အခန်း ၂၁၅
Vol. 15 Ch. 215
အပိုင်း ( 215 )
လွယ်ပါတယ် ငါသူ့ကို သတ်လိုက်မယ်လေ
ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုအတွင်းတွင် ရှောင်ဟေးက လုချန်ရှန်းကို ဦးဆောင်၍ တောင်တန်းများကို ကျော်ဖြတ်ကာ အတွင်းပိုင်းသို့ ဦးတည်သွား၏။
သို့သော် တစ်ချို့သော အကြောင်းအရင်းများကြောင့် ဤနေရာ၏ လေထုက တစ်မျိုးတစ်ဖုံ ထူးဆန်းနေကာ လူတိုင်းက ထူးဆန်းသော အကြည့်များဖြင့် သူတို့နှစ်ဦးကို မော့ကြည့်လာကြသည်။
သူတို့နှစ်ဦးသည် စိတ်ဝိညာဥ်တောင်တန်းတစ်ခုဆီသို့ ရောက်ရှိမှသာ ရပ်တန့်သွားခဲ့သည်။
လူတစ်ချို့သည် မည်းမှောင်နေသော အမူအရာများဖြင့် ထိုနေရာတွင် ထိုင်နေလျက်ရှိပြီး ရှောင်ဟေးပြန်ရောက်လာခြင်းနှင့် လုချန်ရှန်းပါလာခြင်းကို မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်ဝန်းများအတွင်းတွင် ပျော်ရွှင်မှုများ ကိန်းအောင်းလာခဲ့၏ သို့သော် ၎င်းက ထပ်မံ၍ မှိန်ဖျော့သွားခဲ့ပြန်သည်။
“ မီထျန်း သခင်လေး လုချန်ရှန်း ရောက်လာပြီဆိုမှတော့ ငါတို့က ထွက်သွားသင့်နေပြီ “
“ ဟုတ်ကဲ့ပါ အကြီးအကဲ “
မီထျန်းက တုံ့ပြန်လိုက်၏။
လုချန်ရှန်းကမူ ထိုလူများကို ငေးကြည့်နေခဲ့သည် သူသည် ထိုလူများအနက်မှ လူတစ်ချို့ကို ယခင်က မြင်ခဲ့ဖူးသည် သို့သော် ထိုလူများက ယခကင်ကဲ့သို့ တက်ကြွမနေခဲ့ပေ။
အဘိုးအိုတစ်ဦးက အနားကပ်လာခဲ့ကာ သူ့ကို ကြည့်၍ ရိုးရိုးသားသား စကားပြောလာခဲ့သည် “ သခင်လေး လုချန်ရှန်းက အဲ့တာကို ဖြေရှင်းပေးနိုင်တယ်လို့ မီထျန်းက ပြောခဲ့တယ် အဲ့တာကြောင့် အားစိုက်ထုတ်ပေးဖို့အတွက် ကျုပ်တို့က သခင်လေးကိုပဲ ဒုက္ခပေးရတော့မယ် “
“ ဟမ် “
လုချန်ရှန်း မှင်သက်သွား၏ သို့သော် ထိုလူအားလုံး ထွက်သွားခဲ့ကြသည်။
သူတို့အားလုံးထွက်သွားသည့်နောက်တွင် မီထျန်း၏ အမူအရာပါ ပြောင်းလဲသွားခဲ့သည် သူ၏မျက်ဝန်းများအတွင်းတွင် စိုးရိမ်တကြီး ဖြစ်နေသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့၏။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စိုးရိမ်တကြီး မေးမြန်းလိုက်သည် “ မီထျန်း မင်းသေတော့မှာလား “
“ စကားမပြောတတ်ဘူးဆိုရင် စကားပြောတာကို လျှော့လိုက်။ ငါကောင်းကောင်းမွန်မွန် ရှိနေပါစေလို့ ဆုတောင်းပေးလို့ မရဘူးလား “
