သူငယ်ချင်းဟောင်း (၁)
Vol. 005 Ch. 239
သည်လှပသော အမျိုးသမီးများက မြန်ဆန်စွာ ရောက်လာပြီး မြန်ဆန်စွာပင် ပြန်ထွက်ခွာ သွားကြသည်။ သို့သော် သူတို့၏ ပုံရိပ်များကတော့ ကလန်သို့ အခုမှ ဝင်ရောက်လာသော လူငယ်များ၏ နှလုံးသားထဲ၌ စွဲထင်ကျန်ရစ် နေတော့၏။
တပည့် ခြောက်ယောက်ထဲမှ ဝမ်လင်းနှင့်အတူ လမ်းလျှောက် လာခဲ့သော အမျိုးသမီးက မျက်မှောင်ကြုတ်မိ သွားသည်။ အကြောင်းမှာ သူက အခြား လူများလို သည်အမျိုးသမီးများကို ကြည့်ရှုခြင်း မရှိခြင်းကြောင့်ပင်။
ဝမ်လင်း၏ အမြင်၌ သည်အမျိုးသမီးများက လှပ၏။ သူတို့၏ခန္ဓာကိုယ် ကောက်ကြောင်း များကလည်း မိုက်၏။ သို့သော် သူတို့ လီမူဝမ်နှင့် မယှဉ်နိုင်ချေ။
ထို့ကြောင့် သူတို့က ဝမ်လင်း၏ အာရုံစိုက်မှုကို အဘယ်သို့ ရနိုင်မည်နည်း။ သူကအမျိုးသမီး၏ အလှကြောင့် ပျာယာမခတ်သော စိတ်နှလုံးလည်း ရှိ၏။
ဝမ်လင်းနှင့် လမ်းလျှောက် လာခဲ့သော မိန်းကလေးက ဝမ်လင်းကို ကြည့်၍ အာရုံစိုက်၍ ကြည့်လိုက်သည်။ သူမက ဝမ်လင်း၏မျက်လုံးများက တည်ငြိမ်ဆဲ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအခါ သူမက ဘာကြောင့်မှန်းမသိ စိတ်ထဲ၌ ပျော်သလို ဖြစ်သွားမိ၏။
သည်အမျိုးသမီးများ ထွက်သွားပြီးနောက် သက်လတ်ပိုင်း လူကြီးက ချောင်းဟန့်လိုက်သည်။ သူ့အကြည့်က လူငယ်များပေါ်သို့ ရောက်သွားသည်။ ထို့နောက် မိန်းကလေးကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“ကံကောင်းတဲ့ မိန်းကလေး ... နင်က ဒုတိယ စမ်းသပ်မှုကို လုပ်စရာ မလိုတော့ဘူး ...။ မင်းက ငါ့နောက်လိုက်ပြီး ကလန် ခေါင်းဆောင်ကို တွေ့ရမယ် ...”
သူက ထိုသို့ပြောပြီး ဆက်၍ ပျံသန်းသွားသည်။ သူတို့က တိမ်ကောင်းကင် ကလန် အတွင်းဘက်သို့ ဆက်ပျံသန်း လာခဲ့ရာ စိတ်ဝိညာဉ် သားရဲများက အောက်ရှိ မြေပြင်ပေါ်၌ တဖြည်းဖြည်း ပေါ်လာခဲ့တော့သည်။ ၎င်းတို့မှာ ကျားများ၊ မျောက်များ၊ ဝက်ဝံများနှင့် အခြား တိရစ္ဆာန်များ ဖြစ်ကြ၏။ သည် တိရစ္ဆာန်များက တွေ့နေကျ ဖြစ်၏။ သို့သော် သူတို့အားလုံးက အရွယ်အစား ပိုကြီးကာ ခန္ဓာကိုယ်မှလည်း စိတ်ဝိညာဉ် စွမ်းအင်များ ထုတ်လွှတ်လျက် ရှိကြသည်။ သည်အရာက သူတို့က သင့်တော်သော ကျင့်ကြံခြင်း နည်းလမ်းများ ရှိနေကြောင်း ဆိုလိုလို့ နေပေသည်။
သည်စိတ်ဝိညာဉ် သားရဲများက မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ အချို့ကတော့ တောင်ပေါ်သို့ ကျွမ်းကျင်စွာ တက်နေကြသည်။
