အခန်း ၂၂၅
Vol. 15 Ch. 225
အပိုင်း ( 225 )
ငါတက်လာခဲ့ရမလား
တစ်ခဏအကြာတွင် လူနှစ်ဦး၏ အကျိုးအမြတ်များ ခွဲယူခြင်းဖြစ်စဥ်က ပြီးဆုံးသွားခဲ့သည်။
ဤနေရာတွင် မည်သည့်အခွင့်အလမ်းမှ မရှိတော့ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ သူက ဤနေရာသို့ အချည်းနှီးရောက်လာခဲ့ရသည်ဟု ခံစားသွားခဲ့ရ၏။
သူက ဖြောင့်မတ်တည်ကြည်သော ချီတို့ဖြင့် ပြည့်နှက်နေသည့် လူငယ်ဖြစ်သော်လည်း မိစ္ဆာဆန်သော ကျင့်ကြံရေး နည်းစနစ်တစ်ခုကိုသာ ရရှိခဲ့၏ ၎င်းက သူ့ကို အခက်တွေ့အောင် ပြုလုပ်နေခြင်းပင် မဟုတ်လော။
လောင်လျူသည် လုချန်ရှန်းကို ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ ငါကြားတာတော့ ယဲ့မီထျန်းက မင်းကို ဝိညာဥ်ကျောက်တုံးမိုင်းတွင်းတစ်ခု ပေးမယ်လို့ ကတိပေးခဲ့တယ်တဲ့။ အဲ့တာကို မင်းတစ်ယောက်တည်း ရှာဖို့က တော်တော်လေးကို ပြဿနာများတယ်။ ငါမင်းနဲ့အတူသွားမယ် “
ခေါင်းငြိမ့်လိုက်တော့မည့် အချိန်တွင် လုချန်ရှန်းသည် သူ၏စိတ်နှလုံးသား ရုတ်တရက် တုန်ခါသွားသည်ကို ခံစားလိုက်ရ၏ သူ၏ ဓားဆန္ဒထံမှ မငြိမ်မသက်ဖြစ်နေသည့် စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး အချိန်အတော်ကြာသည်အထိ မတည်ငြိမ်သွားခဲ့ပေ။
“ ငါ့ရဲ့ ဓားနှလုံးသားက မတည်မငြိမ်ဖြစ်နေပြီးတော့ ပြိုကွဲသွားတော့မယ်။ ယဲ့မော်က အဲ့လောက်တောင် စွမ်းတာလားဟ “
သူသည် တစ်ကိုယ်တည်း ရေရွတ်ဆိုနေခဲ့သည်။ သူခံစားခဲ့ရသည့် စွမ်းအင်လှိုင်းက ရှောင်ဟေးထံမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူက ဓားဆန္ဒကို သန့်စင်ခဲ့သော်လည်း အချိန်က အလွန်တရာ တိုတောင်းခဲ့သောကြောင့် အပြည့်အဝ မပေါင်းစည်းနိုင်ခဲ့ပေ။ ထို့ကြောင့် လုချန်ရှန်းက ၎င်းကို ယခုလက်ရှိအချိန်အထိ အာရုံခံနေနိုင်သေး၏။
သို့ရာတွင် သူနားမလည်နိုင်ဖြစ်သွားခဲ့သည်။ ရှောင်ဟေးက ဓားနှလုံးသား သန့်စင်မှုနှင့်အတူ မွေးရာပါ ဝိညာဥ် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့ပြီး ယဲ့မော်ကို အဆင့်တစ်ဆင့်ကျော်တိုက်ရခြင်းက သူ၏ဓားဓားနှလုံးသားကိုပင် အမှန်တကယ် မငြိမ်မသက် ဖြစ်သွားခဲ့စေ၏။
၎င်းက အလွန်ထူးဆန်းကာ မဖြစ်လာသင့်သော ကိစ္စတစ်ခု ဖြစ်သည်။
“ လုချန်ရှန်း မင်းက ဘာတွေငိုင်နေတာတုန်း။ ငါတို့က မိုင်းတွင်းကို သွားရှာကြဦးမှာလား “ ဟု လောင်လျူက မေးမြန်းလာခဲ့၏။
