်နှာကို မြင်တွေ့လိုက်ရသည့်အခါ ထိုနတ်ဘုရား အဖွဲ့အစည်းမှ နတ်ဘုရား သခင်၏ တစ်ကိုယ်လုံးမှာ တုန်ခါသွားခဲ့ပြီး မျက်နှာပေါ်၌ အလွန်အမင်း အံ့ဩထိတ်လန့်သော အမူအရာများ ပေါ်ထွက်လာတော့သည်။
"မင်း… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူ၏ မျက်စိရှေ့ရှိ ပုံရိပ်မှာ စစ်မြေပြင်၏ အလယ်ဗဟို၌ ယွန်းဂျယ်စိုးမွန်း၊ ဝူဆူမစ်ရှ် ခါဂန်းတို့နှင့် အပြင်းအထန် တိုက်ခိုက်နေသော ဝမ်ချောင်နှင့် တစ်ပုံစံတည်း တူညီနေလိမ့်မည်ဟု သူ မည်သို့မျှ မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။
စစ်မြေပြင် တစ်ခုတည်းတွင် တစ်ပုံစံတည်း တူညီသော "ဝမ်ချောင်" နှစ်ယောက် ပေါ်ထွက်လာခဲ့ခြင်းပင်။
ဤကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများက သူ ယခင်က တွက်ချက်ထားမှုများ အားလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်တော့သည်။
သို့သော် ထိုနတ်ဘုရား သခင်မှာ အံ့ဩထိတ်လန့်နေဆဲ ဖြစ်သော်လည်း ဝမ်ချောင်၏ ပထမ ရှန်ထိုက်မှာမူ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ရွှေရောင် အလင်းတန်း တစ်ချက် လက်သွားကာ ခန့်ညားထည်ဝါလှသော ကောင်းကင်ဘုံ သုံးဆယ့်သုံးထပ်မှာ လေဟာနယ်အတွင်း ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး လက်သီး တစ်ချက်အဖြစ် ပြောင်းလဲသွားကာ ထိုနတ်ဘုရား အဖွဲ့အစည်းမှ နတ်ဘုရားသခင်ဆီသို့ ပြင်းထန်စွာ ထိုးချလိုက်တော့သည်။
"ဝုန်း!"
ကျယ်လောင်စွာ ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ ဝမ်ချောင်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးမှာ လေဟာနယ်ကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်ကာ ထိုနတ်ဘုရားသခင်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်ချက်ကို ဖျက်ဆီးပစ်လိုက်ပြီး၊ ပြင်းထန်လှသော လက်သီးချက်မှာ သူ၏ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ဝင်ရောက် ရိုက်ခတ်သွားတော့သည်။
အားခနဲ နာကျင်စွာ အော်ဟစ်သံတစ်ခုကိုသာ ကြားလိုက်ရပြီး ထိုနတ်ဘုရား အဖွဲ့အစည်းမှ နတ်ဘုရား သခင်၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားခဲ့ပြီး တဂျွတ်ဂျွတ် မြည်သံများနှင့်အတူ အရိုး မည်မျှကျိုးသွားသည်ကိုပင် မသိရှိရတော့ပါချေ၊ သူ တစ်ကိုယ်လုံးမှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား အဝေးဆီသို့ လွင့်စင်ထွက်သွားခဲ့ပြီး ပေ ရာနှင့်ချီ အကွာအဝေးရှိ စစ်မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ကျသွားကာ မရေမတွက်နိုင်သော နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှ စစ်သည် များကိုပါ လွင့်စင်ထွက်သွားစေတော့သည်။
ထို့ပြင် လွင့်စင်ထွက်သွားရသူမှာ သူ တစ်ဦးတည်း မဟုတ်သေးပါချေ။
"အားးး!"