သူတို့ပျံသန်း လာနေစဉ်မှာ ဝမ်လင်းက ကြီးမားသော စက်ဝိုင်းကြီး ဖြစ်ပေါ်နေသော အဆောက်အဦ တစ်ခုကို တွေ့လိုက်၏။ စက်ဝိုင်း၏ အလယ်၌ ဧရာမခန်းမကြီး တစ်ခုက သူတို့ မြင်ကွင်းထဲ၌ တဖြည်းဖြည်း ပေါ်လာခဲ့တော့သည်။
သည်ခန်းမကြီးက လွန်စွာ ကြီးပေသည်။ ၎င်းအထဲသို့ လူတစ်ထောင်လောက် ဝင်နေမည် ဆိုလျှင်ပင် ကြပ်သိပ် ထူထပ်သည်ဟု မခံစားရပေ။ ခန်းမကြီး၏ ရှေ့၌မူ ကြီးမားသော ဆေးမီးဖို (၇)ခု ရှိလေသည်။ မီးဖိုတစ်ခုစီက အဖြူရောင် အငွေ့များ ထုတ်လွှတ်လျက် ရှိပြီး သည်အဖြူရောင် အငွေ့များက ကောင်းကင်ထက်သို့ လွင့်မျော တက်လျက်ရှိသည်။
ခန်းမ၏ အပြင်ဘက်ကော၊ အတွင်းဘက်ကော ၌ ဆေးနံ့များ ကြွင်းကျန်လို့ နေ၏။ လက်ရှိမှာ ခန်းမထဲတွင် လူဆယ့်နှစ်ယောက် အတန်းနှစ်ခု ခွဲ၍ ရှိနေသည်။ သည်လူထဲက အချို့က မျက်စိပိတ်၍ တရားထိုင်လျက် ရှိပြီး အချို့က တစ်ယောက်နှင့်တစ်ယောက် စကားပြောဆို နေကြသည်။
သူတို့၏ အလယ်၌ ဆံပင်ဖြူနှင့် အဘိုးကြီး တစ်ယောက်ရှိကာ သူက အစိမ်းရောင် ဝတ်စုံကို ဝတ်ကာ လက်နောက်ပစ်လျက် ရှိသည်။ သူက ပြုံး၍ သည်လူအုပ်စုကို ကြည့်လိုက်သည်။
ဝမ်လင်းက ခေါ်လာသော သက်လတ်ပိုင်း လူကြီးနှင့် အခြားလူများက သည်ခန်းမထဲသို့ ဆင်းသက် လိုက်ကြသည်။ သူက ဝမ်လင်းနှင့် တုန်ကင်ကို ရရှိလိုက်သော လူငယ်ကို ခေါ်၍ အစိမ်းရောင် အကြီးအကဲအား လေးစားစွာ ပြောလိုက်သည်။
“ကိုးဆက်မြောက် တပည့် ကျောက်လင်းက ကလန် ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် ...။ ဒီနေ့ လူသစ်ရွေးပွဲမှာ လူခြောက်ယောက် အောင်မြင်ခဲ့ပါတယ် ...။ သူတို့ ခြောက်ယောက်ထဲမှာ ... သုံးယောက်က ကျောက်စိမ်းပြားကို ရခဲ့ပြီး နှစ်ယောက် ဆေးလုံးရတယ် ... ကျန်တစ်ယောက်ကတော့ တုန်ကင် ရခဲ့ပါတယ် ...။ ပထမဆုံး ကျောက်စိမ်းပြား ရခဲ့တဲ့ မိန်းကလေးကိုတော့ တောင်ပေါ်ကို ပို့လိုက်ပြီး ဖြစ်ပါတယ်”
အစိမ်းရောင် ဝတ်စုံဖြင့် ကလန် ခေါင်းဆောင်က ပြုံး၍ပြောလိုက်၏။ မင်းက ကျောက်စိမ်းပြား ရခဲ့တဲ့ သုံးယောက်ကို စမ်းသပ်ဖို့ သွားစီစဉ်လိုက် ...။ သူတို့ အောင်မြင်ရင် အတွင်းစည်း တပည့် ဖြစ်လာလိမ့်မယ် ...”
သက်လတ်ပိုင်း လူကြီးက ဝမ်လင်းက လက်ညှိုးထိုး၍ ပြောလိုက်သည်။ ကလန်ခေါင်းဆောင် ... ဒီတပည့်ကို ကျွန်တော့် တပည့်အဖြစ် လက်ခံချင်ပါတယ် ...။ သူက ရေဆေးလုံးကို ရခဲ့လို့ပါ ...။ ဒီဆေးလုံးကို ရတဲ့တပည့်က အခုချိန်မှာ ကျွန်တော် လိုအပ်နေလို့ပါ ...”
