အခန်း ၂၂၂
Vol. 15 Ch. 222
အပိုင်း ( 222 )
ဘာကြီးလဲဟ
ထိုအခိုက်အတန့်တွင် လူတိုင်း ထွက်သွားခဲ့ပြီး လုချန်ရှန်းမှာလည်း ရေကန်ဆီသို့ အတင်းအကြပ် ဆွဲခေါ်ခံလိုက်ရ၏။
ခြေလှမ်းတိုင်းတွင် သူ၏ခြေထောက်များက ရေမျက်နှာပြင်ကို ထိတွေ့ကာ လှိုင်းတွန့်လေးများ ဖြစ်ပေါ်သွားစေခဲ့၏။
“ ငါတို့က ယဇ်ပုလ္လင်ဆီကို သွားနေကြပြီလား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။
တစ်ခြားလူများက လှောင်ပြောင်လာကြသည် “ ဟုတ်တယ် “
သူတို့အားလုံးက အပြုံးများဖြင့် တုံ့ပြန်လာကြသော်လည်း သူတို့၏ အမူအရာများက ခြောက်ခြားဖွယ်ကောင်းနေခဲ့၏။
ဝူယွမ်ကျီက ပြန်ပြောလာခဲ့သည် “ လုချန်ရှန်း ငါတို့ရဲ့ စကားကို ပြန်ဖျက်ရမှာတော့ နှမြောဖို့ကောင်းတယ်ကွာ “
“ ဘာကိုဆိုလိုတာလဲ “
“ ယဇ်ပုလ္လင်နဲ့ ဆက်သွယ်ဖို့အတွက် သွေးချီပမာဏ အများကြီး လိုအပ်တယ်လေ ဒါပင်မဲ့ မင်းလိုမျိုး ပါရမီရှင်တစ်ယောက်ဆိုရင်တော့ မင်းရဲ့ ကံတရားနဲ့ ချီတွေကို စတေးလိုက်ရတာက လူအုပ်ကြီးတစ်ခုလုံးကို စတေးလိုက်ရတာထပ်တောင် ပိုကောင်းနေသေးတယ်။ ဆိုတော့ ငါတို့က မင်းကိုပဲ စတေးလိုက်ရတော့မယ် “ ဟု ဝူယွမ်ကျီက တုံ့ပြန်လာခဲ့၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အဲ့လောက်ကြီးအထိ ရက်စက်နေဖို့ လိုအပ်လို့လား “
“ အဲ့တာက ဘာစကားကြီးလဲ။ တကယ်လို့ ငါတို့က မင်းကို မစတေးဘူးဆိုရင် သူတို့ကို စတေးလိုက်ရမှာလား “
ဟမ်
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ဒီကောင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟ။
သို့သော် သူသည် အဆိုပါ အမည်ခံ ဗုဒ္ဓသားတော်ကိုပင် ဤမျှလောက်အထိ လှုပ်ရှားလာစေနိုင်သည့် အရာက မည်ကဲ့သို့သော အခွင့်အလမ်းမျိုးလဲဆိုသည်ကို အတော်ပင် သိချင်သွားခဲ့၏။
ဝူရို့မှာလည်း ထိုစကားများကို ကြားနေခဲ့ပြီး အေးစက်စက် နှာခေါင်းရှုံ့လာခဲ့သည်။
“ သွေးစတေးဖို့အတွက် လူအများကြီး လိုအပ်တာလား “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ အရှေ့သို့ လိုက်သွားနေခဲ့သည်။
အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်ကာ ငြိမ်သက်နေသည့် အချိန်မှာပင် ရေကန်အောက်မှ စွမ်းအင်လှိုင်းတစ်ခု ထောင်တက်လာခဲ့၏။ လူအုပ်အနောက်ဘက်ရှိ ရေကန်အောက်တွင် အမျိုးအမည် မသိရသော စွမ်းအားတစ်ခု ပေါ်ထွက်လာကာ လူတစ်ဦးအပေါ်သို့ ကျဆင်းလာခဲ့၏။
ထိုလူသည် တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိသွားကာ စကားပြောရန်ပြင်လိုက်သည် သို့သော် အဆိုပါ စွမ်းအားက သူ့ကို ဖုံးလွှမ်းလာခဲ့ကာ ရေထဲသို့ တိုက်ရိုက်ဆွဲချသွားခဲ့သည်။
အကွာအဝေးတစ်ခုအထိ လျှောက်လှမ်းလာခဲ့ပြီးသည့်နောက်တွင် နောက်လူတစ်ဦး ထပ်မံ၍ အဆွဲချခံလိုက်ရပြန်သည်။