မီထျန်းမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ ဒီကောင်က ငါ့ကို ပေါ်တင်ကြီး ကျိန်ဆဲနေတာပဲဟ ငါက ဘယ်လိုလူမျိုးနဲ့ မိတ်ဖွဲ့ခဲ့မိတာလဲ။
သို့ရာတွင် သူသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ စကားထပ်ပြောလိုက်သည် “ တကယ်လို့ အဲ့တာက ကျရှုံးသွားမယ်ဆိုရင်တောင်မှ ငါသေဖို့ အဝေးကြီးလိုသေးတယ် “
“ ဒါဆိုရင်လည်း ငါ့အတွက် ဝိညာဥ်ချီနည်းနည်းလောက် အရင်စီစဥ်ပေးဦး “ ဟု လုချန်ရှန်းက အလောတကြီး ပြန်ပြောလိုက်သည်။
ထူးထူးဆန်းဆန်းပင် မီထျန်းက သူနှင့် အငြင်းမပွားဘဲ အပြုံးဖြင့် တုံ့ပြန်လာခဲ့၏ “ တကယ်လို့ ငါသေသွားမယ်ဆိုရင်တော့ ကတိဖျက်ရလိမ့်မယ် “
“ ဘာကိုဆိုလိုတာလဲ။ မင်းညီကို ဖိနှိပ်ပြီးတဲ့နောက်မှာတောင် သဘာဝ သတ္ထုတွင်းက မင်းရဲ့ ထိန်းချုပ်မှုအောက်ကို မရောက်သေးဘူးလား “ လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားတော့၏။
ထိုအကြောင်းကို ကြားလိုက်ရသည့် အချိန်တွင် ရှောင်ဟေး၏ အမူအရာမှာ ထပ်မံ၍ မှိန်ဖျော့သွားခဲ့ပြန်သည်။
လူနှစ်ဦးသည် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး သူသည် တစ်စုံတစ်ခုကို သတိထားနေသကဲ့သို့ ပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးနေလျက်ရှိ၏။
လုချန်ရှန်းသည် သဘောပေါက်သွားပြီး သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ မှော်စွမ်းအား မြင့်တက်လာကာ သူတို့နှစ်ဦးကို ဖုံးလွှမ်းသွားပြီး ထောက်လှမ်းမှုမျိုးစုံကို ဖြတ်တောက်လိုက်သည်။
“ ပြောတော့ “
“ ငါက ကတိဖျက်ချင်နေတာ မဟုတ်ဘူး မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခု ပေါ်လာလို့ပဲ။ ယဲ့လန်ကို ဖိနှိပ်ပြီးတဲ့နောက်မှာ ငါက မျိုးနွယ်စုရဲ့ သခင်လေးပဲ ဖြစ်လာခဲ့တယ် ပြီးတော့ ယဲ့လန်ရဲ့ အစ်ကိုကလည်း အသက်ရှင်လျက် အိမ်ပြန်ရောက်လာခဲ့တယ် “
“ ငါ့အဖေဆီမှာ သားသုံးယောက်ရှိတယ်။ ငါရယ် ယဲ့လန်ရယ် သူ့အစ်ကိုရယ်က သွေးရင်းညီအစ်ကိုတွေ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူက လေ့ကျင့်ရေးအတွက် အပြင်ထွက်သွားပြီးတော့ အနောက်ဒေသမှာ ပျောက်သွားခဲ့တယ် မျိုးနွယ်စုရဲ့ ဝိညာဥ်မီးအိမ်ကလည်း ငြိမ်းသွားခဲ့တယ် အဲ့တာကြောင့် ငါတို့အားလုံးက သူသေပြီလို့ပဲ ထင်နေခဲ့တာ “