ကလန်ခေါင်းဆောင်က ဝမ်လင်းကို သိမ်းကျုံး ကြည့်လိုက်သည်။ ထိုအကြည့်က ဓားများအလား ထက်ရှ၍ ဝမ်လင်း ခန္ဓာကိုယ်ကို ရှင်းလင်းစွာ ဖောက်၍ မြင်သွား၏။
ဝမ်လင်းက စိတ်ထဲ၌ နှာခေါင်း ရှုံ့လိုက်သည်။ သည်အကြီးအကဲ၏ ကျင့်ကြံမှု အဆင့်က စဦးစိတ်ဝိညာဉ် အဆင့်ဖြစ်၏။ သူ့လက်ရှိ အခြေအနေက ချီစုဆောင်းမှု အဆင့်၌သာ ရှိသေးသော်လည်း သူက ကြောက်ရွံ့ခြင်း မရှိပေ။ သို့သော် သူ့ကိုယ်ကတော့ တုန်ရင်သွားပြီး မျက်နှာပေါ်၌လည်း ကြောက်ရွံ့ဟန် ပေါ်လာခဲ့သည်။
ကလန်ခေါင်းဆောင်က သူ့အကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်။ ထို့နောက်သူက ပြုံး၍ ပြောလိုက်သည်။ သူက ဆေးလုံးကို ရခဲ့တာဆိုတော့ အထူးနည်းလမ်း တစ်ခု ရှိရမယ် ... ။ ကောင်းပြီ ... မင်းသူ့ကို တပည့်အဖြစ် ခေါ်သွားနိုင်တယ် ...”
သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက အရောင်တောက် သွားသည်။ သူက ကလန်ခေါင်းဆောင်ကို ကျေးဇူး တင်လိုက်၏။ ထို့နောက် ဝမ်လင်းကို ကြည့်လိုက်သည်။ သူက ဝမ်လင်းက အချက်ပြလိုက်ပြီး သူ့နောက်လိုက်ရန် ပြောလိုက်သည်။
သို့သော် ထိုခဏ၌ ညာဘက်ခြမ်းတွင် ထိုင်နေသော အဘွားအိုက မျက်လုံးဖွင့် လာခဲ့သည်။ သူက ဝမ်လင်းတို့ အုပ်စုကိုကြည့်၍ ပြောလိုက်သည်။
“ငါဒီမိန်းကလေးကို လိုချင်တယ် ...” အဘွားအိုက သူ့လက်ကို ဝမ်လင်းနှင့်လာခဲ့သော မိန်းကလေးထံသို့ ညွှန်လိုက်၏။ ထိုအခါ သူမက အဘွားအိုရှေ့သို့ အလိုလို ရောက်သွား လေတော့သည်။
မိန်းကလေးက ချက်ချင်း မြန်ဆန်စွာ ဒူးထောက်၍ ပြောလိုက်၏။
“တပည့်က ဆရာ့ကို နှုတ်ဆက်ပါတယ် ...”
သည်စကားလုံးများ ထွက်လာပြီးနောက် အနားတွင် ထိုင်နေသော လူတိုင်းက ထူးဆန်းသည့် ပုံစံများ ဖြစ်သွားကြသည်။ အဘွားအိုပင် မှင်တက်သွားမိ၏။ သူမက မိန်းကလေးကို အနည်းငယ် ကြည့်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။
“မင်းကတော်တဲ့ ကောင်မလေးပဲ ...။ ကလန်ကို ဝင်ရောက်လာတဲ့ တပည့်တွေကို (၁၀)မြောက် မျိုးဆက်လို့ ယူဆလို့ရတာ မင်းသိလား ...”
မိန်းကလေး၏ မျက်နှာက နီမြန်းသွား၏။ သူမက သူ့အင်္ကျီ အနားစကို လုံးခြေ နေလိုက်ပြီး မည်သို့ ပြန်ပြောရမှန်း မသိ ဖြစ်သွားလေသည်။
အဘွားအိုက မိန်းကလေးကို ဂရုတစိုက် ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ကောင်းပြီ ... ထပါ ... ငါကမင်းကို တပည့်အဖြစ် ချက်ချင်း လက်မခံနိုင် သေးပေမဲ့ မင်း အဆင့်(၂)ဆေးလုံး တစ်လုံးကို သုံးနှစ်အတွင်း လုပ်နိုင်မယ်ဆိုရင် မင်းကို တပည့်အဖြစ် လက်ခံမှာပါ”
ကလန်ခေါင်းဆောင်က အနည်းငယ် ခေါင်းယမ်းလိုက်သည်။ သူက တစ်အုပ်စုလုံးကို သိမ်းကျုံးကြည့် လိုက်သည်။ သူ့အကြည့်က တုန်ကင်ကိုင်ထားသော လူငယ်ပေါ်သို့ ကျရောက် သွားလေ၏။ ထို့နောက်သူက သက်လတ်ပိုင်း လူကြီးကို ကြည့်ကာ ပြောလိုက်၏။
“မင်းအခု သွားနိုင်ပြီ ...”