တစ်ချိန်တည်း လိုလိုပင် အခြားတစ်ဖက်တွင် ဒုတိယမြောက် နတ်ဘုရား အဖွဲ့အစည်းမှ နတ်ဘုရား သခင မှာ သရဲတစ္ဆေ တစ်ကောင်အလား စစ်တပ်ကြီး အတွင်း၌ လျင်မြန်စွာ ဖြတ်သန်းသွားလာနေခဲ့ပြီး မြင်းပေါ်ရှိ ထုံလော့ဗိုလ်ချုပ် အာပုစစ်ဆီသို့ တိုက်ခိုက်ရန် ပြေးဝင်လာခဲ့သည်။
ထိုအချိန်မှာပင် အာပုစစ်၏ ဘေးနားရှိ "ဒုတိယ ဗိုလ်ချုပ်" တစ်ဦးမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး တစ်ကိုယ်လုံးမှ အာပုစစ်ပင်လျှင် ယှဉ်ပြိုင်နိုင်စွမ်း မရှိသော ပြင်းထန်လှသည့် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ၊ လက်သီး တစ်ချက်တည်းဖြင့် ဒုတိယမြောက် နတ်ဘုရားသခင်ကို ပြင်းထန်စွာ ထိုးချလိုက်ရာ အဝေးဆီသို့ လွင့်စင်ထွက်သွားစေတော့သည်။
ဧရာမ ခွန်အားကြီး တစ်ခုက သူ၏အတွင်းကလီစာများထဲသို့ ဝင်ရောက်သွားခဲ့ရာ ထိုနတ်ဘုရား သခင်မှာ လေထဲ၌ လွင့်စင်နေဆဲ အချိန်မှာပင် ဝေါ့ခနဲ အသံနှင့်အတူ သွေးများ အများအပြား အန်ထွက်လာခဲ့ပြီး သူ၏ မျက်နှာပေါ်ရှိ အပေါက် ငါးပေါက်(မျက်လုံး ၂၊ နှာခေါင်း ၂၊ ပါးစပ်၁)မှနေ၍ပင် သွေးများ ယိုစီးကျလာတော့သည်။
မြင်းပေါ်တွင်မူ ထို အာပုစစ်၏ ဒုတိယ ဗိုလ်ချုပ် မှာ သံချပ်ကာများ ပျက်စီးသွားခဲ့ပြီး အခြား လူငယ်လေး တစ်ဦး၏မျက်နှာ ပေါ်ထွက်လာရာ ဝမ်ချောင်နှင့် တစ်ပုံစံတည်း တူညီနေပြန်တော့သည်။
စစ်မြေပြင် တစ်ခုတည်းတွင် တစ်ပုံစံတည်း တူညီသော "ဝမ်ချောင်" သုံးယောက် ပေါ်ထွက်လာခဲ့ခြင်းပင်။
"ဒါ မဖြစ်နိုင်ဘူး"
အဝေးဆီတွင် နောက်တန်းမှ ယခုလေးတင် ပြန်လည် ရောက်ရှိလာသော ရှန့်ကုန်းအကြီးအကဲ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး အသက်ရှူရန်ပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေတော့သည်။
သူသည် ယခုလေးတင် ခြွင်းချက်အနေဖြင့် အနောက်တန်းတွင် ပုန်းအောင်းကာ အန်းလုရှန်းကို စောင့်ကြည့်နေသော နတ်ဘုရား သခင်များကို ခေါ်ယူခဲ့ပြီး စစ်မြေပြင် အတွင်းသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ မူလက သူတို့၏ ခွန်အားဖြင့် မဟာထန်အင်ပါယာ ဗိုလ်ချုပ်နှစ်ဦး ဖြစ်ကြသော ကျန်းရှို့ကွေးနှင့် အာပုစစ်တို့ကို သတ်ဖြတ်ပြီးနောက် အတူတကွ ပူးပေါင်းကာ ဝမ်ချောင်ကို ရင်ဆိုင်မည် ဆိုပါက ဤအခြေအနေကို အောင်မြင်စွာ ဖြေရှင်းနိုင်မည်ဟု တွေးတောထားခဲ့သည်။
လုပ်ငန်းစဉ် တစ်ခုလုံးမှာ အလွန်ပင် ရိုးရှင်းပြီး အလွန်ပင် လွယ်ကူလှပေသည်။
သို့သော် သူ မည်သို့မျှ မထင်မှတ်ထားခဲ့သည်မှာ၊ မကောင်းမှုက တစ်လှမ်းတိုးလျှင်၊ ကောင်းမှုက ဆယ်လှမ်းကြိုရောက်နေပြီ ဖြစ်သည်ဆိုသည့်အတိုင်း ဝမ်ချောင်က သူတို့ကို သတိထားနေခဲ့ပြီး သူ့ဘက်မှလည်း ကြိုတင် ပြင်ဆင်မှုများ ရှိနေခဲ့ခြင်းပင် ဖြစ်သည်။
ဝမ်ချောင်သုံးယောက်မှာ တစ်ပုံစံတည်း တူညီနေပြီး သူတို့၏ အကြံအစည်များ အားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
ဤသို့ဆိုလျှင် အင်အားများ အားလုံး ထုတ်သုံးထားပြီးဖြစ်သော သူတို့ဘက်တွင်မူ ဆန့်ကျင်ဘက်အားဖြင့် အားနည်းပြီး အကျိုးမပေးသော အခြေအနေသို့ ရောက်ရှိသွားတော့သည်။
ထို့အတူ တုန်လှုပ်နေကြသူများမှာ ဧရာမ နိုင်ငံအသီးသီး စစ်အလံကြီး ခြောက်ခု အောက်တွင် ရှိနေသော အန်းလုရှန်းနှင့်ကောင်းရှန်း တို့ပင် ဖြစ်တော့သည်။
ဝမ်ချောင်တွင် ကိုယ်ပွားများ ရှိနေသည် ဆိုသည့် ဖရိုဖရဲ သတင်းအချက်အလက်များကို သူတို့ အစောကတည်းက ရရှိထားခဲ့ပြီး ဖြစ်သည်ဆိုသော်ငြားလည်း ထိုသတင်းအချက်အလက်များမှာ ဝေဝါးနေခဲ့သည်။ ယခုအခါ ဝမ်ချောင်၏ ကိုယ်ပွား သုံးခုလုံးကို အမှန်တကယ် မြင်တွေ့လိုက်ရသည့်အခါတွင်မူ လူတိုင်း၏ ရင်ထဲ၌ ကြီးမားလှသော ရိုက်ခတ်မှုနှင့် တုန်လှုပ်မှုကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဝမ်ချောင် တစ်ယောက်တည်းပင်လျှင် ဤမျှလောက် ကိုင်တွယ်ရန် ခက်ခဲနေပြီ ဖြစ်ရာ၊ ဝမ်ချောင်သုံးယောက် အတူတကွ ပေါ်ထွက်လာခြင်းကမူ လူတိုင်း အတွက် အလွန်ပင် ကြောက်မက်ဖွယ် အကောင်းဆုံးသော အိပ်မက်ဆိုးကြီး တစ်ခုပင် ဖြစ်တော့သည်!