တစ်စုံတစ်ဦးက တစ်ခုခုကို အာရုံခံမိသွားကာ နောက်လှည့်ကြည့်လိုက်သော်လည်း ရေမျက်နှာပြင်ပေါ်တွင် ရှိနေသည့် လှိုင်းတွန့်လေးများကိုသာ မြင်တွေ့လိုက်ရ၏။
ထိုအချိန်၌ ရေကန်အောက်ဘက်တွင် အနက်ရောင် ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့သည်။ လူများသည် ရေကန်အတွင်းသို့ တစ်ဦးပြီးတစ်ဦး ဆွဲချခံလိုက်ရပြီး အဆုံးတွင် တစ်ခုခု မှားယွင်းနေသည်ကို တစ်စုံတစ်ဦးက နားလည်သွားခဲ့သည်။
“ မကောင်းတော့ဘူး “
လူတစ်ဦးက ကြောက်ရွံ့မှုအပြည့်ဖြင့် အော်ပြောလိုက်သည်။ သူ၏ ခြေထောက်တစ်ဖက်ကို အနက်ရောင်လက်တစ်ဖက်က ဖမ်းဆုပ်လာခဲ့ပြီး သူ့ကို ရေကန်အတွင်းသို့ တိုက်ရိုက်ဆွဲချကာ ပျောက်ကွယ်သွားခဲ့သည်။
ဗုဒ္ဓသားတော်၏ အကြည့်များ မည်းမှောင်သွားခဲ့သည် သူသည် လူတိုင်းကို ဦးဆောင်ကာ လေထုအတွင်းသို့ ခုန်တက်သွားခဲ့သည် သို့သော် လက်မည်းကြီးများက အဆက်မပြတ် ပေါ်ထွက်လာကာ ထိုလူများကို ဆွဲချနေခဲ့၏။
သူတို့အားလုံးက မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်များ ဖြစ်ကြသော်လည်း သူတို့သည် လွတ်မြောက်အောင် မည်သို့မျှ မရုန်းကန်နိုင်ခဲ့ဘဲ ရေကန်အတွင်းသို့ ဆွဲချခံလိုက်ရ၏။
ဤနေရာရှိ ကောင်းကင်ပြင်ကို မမြင်နိုင်သော စွမ်းအားတစ်ခုက လွှမ်းခြုံနေလျက်ရှိပြီး ထိုလူများက ကောင်းကင်ထက်သို့ ပျံတက်လာခြင်းကို တားဆီးနေခဲ့သည်။
ထိုကဲ့သို့ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အရိပ်များအတွင်းမှ တစ်စုံတစ်ဦးက စတင်၍ လှုပ်ရှားလာခဲ့သည်။ ၎င်းတို့က မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်လေးဦးပင် ဖြစ်သည်။
သူတို့ တိုက်ခိုက်လာခဲ့ပြီး လက်မည်းကြီးများကို ဖြတ်တောက်ရန် ကြိုးပမ်းနေကြတော့သည်။ စွမ်းအားနှစ်ခု တိုက်မိသွားသည့် အချိန်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပေါ်ထွက်လာခဲ့၏။
ပညာရှင်များက တိုက်ခိုက်နေကြသော်လည်း လူများက ရေကန်အတွင်းသို့ အဆက်မပြတ် ဆွဲချခံနေရသေး၏။
လူတိုင်းက ချက်ချင်း အရှိန်ကုန်တင်ကာ ထွက်ပြေးသွားကြသည်။
ပတ်ဝန်းကျင်တွင် မည်သည့်လက်မည်းကြီးမှ မရှိတော့ဘူးဆိုသည်ကို မြင်လိုက်ရသည့် အချိန်မှသာလျှင် လူတိုင်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြတော့သည်။
ဝူရို့သည် ၎င်းကို ကြည့်နေရင်းဖြင့် တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်သွားကာ စကားပြောလာခဲ့သည် “ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ့လိုဟာမျိုး ရှိတယ်လို့ ယဲ့မော်က တစ်ခါမှ မပြောပြခဲ့ဘူးလေ “
သူသည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည် အရာအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပွားခဲ့ပြီး မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်များကပင် ၎င်းကို မဖယ်ရှားနိုင်ခဲ့ကြပေ။