ကျောက်လင်း မြန်ဆန်စွာ တုံ့ပြန်လိုက်ပြီး ဝမ်လင်းကို ခေါ်ကာ ထွက်သွားတော့သည်။ ဝမ်လင်း၏ နောက်မှာတော့ ကျောက်စိမ်းပြား ရခဲ့သောလူငယ်နှစ်ယောက် ပါလာခဲ့၏။
သူတို့က အဓိက ခန်းမကနေ ထွက်လာပြီးနောက် သက်လတ်ပိုင်း လူကြီးက ကျောက်စိမ်းပြား ရရှိထားသော လူနှစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။ မင်းတို့နှစ်ယောက် ဒီမှာ စောင့်နေ ...။ ဘယ်နေရာမှ မသွားနဲ့ ...။ ငါမကြာခင် ပြန်လာခဲ့မယ် ...” ထို့နောက်သူက ဝမ်လင်းကိုခေါ်၍ ကောင်းကင်ထက်သို့ တက်ကာ ပျောက်ကွယ် သွားတော့သည်။
ကျောက်လင်း လွန်စွာ မြန်လေသည်။ အချိန်ခဏလေး အတွင်းမှာ သူက တောင်ကြောင်အစွန်းရှိ အိမ်တစ်လုံးသို့ ဇူယွမ်ကိုခေါ်၍ ရောက်သွားတော့သည်။ သူက ခြံတံခါးကို ဖွင့်လိုက်၏။ ခြံထဲ၌ သေးငယ်သော ဆေးဥယျာဉ်လေး တစ်ခု ရှိနေသည်။ ဥယျာဉ်၏ အလယ်၌မူ ကြေးဆေးမီးဖို တစ်ခုရှိသည်။ ၎င်းက လူ့တစ်ရပ်စာလောက် မြင့်၏။
“ငါတို့ တိမ်ကောင်းကင် ကလန်က တပည့် လက်ခံရာမှာ အခမ်းအနား လုပ်တာတွေ ဘာတွေ မရှိဘူး ...။ ငါကမင်းကို ဆေးလုံးပေးလိုက်ရင် မင်းက ငါ့တပည့် ဖြစ်သွားပြီ ...။ မင်းနာမည်က ဝမ်လင်းနော် ...။ ဝမ်လင်း ငါက တစ်ခါမျှ တပည့် လက်မခံဖူးဘူး ...။ မင်းက ပထမဦးဆုံးပဲ ...။ အခုချိန်ကစပြီး မင်းက ငါ့အိမ်မှာ နေနိုင်တယ် ...။ လူသစ်ရွေးပွဲ လက်စသတ် ပြီးတာနဲ့ ငါပြန်လာခဲ့မယ် ...။ ပြီးရင် မင်းကို ဆေးပညာကို စသင်ပေးမယ် ...”
