← Chapters

အခန်း ၂၂၀၀

Vol. 136 Ch. 2200

အခန်း ၂၂၀၀

Vol. 136 Ch. 2200

အခန်း (၂၂၀၀) ထိုက်ရှီပြန်လည် ပေါ်ထွက်လာခြင်း!

ဝုန်း ဝုန်း ဝုန်း

မြားဦးပုံစံ စစ်ကြောင်းအဖြစ် ဖွဲ့စည်းထားသော အန်ဂရာ သံချပ်ကာမြင်းတပ်များ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် နိုင်ငံအသီးသီး စစ်တပ်မှ လူကောမြင်းပါ လွင့်စင်ထွက်သွားကြရပြီး တစ်ကြိမ်မျှပင် တောင့်ခံနိုင်သူ မရှိပါချေ။

"ဟီးးးး"

ခီတန် သံချပ်ကာမြင်းတပ် တစ်ဦးမှာ ရက်စက်ကြမ်းတမ်းသော အမူအရာဖြင့်၊ ကျွမ်းကျင်လှသော မြင်းစီးစွမ်းရည်ကို အသုံးပြုကာ ရုတ်တရက် လေထဲသို့ ခုန်တက်သွားခဲ့ပြီး မိုးကြိုးလျှပ်စီးနှယ် မြန်ဆန်လှသော အရှိန်ဖြင့် စစ်တပ်ကြီး၏ ဟာကွက်များ အကြားမှနေ၍ အန်ဂရာ သံချပ်ကာမြင်းတပ်သား တစ်ဦးဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ခီတန် လူမျိုးများမှာ ရက်စက်ကြမ်းတမ်းမှုဖြင့် ကျော်ကြားလှသည်။ ထိုခီတန် သံချပ်ကာမြင်းတပ်သား၏ကိုယ်ပိုင် ခွန်အားနှင့် စစ်မြင်း၏အရှိန်အဟုန်တို့ ပေါင်းစပ်လိုက်သည့်အခါတွင် ထိုတစ်ကြိမ်တည်းသော တိုက်ခိုက်မှု၏ ခွန်အားမှာ အဆက်မပြတ် ထပ်မံမြင့်တက်သွားခဲ့ပြီး အစောကြီးကတည်းက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် နောက်တစ်ခဏတွင်…

"ဘုန်း!၏"

စစ်တပ်အတွင်း၌ တစ်ကိုယ်လုံး သံချပ်ကာများ ဆင်မြန်းထားသော အန်ဂရာ သံချပ်ကာမြင်းတပ်သားမှာ မျက်စိလျင်ပြီး လက်မြန်လှပေရာ၊ လက်ထဲရှိ ဓားရှည်ကြီးကို ဘေးတိုက် ပိုင်းချလိုက်ရာ ချွင်ခနဲ မြည်သံနှင့်အတူ ဓားရှည်ကြီးမှာ ဘေးတိုက် လှည့်သွားပြီး အလွန်ပင် လွယ်ကူပေါ့ပါးစွာဖြင့် ထိုခီတန် သံချပ်ကာမြင်းတပ်သား၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ တားဆီးလိုက်တော့သည်။

"ဝုန်း!"

ထိုအန်ဂရာသံချပ်ကာမြင်းတပ်သား၏ မျက်ဝန်းများမှာ အေးစက်နေခဲ့ပြီး ထိုခီတန် သံချပ်ကာမြင်းတပ်သား၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည့် အခိုက်အတန့်မှာပင် လက်ထဲရှိ ဓားရှည်ကြီးကို ရှေ့သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်ရာ ဇွက်ခနဲ အသံနှင့်အတူ သွေးရောင် လွှမ်းနေသော ဓားသွား တစ်ပိုင်းမှာ အနောက်ဘက်မှနေ၍ ထွက်ပေါ်လာခဲ့သည်။ ထိုခီတန် သံချပ်ကာမြင်းတပ်သားကို လူကောမြင်းပါ တစ်ခါတည်း ထိုးဖောက်သွားကာ လေထဲ၌ပင် သတ်ဖြတ်ပစ်လိုက်တော့သည်။

ပေါင် တစ်ထောင်ကျော် အလေးချိန် ရှိသော သံချပ်ကာမြင်းကြီးမှာ သူ့အတွက်မူ အလွန်ပင် ပေါ့ပါးလှသည့်အလား လေထဲတွင် တွဲလောင်း ဖြစ်နေတော့သည်။

"မဖြစ်နိုင်ဘူး! ဒီလောက် ခွန်အားကြီးတဲ့ မြင်းတပ်မျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ!"