ဝူယွမ်ကျီသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် ကတုန်တရင် ဖြစ်နေသေးသော်လည်း လုချန်ရှန်းကို တိတ်တဆိတ် ငေးကြည့်မိသွားခဲ့သည်။
ထိုစဥ် လုချန်ရှန်းမှာ ယခင်ကအတိုင်းပင် အေးအေးဆေးဆေး ဖြစ်နေသေး၏။
မကြာခင် အချိန်မှာပင် သူတို့အားလုံးက ရေကန်အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့ပြီး ကျွန်းတစ်ခုက သူတို့၏ အမြင်အာရုံအတွင်းသို့ တိုးဝင်လာခဲ့၏။ တောင်တန်းများ(သို့) စိမ်းလန်းစိုပြေသော ရှုခင်းများ ရှိမနေခဲ့ဘဲ ညှိုးနွမ်းခြောက်သွေ့နေသည့် သွေးကြောများနှင့် ရှေးဟောင်းသစ်ပင်များက ၎င်းကို ဝိုင်းရံနေလျက်ရှိ၏။
ဤနေရာ၏ ပတ်ပတ်လည်တွင် မည်သည့် အသက်စွမ်းအင်မှ မရှိမနေခဲ့ပေ။
ကျွန်း၏ အလယ်ဗဟိုတွင် ကြီးမားသော ယဇ်ပုလ္လင်တစ်လုံး ရှိနေခဲ့ပြီး လေထုအတွင်းတွင် ရှေးဟောင်းအငွေ့အသက်တစ်ခု စိမ့်ဝင်နေလျက်ရှိကာ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးက မှင်ကဲ့သို့ မည်းနက်နေကာ အချိန်ကာလ၏ အမှတ်အသားတို့ဖြင့် ဖုံးလွှမ်းနေခဲ့၏။
၎င်းပေါ်တွင် ရှိနေသည့် ပုံစံကွက်များက အလွန်တရာ ထူးဆန်းလှပြီး မည်သူကမှ တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးသည့် အရာများ ဖြစ်နေခဲ့သည်။
လုချန်ရှန်းမှာလည်း ၎င်းကို ငေးကြည့်နေခဲ့သည်။ ရှောင်ဟေးက ထိုအကြောင်းကို ပြောပြခဲ့ဖူးသည် သို့သော် ရှောင်ဟေးကိုယ်တိုင်မှာလည်း ၎င်းအား မည်ကဲ့သို့ အသက်သွင်းရမလဲဆိုသည်ကို မသိခဲ့ပေ။ ထိုမျိုးနွယ်စုက အဆိုပါ နည်းစနစ်ကို ယဲ့မော်ကိုသာ ပေးထားခဲ့သည်။
ထိုစဥ် ဝူရို့က ၎င်းကို ငေးကြည့်နေပြီး ခြေတစ်လှမ်းလှမ်းကာ လေထုအတွင်းသို့ ခုန်တက်သွားခဲ့သည်။ မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်လေးဦးကမူ အောက်ဘက်တွင် မတ်တပ်ရပ်ကာ စောင့်ကြည့်နေလျက်ရှိ၏။
သူသည် ဘက်ပေါင်းစုံတွင် ရှိနေသည့် ကျောက်တိုင်များကို တစ်စုံတစ်ခုကို အတည်ပြုနေသည့်အလား ငေးမောကြည့်ရှုနေခဲ့သည်။
လုချန်ရှန်းမှာလည်း ထိုမြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဝူရို့မှ သူ၏လက်ကို မြှောက်လိုက်ရာ လက်စည်းတံဆိပ်များ ပျံသန်းလာခဲ့၏။ သူ၏လက်ဖဝါအတွင်းတွင် ကြက်သွေးရောင် သွေးတစ်စက်ပေါ်လာခဲ့ကာ ယဇ်ပုလ္လင်ဆီသို့ ကျဆင်းသွားခဲ့သည်။
သွေးက တလက်လက်တောက်နေလျက်ရှိကာ ကောင်းကင်ဝါးမျိုးငှက်တစ်ကောင်၏ သွေးစက်ဖြစ်ပုံရသည်။
ဝှစ်
ယဇ်ပုလ္လင်ပေါ်တွင် လေပြင်းများ တိုက်ခတ်လာပုံရပြီး ကောင်းကင်ထက်သို့ ထူးဆန်းသော အနက်ရောင်အလင်းတန်းတစ်ခု ဝဲတက်သွား၏။ ထိုအခိုက်အတန့်တွင် ယဇ်ပုလ္လင်တစ်ခုလုံး ဖြည်းဖြည်းချင်း လွင့်မျောကာ လေထုအတွင်းသို့ ကြွတက်လာခဲ့၏။