စကားပြောရသည်မှာ ကြာပါသော်လည်း လက်တွေ့တွင်မူ အလွန်ပင် မြန်ဆန်လှပေသည်၊ စစ်မြေပြင် တစ်ခုလုံးမှာ တစ်ပုံစံတည်း တူညီသော ဝမ်ချောင်သုံးယောက်ကြောင့် တုန်လှုပ်နေကြစဉ်မှာပင် ရုတ်တရက် အဝေးဆီမှနေ၍ စူးရှလှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏ အကြည့်များ အောက်တွင် နိုင်ငံအသီးသီး စစ်တပ်ကြီး၏ အနောက်ဘက်၊ အရှေ့ပင်လယ်ဘက်မှနေ၍ တောက်ပလှသော မီးရှူးမီးပန်း တစ်ခုမှာ ယိမ်းယိုင်လျက် ကောင်းကင်ယံသို့ တဟုန်ထိုး တက်သွားခဲ့ပြီး ၎င်းဖြတ်သန်းသွားရာ ဟာလာဟင်းလင်းပြင် အတွင်း၌ မီးခိုးငွေ့ တန်းရှည်ကြီး တစ်ခုကို ချန်ရစ်ခဲ့တော့သည်။
စစ်မြေပြင် တစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး ၎င်းက ဘာကို ကိုယ်စားပြုသလဲ ဆိုတာကို မည်သူကမျှ မသိရှိကြပါချေ။ သို့သော် စစ်တပ်ကြီး၏ အလယ်ဗဟို၌ ဝမ်ချောင်က လက်ဝါးတစ်ချက်ဖြင့် ယွန်းဂျယ်စိုးမွန်းနှင့် အခြားသူများကို အနောက်သို့ ဆုတ်ခွာသွားစေပြီးနောက် ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်ကာ ကောင်းကင်ယံရှိ မီးရှူးမီးပန်းကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ ကွေးတက်သွားခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။
"အန်းလုရှန်း၊ ကောင်းရှန်း... မင်းတို့လို လူစုလူဝေးကများ အရှေ့မြောက်ဘက်က နိုင်ငံအသီးသီးကို စုစည်းလိုက်တာနဲ့ မဟာထန်ကို ရန်သူ လုပ်နိုင်မယ်လို့ ထင်နေကြတာ၊ တကယ်ပဲ ကလေးဆန်ပြီး ရယ်စရာ ကောင်းလွန်းတယ်။ အခု ငါ မင်းတို့ကို မထင်မှတ်ထားတဲ့ အချိန်မှာ တိုက်ခိုက်တယ် ဆိုတာ ဘာလဲ၊ စစ်မှန်တဲ့ စစ်ဗျူဟာ ဆိုတာ ဘာလဲ ဆိုတာကို သင်ပေးမယ်!"
"မင်းတို့လောက် အင်အားလေးနဲ့ မဟာထန်ကို ရန်သူ လုပ်ဖို့ လုံးဝ အရည်အချင်း မရှိဘူး!"
ဝမ်ချောင်၏ ဆံနွယ်ရှည်များ လွင့်ပျံနေခဲ့ပြီး ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
သူ၏စကားသံ မဆုံးမီမှာပင် ရုတ်တရက် လက်ဟန်ပြလိုက်ရာ နောက်တစ်ခဏတွင် ရွှီးခနဲ မြည်သံနှင့်အတူ ဧရာမ မီးရှူးမီးပန်း ကြီး တစ်ခုမှာလည်း စူးရှစွာ မြည်ဟည်းလျက် ကောင်းကင်ယံသို့ တဟုန်ထိုး တက်သွားခဲ့ပြီး ပေ ရာနှင့်ချီ မြင့်မားသော နေရာတွင် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။ ထိုတောက်ပလှသော အလင်းရောင်များမှာ မိုင်တစ်ရာ အကွာအဝေးမှနေ၍ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
အဝေးဆီတွင် လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး အန်းလုရှန်း၊ ကောင်းရှန်း နှင့် ရှီးဘုရင်မ တို့မှာ ခေါင်းမော့ကာ ကောင်းကင်ယံရှိ ထို မီရှူးမီးပန်းကို ကြည့်ရင်း လူတိုင်း၏မျက်ခွံများမှာ ရူးသွပ်စွာ လှုပ်ခါနေခဲ့ပြီး ရင်ထဲ၌ ပြင်းထန်လှသော စိုးရိမ်ပူပန်မှု ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
******