“ မလောပါနဲ့ “
“ မင်းဆီမှာ လုပ်စရာ ကိစ္စရှိသေးလို့လား “
လုချန်ရှန်းက ခေါင်းငြိမ့်ပြကာ စကားထပ်ပြောလိုက်သည် “ ဒီဘိုးဘွားနယ်မြေက တော်တော်ကြီးကို ကြီးလွန်းတယ် အဲ့တာကို ဘယ်နေရာမှာ ဝှက်ထားလဲဆိုတာကို ဘယ်သူက သိမှာလဲ။ ငါ့အတွက်ရှာပေးဖို့ ရှောင်ဟေးကို သွားခေါ်လိုက်ကြတာပေါ့ “
လောင်လျူမှာ ချက်ချင်းမျက်မှောင်ကြုတ်သွားခဲ့သည်။
“ အဲ့အချိန်တုန်းက သူက ယဲ့မော်နှင့်အတူတူ ဝင်သွားဖို့ များတယ်လေ။ ယဲ့မော်မှာ ဘာနည်းလမ်းတွေ ရှိနေလဲဆိုတာကို ငါမသိပင်မဲ့ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုခု မဖြစ်လာခဲ့ဘူးဆိုရင် ယဲ့မီထျန်းက ရှုံးသွားဖို့ပဲ များတယ်။ မင်းက သူ့ကို စောင့်နေနိုင်မှာ မဟုတ်ဘူး “
လျောင်လျူက အခြေအနေကို ရှင်းပြလာခဲ့၏ သူအတော်ပင် သိနေခဲ့၏။
လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ စောင့်ကြည့်လိုက်ကြတာပေါ့။ တကယ်လို့ ငါမစောင့်နိုင်ဘူးဆိုရင်လည်း စောင့်ကြည့်လိုက်ရုံပဲပေါ့။ တကယ်လို့ သူနိုင်သွားမယ်ဆိုရင်ကော။ ငါအရင်သွားကြည့်လိုက်မယ် “
“ သူတို့တွေအပြင် ဘိုးဘေးယဇ်ပုလ္လင်ကလည်း ရှာတွေ့ဖို့ တော်တော်ခက်တယ် “
“ ငါကြိုးစားကြည့်မယ် “
စကားပြောခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက အရပ်မျက်နှာတစ်ဖက်သို့ ဦးတည်သွားတော့သည်။
လောင်လျူသည် သူထွက်သွားသည်ကို စောင့်ကြည့်နေရင်းဖြင့် တအံ့တဩ ဖြစ်သွားခဲ့သည်။
“ ဒီကောင်က ကောင်းကင်ဝါးမျိုငှက်လေးနဲ့ဆိုင်တဲ့ ကိစ္စတွေကို တော်တော်လေး ဂရုစိုက်တာပဲ။ သူက ဝိညာဥ်ကျောက်တုံးတွေကိုပဲ ဂရုစိုက်တယ်လို့ ငါထင်နေခဲ့တာ “
လောင်လျူက သဲလွန်စတစ်ခုကို ရှာတွေ့ခဲ့သော်လည်း ၎င်းကို တိုက်ရိုက်မထုတ်ဖော်လိုက်ပေ။ အကယ်၍ သူက တစ်စုံတစ်ခုကို ပြောလိုက်မည်ဆိုလျှင်တောင်မှ လုချန်ရှန်းက ဝန်ခံလိမ့်မည် မဟုတ်ပေ။
သို့သော် သူပြောခဲ့သည့် စကားများက မှန်ကန်နေခဲ့သည်။ လမ်းညွှန်မှုမရှိဘူးဆိုပါက ဘိုးဘွားယဇ်ပုလ္လင်ကို ရှာဖွေရာတွင် ကြုံတွေ့ရသည့် အခက်အခဲက မိုင်းတွင်းကိုရှာဖွေရခြင်းထပ် ပိုမိုခက်ခဲနေလိမ့်မည် ဖြစ်သည်။ သူသည် ရှောင်ဟေးသေဆုံးသွားသည်ကို မမြင်တွေ့လိုခဲ့ပေ။