ထိုခီတန် သံချပ်ကာမြင်းတပ်သားမှာ ခန္ဓာကိုယ်အနောက်သို့ လန်ကျသွားခဲ့ပြီး နောက်ဆုံး ထိုးဖောက်ခံလိုက်ရသော အနေအထားအတိုင်း ရှိနေခဲ့ကာ၊ သူ၏ ဦးနှောက်ထဲ၌ ဤအတွေးလေး ဖြတ်ပြေးသွားခဲ့ပြီးနောက် အသိစိတ်များ မှောင်မိုက်သွားကာ ဘာတစ်ခုမှ မသိတော့ပါချေ။

"ပြေး အမြန်ပြေး…"

"ငါတို့ သူတို့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး!"

"ငါ မသေချင်ဘူး၊ အမြန်ပြေး!"

စစ်မြေပြင်တွင် နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှ စစ်သည်များ အားလုံးမှာ ရင်ထဲ၌ တုန်လှုပ်နေကြပြီး မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။

ရွှီးခနဲ မြည်သံနှင့်အတူ မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ ရှီမျိုးနွယ်စုမှ စစ်သည်တစ်ဦးမှာ စစ်ကြောင်း အတွင်းမှနေ၍ ထွက်ခွာသွားကာ လှည့်၍ ထွက်ပြေးသွားတော့သည်။ ထို့နောက်တွင် ပိုမိုများပြားလှသော နိုင်ငံအသီးသီးမှ စစ်သည်များမှာ သေခြင်းတရား၏ ကြောက်ရွံ့မှုများ တွန်းအားပေးမှုအောက်တွင် အဝေးဆီသို့ တစ်ဦးပြီးတစ်ဦး ထွက်ပြေးကြတော့သည်။

"ဟွန်း… စစ်တပ် အားလုံး အမိန့်ကို နာခံကြ၊ အားကုန် တိုက်ခိုက်ကြ၊ ပုန်ကန်သူတွေကို အကုန် သတ်ပစ်!"

အဝေးဆီတွင် ဝမ်ချောင်မှာ နဂါးတစ်ကောင်အလား မြင်းကြီးကို စီးနင်းလျက် အရပ်မျက်နှာ အားလုံးကို အကဲခတ်နေခဲ့ရာ အရာရာတိုင်းကို သူ၏မျက်လုံးထဲတွင် အစောကြီးကတည်းက မြင်တွေ့ခဲ့ပြီးသား ဖြစ်သည်။

တွက်ချက်မှု များသူက နိုင်၍၊ တွက်ချက်မှု နည်းသူက ရှုံး၏။

ဤစစ်ပွဲကြီးမှာ လက်ရှိအချိန်အထိ အရာရာတိုင်းက သူ၏တွက်ချက်မှုများ အောက်တွင်သာ ရှိနေခဲ့သည်။

စစ်ပွဲ ဆိုသည်မှာ မည်သည့်အချိန်တွင်မျှ စစ်သည် အရေအတွက် အနည်းအများကို ယှဉ်ပြိုင်ခြင်း မဟုတ်ပါချေ။ အန်းလုရှန်းက နိုင်ငံအသီးသီး၏ စစ်တပ်ကြီးများကို စုစည်းထားရုံဖြင့် အလယ်ပိုင်းဒေသကို ဖရိုဖရဲ ဖြစ်အောင် လုပ်နိုင်မည်ဟု ထင်နေပါက အမှန်တကယ်ပင် အလွန် မှားယွင်းနေပြီ ဖြစ်သည်။ သူ၏ရှေ့မှောက်တွင် အန်းလုရှန်း၌ စစ်သည် မည်မျှပင် များပြားနေပါစေ အမြဲတမ်း အားနည်းသော ဘက်တွင်သာ ရှိနေမည် ဖြစ်၏။

"မျိုးနွယ်ခြားဘုရင်ဆီက အမိန့် ရောက်ပြီ၊ ပုန်ကန်သူတွေကို သတ်ပစ်!"

"မျိုးနွယ်ခြားဘုရင်ဆီက အမိန့် ရောက်ပြီ၊ ပုန်ကန်သူတွေကို သတ်ပစ်!"

"မျိုးနွယ်ခြားဘုရင် ဆီက အမိန့် ရောက်ပြီ၊ ပုန်ကန်သူတွေကို သတ်ပစ်!"