“ ဒါပင်မဲ့ သိပ်မကြာခင် အချိန်ကမှ သူပြန်ရောက်လာခဲ့တယ် ပြီးတော့ ပိုပြီးတော့လည်း အစွမ်းထက်လာခဲ့တယ်။ မျိုးနွယ်စုထဲက လူအများစုက သူ့ဘက်ကို ရောက်ကုန်ကြပြီ ငါ့ဆီမှာ တကယ့်အာဏာ မရှိတော့ဘူး။ ပြီးတော့ ငါသေသွားနိုင်တယ် “
“ အဲ့လောက်တောင် ပြင်းထန်တာလားဟ “ လုချန်ရှန်းသည် တအံ့တဩ ဖြစ်သွားခဲ့သည် သို့သော် သူသည် များများစားစား တွေးတောစဥ်းစားမနေဘဲ တည့်ပြောလိုက်သည် “ အဲ့လောက်ကြီးလည်း မခက်ပါဘူးလေ။ သူ့ကို ခေါ်ထုတ်လာခဲ့လိုက် ငါအပြတ်ရှင်းလိုက်မယ် “
မီထျန်းမှာ အံ့ဩမှင်သက်သွားခဲ့သည် ၎င်းက လုချန်ရှန်း၏ စရိုက်နှင့် အမှန်တကယ် အံဝင်ခွင်ကျဖြစ်နေခဲ့၏။
သို့ရာတွင် သူသည် ခေါင်းခါပြ၍ တုံ့ပြန်လိုက်သည် “ ငါချုပ်ချယ်ခံထားရတယ် မျိုးနွယ်စုအတွင်းကနေ ထွက်သွားလို့မရဘူး။ အတော်လေး ကြိုးစားခဲ့ပြီးမှ ယွမ်နယ်မြေထဲကို ဝင်နိုင်ခဲ့တာ။ ပြီးတော့ ငါသူနဲ့ တိုက်ခဲ့ပြီးပြီ သူက တော်တော်ကြီးကို စွမ်းတယ် သူ့ရဲ့ ကျင့်ကြံရေးက မွေးရာပါ ဝိညာဥ် အဆင့်၆ကို ရောက်နေပြီ။ တကယ်လို့ သူကသာ မျိုးနွယ်စုကနေ မထွက်သွားဘူးဆိုရင် မင်းသူ့ကို သတ်နိုင်မှာမဟုတ်ဘူး ဒါမှမဟုတ် မင်းသူ့ကို မသတ်နိုင်လောက်ဘူး “
မီထျန်းက လုချန်ရှန်ကို ကောင်းစွာနားလည်နေခဲ့ကာ ထိုအကောင်က အံ့ဖွယ်ကောင်းသည်ဆိုသည်ကို သိနေခဲ့သော်လည်း ထိုကဲ့သို့သာ အကဲဖြတ်လိုက်သေး၏။
လုချန်ရှန်းကမူ မျက်မှောင်ကြုတ်ကာ တုံ့ပြန်လိုက်၏ “ ဘာကိစ္စ ပြောစရာရှိတာ မပြောလိုက်ရတာလဲ။ တကယ်လို့ ငါသူ့ကို သတ်နိုင်တယ်ဆိုရင်ကော “
“ ကောင်းပြီလေ “ မီထျန်းသည် ခေါင်းငြိမ့်ပြကာ ဆက်ပြောလာခဲ့သည် “ ငါတို့မျိုးနွယ်စုရဲ့ ဘိုးဘေးနယ်မြေထဲမှာ ယဇ်ပုလ္လင်တစ်ခုရှိတယ်။ အချိန်အတိုင်းအတာတစ်ခုအထိ ရောက်တဲ့အချိန်တိုင်းမှာ အံ့ဖွယ်ပါရမီရှင်တစ်ယောက်ကို ယဇ်ပူဇော်ဖို့ လိုအပ်တယ်။ မင်းကြောင့် ယဲ့လင်း အဖမ်းခံခဲ့ရပြီးတော့ ငါက သူ့ကို ယဇ်ပူဇော်ဖို့ လုပ်ခဲ့တယ်။ ဒါပင်မဲ့ သူ့အစ်ကို ပြန်ရောက်လာလို့ ငါက သူနဲ့ တိုက်ခိုက်ရမှာ။ တကယ်လို့ ငါရှုံးသွားမယ်ဆိုရင် ငါက ယဇ်ကောင်ဖြစ်သွားလိမ့်မယ် “
“ ငါသိပြီ “ လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ တစ်ခဏခန့် တွေးတောစဥ်းစား၍ ပြန်ပြောလိုက်သည် “ ငါက သူ့ကို အနိုင်မယူနိုင်ဘူးလို့ မင်းပြောခဲ့တယ်လေ အဲ့တာဆိုရင် ငါ့ကို ဘာကိစ္စခေါ်လိုက်ရတာတုန်း။ ငါနဲ့မခွဲနိုင်လို့ နောက်ဆုံးတစ်ခေါက်အဖြစ် ထပ်တွေ့ပြီးတော့ မင်းကို နိဗ္ဗာန်ကို လိုက်ပို့ပေးစေချင်တာလား “
