အခန်း ၂၁၆
Vol. 15 Ch. 216
အပိုင်း ( 216 )
ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ။ သူမကို ကြည့်လေ
လုချန်ရှန်းသည် ရက်ပေါင်းများစွာ ကြာရှည်သည်အထိ ရှောင်ဟေး၏ ဘေးနားတွင်သာ ဆက်တိုက်နေနေခဲ့သည်။
ရှောင်ဟေးသည် ဓားဆန္ဒကို အပြည့်အဝ ပေါင်းစည်းကာ ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည့် အချိန်မှသာလျှင် မတ်တပ်ထရပ်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့၏။ ဤနည်းလမ်းဖြင့် သူ့ထံတွင် အခွင့်အလမ်း ပိုများလာပြီဖြစ်ကာ ပြန်မတိုက်နိုင်ဘဲ ချက်ချင်းရှုံးနိမ့်သွားသည့် ကိစ္စရပ်မျိုးပါ ဖြစ်လာတော့မည် မဟုတ်ပေ။
သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောနေတော့သည် “ ရှောင်ဟေး မင်းက ဘာလို့ ပြန်ပြီးတော့ မစဥ်းစားကြည့်ရတာလဲ။ ငါ့ကို ဝိညာဥ်ကျောက်တုံး နည်းနည်းပေးလိုက် ငါက လုပ်နိုင်စွမ်းရှိနေတုန်းပါပဲ။ သူ့ကို သတ်ဖို့ အခွင့်အရေးတစ်ခုရှိတယ် “
“ ငါက သူနဲ့ ဘိုးဘွားယဇ်ပုလ္လင်ပေါ်မှာ တိုက်ခိုက်ရမှာ။ ငါ့မျိုးနွယ်စု မဟုတ်ဘူးဆိုရင် အဲ့ပုလ္လင်ပေါ်ကို တက်ခွင့်မရှိဘူး “
“ နှမြောစရာပဲ “
လုချန်ရှန်သည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
သို့ရာတွင် ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏ “ ဒါပင်မဲ့ ဘိုးဘွားနယ်မြေမှာ တစ်ခြားယဇ်ပုလ္လင်တွေ ရှိသေးတယ် အဲ့မှာလည်း အခွင့်အလမ်းတွေရှိတယ် ဒါပင်မဲ့ မျိုးနွယ်စုက ငါ့ကို အဲ့တာတွေအကြောင်း မပြောပြထားဘူး။ အဲ့တာတွေကို ဘယ်လို အသက်သွင်းရမလဲဆိုတာကို ငါမသိဘူး “
“ ရှောင်ဟေး မင်းရဲ့ အဆင့်အတန်းက လုံလုံလောက်လောက် မကောင်းဘူးပဲ “
ရှောင်ဟေးသည် ငြင်းပယ်ခြင်း မလုပ်သကဲ့သို့ ဝန်ခံခြင်းလည်း မပြုလုပ်ဘဲ စကားသာ ထပ်ပြောလာခဲ့သည် “ တစ်ချို့ အပြင်လူတွေက ဘိုးဘွားနယ်မြေထဲကို အတူတူ ဝင်ကြလိမ့်မယ် ဒါပင်မဲ့ သူတို့တွေက တစ်ခြားတစ်ဖက်မှာပဲ ရပ်နေရမှာ။ ငါတို့မှာ အကူအညီပေးမည့် လူအများကြီး မရှိလောက်ဘူး။ တကယ်လို့ မင်းက အခွင့်အလမ်းကို လိုချင်တယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်ပဲ အားကိုးရတော့မယ်။ ဒီတစ်ခါတော့ ငါမင်းကို အကူအညီ အများကြီး မပေးနိုင်ဘူး “
“ ကြာကြာနားထောင်ရလေလ မင်းက ပိုပြီးတော့ သနားစရာကောင်းလာလေလေပဲ “
လုချန်ရှန်းမှာ စုတ်တသပ်သပ် ဖြစ်သွားခဲ့၏။
ရှောင်ဟေးမှာလည်း ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားနေခဲ့ရ၏ သူ၏အနေအထားက အမှန်ပင် အားနည်းနေခဲ့သည်။