ဝမ်ချောင်၏ အမိန့်ကို ရရှိလိုက်သည့် အခါတွင် စစ်တပ်ကြီး တစ်ခုလုံး၏ စိတ်ဓာတ်များမှာ အလွန်အမင်း မြင့်တက်သွားကြတော့သည်။

စစ်သည် သိန်းနှင့်ချီ ပါဝင်သော စစ်တပ်ကြီးမှာ အရှိန်အဟုန်များ တဟုန်ထိုး မြင့်တက်လာကြပြီး မျက်နှာချင်းဆိုင်သို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်ကြတော့သည်။

သူတို့၏မျက်နှာချင်းဆိုင်တွင် မူလက သူတို့နှင့် ယှဉ်ပြိုင်နေကြသော ပြိုင်ဘက် တစ်ဦးချင်းစီမှာ တဖြည်းဖြည်းချင်း အနောက်သို့ ဆုတ်ခွာသွားကြရပြီး လုံးဝဖရိုဖရဲ ဖြစ်သွားကြတော့သည်။

နှစ်ဖက်စလုံး၏ ခွန်အား ကွာဟချက်မှာ ဤမျှလောက်အထိ ကြီးမားထင်ရှားနေခြင်း မဟုတ်ပါသော်လည်း၊ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများမှာမူ ဖယ်ရှားပစ်ရန် ခက်ခဲလှပေသည်၊ ဤအခိုက်အတန့်၌ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ ရင်ထဲတွင် လုံးဝ ဖရိုဖရဲ ဖြစ်နေပြီ ဖြစ်သည်။

ရှေ့နောက် ညှပ်ပိတ် တိုက်ခိုက်ခံရပြီး စစ်တပ်ကြီး တစ်ခုလုံး လုံးဝ ဖရိုဖရဲ ဖြစ်နေချိန်တွင် မည်သူကမျှ တည်ငြိမ်မှု အပြည့်ဖြင့် တိုက်ပွဲဝင်နိုင်မည် မဟုတ်ပါချေ။

တောင်ကြီး ပြိုကျသကဲ့သို့ ရှုံးနိမ့်သွားခြင်းပင်။

ခဏတာ အချိန်တိုလေး အတွင်းမှာပင် ဘယ်ဘက်ခြမ်း၊ ညာဘက်ခြမ်း အရပ်မျက်နှာ နှစ်ခုစလုံးမှ စစ်တပ်များမှာ ပထမဆုံးအနေဖြင့် တောင့်မခံနိုင်တော့ဘဲ၊ လက်စားချေလိုသော မီးတောက်များ ပြည့်နှက်နေသည့် ကျန်းရှို့ကွေးနှင့် ထုံလော့ဗိုလ်ချုပ် အာပုစစ်တို့၏ ကွပ်ကဲမှုအောက်တွင် မဟာထန်စစ်တပ်နှစ်ဖွဲ့မှာ ဝါးအစည်းပြေသည့်အလား ပထမဆုံးအနေဖြင့် နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ ခံစစ်မျဉ်း အားလုံးကို ဖောက်ထွင်းပစ်လိုက်ကြတော့သည်။

"ဒုက္ခပဲ"

အခြားတစ်ဖက်တွင် ဗိုလ်ချုပ်များ ဖြစ်ကြသော ချွေချန်းယုံ၊ ထျန်းချန်ကျန်း၊ ပိုင်ကျန်ထော်လော့နှင့် ကိုဂျန်ဘုရင်တို့အားလုံး၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြရတော့သည်။

"သူတို့ကို တားကြစမ်း!"

"လူတိုင်း အမိန့်ကို နာခံကြ၊ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ကို တားထား!"

အဝေးဆီတွင် ဝမ်ချောင်၏ ကိုယ်ပွား များထဲမှ တစ်ခုနှင့် အပြင်းအထန် တိုက်ခိုက်နေကြသော ခီတန်ဘုရင်၊ ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်း၊ တာ့ခ် ဝူဆူမစ်ရှ် ခါဂန်းတို့ အားလုံးမှာလည်း ရင်ထဲ၌ လုံးဝ ဖရိုဖရဲ ဖြစ်သွားကြတော့သည်၊ နိုင်ငံအသီးသီးမှ အစွမ်းထက် သိုင်းပညာရှင် များကို စုစည်းပြီး နိုင်ငံအသီးသီးမှ ဂိုဏ်းဂဏများရှိ သိုင်းပညာရှင်များကိုပါ ပေါင်းစပ်ကာ လူအင်အားကို အသုံးပြုမည် ဆိုပါက ဝမ်ချောင်ကို လုံလောက်စွာ ရင်ဆိုင်နိုင်မည်ဟု လူတိုင်းက မူလက တွေးတောထားခဲ့ကြသည်။