တစ်ချိန်တည်းမှာပင် စကားလုံးတို့ဖြင့် ဖော်ပြ၍မရသော စွမ်းအားတစ်ခု ရောယှက်လာခဲ့ကာ တစ္ဆေတို့၏ အော်သံများကဲ့သို့ နားကွဲသွားစေလောက်သည့် အသံများ ပေါ်ထွက်လာခဲ့သည်။
“ ဒီဖုန်းဆိုးမြေလိုလို ဘာလိုလို နေရာမှာ အခွင့်အလမ်းတစ်ခု တကယ်ရှိတာလား “ လုချန်ရှန်း အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူမည်မျှပင် ငေးမောကြည့်ရှုနေခဲ့ပါစေ ဤနေရာက ကြောက်မက်ဖွယ်ကောင်းကာ အလွန်တရာ ဆိုးယုတ်နေပုံရ၏။
ဝူရို့မှာလည်း လေထုအတွင်းသို့ ခုန်တက်သွားကာ တစ်ဖက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လာခဲ့သည်။
“ လုချန်ရှန်း ကရုဏာစိတ်ရှိတဲ့ ငါက မင်းကို မနှောင့်ယှက်ချင်ဘူး ဒါပင်မဲ့ မင်းက ငါ့ကို လူကြားထဲမှာ အရှက်ခွဲပြီးတော့ မစော်ကားခဲ့သင့်ဘူး “
“ ပေါက်တတ်ကရတွေ တော်လိုက်တော့။ ဒီလိုအခြေအနေမျိုးအထိတောင် ရောက်နေပြီကို မင်းက လူကောင်းတစ်ယောက်လိုမျိုး ဟန်ဆောင်နေတုန်းပဲလား “ လုချန်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“ ဟမ့် “
ဝူရို့မှာလည်း အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်။ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ မှော်စွမ်းအား ပွင့်ထွက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးပေါ်တွင် ဖျော့တော့သော ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။ သူ၏မျက်လုံးများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခု ရှိနေခဲ့ကာ ဘုန်းကြီးတစ်ပါး၏ အကျင့်သီလရှိသော တည်ငြိမ်မှုမျိုး လုံးဝကင်းမဲ့နေခဲ့သည်။
ဝူယွမ်ကျီကပါ စကားဝင်ပြောလာခဲ့၏ “ ဒီလိုဖြစ်လာတာကိုတောင် မင်းက မောက်မာနေရဲသေးတယ်ပေါ့။ ဗုဒ္ဓသားတော် ဝူရို့က သွေးစတေးခြင်း နည်းစနစ်ကို ကျွမ်းတယ် သွေးစတေးမှု စတင်တာနဲ့ ရပ်လို့ မရတော့ဘူး။ အဲ့တာက စတေးမှုကို ဖြည်းဖြည်းချင်း ပြီးမြောက်သွားစေလိမ့်မယ် “
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ ဝူယွမ်ကျီကို ထပ်မံ၍ ငေးကြည့်နေတော့သည်။
ဝူယွမ်ကျီမှာလည်း မျက်မှောင်ကြုတ်ကာ သူ့ကို ပြန်ကြည့်နေခဲ့သည်။
ဝူရို့ကမူ မည်သို့မျှ မတုံ့ပြန်လိုက်ဘဲ အေးစက်စွာ ပြောဆိုလာခဲ့သည် “ မင်းက ကိုယ့်ကိုကိုယ် သွားမှာလား(ဒါမှမဟုတ်) ငါမင်းကို ပို့ပေးလိုက်ရမလား “
“ မလိုပါဘူး ငါ့ဟာငါ သွားမယ် “
လုချန်ရှန်းက သရော်လိုက်သည်။ မွေးရာပါ ဝိညာဥ် အဆင့်၉ ကျင့်ကြံသူ လေးဦးကပါ သူ့ကို စိုက်ကြည့်လာကြသည်။
ရလဒ်အနေဖြင့် သူသည် ခြေတစ်လှမ်းဖြင့် ခုန်တက်သွားကာ ယဇ်ပုလ္လင်ပေါ်သို့ ဆင်းသက်သွား၏။
ချက်ချင်းသလိုပင် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာခဲ့ပြီး မှင်ကဲ့သို့သော ဝိညာဥ် အလင်းတန်းတစ်ခုက ယဇ်ပုလ္လင်တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့၏။