“ မင်းဆီမှာ ငါ့ကို ဓားနှလုံးသား သန့်စင်မှုနယ်ပယ်ကို ရောက်သွားအောင် ကူညီပေးနိုင်မည့် နည်းလမ်းတစ်ခု ရှိလားဆိုတာကို ငါသိချင်တယ်။ တကယ်လို့ ရှိတယ်ဆိုရင် ငါ့ဆီမှာ အခွင့်အရေးတစ်ခု ရှိလောက်သေးတယ် “
မီထျန်းက တည့်ပြောလာခဲ့၏။
လုချန်ရှန်းကမူ စတင်၍ တွေးတောစဥ်းစားနေတော့သည်။
သူသည် ထိုအချိန်က မီထျန်းက မည်သည့်အတွက်ကြောင့် သူနှင့်သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ရလဲဆိုသည်ကို အကြမ်းဖျင်း နားလည်သွားခဲ့ပြီဖြစ်သည်။ ဓားတာအိုက တိုက်ခိုက်ရေးစွမ်းအားကို ကြောက်ခမမ်းလိလိ မြှင့်တင်ပေးလေသည်။ အကယ်၍ တစ်စုံတစ်ဦးက ဓားနှလုံးသား သန့်စင်မှုကို ပိုင်ဆိုင်ထားမည်ဆိုပါက အဆင့်ကျော် တိုက်ခြင်းက မည်သို့မျှ ခက်ခဲနေတော့မည် မဟုတ်ပေ။
သူဤနေရာသို့ အခေါ်ခံလိုက်ရခြင်းမှာ မီထျန်းအား ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ ရောက်ရှိသွားအောင် ကူညီပေးရန်အတွက်ပင် ဖြစ်သည်။
" မီထျန်း အဲ့တာက တော်တော်လေးကို အန္တရာယ်များတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ "
" ဟုတ်တယ် တကယ်လို့ ငါက ဓားနှလုံးသား သန့်စင်မှုကို ရခဲ့မယ်ဆိုရင်တောင်မှ သူ့ကိုအနိုင်ယူဖို့ မသေချာသေးဘူး "
လုချန်ရှန်းက တုံ့ပြန်လိုက်၏ " မင်းရဲ့ အခုလက်ရှိ ဓားတာအိုကျင့်ကြံရေးနဲ့ဆိုရင် တကယ်လို့ ငါက မင်းကို အချိန်အတိုင်းအတာတစ်ခုလောက်အထိ ညွှန်ကြားပေးလိုက်မယ်ဆိုရင် ဓားနှလုံးသား သန့်စင်မှုကို ရဖို့က သိပ်မခက်ဘူး။ တကယ်လို့ မင်းက အချိန်တိုအတွင်းမှာ အဲ့နယ်ပယ်ကို ရောက်ချင်တယ်ဆိုရင်တော့ တန်ကြေး ကြီးတယ် အဲ့လိုဖြစ်လာမှာကို ငါတကယ်မမြင်ချင်ဘူး "
" ဘာတန်ကြေးလဲ " ဟု မီထျန်းက မေးမြန်းလာခဲ့၏။
" ဒီဘဝမှာ မင်းရဲ့ ဓားတာအိုက ထပ်ပြီးတော့ မတိုးတက်နိုင်လောက်တော့ဘူး "
အနာဂတ်မရှိသည့် ကျင့်ကြံသူများအတွက်မူ ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးမှာ အမှန်ပင် အားကောင်းနေခဲ့သည်။ သို့သော် မီထျန်းကမူ ပိုမိုမြင့်မားသော အဆင့်များဆီသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ပိုင်ဆိုင်ထားခဲ့သည်။ မည်သူက ၎င်းကို စွန့်လွှတ်နိုင်ကြမည်နည်း။