လူကို ပစ်ချင်လျှင် မြင်းကို အရင်ပစ်ပါ၊ သူခိုးကို ဖမ်းချင်လျှင် ခေါင်းဆောင်ကို အရင်ဖမ်းပါ။

ဝမ်ချောင်မှာ ကျိုးကျိုး မဟာဗိုလ်ချုပ်ဖြစ်သလို မဟာထန်၏ စစ်သည် သန်းနှင့်ချီ ပါဝင်သော စစ်တပ်ကြီး၏ အမြင့်ဆုံး မဟာဗိုလ်ချုပ်လည်း ဖြစ်ရာ သူ့ကိုသာ သတ်နိုင်မည်ဆိုပါက စစ်တပ်ကြီး မှာ ခေါင်းဆောင် မရှိတော့ဘဲ သဘာဝကျစွာ လုံးဝ ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။

သို့သော် လက်ရှိ အခြေအနေများအရ ကြည့်မည် ဆိုပါက ဝမ်ချောင်၏ ကိုယ်ပွား မည်မျှ ရှိနေသည်ကို မသိရှိရသေးပါချေ၊ မည်သူက အစစ်အမှန် ကိုယ်ခန္ဓာ ဖြစ်ကြောင်းကိုလည်း မသိရှိရသေးရာ ခေါင်းဆောင်ကို သတ်ဖြတ်မည့် အစီအစဉ်မှာ အစပိုင်းကတည်းက အဓိပ္ပာယ်မဲ့ သွားခဲ့ပြီ ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ လူတိုင်းက ဝမ်ချောင်၏ ပြိုင်ဘက် လုံးဝ မဟုတ်ခြင်းပင်။

"ယွန်းဂျယ်စိုးမွန်း... မင်းက တကယ်ပဲ တုံးအလွန်းတယ်၊ အန်းလုရှန်းနဲ့ ပူးပေါင်းပြီး သူ့ရဲ့ လက်ပါးစေ လုပ်မယ်လို့ တွေးတောရဲတယ်၊ ငါက မင်းကို တကယ်ပဲ အထင်ကြီးမိသွားတာပဲ"

ဝမ်ချောင်က အထင်သေးစွာ ရယ်မောလိုက်ပြီး ရုတ်တရက် လက်ဝါး တစ်ချက်ကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ၊ ကြီးမားကျယ်ပြန့်လှသော ဂန်ချီများမှာ မြစ်ရေလှိုင်းလုံးကြီးများအလား ယွန်းဂျယ်စိုးမွန်း၏ "ကောင်းကင်နတ်ဘုရား ၏ အလင်းတန်းခြောက်ခု" ထဲမှ အစွမ်းအထက်ဆုံးသော ဆဋ္ဌမမြောက် ဓားကို တိုက်ရိုက်ပင် အမှုန့်ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်တော့သည်။

ဘုန်းခနဲ မြည်သံနှင့်အတူ ယွန်းဂျယ်စိုးမွန်း၏ ဓားစွမ်းအင်များ အားလုံး ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး သူ တစ်ကိုယ်လုံးမှာ ဝမ်ချောင်၏ ရိုက်ခတ်မှုကြောင့် အနောက်သို့ လွင့်စင်သွားကာ အသက်ရှူများပင် မှားယွင်းသွားရတော့သည်။

"မင်းတို့ မဟာထန်ရဲ့ရည်မှန်းချက်တွေက အရမ်းကို ကြီးမားလွန်းတယ်။ ငါက သွားမတိုက်ရင်လည်း မင်းတို့က နောက်ကျရင် သေချာပေါက် လာတိုက်မှာပဲ၊ အသေခံပြီး စောင့်နေမယ့်အစား တစ်ခါတည်း စွန့်စားကြည့်လိုက်တာက ပိုကောင်းသေးတယ်၊ အဆင်ပြေရင် အလယ်ပိုင်းဒေသ ကိုပါ သိမ်းပိုက်နိုင်ပြီး နေရာယူနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ၊ အဲဒီအခါကျရင် တစ်ခါတည်းနဲ့ အေးဆေးသွားပြီ!"

