တိမ်ကောင်းကင် ကလန်
Vol. 005 Ch. 236
ဟင်္သာပြဒါး ပြက္ခဒိန် နှစ် ( ၁၃၄,၅၀၀) ခုနှစ်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။ ချူကျင့်ကြံမှု နိုင်ငံ၌ အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအခါ ကလန်အသီးသီးရှိ တပည့်များသည် အလင်း ထွက်ပေါ်လာသော နေရာကို လာရောက် စစ်ဆေးကြ၏။ သို့သော် သုံးရက်တာသာ ကုန်ဆုံး သွားသော်လည်း သူတို့က စွန့်ခွာသွားဟန် ရှိသော ဂူတစ်လုံးက လွဲ၍ မည်သည့် အရာကိုမျှ ရှာမတွေ့ခဲ့ကြချေ။
ကောလာဟလ ပြောကြတာကတော့ သည်နေရာ၌ ရတနာတစ်ခု ထွက်ပေါ်လာပြီး တစ်စုံ တစ်ယောက်က ယူသွားပြီဟု ဖြစ်၏။
သည်ကောလာဟလကို အချို့သူများက မယုံကြပေမဲ့ တချို့ကတော့ ယုံကြည် ကြလေသည်။ အကြောင်းမှာ အလင်းတန်းက တိမ်ကောင်းကင် ကလန်နား၌ ထွက်ပေါ် လာခဲ့ပြီးသည့် ရတနာကို တိမ်ကောင်းကင် ကလန်က ရသွားသည်ဟု ယုံကြည် နေကြသောကြောင့်ပင်။
ထိုနှစ်မှာပင် တိမ်ကောင်းကင် ကလန်က ထျန်စွန်ဆေးလုံးကို သန့်စင်လျက် ရှိ၏။ ထျန်စွန်ဆေးလုံးက အဆင့်(၅)စဦး အဆင့်သို့ ရောက်ရှိ နေခဲ့ပြီးလည်း ဖြစ်သည်။ သည်ဆေး၏ အစွမ်းက စဦးစိတ်ဝိညာဉ် ကျင့်ကြံသူ တစ်ယောက်က သူ့တို့၏ခန္ဓာကိုယ်ကို ဆုံးရှုံးသွားခဲ့လျှင် အခြားအသစ် ခန္ဓာကိုယ် တစ်ခုကို ချက်ချင်း ပြန်တည်ဆောက်နိုင်စွမ်း ရှိသည်။
သည်ဆေး ဖြစ်ပေါ်လာသောအခါ နဂိုကျော်ကြားပြီးသော တိမ်ကောင်းကင် ကလန်က ပို၍ ကျော်ကြားလာခဲ့၏။
ဒီလကုန်ပိုင်းမှာ တိမ်ကောင်းကင် ကလန်က လူသစ် စုဆောင်းရန် အတွက် တံခါးဖွင့်ခဲ့၏။ ချူနိုင်ငံ၏အမျိုးမျိုးသော မိသားစုများက သူတို့၏ မျိုးဆက်များကို တိမ်ကောင်းကင် ကလန်သို့ ပို့လွှတ်ကြလေ၏။ အကြောင်းမှာ သူတို့ မျိုးဆက်များကို တိမ်ကောင်းကင် ကလန်နှင့် ဆက်သွယ်နိုင်ပြီး ကလန်သို့ အောင်မြင်မှုများ ဆောင်ကြဉ်း၍ ပြန်လာနိုင်ရန် မျှော်လင့်မိသောကြောင့် ဖြစ်သည်။
သို့ရာတွင် တိမ်ကောင်းကင် ကလန်သို့ ဝင်ရောက်နိုင်ရန် အတွက် လိုအပ်ချက်များက ထူးဆန်းလို့ နေ၏။ အခြားကလန်များ ကဲ့သို့ သူတို့က ပင်ကို အရည်အချင်းကို မကြည့်ဘဲ အထူးနည်းလမ်းပေါ် အခြေခံပြီးတော့ သတ်မှတ်သောကြောင့်ပင်။ ထို့ကြောင့် ရလဒ်အနေနှင့် နှစ်ပေါင်း သုံးဆယ်လုံး တစ်ခါ လူသစ်ရွေးချယ်ပွဲ ပြုလုပ်သော်လည်း လူဆယ်ယောက်လာသာ ရွေးချယ်ခြင်း ခံရ၏။ ထိုပမာဏက လူရွေးပွဲသို့ လာရောက်ကြသော လူထောင်ပေါင်း များစွာဖြင့် ယှဉ်လျှင် အလွန်နည်းသော ပမာဏ တစ်ခုဖြစ်လေသည်။
တိမ်ကောင်းကင် ကလန်၏ ကျော်ကြားမှုကြောင့် ကလန်မရှိသော၊ နောက်ခံမရှိသော ကျင့်ကြံသူများ ကလည်း တိမ်ကောင်းကင် ကလန် တပည့်များ ဖြစ်လာရန် မျှော်လင့် နေကြသည်။
တိမ်ကောင်းကင် ကလန် ...