“ မင်းဆရာကြောင့် ငါက အစစ်အမှန် ဗုဒ္ဓသားတော် မဖြစ်နိုင်ခဲ့ဘူး။ ဒီနေ့မှာ မင်းကို စတေးပြီးတော့ အဲ့ဒီကံကြွေးကို ပြန်ယူမယ်။ မင်းဆရာကိုပဲ အပြစ်လိုက် “
“ တကယ်လို့ မင်းအသုံးမကျဘူးဆိုရင်လည်း အသုံးမကျဘူးပဲပေါ့။ ကံကြွေးတွေဘာတွေ လာပြောမနေနဲ့။ လုပ်စရာရှိတာကို မြန်မြန်လုပ်။ မိန်းမကြီးလိုမျိုး အချိန်ဆွဲမနေနဲ့ “ လုချန်ရှန်းကမူ မည်သည့်ပျော့ညံ့မှုကိုမှ မပြသဘဲ သူ့ကိုပင် တိုက်တွန်းနေလိုက်သေး၏။
ဝူရို့သည် မည်သည့်စကားမှထပ်မပြောလာတော့ဘဲ လက်ဟန်များကိုသာ အဆက်မပြတ် ပြုလုပ်နေတော့၏။ လက်စည်းတံဆိပ်တစ်ခုချင်းစီတိုင်းက ယဇ်ပုလ္လင်ကို ထိခတ်သွားကာ တစ်စုံတစ်ခုက နိုးထလာသည့်အလား ဖြစ်နေသကဲ့သို့ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာခဲ့၏။
သူ၏ လက်စည်းတံဆိပ် အားလုံး ကျဆင်းလာသည့် အချိန်တွင် ယဇ်ပုလ္လင်တစ်ခုလုံး လှုပ်ရမ်းသွားခဲ့သည်။ ကျောက်တိုင်ရှစ်ခုက အနီရောင်တောက်လာခဲ့ပြီး ၎င်းတို့၏ အလယ်ဗဟိုတည့်တည့်တွင် စွမ်းအားတစ်ခု ဖြစ်တည်လာခဲ့သည်။
လုချန်ရှန်းသည် မူမမှန်မှုကို ခံစားလိုက်ရသည်။ ထိုစွမ်းအားက သူ့ကို ရစ်ပတ်လာခဲ့ကာ သူ၏ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းစီ ဆုတ်ဖြဲနေတော့၏။ သူ့ခန္ဓာကိုယ်အတွင်းတွင် ရှိနေသည့် ချီနှင့် သွေးတို့မှာ ပေါက်ထွက်သွားတော့မည့်အလား အရူးအမူး ရုန်းကြွလာခဲ့သည်။
“ ဖိနှိပ် “
လုချန်ရှန်းက ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ဓားဆန္ဒတစ်ခုက ဖုံးအုပ်ကာ သူ့ကို ကာကွယ်ပေးလာခဲ့သည်။ စွမ်းအားနှစ်ခု အဆက်မပြတ် ထိတွေ့ရင်ဆိုင်နေကြတော့သည်။
ဝူရို့သည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် လှောင်ပြောင်လာခဲ့သည် “ မင်းရဲ့ ကျင့်ကြံရေးနဲ့ဆိုရင် အရာအားလုံးက ကျိုးပဲ့လွယ်တယ်။ တစ်ခုခုလုပ်ဖို့အတွက် နောက်ကျလွန်းနေပြီ “
“ နောက်ကျနေတာလား “
“ အခုမှ အစပဲ ရှိသေးတယ်။ အဲ့တာက ချီ သွေး လုံလုံလောက်လောက် ရတဲ့အချိန်မှ ရပ်သွားမှာ “
ဝူရို့သည် ကြီးမားသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့သည့်အလား ပျော်ရွှင်မှုများ စွန်းထင်းနေသည့် အကြည့်မျိုးဖြင့် စကားပြောလာခဲ့၏။
အားလုံး၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူတို့မှာလည်း မောက်မာလွန်းလှသော လုချန်ရှန်းက အရှင်လတ်လတ် သွေးစုပ်ခံနေရသည့် သနားဖွယ်ကောင်းသော မြင်ကွင်းကို မြင်တွေ့ချင်နေကြ၏။
လူတိုင်း စိုက်ကြည့်နေခဲ့၏ အထူးသဖြင့် ဝူယွမ်ကျီဖြစ်ပြီး သူ၏ ရယ်မောသံမှာ အကျယ်လောင်ဆုံး ဖြစ်နေခဲ့သည်။
--
.......................................................................................................................................................