ယွန်းဂျယ်စိုးမွန်း၏ အနောက်ဘက်တွင် ဓားရှည် အမြောက်အမြားကို လွယ်ထားပြီး ဝမ်ချောင်၏ ရိုက်ခတ်မှုကြောင့် အတွင်းကလီစာများ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည် ဆိုသော်ငြားလည်း၊ သူ၏ ရည်မှန်းချက်ကြီးမားသော ဘုရင် တစ်ပါး ၏ အမူအရာများမှာမူ အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပါချေ။

စကားသံ မဆုံးမီမှာပင် ယွန်းဂျယ်စိုးမွန်းသည် လူနှင့်ဓား အတူတူ ပြန်လည် ဖြစ်သွားခဲ့ပြီး လူတိုင်းနှင့် ပူးပေါင်းကာ ဝမ်ချောင်ဆီသို့ ထပ်မံ၍ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်လိုက်ပြန်သည်။

"အဓိပ္ပာယ် မရှိတာတွေ၊ ဂိုဂူလျောအနေနဲ့ အသက်ရှူပေါက် ရနေတာက မဟာထန်ရဲ့ သနားကြင်နာမှု ကြောင့် သက်သက်ပဲ"

"မဟာထန်က သနားကြင်နာပေမဲ့ ငါက သနားကြင်နာမယ်လို့ မဆိုလိုဘူး၊ ဒီလူက ဂိုဂူလျောကို ကိုင်တွယ်ဖို့ အစောကြီးကတည်းက စိတ်ကူးရှိနေခဲ့တာ၊ အာရပ်နဲ့ အနောက်ဘက် နိုင်ငံတွေကို ကိုင်တွယ်ဖို့ အလုပ်ရှုပ်နေလို့ အားမလပ်သေးလို့သာပဲ၊ ဂိုဂူလျော လူမျိုးတွေက သေချင်နေမှတော့ ငါကလည်း မင်းတို့ရဲ့ ဆန္ဒကို ပြည့်ဝအောင် လုပ်ပေးလိုက်မယ်"

ဝမ်ချောင်က အဆက်မပြတ် အေးစက်စက် ရယ်မောလိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ လှုပ်ရှားသွားကာ မဟာဟာလာဟင်းလင်းပြင် မြေလျှိုးပညာရပ်ကို အမြင့်ဆုံး အထွတ်အထိပ်အထိ အသုံးပြုလိုက်ရာ၊ ဘုန်း ဘုန်း ဘုန်း ဟူသော မြည်သံများနှင့်အတူ ယွန်းဂျယ်စိုးမွန်း၊ ခီတန်ဘုရင်နှင့် အခြားသူများ အားလုံးမှာ ပြင်းထန်သော တိုက်ခိုက်မှုများကို ခံလိုက်ရပြီး ဝမ်ချောင်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများကြောင့် ချွေးပေါက်များမှနေ၍ သွေးများ ပန်းထွက်လာကာ မျက်တောင်တစ်ခတ်အတွင်း အရိုး မည်မျှ ကျိုးသွားသည်ကိုပင် မသိရှိရတော့ပါချေ။

"သခင်ကြီး"

အခြေအနေများ အလွန်ပင် အရေးကြီးနေခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း အဝေးဆီရှိ မရေမတွက်နိုင်သော ဗိုလ်ချုပ်များမှာ ခေါင်းလှည့်ကာ ဧရာမ စစ်အလံကြီး ခြောက်ခု အောက်ရှိ အန်းလုရှန်းနှင့်ကောင်းရှန်းတို့ကို လှမ်းကြည့်လိုက်ကြတော့သည်။

ဤစစ်ပွဲကြီးတွင် နိုင်ငံအသီးသီးမှာ ဘေးမှနေ၍ ကူညီပံ့ပိုးသူများသာ ဖြစ်ပြီး အန်းလုရှန်းတို့ နှစ်ဦးသာလျှင် စစ်မှန်သော ဆုံးဖြတ်ချက် ချမှတ်သူများ ဖြစ်ကြသည်။

ဘယ်ဘက်ခြမ်း၊ ညာဘက်ခြမ်းနှင့် စစ်တပ်ကြီး၏ အနောက်ဘက် အရပ်မျက်နှာ အားလုံးမှာ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး၊ အလယ်ဗဟို စစ်တပ် ရှိ "ကောင်းကင်ယံ မိစ္ဆာ၊တစ္ဆေ မဟာမန္တန် စစ်အစီအရင်ပင်လျှင် ယိမ်းယိုင်နေပြီဖြစ်ကာ တောင့်မခံနိုင်တော့သည့် အရိပ်အယောင်များ ပေါ်ထွက်နေပြီဖြစ်ရာ၊ ဤအရာအားလုံးက ဗိုလ်ချုပ်များ အားလုံးကို အလွန်အမင်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေတော့သည်။

ဤအခိုက်အတန့်၌ အန်းလုရှန်း ရပ်နေသော နေရာမှာ နိုင်ငံအသီးသီးဘက်မှ အငြင်းပွားဖွယ် မရှိသော မုန်တိုင်း ဗဟိုချက် ဖြစ်လာခဲ့ပြီး၊ ဖိအားများ အားလုံးမှာ ဤနေရာဆီသို့ စုစည်းလာတော့သည်။

"ကောင်းရှန်း..."