ထို့နောက်တွင် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုတစ်ခုလုံးက အလွန်တရာ အလုပ်များနေတော့၏။
ရှောင်ဟေးပြောပြခဲ့သည့်အတိုင်းပင် ရှောင်ဟေး၏ အစ်ကိုကို ကူညီပေးရန်နှင့် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေအတွင်းရှိ အခွင့်အလမ်းများအတွက် လူတစ်ချို့ ရောက်ရှိလာခဲ့သည်။
သူတို့သည် ခန်းမကြီးတစ်ခုအတွင်းသို့ ရောက်လာခဲ့ကြသည်။ ခန်းမ အတွင်းတွင် အပြင်လူတော်တော်များများပါ ရှိနေခဲ့၏ အနောက်ပိုင်းဒေသမှ လူများပင် ရောက်ရှိလာခဲ့ပြီး ထိုလူများက ရှောင်ဟေးအစ်ကို၏ မိတ်ဆွေကောင်းများ ဖြစ်နေခဲ့သည်။
လုချန်ရှန်းနှင့် ရှောင်ဟေး ၎င်းတို့အားလုံးကို စောင့်ကြည့်နေခဲ့ကာ သူတို့၏ ပတ်ဝန်းကျင်မှာ ထူးထူးခြားခြား ငြိမ်သက်နေလျက်ရှိ၏။
“ ရှောင်ဟေး ကြည့်ရတာတော့ မင်းရဲ့ ဂုဏ်သတင်းက သိပ်မကောင်းတဲ့ပုံပဲ “ လုချန်ရှန်းက ညည်းတွားနေတော့သည်။
“ မင်းရဲ့ဟာက ပိုကောင်းတယ်လို့ ထင်နေတာလား “ ဟု ရှောင်ဟေးက တုံ့ပြန်လိုက်၏။
ရှောင်ဟေးကမူ ၎င်းကို အရေးစိုက်ပုံမရဘဲ သူ၏မျက်ဝန်းများ အတွင်းတွင် စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိပြီး လုချန်ရှန်းမှာလည်း အေးအေးလူလူ ဖြစ်နေလျက်ရှိ၏ သူသည် ထိုကဲ့သို့သော အသေးအမွှားကိစ္စလေးများကို မည်သို့မျှ ဂရုမစိုက်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူဘယ်နေရာရောက်ရောက် သူငယ်ချင်းမိတ်ဆွေများ များများစားစား မရရှိခဲ့ပေ။
လူတော်တော်များများသည် သူတို့၏ အကြည့်များကို ပို့လွှတ်ကာ ရှောင်ဟေးကို ကြည့်လိုက် လုချန်ရှန်းကို လှည့်ကြည့်လိုက် ဖြစ်နေခဲ့ကြသည်။
ရှောင်ဟေးကို ကြည့်နေကြသည့် အချိန်တွင် သူတို့က အပြုံးတစ်ခုကို ဆင်မြန်းထားကြပြီး လုချန်ရှန်းကို ကြည့်နေကြသည့် အချိန်တွင်မူ ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားကြ၏။
ယခု၌ သူ့အနောက်တွင် ရှိနေသည့် လူက အင်မတန် ရက်စက်ကြမ်းကြုတ်သည့် ကူချန်ကျွင်းဆိုသည်နှင့် ထိုအကောင် လုချန်ရှန်း၏ ပါးစပ်က အတော်ပင် ဆိုးဝါးသည်ဆိုသည်ကို မသိသည့်လူ မရှိတော့ပေ။ သူတို့က စကားနိုင်လုခြင်းကို မပြုလုပ်ရဲသကဲ့သို့ အစပျိုး၍ မတိုက်ခိုက်ဝံ့ကြပေ ၎င်းက ကို့ရို့ကားရားနိုင်သွားပေလိမ့်မည်။
သူတို့က သူ့ကို ရန်မစလောက်သည်အထိ ဉာဏ်ရှိကြပေသည်။
ထိုစဥ် ခန်းမအပြင်ဘက်တွင် လူငယ်တစ်ဦးက သူတို့ရှိရာဘက်သို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းလာခဲ့၏။