လူသစ်ရွေးပွဲက နှစ်ပေါင်း သုံးဆယ်ကြာ တစ်ကြိမ်ပြုလုပ်ပြီး ဆယ်ရက်ခန့် ကြာမြင့်၏။ တိမ်ကောင်းကင် ကလန် ဆိုသော စကားသုံးလုံးက ကောင်းကင်ထက်မှာ ပေါ်လာသည်နှင့် လူသစ်ရွေးပွဲ စတင်ပြီး ဆယ်ရက်ကျော်လျှင် ထိုစကားလုံး သုံးလုံးမှာ ပျောက်ကွယ်သွားမည် ဖြစ်သည်။
ထို့ကြောင့် ချူနိုင်ငံ အတွင်းရှိ ကျင့်ကြံသူများက စကားသုံးလုံး ပေါ်လာသည်နှင့် လူရွေးပွဲ စတင်ပြီး ပြန်ပျောက်ကွယ် သွားသည်နှင့် လူသစ်ရွေးပွဲ ပြီးဆုံးကြောင်း သိကြပေသည်။
သည်မနက်ခင်းတွင် ကောင်းကင်၌ တိမ်ကင်းစင်နေ၏။ အရပ်မျက်နှာ မျိုးစုံမှ ဓားအလင်းတန်းများက တိမ်ကောင်းကင် ကလန်သို့ ဦးတည် လာနေကြသည်။ တိမ်ကောင်းကင် ကလန်နှင့် ကီလိုမီတာ (၁၀၀၀) အကွာအဝေးသို့ ရောက်သည်နင့် သူတို့က ဓားအလင်းတန်းများကို သိမ်းလိုက်၏။ သည်ဓားအလင်းများ ပျောက်ကွယ် သွားပြီးသည်နှင့် လူငယ်များ၏ အသွင် သဏ္ဌာန်များ ပေါ်လာခဲ့တော့သည်။ သူတို့အားလုံးက ကြည့်ကောင်း ကြပေ၏။ အချို့က သူတို့တစ်ယောက်တည်း လာခဲ့ပြီး အချို့က အကြီးအကဲများ ပါကြသည်။
တိမ်ကောင်းကင် ကလန်အပေါ် သူတို့၏ လေးစားမှုကို ပြရန် ကီလိုမီတာ (၁၀၀၀) အကွာကတည်းက သူတို့၏ဓားပျံများကို သိမ်း၍ ကလန်သို့ လမ်းလျှောက် လာကြတော့သည်။
တစ်စုံတစ်ယောက်က အပေါ်မှ ကြည့်လျှင် တိမ်ကောင်းကင် ကလန်သို့ လမ်းလျှောက် လာနေကြသော မရေမတွက်နိုင်သော လူများကို တွေ့မြင်နိုင်ပေသည်။
တိမ်ကောင်းကင် ကလန်၏ ဂိတ်တံခါးဝ၌ ကျင့်ကြံသူ သုံးယောက် ရှိနေကြသည်။ သူတို့က တိမ်ကောင်းကင် ကလန်သို့ လာရောက်ကြသော သူများကို ကြိုဆိုနေပြီး လိုအပ်သည်များ စီစဉ်ပေးလို့ နေသည်။
တိမ်ကောင်းကင် ကလန်မှ ကီလိုမီတာ (၅၀၀၀) အကွာ၌ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တော့သည် လမ်းလျှောက်လျက် ရှိသည်။ အမျိုးသားက အသက် (၂၇)၊(၂၈)လောက်သာ ရှိသေး၏။ သူက တည်ငြိမ်စွာပင် တိမ်ကောင်းကင် ကလန်သို့ လမ်းလျှောက် လာလျက်ရှိသည်။ သူ့ဝတ်ရုံ၌လည်း ခရမ်းရောင် ဓားပျံပုံ ရေးထိုးထား၏။ သို့ကြောင့် သူက ဓားကလန်၏ အတွင်းစည်း တပည့်တစ်ယောက် ဖြစ်ကြောင်း သိသာနေ၏။ သူ့ဘေး၌ အသက် နှစ်ဆယ်လောက်ရှိသော မိန်းကလေး တစ်ယောက်ပါလာ၏။ သူမကလည်း ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ခန္ဓာကိုယ် ကောက်ကြောင်းများ ကလည်း မိုက်လွန်းလှ၏။ ချိုသာညက်ညောမည့် ဟန်လည်းရှိ၏။