အန်းလုရှန်း၏ မျက်ဝန်းများ လှုပ်ရှားသွားခဲ့ပြီး မသိစိတ်ဖြင့် ဘေးနားရှိ ကောင်းရှန်းကို လှမ်းကြည့်လိုက်တော့သည်။

"ဗိုလ်ချုပ်... ဘာကို စောင့်နေတာလဲ!"

အသံတစ်ခုမှာ ဘေးနားမှနေ၍ ထွက်ပေါ်လာခဲ့သည်။ ခွန်အားများ အများအပြား ဆုံးရှုံးသွားပြီး အနောက်သို့ ဆုတ်ခွာနေရသော ရှီဘုရင်မမှာ ရှေ့တည့်တည့်ရှိ လူ နှစ်ဦးကို ကြည့်ရင်း လှပသော မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေတော့သည်။

လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး မြင်းဟီသံများ ထွက်ပေါ်နေကာ သွေးနံ့များမှာ လေထဲတွင် ပျံ့လွင့်နေပြီး၊ ကောင်းကင်ယံမှ ကျဆင်းလာသော နှင်းမှုန်လေးများ ပင်လျှင် ပွင့်နေသော မက်မွန်ပန်းများအလား နီရဲနေတော့သည်။ အခြား နိုင်ငံများမှ စစ်သည်များ မည်မျှ သေဆုံးသွားသည်ကို သူမ မသိရှိပါသော်လည်း သူမ၏ ရှီမျိုးနွယ်စု မှ စစ်သည်များမှာ ခဏတာ အချိန်တိုလေး အတွင်းမှာပင် ခုနစ်သောင်း ရှစ်သောင်းခန့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထိုအရာများမှာ နိုင်ငံရေး အင်အား တောင့်တင်းသော နိုင်ငံကြီးများ အတွက်မူ ကြီးမားသော ကိစ္စ မဟုတ်နိုင်ပါသော်လည်း၊ လူဦးရေ မူလကတည်းက နည်းပါးလှသော ရှီမျိုးနွယ်စု အတွက်မူ ဤသည်မှာ သေချာပေါက် ခံနိုင်ရည် မရှိနိုင်သော နာကျင်မှုကြီး တစ်ခုပင် ဖြစ်တော့သည်။

"နည်းနည်း ထပ်စောင့်ပါဦး"

ကောင်းရှန်းမှာ ရိုးရာ ဝတ်ရုံကို ဆင်မြန်းထားပြီး နားသန်မှ ဆံနွယ်များ လွင့်ပျံနေလျက်၊ သူ၏အကြည့်များမှာ ရှေ့တည့်တည့်ကို ကြည့်နေပြီး ရင်ထဲ၌လည်း လုံးဝဖရိုဖရဲ ဖြစ်နေတော့သည်။

အခြေအနေများမှာ နိုင်ငံအသီးသီးအတွက် အလွန်ပင်အကျိုးမပေးလှပါသော်လည်း ကောင်းရှန်းမှာ လုံးဝအသိစိတ် လွတ်သွားခြင်း မရှိဘဲ အလွန်အမင်း တည်ငြိမ်မှုများကို ဆက်လက် ထိန်းသိမ်းထားဆဲပင် ဖြစ်သည်။

"ဒါပေမဲ့ စစ်တပ်ကြီးက တောင့်မခံနိုင်တော့ဘူး၊ အကယ်၍ ထပ်ပြီး မတိုက်ဘူး ဆိုရင်..."

အန်းလုရှန်းက ဆိုလိုက်ပြီး မျက်ဝန်းထဲ၌ အနည်းငယ် တွေဝေသွားတော့သည်။

ကောင်းရှန်း၏ အပေါ်တွင် သူ အလွန်အမင်း ယုံကြည်မှု ရှိပြီး၊ ဤစစ်ပွဲကြီး နှင့် ပတ်သက်၍ အချို့သော အရေးကြီးသည့် နေရာများတွင်လည်း သူတို့ နှစ်ဦး အစောကြီးကတည်းက သဘောတူညီမှု ရရှိထားပြီးသား ဖြစ်သည်။ သို့သော် အရပ်မျက်နှာ အားလုံးမှ နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး နိုင်ငံအသီးသီး၏ စစ်တပ်ကြီးများမှာ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လှသောအရှိန်ဖြင့် အဆက်မပြတ် သေဆုံးနေကြရာ သူ၏ ရင်ထဲ၌ တုန်လှုပ်မသွားဘဲ မနေနိုင်တော့ပါချေ။