သို့ရာတွင် မီထျန်းက စကားထပ်ပြောလာခဲ့၏ " ကြည့်ရတာတော့ မင်းဆီမှာ နည်းလမ်းတစ်ခု ရှိနေတဲ့ပုံပဲ "
" အင်း "
" အဲ့တာဆို ငါ့ကို ကူညီပေး။ တကယ်လို့ ငါသေသွားရမယ်ဆိုရင်တောင်မှ ငါမင်းကို လျော်ကြေးပေးပါ့မယ် "
လုချန်ရှန်းကမူ ခေါင်းခါပြကာ တုံ့ပြန်လိုက်သည် " မလိုပါဘူး ဒါပင်မဲ့ မင်းက အဲ့လိုလုပ်ဖို့ တကယ်စဥ်းစားပြီလား "
" ငါ့ဆီမှာ ရွေးချယ်စရာ မရှိတော့ဘူးလေ လောင်းကြေးထပ်လိုက်ရုံပဲပေါ့ "
မီထျန်းမှာ ကူရာကယ်ရာမဲ့နေလျက်ရှိသည် သို့သော် သူ့ထံတွင် ရွေးချယ်စရာများ အမှန်တကယ် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် လုချန်ရှန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ မီထျန်းက မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားကာ မည်သို့မျှ အားနည်းမနေခဲ့ချေ။ သို့သော် အကယ်၍ သူက ဓားနှလုံးသား သန့်စင်မှုကို ပိုင်ဆိုင်ထားမည်ဆိုလျှင်တောင်မှ သူက မွေးရာပါ ဝိညာဥ် အဆင့်၆ ပညာရှင်တစ်ဦးကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ သူ၏ ပြိုင်ဘက်က အချဥ်မဟုတ်သည့်ပုံပင်။
" ကျွတ် ကျွတ် ကျွတ် မင်းတို့ ကောင်းကင်ဝါးမျိုငှက်မျိုးနွယ်စုက ဒီလောက်တောင် ရက်စက်တာလား။ တိုက်လို့ မနိုင်ဘူးဆိုရင် ယဇ်ပူဇော်ခံရတယ်ပေါ့ "
" မင်းက ဘာကိုမှ စိတ်ပူနေစရာ မလိုပါဘူး။ မင်းက စစ်ပွဲဘုရင်ရဲ့ တပည့်ဆိုတာကို တစ်ကမ္ဘာလုံးက သိကြတယ်။ တကယ်လို့ ငါသေသွားမယ်ဆိုရင်တောင်မှ သူတို့က မင်းကို ထိရဲမှာမဟုတ်ဘူး မင်းက အေးအေးဆေးဆေး ပြန်သွားလို့ရတယ်။ အဲ့ကိစ္စမတိုင်ခင်မှာ ငါမင်းကို စာချုပ်တစ်ခု ရေးပေးလိုက်မယ်။ အချိန်ကျလာရင် မင်းက စစ်ပွဲဘုရင်ကို ခေါ်ပြီးတော့ အကြွေးလာတောင်းလို့ရတယ် သူတို့က ငြင်းရဲမှာ မဟုတ်ဘူး "
မီထျန်းသည် လုချန်ရှန်း၏ စရိုက်ကို ကောင်းစွာနားလည်နေခဲ့ပြီး အရာအားလုံးကို ကြိုတင်စီစဥ်ထားပုံရကာ တစ်ခွန်းချင်းစီ ပြောပြနေခဲ့၏။
လုချန်ရှန်းကပင် အနည်းငယ် ရင်ထဲထိသွားကာ စကားထပ်ပြောလိုက်သည် " မီထျန်း တကယ်တော့ ငါမင်းနဲ့ ခွဲရမှာကို တုံ့ဆိုင်းနေတယ် ငါမင်းကို ခေါ်သွားလိုက်မယ်ဆိုရင်ရော။ အနည်းဆုံးတော့ မင်းအသက်ရှင်နေဦးမှာပဲလေ "
" ဒီတိုက်ပွဲက ရှောင်လွှဲလို့ မရဘူး "