ကျောက်လင်း ထွက်သွားပြီးနောက် ဝမ်လင်း၏ မျက်လုံးများက မြင့်တက် သွားခဲ့သည်။ သူက အခုကစ၍ တိမ်ကောင်းကင် ကလန်၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်လာပေပြီ။ သူက အသက်ဝဝ ရှူ၍ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည်။ သည်ဥယျာဉ်က ပန်းပင်များနှင့် အခြား အပင်များစွာ ရှိနေသည်။ သူက သည်အပင်များကို ပို၍ သေချာကြည့်လေ ပို၍ စိတ်လှုပ်ရှားရလေ ဖြစ်သည်။
ကိုးဆက်မြောက် မျိုးဆက်တပည့် တစ်ယောက်၏ ဆေးဥယျာဉ် တစ်ခုဖြစ်ကာ တန်ဖိုးရှိသော ဆေးပင် များစွာလည်း ရှိနေပေသည်။ သည်ဆေးပင်များက အကောင်းဆုံး အခြေအနေ၌လည်း ရှိနေသည်။
ဝမ်လင်းက အကုန်လုံးကို လေ့လာ ဆန်းစစ် လိုက်ပြီးနောက် သက်ပြင်း ချလိုက်မိ၏။ တိမ်ကောင်းကင် ကလန်က အလွန် ပေါကြွယ်ဝကြောင်း ခံစားလိုက် ရပေသည်။
အဆောက်အဦ များကလည်း ကျောက်စိမ်းများဖြင့် ဆောက်လုပ်ထားပြီး ကိုးဆက်မြောက် တပည့်တစ်ယောက် ကပင် အခုလို ဆေးဥယျာဉ် တစ်ခုကို ပိုင်ဆိုင် ထားလေ၏။ သည်အချက်များက တိမ်ကောင်းကင် ကလန် မည်မျှစွမ်းအား ရှိသည်ကို ပြသလို့နေ၏။
ထိုခဏ၌ ဝမ်လင်းက တိမ်ကောင်းကင် ကလန်၏ သိုလှောင်အိမ်များမှ ဆေးများအား ခိုးချင်သည့် ဆန္ဒပြင်းပြမှုကို ခံစားလိုက် ရသည်။ သည်နေရာ၌ ဆေးအမျိုးမျိုးကို သိုလှောင်ထားသော နေရာများရှိကို ရှိရပေမည်။ သည်ဆေးတွေ အားလုံးသာ သူ့လက်ထဲသို့ ရောက်လာခဲ့မည် ဆိုပါက သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်သည့်အထိ ဆေးလုံးအတွက် ပူစရာ လိုတော့မည် မဟုတ်ပေ။
သူ့စိတ်ထဲမှ ပေါ်လာသော အတွေးကို ဝမ်လင်းက ရပ်တန့်လိုက်၏။ သည်အရာ သူ စဦးစိတ်ဝိညာဉ် အဆင့်သို့ မရောက်ဘဲနှင့် ဖြစ်နိုင်မည် မဟုတ်သောကြောင့်ပင် ဖြစ်၏။
အနည်းငယ် စဉ်းစား လိုက်ပြီးနောက် ဝမ်လင်းက လက်တွေ့မဆန်သော အတွေးတို့ကို စွန့်လွှတ်လိုက်၏။ တကယ်တော့ သူ့ကိုယ်ပွားက ချီစုဆောင်းမှု အဆင့်သုံးသာ ရှိသေးပေသည်။
ဆေးဥယျာဉ်က အရမ်းတော့ မကြီးပေ။ ၎င်းနောက်၌ အိမ်အတန်း တစ်ခုရှိ၏။ ပထမအိမ်က အတားအဆီး တစ်ခုဖြင့် ကာကွယ် ထားသော်လည်း ကျန်အိမ်များကတော့ ကာကွယ်ထားခြင်း မရှိပေ။
ဝမ်လင်းက နောက်ဆုံးအိမ်ကို ရွေးလိုက်၏။ သူက အထဲသို့ ဆက်ဝင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ အခန်းထဲ၌ နေ့စဉ်လိုအပ်သော အရာများ ရှိနေပြီး ဖြစ်၏။ အခန်း အလယ်၌လည်း ဆေးမီးဖိုတစ်ခု ထားရှိထား၏။
ဝမ်လင်းက ဆေးမီးဖိုနှင့် ပတ်သက်၍ မကျွမ်းကျင်သော်လည်း သူက တစ်ခုနစ်ခုတော့ သိသေး၏။ အဓိက ခန်းမ၌ ရှိသော ဆေးမီးဖိုများက သမိုင်းဝင် ရတနာများ ဖြစ်ရမည်။ ဆေးဥယျာဉ် အလယ်၌ ရှိသော ဆေးမီးဖိုကလည်း ရှားပါးရတနာ တစ်ခု ဖြစ်ရမည်။ နတ်ဆိုးပင်လယ်၌ ဆိုလျှင် သည်တစ်ခုက တန်ဖိုးများစွာ ကျသင့်မည် ဖြစ်၏။