ဝမ်ချောင်၏ ခြုံခိုတပ်များမှာ သူ့ကို အလစ်အငိုက် မိသွားစေခဲ့သည်မှာ မှန်သော်ငြားလည်း ယိုကျိုးဘက်မှအနေဖြင့် လုံးဝလမ်းဆုံးသွားသည့် အခြေအနေသို့ ရောက်ရှိမနေသေးပါချေ။

နိုင်ငံအသီးသီးဘက်မှအနေဖြင့်လည်း ပြန်လည်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိသည် မဟုတ်ပါချေ။

"သခင်ကြီး... သခင်ကြီး ဘာတွေးနေလဲ ဆိုတာကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ သခင်ကြီး နားလည်ထားရမှာက အချိန်မကျသေးဘဲ အတင်းအကျပ် ဝင်တိုက်မယ် ဆိုရင် အဲဒီစစ်တပ်ကို ထုတ်သုံးလိုက်ရင်တောင်မှ စစ်ပွဲရဲ့ အခြေအနေကို ပြောင်းလဲနိုင်ဖို့ မသေချာဘူး၊ ဆန့်ကျင်ဘက် အနေနဲ့ တစ်ဖက်လူရဲ့ အခွင့်ကောင်းယူတာကို ခံရနိုင်တယ်!"

ကောင်းရှန်းက ခေါင်းခါလိုက်ပြီး ရှေ့တည့်တည့်ရှိ အပြင်းအထန် တိုက်ခိုက်နေသော စစ်မြေပြင်ကို ကြည့်ရင်း အမြဲတမ်း တည်ငြိမ်နေတော့သည်။

"ယုတ်မာလိုက်တဲ့ကောင်တွေ… မင်းတို့တွေ ဘာတွေ ပြောနေကြတာလဲ"

ရှီဘုရင်မက ဤလူနှစ်ဦး၏ နက်နဲလှသော စကားများကို နားထောင်ရင်း အံကို တင်းတင်းကြိတ်ကာ ရင်ထဲ၌ အလွန်အမင်း ဒေါသထွက်နေတော့သည်။

သံသယဖြစ်ဖွယ် မရှိပါဘဲ ဤနှစ်ဦးတွင် သူတို့သာလျှင် သိရှိသော လျှို့ဝှက်ချက်များ ရှိနေကြသည်၊ ရှီဘုရင်မအနေဖြင့် ထိုလျှို့ဝှက်ချက်များကို မသိရှိပါသော်လည်း ဤနှစ်ဦးမှာ ယခုအချိန်အထိ စစ်တပ်ကို စေလွှတ်ရန် လိုလားခြင်း မရှိသေးကြောင်းကိုမူ သူမ ကောင်းကောင်း သိရှိထားသည်။

အခြေအနေများမှာ အလွန်ပင် တင်းမာနေခဲ့ပြီး အချိန်တိုင်း အချိန်တိုင်းတွင် နိုင်ငံအသီးသီးမှ စစ်သည် အမြောက်အမြား သေဆုံးနေကြရသည်။

အခြေအနေများ အလွန်အမင်း တင်းမာလာပြီး နိုင်ငံအသီးသီး စစ်တပ်ကြီး မှာ အချိန်မရွေး ဆုံးရှုံးမှု ကြီးမားသွားကာ လုံးဝဖရိုဖရဲ ဖြစ်သွားနိုင်မည့် အခြေအနေသို့ ရောက်ရှိနေသည့် အချိန်မှာပင် ထူးဆန်းသော အပြောင်းအလဲ တစ်ခု ပေါ်ထွက်လာတော့သည်။

"ဝူးးး!"

မည်သည့် နိမိတ်လက္ခဏာမျှ မရှိဘဲ အန်းလုရှန်း ၏ ရင်ခွင်ထဲရှိ အနက်ရောင် အရိုးပုလွေမှာ အနက်ရောင် မီးခိုးငွေ့များ ရုတ်တရက် ပန်းထွက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် စူးရှလှသော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

"ဝုန်း!"