သူသည် တောက်ပသော အနက်ရောင် ငှက်မွှေးဝတ်စုံကို ဝတ်ဆင်ထားကာ အသက်နှစ်ဆယ့်ခုနစ်(သို့) နှစ်ဆယ့်ရှစ်နှစ်အရွယ်ရှိပုံရသည်။ သူ၏ ချောမောသော မျက်နှာပေါ်တွင် မာနတရားတို့ ကိန်းဝပ်နေလျက်ရှိပြီး ရှောင်ဟေးနှင့် အနည်းငယ်တူညီသော်လည်း ဖိနှိပ်ခံခဲ့ရသည့် ယဲ့လန်နှင့်သာ ပိုတူနေခဲ့သည်။
“ သူက မင်းပြောခဲ့တဲ့လူလား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။
ရှောင်ဟေးက ခေါင်းငြိမ့်၍ တုံ့ပြန်လိုက်သည် “ ဟုတ်တယ် သူက ယဲ့လန်ရဲ့အစ်ကို ယဲ့မော်ပဲ “
“ မရှိးရှင်းဘူးပဲ “
လုချန်ရှန်းသည် စိတ်စွမ်းအားဖြင့် ထောက်လှမ်းနေလျက်ရှိပြီး ပုံမှန်မဟုတ်သော စွမ်းအားတစ်ခုကို အာရုံခံမိနေခဲ့သည်။ ထိုစွမ်းအားက အလွန်ပင်ထူးဆန်းလှကာ တစ်ချက်မျှငေးကြည့်ရုံဖြင့် ဖော်ပြရခက်နေခဲ့၏။
ယဲ့မော် ရောက်ရှိလာကာ လူတိုင်းကို နှုတ်ဆက်လာခဲ့သည်။
လုချန်ရှန်းသည် မတ်တပ်ချည်းသာ ရပ်နေခဲ့ရသဖြင့် ပင်ပန်းသွားကာ မည်သို့မျှ ယဥ်ကျေးမနေဘဲ ထိုင်ခုံတစ်ခုံ ဆွဲယူကာ ထိုနေရာမှာပင် လှဲလျောင်းနေတော့၏။
အချိန်အတိုင်းအတာ တစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် ယဲ့မော်က ဤနေရာသို့ လှည့်ကြည့်လာခဲ့ပြီး အပြုံးတစ်ခုကို ဆင်းမြန်း၍ သူတို့နှစ်ဦးဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့၏ သို့သော် ၎င်းတွင် လှောင်ပြောင်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိ၏။
“ မျိုးနွယ်စုဆီကို ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ယောက် ရောက်လာခဲ့တယ်လို့ ကျွန်တော်ကြားခဲ့ရတယ် အဲ့လူက ညီအစ်ကိုလု ဖြစ်နေခဲ့တာပဲ “ ဟု ယဲ့မော်က အလွန်တရာ ငြင်သာသော လေသံမျိုးဖြင့် စကားစပြောလာခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက ပြန်ပြောလိုက်၏ “ မင်းက ရိုးသားရဲ့လား “
“ ဘာပြောချင်တာလဲ “ ယဲ့မော်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
“ တစ်ခြားလူတွေက ငါ့ကို ကပ်ဘေးတစ်ခုအဖြစ် ဆက်ဆံကြတာတော့ ဒါပင်မဲ့ မင်းက ငါ့ကို ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ယောက်အဖြစ် ဆက်ဆံနေတယ်ပေါ့ “
“ ဟားဟားဟား ညိအစ်ကိုလုက တကယ်ကို ဟာသဉာဏ်ကောင်းတာပဲ “
ယဲ့မော်သည် ရယ်မောနေခဲ့သော်လည်း ၎င်းကို အလေးအနက် မထားခဲ့ပေ။ သူသည် ရှောင်ဟေးဘက်မှ လူများအကြောင်းကို အသေအချာ စုံစမ်းထားခဲ့ပြီးဖြစ်၏ အထူးသဖြင့် လုချန်ရှန်းပင် ဖြစ်သည်။