နောက်ဆုံးမှာတော့ သူ့အခန်းထဲရှိ ဆေးမီးဖိုက သူကို့ မှင်တက်မိ စေခဲ့၏။ သည်တစ်ခုက သူလီမူဝမ်ကို ပြန်ပေးခဲ့သော ဆေးမီးဖိုးလောက် တန်ဖိုးရှိနေသည်။ ဆိုလိုသည်က
တိမ်ကောင်းကင် ကလန်၌ ခြံဝင်းများစွာ ရှိသောကြောင့် ဥယျာဉ် များစွာလည်း ရှိပေမည်။ ဥယျဉ်တိုင်း၌လည်း အခန်းများစွာ ရှိပြီး အခန်းတိုင်း၌လည်း ဆေးမီးဖိုများ ရှိနေမည် ဖြစ်သည်။ သည်အရာက ဆေးမီးဖိုများစွာ ရှိနေကြောင်း အဓိပ္ပာယ်လည်း ဖြစ်၏။ ထို့ကြောင့် ထင်ရှားသိသာ နေသည်မှာ သည်ဆေးမီးဖိုများက တိမ်ကောင်းကင် ကလန်အတွက် များစွာတန်ဖိုး ရှိမနေခြင်းပင်။
ဝမ်လင်းက သူတွေးမိသည့် အရာများကို သေချာအောင် အခြား အခန်းများကို စစ်ဆေး ကြည့်လိုက်၏။ အခန်းတိုင်းက အခုလို ဆေးမီးဖို တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ သူ တိမ်ကောင်းကင် ကလန်ထဲသို့ စဝင်လာ ကတည်းက သည်ကလန်ရှိ အရာရာတိုင်းက ၎င်းကလန် မည်မျှ စွမ်းအားကြီးကြောင်း ပြနေသည့် အရာများကိုသာ တွေ့မြင်နေရ၏။
အခန်းထဲ၌ ဝမ်လင်းက ခြေချိတ် ထိုင်လိုက်ပြီး တံခါးကို အတားအဆီး တစ်ခု ပြုလုပ်လိုက်၏။ ထို့နောက်သူက စတင် လေ့ကျင့်တော့သည်။
အချိန်က တဖြည်းဖြည်း ကုန်သွားပြီး ညသို့ ရောက်လာခဲ့၏။ ဝမ်လင်းက သူထားခဲ့သော အတားအဆီးထံမှ စိတ်စွမ်းအင် လှုပ်ရှားမှုကို ခံစားမိလိုက်၏။ ထို့ကြောင့် သူက ကျောက်လင်း ပြန်ရောက်လာကြောင်း သိလိုက်၏။ ကျောက်လင်းက စဦးအမြုတေ ဖွဲ့တည်ခြင်း အဆင့်သာ ရှိသေးသောကြောင့် သူက ဝမ်လင်း၏ အတားအဆီးကို မြင်နိုင်စွမ်း မရှိပေ။
တိမ်ကောင်းကင် ကလန်က အတွင်း တပည့်နှင့် အပြင်တပည့် ဟူ၍ ခွဲခြားထားသည်။ အတွင်း တပည့်များက ဆေးပညာကို သင်ကြပြီး အပြင်တပည့်တွေက ကလန်ကို ကာကွယ်ကြသည်။ ကျောက်လင်းက အတွင်းတပည့် ဖြစ်သောကြောင့် သူက ဆေးလုံးများ အဓိက ပြုလုပ်ရ၏။
“ထွက်လာပြီး ငါ့ကို လာတွေ့ပါ ...” ကျောက်လင်း၏ အသံက အပြင်ဘက်မှ လွင့်ပျံ့လာ၏။ ဝမ်လင်းက မျက်လုံး ဖွင့်လိုက်ပြီး အပြင်သို့ ထွက်လိုက်သည်။ အပြင်ဘက်၌ အခုချိန်မှာ ညအခါ ဖြစ်နေသော်လည်း လရောင်ကြောင့် အရာအားလုံးကို ရှင်းလင်းစွာ တွေ့မြင်ရသည်။
ကျောက်လင်းက ဥယျဉ်ထဲ၌ ရပ်လိုက်၏။ ဝမ်လင်း ထွက်လာသည်နှင့် သူက ကျောက်စိမ်းပြားကို လှမ်းပစ်ပေးကာ ပြောလိုက်သည်။
“ငါက ရေဆေးလုံးကို စုပ်ယူနိုင်ဖို့ တံခါးပိတ် လေ့ကျင့်တော့မယ် ...။ မြန်မယ်ဆိုရင် လအနည်းငယ်ပဲ ကြာမယ် ... ဒါပေမဲ့ နှစ်အနည်းငယ်လည်း ဖြစ်နိုင်တယ် ...။ ဒါ့ကြောင့် ငါက မင်းကို ဆေးပညာ သင်ပေးဖို့ အချိန်မရှိတော့ဘူး ...”