အနီးကပ် ကြည့်လေလေ သည်မိန်းကလေးက ဆွဲဆောင်နိုင်စွမ်း ရှိလေလေ ဖြစ်၏။ သူမကို ပန်းတစ်ပွင့်လို့ တင်စားမည် ဆိုရင်လည်း မှားနိုင်မည် မဟုတ်ပေ။ သူမက နီရဲရဲ နှုတ်ခမ်းလေးကို စူကာ ခြေကိုစောင့်၍ ပြောလိုက်၏။
“အစ်ကို ... တိမ်ကောင်းကင် ကလန်က ဘယ်လောက်များ ကောင်းနေလို့ ကျွန်မတို့က ဒီကိုလာရတာလဲ ... ငါက ဆေးပညာကို မကြိုက်ဘူး။ ဓားကလန်ကိုဘဲ သဘောကျတယ် ...”
အမျိုးသား၏ဟန်က ပုံမှန်အတိုင်း ရှိနေ၏။ သူက မိန်းကလေးကို ကြည့်ကာ သူမနဖူးလေးကို လက်ဖြင့်ပုတ်၍ ပြုံးကာ ပြောလိုက်သည်။
“ဓားကလန် ထဲမှာက သတ်တာ ဖြတ်တာတွေ အများကြီးရှိတယ် ... ဒါတွေက မင်းနဲ့ မသင့်တောဘူး ... တိမ်ကောင်းကင် ကလန်က ချူနိုင်ငံမှာ အရေးကြီးတဲ့ ကလန်တစ်ခုပဲ ... ချူနိုင်ငံက ကပ်ဘေးတစ်ခု ခံစားရမယ် ဆိုရင်တောင် တိမ်ကောင်းကင် ကလန်ကို သိပ်သက်ရောက်နိုင်မှာ မဟုတ်ဘူး။ ညီမလေးသာ တိမ်ကောင်းကင် ကလန်ကို ရောက်သွားမယ် ဆိုရင် အစ်ကိုက စိတ်သက်သာရာ ရလိမ့်မယ် ... အဖေနဲ့အမေနဲ့ သက်ရှိထင်ရှား ရှိနေဦးမယ် ဆိုရင်လည်း ဒီလိုပဲ ဖြစ်စေချင်မှာပဲ ... .”
သူ့အကိုက မိဘတွေအကြောင်း ထည့်ပြောလိုက်သော အခါ သူမ၏ အသွင်လေးမှာ အနည်းငယ် ညှိုးငယ်သွား၏။ ခဏတာ စဉ်းစားပြီးနောက် သူမက ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် သစ်တောထဲကို လက်ညှိုးထိုး၍ သူမအစ်ကိုအား ပြောလိုက်သည်။
“အစ်ကို ... ငါက တိမ်ကောင်းကင် ကလန်ကို ဝင်ရောက်နိုင်မယ် ဆိုရင် ငါက နင့်အတွက် ဆေးလုံးအများကြီး ဖော်စပ်ပေးမယ် ...။ အဲ့နောက် နင့်ကျင့်ကြံမှု အဆင့်က မြင့်လာမယ် ဆိုရင် ငါတို့အိမ်ကို ပြန်ပြီး လူအိုကြီးတွေကို သင်ခန်းစာ ပေးရမယ် ...”
လူငယ်က သည်စကားကို ကြားလိုက်သောအခါ သူ့မျက်လုံးထဲ၌ အေးစက်မှုများ ပြည့်လာခဲ့သည်။ သူ့ညီမလေး ကြောက်ရွံ့သွားမည် ဆိုး၍ သူက မည်သို့ဖြစ်ပျက ခဲ့သည်များကို အမှန်တိုင်း ပြောပြခဲ့ခြင်း မရှိခဲ့ပေ။
ထိုနောက် မိန်းကလေးက သူတို့ရှေ့ရှိ လူငယ်တစ်ယောက်ကို ကြည့်ကာ ပြောလိုက်၏။
“အစ်ကို ... အစ်ကို ကြည့်စမ်းပါဦး ... ဒီလူဝတ်ထားတဲ့ အဝတ်ပုံစံက တော်တော်ရယ်စရာ ကောင်းတာပဲ ...”