သိနေခဲ့ပြီဖြစ်သောကြောင့် သူသည် ထိုလူ့ကို မည်သို့မျှ ရန်စစော်ကားမည် မဟုတ်ပေ။ အကယ်၍ သူက ထိုလူ့ကို အထင်သေးနေမည်ဆိုလျှင်တောင်မှ သူသည် ကူချန်ကျွင်းကို မျက်နှာသာ ပေးနေသေး၏။
ထို့နောက်တွင် ယဲ့မော်က ရှောင်ဟေးကို ကြည့်ကာ စကားပြောလာခဲ့သည် “ မီထျန်း ငါပြန်ရောက်လာခဲ့တဲ့ အချိန်ကတည်းက မင်းနဲ့ စကားပြောဖို့ အခွင့်အရေး မရခဲ့ဘူး “
“ ငါတို့ကြားမှာ စကားပြောစရာ ကိစ္စတစ်ခုခု ရှိနေလို့လား “ ဟု ရှောင်ဟေးက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောလိုက်သည်။
“ မင်းနဲ့ငါက အရင်းအမြစ်တူတဲ့ ညီအစ်ကိုတွေပဲလေ။ ကိစ္စတော်တော်များများကို ရှောင်ရှားနေလို့မရဘူး အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါမင်းနဲ့ ဒီလိုမျိုး ဖြစ်သွားရမှာ မဟုတ်ဘူး “
“ ဟားဟားဟား တကယ်ကြီးလား “
ရှောင်ဟေးက လှောင်ပြောင်လိုက်သည်။
ယဲ့မော်က စကားထပ်ပြောလာခဲ့၏ “ ဘယ်သူကမှ မတွန်းလှန်နိုင်ဘူးလေ။ တကယ်လို့ တစ်ခြားနည်းလမ်းတစ်ခုခု ရှိမယ်ဆိုရင် ငါကမင်းကို အဝေးကို မလွှတ်လိုက်ချင်ပါဘူးကွာ “
“ ဘာမှတောင် မစရသေးဘူး မင်းစကားပြောတာက စော ……… “
ရှောင်ဟေးက ပြန်ပြောနေတော့သည် သို့သော် သူ့စကားမဆုံးခင် အချိန်မှာပင် လုချန်ရှန်းက ကြားဖြတ်ပြောလာခဲ့၏ “ နည်းလမ်းမရှိဘူးလို့ ဘယ်သူပြောလဲ “
“ ဘာနည်းလမ်းလဲ “ ယဲ့မော်က လှည့်ကြည့်လာခဲ့သည်။
“ မင်းက ကိုယ့်ကိုကိုယ် စတေးလိုက်လို့ မရဘူးလာ။ အဲ့တာဆိုရင် သူ့ကို အဝေးကို လွှတ်စရာ မလိုတော့ဘူးလေ “ လုချန်ရှန်းသည် အေးအေးလူလူ စကားပြောနေရင်းဖြင့် စိတ်ဝိညာဥ်သစ်သီးတစ်လုံးကို ကောက်ယူကာ ကိုက်ဝါးနေတော့၏။
ယဲ့မော်သည် မှင်သက်သွားကာ ပြန်ပြောလိုက်သည် “ အဲ့လို မဟုတ်ဘူးလေ ညီအစ်ကိုလုက နားမလည်သေးတဲ့ပုံပဲ “
“ ငါက ဘယ်လိုလုပ် နားမလည်ရတာလဲ။ မင်းတို့က တူညီတဲ့ အရင်းအမြစ်တစ်ခုတည်းက လာကြပြီးတော့ နည်းလမ်းတစ်ခုခု ရှိမယ်ဆိုရင် သူ့ကို အဝေးကို မပို့ဘူးလို့ ပြောခဲ့တယ်မလား။ မင်းကိုယ်မင်း စတေးလိုက်တာက နည်းလမ်းတစ်ခု မဟုတ်ဘူးလား “
“ မင်း …….. “
ယဲ့မော်သည် မျက်မှောင်ကြုတ်ကာ အကြည့်များ မှေးကျဥ်းသွားခဲ့သည်။
“ ညီအစ်ကိုလု ကိုယ့်အိမ်ကိုယ်ရာလိုပဲ သဘောထားပါ “
ယဲ့မော်သည် ထိုစကားကို ပြောလာခဲ့ကာ လှည့်ထွက်သွားတော့သည် သူ့မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးမှာလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
“ ရိုင်းစိုင်းတယ် ဟန်ဆောင်လွန်းတယ် ပြီးတော့ စိတ်ရင်းမမှန်ဘူး တကယ်ကို စိတ်ရှုပ်ဖို့ကောင်းတာပဲ “ လုချန်ရှန်းသည် ခေါင်းတခါခါဖြင့် သုံးသပ်နေတော့၏။