“ကျောက်စိမ်းပြားထဲမှာ ဆယ့်နှစ်နှစ်တာ ငါ့အတွေ့အကြုံတွေနဲ့ ဆေးလုံး ဖော်စပ်နည်း အချို့လည်းပါတယ် ...။ မင်းဘာသာမင်း ဦးဆုံး လေ့လာလိုက်ပါ ...။ ပြဿနာ တစ်ခုခု ရှိမယ်ဆိုရင် တောင်ဘက် ခြံဝင်းကိုသွားပြီး ငါ့ဆရာကို သွားရှာလိုက် ...။ မင်းကို တပည့်အဖြစ် လက်ခံလိုက်ကြောင်း ငါ သူမကို ပြောထားပြီးပြီး ...”
ဝမ်လင်းက ကျောက်စိမ်းပြားကို လက်ခံလိုက်၏။ သူက ၎င်းကို စစ်ဆေး ကြည့်လိုက်ရာ ချက်ချင်း မှင်တက်မိ သွားသည်။ ကျောက်လင်းက သူ့ကို အခုလို ကျောက်စိမ်း ပေးမည်ဟု မတွေးမိဖူးချေ။ ကျောက်စိမ်းပြား အတွင်း၌ ကျောက်လင်း၏ နှစ်ပေါင်းများစွာ ဆေးပညာ အတွေ့အကြုံများ ပါဝင်နေ၏။ အထူးသဖြင့် အရည်အသွေးရှိသော ဆေးများ ပြုလုပ်ရာ၌ ကျရှုံးခဲ့သော အကြောင်းရင်း အတွေ့အကြုံများ ဖြစ်သည်။
ကျောက်စိမ်းပြားထဲ၌ တိကျသော အချက်အလက်များလည်း ပါဝင်နေ၏။ သည်အရာက အခုလက်ရှိ ဝမ်လင်းအတွက် အလွန်တန်ဖိုး ရှိလှသည်။
သူက ကျောက်လင်းနှင့် စတွေ့ကတည်းက သူ့ဆရာသစ်က အခုလို ကျောက်စိမ်းပြားကို ပေးလိမ့်မည်လို့ မည်သို့မျှ စိတ်ကူး မထားမိပေ။ သူက စွန်တဇူလို ဆရာမျိုးနှင့်သာ ဆုံတွေ့ခဲ့ဖူးသည်။ ဝမ်လင်းက ကျောက်စိမ်းပြားကို ကိုင်ထားစဉ် ဝိရောဓိ စိတ်ခံစားမှုများ ဖြစ်သွားသည်ကို ခံစားမိလိုက်သည်။
ကျောက်လင်းကတော့ ဝမ်လင်း၏ အတွေးများကို သတိပြုမိခြင်း မရှိ။ သူက နည်းနည်း စဉ်းစားပြီး ထပ်ပြောလိုက်သည်။
“မင်းဆရာရဲ့ ဆရာက အရမ်း နူးညံ့တဲ့ လူတစ်ယောက်ပဲ ...။ ဒီတော့သူက မင်းကို ဆေးပညာရဲ့ အခြေခံတွေကို သင်ပေးလိမ့်မယ် ...။ မင်းက ဥယျာဉ်ထဲက ဆေးပင်တွေ အားလုံး အသုံးပြုနိုင်တယ် ...။ ဒါပေမဲ့ သတိရပါ ... အမြစ်တွေကိုတော့ လျှောက်မရွှေ့နဲ့ ...။ ဥယျာဉ်ထဲက ဆေးမီးဖိုကိုလည်း မထိနဲ့ ... ဆေးပညာနဲ့ ပတ်သက်လို့ အဆင့်တစ်ခု မရောက်သေးရင် မင်းက ဒါကို အသုံးပြုဖို့ မဖြစ်နိုင်ဘူး ...”
ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်၏။
ကျောက်လင်းက အနည်းငယ် စဉ်းစားကာ သက်ပြင်းချ လိုက်သည်။ အမှန်တော့ ... တံခါးပိတ် မလေ့ကျင့်ခင် ငါကမင်းကို ဆေးပညာ အခြေခံတွေ သင်ပေးရမှာ ... ဒါပေမဲ့ ငါက ရေဆေးလုံးကို စောင့်နေရတာ အချိန်အတော် ကြာနေခဲ့ပြီ ...။ ငါတံခါးပိတ် လေ့ကျင့်ရာက ထွက်လာရင်တော့ မင်းကို ဆေးအရည်တွေကို အေးခဲပြီး ဆေးလုံးလုပ်တဲ့ အခြေခံကို သင်ပေးမှာပါ ...” ထို့နောက်သူက ဝမ်လင်းကို ကြည့်၍ ဆက်ပြော လိုက်ပြန်သည်။
“ငါ တောင်အနောက်မှာ တံခါးပိတ် ကျင့်နေတဲ့အချိန် မင်းဒီနေရာမှာ နေနိုင်တယ် ...။ ငါ့အခန်းကတော့ အတားအဆီးတွေ ရှိတဲ့အတွက် သွားမထိနဲ့ ...”