စစ်မြေပြင်၏ ကောင်းကင်ယံတွင် မိုးကြိုးသံကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး အရပ်မျက်နှာ အားလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် အနက်ရောင် တိမ်မည်းများ တလိမ့်လိမ့် ထွက်ပေါ်လာခဲ့ပြီး ပင်လယ်လှိုင်းကြီးများအလား အရပ်မျက်နှာ အားလုံးသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။ အနက်ရောင် တိမ်မည်းများ၏ အလယ်ဗဟို၌ လျှပ်စီးများ လက်ကာ မိုးချုန်းသံများ ထွက်ပေါ်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခုမှာ အဝေးဆီသို့တိုင်အောင် လွှမ်းမိုးသွားပြီး စစ်မြေပြင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ထိုအခိုက်အတန့်၌ စစ်မြေပြင်ပေါ်ရှိ ရန်သူများဖြစ်စေ မိမိတို့ဘက်မှ လူများ ဖြစ်စေ အားလုံးမှာ ရင်ထဲ၌ ထိတ်လန့်သွားကြပြီး မျက်စိများ အားလုံး အလိုအလျောက် ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်မိကြတော့သည်။

"ပုရွက်ဆိတ်တွေကများ ကောင်းကင်ဘုံ အရှိန်အဝါကို လာပြီး ယှဉ်ပြိုင်ဝံ့တယ်ပေါ့!"

ကောင်းကင်ယံ အနက်ပိုင်းမှနေ၍ အေးစက်ပြီး အလွန်ပင် ခန့်ညားထည်ဝါလှသော အသံကြီး တစ်ခုမှာ လူတိုင်း၏ ရင်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ထိုအသံကြီးကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ ရင်ထဲ၌ မိမိကိုယ်ကို အလွန်ပင် သေးငယ်လွန်းသည်ဟု ခံစားလိုက်ရပြီး နတ်ဘုရား များကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရတော့သည်။

"ထိုက်ရှီပဲ!"

"နောက်ဆုံးတော့ ပေါ်လာပြီပေါ့"

ဧရာမ နိုင်ငံအသီးသီး စစ်အလံကြီး ခြောက်ခု အောက်တွင် မူလက တင်းမာနေခဲ့သော လူနှစ်ဦးစလုံးမှာ ပြိုင်တူ သက်ပြင်းချလိုက်နိုင်ကြပြီး နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။

ဝမ်ချောင်၏ခွန်အားများမှာ အလွန်ပင် အစွမ်းထက်လွန်းလှပြီး မဟာထန်ဘက်တွင် အစွမ်းထက် သိုင်းပညာရှင် များလည်း အလွန် များပြားလှပေသည်။

သူသည် တံတိုင်းပြင်ပရှိ နိုင်ငံအသီးသီးကို စုစည်းခဲ့ခြင်းမှာ လူအင်အား အသာစီး ရယူပြီး မဟာထန်ကို ဖျက်ဆီးပစ်ရန် ဖြစ်သည်ဟု တစ်လောကလုံးက တွေးတောထားခဲ့ကြသည်။ သို့သော် သူ၏အစစ်အမှန် အားကိုးရာမှာ ဤစစ်တပ်များ လုံးဝမဟုတ်ဘဲ အမြဲတမ်း ပုန်းအောင်းနေခဲ့သော ထိုက်ရှီ ပင် ဖြစ်ကြောင်းကို အန်းလုရှန်းတစ်ဦးတည်းသာ အသိဆုံး ဖြစ်ပေသည်။

ထိုက်ရှီနှင့် အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်းအနေဖြင့် နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ ရှုံးနိမ့်သွားသည်ကို၊ ဝမ်ချောင်၏ ပိတ်ဆို့မှုကြီး ပြီးမြောက်သွားသည်ကိုနှင့် မိမိတို့၏ စစ်သည်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်ကို ဒီအတိုင်း ကြည့်နေမည် မဟုတ်ပါချေ၊ အနည်းငယ် အန္တရာယ် များသည် ဆိုသော်ငြားလည်း ဤသို့ ပြုလုပ်ခြင်းဖြင့် ထိုက်ရှီ နှင့် အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်း၏ တိုက်ခိုက်ရေး စွမ်းအားများကို စောစီးစွာ ထွက်ပေါ်လာစေရန် ဖိအားပေးနိုင်မည်ဖြစ်ရာ အန္တရာယ် နှင့် အကျိုးအမြတ် နှစ်ခုစလုံး ရှိနေသည်ဟု ဆိုနိုင်ပေသည်။

ဤသည်မှာ ကောင်းရှန်းအနေဖြင့် အမြဲတမ်း တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး မလှုပ်မယှက် နေခဲ့ရခြင်း၏ အကြောင်းရင်းပင် ဖြစ်တော့သည်။

******

All Chapters