အမျိုးသားက သူတို့ရှေ့ ပေ၂၀၀ရှိ အဝတ်ကြမ်းများကို ဖြစ်သလို ဝတ်ထားပြီး တိမ်ကောင်းကင် ကလန်သို့ ခပ်ဖြည်းဖြည်း သွားနေသော လူငယ် တစ်ယောက်ကို လှမ်းကြည့်လိုက်၏။ တိမ်ကောင်းကင် ကလန်သို့ လာရောက်ကြသော လူအားလုံးသည် အမှီအခိုမရှိသော ကျင့်ကြံသူများနှင့် မိသားစု နောက်ခံရှိသော သူများသာ ဖြစ်၏။ သေမျိုး တစ်ယောက်က သည်နေရာသို့ ရောက်လာရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် အခုလို ဝတ်ဆင်ထားသော လူအချို့ကို တွေ့မြင်ခဲ၏။ သည်လူငယ်က သာမန်ရွာသား တစ်ယောက်နှင့် ဆင်တူ နေပေသည်။
အမျိုးသား၏ မျက်လုံးထဲ၌ အံ့ဩမှုများ ဖြတ်ပြေးသွားသည်။ သူက သူ့ညီမမှာ အလွန် ဆွဲဆောင်မှု ရှိသည်ကို သိ၏။ သည်ခရီးသို့ လာရာလမ်း တစ်လျှောက်တွင်လည်း သူမကို အများစုက ငေးကြည့်ခဲ့ရသည်။ သို့သော် အခုလူငယ်မှာ သူ့ညီမကို မြင်သော်လည်း သူ့မျက်လုံးထဲ၌ မည်သည့် ပြောင်းလဲမှုမှ မရှိသည်ကို တွေ့လိုက်ရ၏။
အမျိုးသားက လူငယ်၏ ကျင့်ကြံမှုအဆင့်ကို နတ်ဘုရား အာရုံဖြင့် ကြည့်လိုက်ရာ ချီစုဆောင်းမှု အဆင့်နှစ် သို့မဟုတ် သုံးသာ ရှိသေးကြောင်း တွေ့လိုက်ရသည်။ သူက ခဏတာ ကြည့်ရှု လိုက်ပြီးနောက် သူ့အကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်။
မိန်းမငယ်လေးက သည်လူငယ်လေးကို စိတ်ဝင်စားစွာ ကြည့်လိုက်၏။ ထို့နောက် သူမက ခပ်မြန်မြန် လျှောက်လိုက်ပြီး လှမ်းအော်လိုက်သည်။
“ဟေး … နင်ကော တိမ်ကောင်းကင် လလန်ဆီ သွားမလို့လား ...”
လူငယ် မျက်မှောင်ကြုတ် သွားသည်။ သူက သူမကို အဖက်လုပ်ခြင်း မရှိဘဲ ရှေ့ဆက် သွားလိုက်သည်။
မိန်းကလေးက အင့်ခနဲ ဖြစ်သွား၏။ သူက ညင်သာစွာပင် လူငယ်ကို ခုန်ကျော်လိုက်ပြီး သူ့ရှေ့မှာ ရပ်လိုက်၏။ ထို့နောက် သူမက မကျေမချမ်း ပြောလိုက်သည်။
“နင်က ဆွံ့အနေတာလား …။ ငါမေးနေတယ်လေ ... နင်တိမ်ကောင်းကင် ကလန်ကို သွားမှာလားလို့ ...”
လူငယ်က မိန်းကလေးကို ကြည့်၍ အကူအညီမဲ့စွာ ပြောလိုက်၏။
“ဒါက အဓိပ္ပာယ် မရှိတဲ့ မေးခွန်း မဟုတ်ဘူးလား ...”