ကျောက်လင်းက ထိုသို့ ပြောလိုက်ပြီးနောက် အဝတ်အစားများနှင့် သိုလှောင်အိတ်ကို ယူလိုက်၏။ သူက သိုလှောင်အိတ်ထဲက ပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး ပြောလိုက်၏။
“ဒီအဝတ်အစားတွေက ဆယ်ဆက်မြောက်မျိုးဆက် တပည့်အတွက်ပဲ ... ဒီပုလင်းထဲမှာတော့ ဆေးလုံးသုံးလုံး ပါဝင်တယ် ... နှစ်လုံးယူလိုက် ... တစ်လုံးကိုတော့ လေ့လာဖို့အတွက် သုံးလိုက် ...”
ထို့နောက်မှာတော့ ကျောက်လင်းက ခြံထဲမှ ထွက်ခွာသွားတော့သည်။
ဝမ်လင်းက ထိုနေရာ၌ အချိန်အတော်ကြာ တိတ်ဆိတ်စွာ မတ်တတ်ရပ် နေခဲ့မိသည်။ နောက်တော့ သူက အဝတ်အစားနှင့် ဆေးလုံးများကို ယူကာ သူ့အခန်းသို့ ပြန်သွားလိုက်သည်။
ကျောက်လင်း၏ လုပ်ဆောင်မှုများက ဝမ်လင်းအတွက် ထူးဆန်းလွန်း နေသည်။ အခုလို ပြုမူဆက်ဆံမ မျိုးကို သူ့ဘဝ တစ်လျှောက် မတွေ့ကြုံဖူးပေ။ အချိန်တစ်ခု ကြာပြီး နောက်မှာတော့ ဝမ်လင်းက ပုလင်းကို ဖွင့်လိုက်သည်။ ထိုအခါ မွှေးပျံ့သော ရနံ့တစ်ခုက ထွက်ပေါ်လာခဲ့၏။
ပုလင်းအတွင်း၌ အဝါရောင် ဆေးလုံးသုံးလုံး ရှိနေသည်။ တစ်ခုစီက လိုင်ချီးသီး အရွယ်စားလောက် ရှိ၏။ အချိန်အတန်ကြာ သူက ဆေးလုံးများကို ကြည့်လိုက်ပြီးနောက် သူက ၎င်းတို့ကို စားသုံးလိုက်ခြင်း မရှိပေ။ သို့သော် သူ့သိုလှောင်အိတ် ထဲက သားရဲငယ်လေး တစ်ကောင်ကို ထုတ်လိုက်၏။ သားရဲလေးက ပေါ်လာချင်းချင်း အတောင်ဖြန့်ကာ ဟိန်းသံပေး လိုက်သည်။
ဝမ်လင်းက ဆေးလုံးကိုယူ၍ သားရဲလေး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူက သားရဲလေးကို စောင့်ကြည့်ရင်း အလေးအနက် ဖြစ်လာခဲ့၏။
အချိန်တစ်ခု ကြာသောအခါ သားရဲလေးက မည်သည့် ဆိုးကျိုးမှ မပြဘဲ ထိုအစား ပို၍ပင် တက်ကြွ လာသေး၏။ သူ့ခေါင်းကလည်း အနည်းငယ် တောက်ပလို့ လာ၏။
ဝမ်လင်းက အချိန်တစ်ခုကြာ စောင့်ကြည့်နေသည်။ ထို့နောက်သူက လက်ဝှေ့ယမ်း လိုက်ရာ သားရဲလေးက သိုလှောင်အိတ်ထဲ ပြန်ဝင်သွားတော့၏။
သူက ရက်အတော်ကြာ သားရဲလေးကို စောင့်ကြည့် နေပြန်၏။ သားရဲလေးက မည်သည့် ဆိုးကျိုးမျှ မပြသည်နှင့် သူက ဆေးလုံးများကို ထုတ်လိုက်သည်။
ထို့နောက် ဝမ်လင်းက တစ်ညလုံး တိတ်ဆိတ်စွာ လေ့ကျင့်လျက် ရှိနေတော့သည်။
***