သို့ရာတွင် ရှောင်ဟေးကမူ အလွန်တရာ အံ့အားသင့်သွားခဲ့သည်။ သူသည် ကိုယ်ပိုင်ကိစ္စကိုသာ အမြဲလိုလိုအာရုံစိုက်လေ့ရှိသည့် လုချန်ရှန်း၏ စိတ်သဘောထားကို သိနေခဲ့သည် ဝိညာဥ်ကျောက်တုံးများ မရှိဘူးဆိုပါက သူ့အား မည်သည့်အရာကမှ အသက်မသွင်းသည့်အလားပင်။ သို့သော် ထိုလူက ယနေ့တွင် သူ့အတွက် ရပ်တည်ပေးလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
“ လုချန်ရှန်း “
“ ဟမ် “
“ ကြည့်ရတာတော့ ငါမင်းကို သိပ်နားမလည်သေးတဲ့ပုံပဲ “
ရှောင်ဟေးသည် ထိုစကားကို ပြောကာ လုချန်ရှန်းကို ပြုံးပြနေတော့၏။
သူ၏အမူအရာကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် ကျောချမ်းသွားကာ သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့ရသည်ထပ်ပင် ပိုမိုကြောက်လန့်သွားခဲ့သည်။
သူတစ်ခုခု ထပ်ပြောလိုက်တော့မည့် အချိန်မှာပင် ခန်းမအတွင်းသို့ တစ်စုံတစ်ဦး ဝင်ရောက်လာခဲ့သည်။ အမျိုးသမီးတစ်ဦးသည် စစ်နတ်ဘုရားကဲ့သို့ ထူးခြားသည့် အရှိန်အဝါကို ထုတ်လွှတ်နေလျက်ရှိပြီး ရဲရင့်ပြတ်သားကာ သူရဲကောင်းကဲ့သို့သော ဟန်ပန်အမူအရာဖြင့် ဦးဆောင်လာခဲ့၏။
“ သူမပဲ “
အသစ်ရောက်ရှိလာသူမှာ ပန်အမျိုးသမီးဖြစ်ပြီး သူမ၏အနောက်တွင် ရွှေတောင်ပံပန်ဘုရင်လေး ရှိနေခဲ့သည်။
သူမကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးက မည်သို့မျှ ပုံမှန်မဟုတ်တော့ဘဲ အပြည့်အဝ အသင့်ဖြစ်နေသည့် ပုံစံမျိုး ဖြစ်သွားခဲ့သည်။
လုချန်ရှန်းကမူ မည်သည့်အရာကမှ ထူးဆန်းနေသည်ဟု မခံစားခဲ့ရပေ။
ဆန့်ကျင်ဘက်အနေဖြင့် ပန်အမျိုးသမီး ရောက်ရှိလာသည်ကို မြင်လိုက်ရသောအချိန်၌ ယဲ့မော်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ပန်အမျိုးသမီး မတွေ့ရတာ ကြာပြီနော်။ ဒီတစ်ခါ ခင်ဗျားရောက်လာတဲ့အတွက် တော်တော်လေး ဂုဏ်ယူမိပါတယ် “
ယဲ့မော်၏ စကားကို နားထောင်နေသည့် ပန်အမျိုးသမီး၏ အမူအရာမှာ ယခင်ကဲ့သို့ပင် အေးစက်စက် ဖြစ်နေခဲ့သည် “ ငါက နင့်ကို ကူညီဖို့အတွက် ဒီကိုရောက်လာတာ မဟုတ်ဘူး။ ယဲ့မီထျန်းကို ရှာဖို့အတွက် ရောက်လာတာ “
တစ်ပြိုင်နက်ဆိုသလိုပင် အကြည့်ပေါင်းများစွာ ကျရောက်လာခဲ့၏။
ယဲ့မော်သည် မည်သည့်အရာကိုမှ မခံစားခဲ့ရပေ ထို့အစား သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုသာ ရှိနေခဲ့ပြီး ပျော်ရွှင်မှုများ ပြည့်နှက်နေသော အကြည့်များဖြင့် ရှောင်ဟေးကို ငေးကြည့်လာခဲ့၏။