မီထျန်း၏ အကြည့်များ ခိုင်မာပြတ်သားနေခဲ့၏။
မည်သို့မျှ နောက်ဆုတ်၍ မရတော့သည့်ပုံပင်။
လုချန်ရှန်းမှာလည်း ဤမျိုးနွယ်စု၏ ကိစ္စများက ဤမျှနက်နဲရှုပ်ထွေးနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ၎င်းက မည်မျှ ရက်စက်လိုက်သနည်း။
အချိန်အတော်ကြာ တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် " မင်းက သေချာစဥ်းစားခဲ့ပြီးပြီဆိုမှတော့ ...... "
သူသည် တစ်ခြားလူများ၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်လေ့မရှိပေ သို့သော် သူတို့နှစ်ဦးကြားတွင် ဆက်ဆံရေး တစ်ခုရှိသောကြောင့် အခြေအနေများကသာ ခွင့်ပြုမည်ဆိုပါက သူသည် မီထျန်းကို အမှန်တကယ် မသေစေချင်ခဲ့ပေ။
ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦးက မီထျန်း၏ အင်မော်တယ်ဂူဆီသို့ ရောက်လာကြ၏။ ပတ်ဝန်းကျင်ကို ချိတ်ပိတ်လိုက်ပြီးသည့်နောက်တွင် လုချန်ရှန်းသည် သူ၏ဓားဆန္ဒ အပိုင်းအစတစ်ခုကို ဖြတ်တောက်ကာ ၎င်းကို မီထျန်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းပေးလိုက်သည်။
လုချန်ရှန်းအတွက်မူ ၎င်းက ဓားဆန္ဒ အပိုင်းအစတစ်ခုကိုသာ ဖြစ်တောက်လိုက်ခြင်း ဖြစ်သည် အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံခဲ့ပြီးသည့်နောက်တွင် ၎င်းကို ပြန်လည်ရရှိမည်ဖြစ်သည် သို့သော် အကျိုးသက်ရောက်မှုက အနည်းငယ်မျှ လျော့နည်းသွားပေလိမ့်မည်။ သို့သော် မီထျန်းကမူ ဤဘဝ၌ ဓားနှလုံးသား သန့်စင်မှု နယ်ပယ်တွင်သာ ရှိနေရန် ကံပါလာပုံရသည်။
အရာအားလုံး လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် မီထျန်းက မလှုပ်မယှက် ထိုင်နေခဲ့ကာ အဆိုပါ ဓားနှလုံးသား သန့်စင်မှုကို အာရုံခံနေလျက်ရှိ၏။
လုချန်ရှန်းမှာလည်း ထိုနယ်ပယ်နှင့် သက်ဆိုင်သည့် နက်နဲရှုပ်ထွေးသော အမှန်တရားများကို ရှင်းပြပေးနေခဲ့၏။
လုချန်ရှန်းသည် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် ဘေးတစ်ဖက်တွင် ထိုင်နေကာ အချိန်အတော်ကြာ အတွေးနက်သွားကာ ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည် “ မီထျန်း တကယ်လို့ အခြေအနေတွေကသာ ခွင့်ပြုမယ်ဆိုရင် မင်းအသက်ရှင်နိုင်လိမ့်မယ်လို့ ငါဆုတောင်းပါတယ် “
--
…………………………………………………………………………………………………………………………………