မိန်းကလေး၏ မျက်နှာမှာ နီရဲသွားပေသည်။ သူမက အနည်းငယ် စဉ်းစားလိုက်ပြီး သူမမေးခဲ့သော မေးခွန်းက အဓိပ္ပာယ် မရှိကြောင်း သဘောပေါက် သွား၏။ သည်လူငယ်က ဒီနေရာမှာ ရှိနေကတည်းက ကလန်သို့ သွားမည်လားဟု မေးစရာ မလိုတော့ပေ။
မိန်းကလေး၏ အစ်ကိုက ပြုံးလိုက်မိ၏။ သူက သည်လူငယ်လေး၏ တုံ့ပြန်မှုကို စိတ်ဆိုးခြင်း မရှိပေ။ သူကလည်း သူ့ညီမ မေးခဲ့သလို လူငယ်အား မေးချင်ခဲ့ သည်သာ ဖြစ်သည်။
မိန်းကလေးက လူငယ်ကို ပြန်မီသွားသောအခါ သူမက ဘေးချင်းကပ်ကာ မကျေမချမ်း ထပ်ပြော လိုက်ပြန်သည်။
“ငါမေးတာက အဓိပ္ပာယ်မရှိတာ မဟုတ်ဘူး ... နင့်အဝတ်အစားကြောင့် နင်က ဘယ်လိုကြည့်ကြည့် ကလန်ကို သွားမယ့်လူနဲ့ မတူဘူးလေ ... လူတိုင်းကို ကြည့်လိုက် ... နင့်လို ဘယ်သူမှ ဝတ်မထားဘူး ...”
လူငယ်က မျက်မှောင်ထပ်ကြုတ် မိသွားပြီး တိတ်တဆိတ် သက်ပြင်းချမိ လိုက်သည်။ သူ့အမြင်ရ သည်မိန်းကလေးက ကြက်ပေါက်စလေး တစ်ကောင်လိုမျိုး သူ့ကိုနှောက်ယှက် နေသလိုပင်။
သူ့ကျင့်ကြံမှု အဆင့်သာ အခုချိန်မှာ အလွန် နိမ့်ကျမနေဘူး ဆိုရင် သူက လက်ဝှေ့ယမ်းကာ နားပူနားစာ လုပ်နေသော မိန်းကလေးကို တစ်ခုခု ခံစားစေပြီး ထွက်သွားမည် ဖြစ်၏။
အချိန်က တဖြည်းဖြည်း ကုန်လာကာ နေ့လယ်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။ ကောင်းကင်ထက်မှာ နေက ပူပြင်းနေပြီး လူငယ့် နဖူးပေါ်၌လည်း ချွေးပြန်နေပြီ ဖြစ်၏။ သူက စိတ်ထဲကနေ ပြုံးမိလိုက်သည်။ သူက သေမျိုး တစ်ယောက်လို အသက်ရှူ နေရတာ အတော်ကြာ နေခဲ့ပြီ ဖြစ်၏။
ထိုခဏ၌ မိန်းကလေးက သူ့သိုလှောင်အိတ်ထဲမှ လိုင်ချီးသီး အနည်းငယ်ကို ယူလိုက်၏။ ထိုနောက်သူမက လိုင်ချီးသီးများကို စားလိုက်ပြီး လူငယ်ကို လက်ကမ်းလိုက်၏။
“နင်ကော စားဦးမလား ...”
လူငယ်က ကြည့်ပင် မကြည့်ပေ။ သူက ခေါင်းယမ်းလိုက်ပြီး ရှေ့သို့ ဆက်လျှောက်လိုက်၏။
မိန်းကလေးက နှခေါင်းရှုံ့လိုက်ပြီး လူငယ်ကို ဘာမျှဆက်မပြောတော့ပေ။ ထိုနောက်သူက သူ့အစ်ကိုရှိရာ ပြန်သွားလိုက်ပြီး လိုင်ချီးသီး အကုန်လုံးကို သူ့အစ်ကို လက်ထဲသို့ ထည့်လိုက်၏။
နှစ်နာရီ ကြာပြီးနောက် တိမ်ကောင်းကင် ကလန်၏ ဂိတ်က မြင်ကွင်းထဲ၌ ပေါ်လာခဲ့သည်။ လူငယ်က သက်ပြင်း ချလိုက်ပြီး ကြီးမားသော ဂိတ်တံခါးကြီးကို ကြည့်လိုက်၏။ ထိုအခါ သူက ဟုန်ယွီ ကလန်အကြောင်း မတွေးဘဲ မနေနိုင်တော့ချေ။
သည်လူငယ်ကတော့ ဝမ်လင်းဖြစ်၏။
***