“ သူမက ဘာကိစ္စ ဒီကို ရောက်လာရတာလဲ “ ရှောင်ဟေးသည် ချဥ်းကပ်လာနေသည့် ပန်အမျိုးသမီးကို စောင့်ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားခဲ့၏။
တောင်ပိုင်းဒေသတစ်ခုလုံးတွင် သူတို့က ကမ္ဘာမကြေ ရန်သူများဖြစ်ကာ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော တိုက်ပွဲများ ဆင်နွှဲခဲ့သည်ဆိုသည်ကို မသိသည့်လူ မရှိပေ။
ပန်အမျိုးသမီးက ဤအချိန်တွင် ပေါ်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူမပေါ်ထွက်လာခြင်းက ယဲ့မော်မြင်တွေ့ချင်နေသည့် ပြပွဲကောင်းတစ်ခု ပေါ်လာလိမ့်မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်၏။
ရှောင်ဟေးသည် အာရုံစိုက်၍ ငေးကြည့်ကာ မည်သို့မျှ မကြောက်ရွံ့သွားဘဲ မေးမြန်းလိုက်သည် “ နင်ဒီကို ဘာလာလုပ်တာလဲ “
“ နင့်ကို ကူညီမလို့ “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
မယုံကြည်နိုင်ဖြစ်နေသည့် အကြည့်ပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။
ရှောင်ဟေးကိုယ်တိုင်ကပင် ကြောင်တောင်တောင်ဖြစ်သွားခဲ့ပြီး သူ၏မျက်ဝန်းများအတွင်းတွင် အံ့အားသင့်နေသည့် အရိပ်အငွေ့များ ကိန်းအောင်းလာခဲ့ကာ သူ့အရှေ့တွင် ရှိနေသည့် လူကို မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် ငေးကြည့်နေမိတော့သည်။
ပန်အမျိုးသမီးက စကားဆက်ပြောလာခဲ့၏ “ အခုချိန်မှာ နင်အားနည်းနေတယ်ဆိုတာကို ငါသိတယ် အဲ့တာကြောင့် နင့်ကို လာကူတာ “
“ ငါ …….. “
ရှောင်ဟေးသည် ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားတော့၏။ ထူးဆန်းတယ် တော်တော်ကြီးကို ထူးဆန်းတယ်
ထိုစဥ် ပန်အမျိုးသမီးက စကားထပ်ပြောလာခဲ့ပြန်သည် “ ဒါပင်မဲ့ အဲ့တာက ငါတို့ကိစ္စကို သဘောတူတယ်လို့ မဆိုလိုဘူး “
“ ငါတို့ကိစ္စလား။ ဘာကြီးလဲ “
ရှောင်ဟေးသည် လုံးဝကြောင်အမ်းအမ်း ဖြစ်သွားပြီး ပိုမိုဗျာများသွားကာ လုချန်ရှန်းကို အလိုအလျောက် ငေးကြည့်မိသွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက မျက်မှောင်ကြုတ်ကာ စကားပြောလိုက်သည် “ ဘာကိစ္စ ငါ့ကို လာကြည့်နေရတာလဲ။ သူမကို ကြည့်လေ။ ငါ့မျက်နှာပေါ်မှာ ပန်းတွေ ပွင့်နေလို့လား “
သူ၏ အသံပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည် အကြည့်အားလုံးက ထိုနေရာတွင် ရှိနေခဲ့ကာ သူတို့၏ နားလည်နိုင်စွမ်းများ ကျိုးပဲ့ပျက်စီးသွားသကဲ့သို့ အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်လာကြပေ။
--
…………………………………………………………………………………………………………………………………..