လုချန်ရှန်းကမူ လျှပ်စီးတန်းအဖြစ် အသွင်ပြောင်းကာ တောင်တန်းပေါင်းများစွာကို ကျော်ဖြတ်၍ အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် ရွေ့လျားနေခဲ့၏။ သူသည် သူ၏ဓားဆန္ဒကို အာရုံခံရန် အသုံးပြုနေခဲ့ပြီး ဦးတည်ဘက်ကို အကြမ်းဖျင်း သိရှိနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဝါမျိုငှက် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေအတွင်းရှိ တောင်တစ်လုံးက ကောင်းကင်ဘုံနှင့် ချိတ်ဆက်ထားသည့်အလား တိမ်တိုက်များဆီသို့ ထောင်တက်နေခဲ့ပြီး တိမ်တိုက်များနှင့် မြူခိုးတို့က ၎င်း၏ ခါးကို ဝိုင်းရံထားပြီး နတ်ဘုရားကဲ့သို့သော အရှိန်အဝါမျိုးကို ထုတ်လွှတ်နေခဲ့၏။
တောင်ထိပ်ပေါ်တွင် ယဇ်ပုလ္လင်တစ်လုံး ရှိနေခဲ့သည်။ ထိုစဥ် ပုံရိပ်နှစ်ခု လိမ်ယှက်နေကာ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များကို နှိုးဆွပေးနေခဲ့၏။
ဘုမ်းးးး
ကျယ်လောင်သော ပဲ့တင်ထပ်လာခဲ့ကာ စီးဆင်းနေသည့် တိမ်တိုက်များကိုပင် ပြန့်ကျဲသွားစေခဲ့သည်။ ဓားချီတစ်ခုသည် ကောင်းကင်ပြင်တွင် ကခုန်နေကာ ၎င်း၏ စူးရှထက်မြက်သော အရှိန်အဝါကို အဆက်မပြတ် ချပြနေခဲ့၏။ ယဇ်ပုလ္လင် အထက်ရှိ လေထုအတွင်းတွင် စိမ်းနက်ရောင် အလင်းတန်းတို့ဖြင့် ပြည့်နှက်နေကာ ရွှေရောင်သမ်းနေခဲ့၏။
ထိုအခိုက်အတန့်တွင် ဓားချီပြိုကွဲကာ လုံးဝသုတ်သင်ခံလိုက်ရသည်။ ပုံရိပ်တစ်ခု လွင့်ထွက်သွားခဲ့ပြီး သူ၏ခြေလှမ်းများက ယဇ်ပုလ္လင်ပေါ်သို့ အားပါပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။
ထိုလူမှာ ရှောင်ဟေးပင် ဖြစ်သည်။ သူ၏အနက်ရောင် ဆံသားများ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး သူ၏အဝတ်ထောင့်တစ်နေရာမှာလည်း ဖြတ်တောက်ခံထားရ၏ သူသည် မြေပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်ထားပြီး ဓားရှည်ကို မြေသားမြေစိုင်အတွင်းသို့ စိုက်ထားကာ ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ရင်နေလျက်ရှိ၏။
သူ၏ပါးစပ်ထောင့်မှ သွေးစီးကြောင်းများ အဆက်မပြတ် စီးထွက်နေကာ သူ၏ရင်ဘတ်ပေါ်တွင် ရှိနေသည့် လက်သည်းကုတ်ရာက သူကို ဆုတ်ဖြဲလုနီးပါး ဖြစ်နေခဲ့၏။
“ ညီလေး နှစ်နည်းနည်းလောက် ကြာခဲ့ပြီးတဲ့နောက်မှာ မင်းက ဒီလိုအနေအထားမျိုးအထိ တိုးတက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ဒါပင်မဲ့ ဓားနှလုံးသား သန့်စင်မှုက မင်းရဲ့ အကြီးမားဆုံး ဝှက်ဖဲပဲဖြစ်ရမယ် ဟုတ်တယ်မလား။ မင်းအဲ့နယ်ပယ်ကို ရောက်သွားအောင် လုချန်ရှန်းက ကူညီပေးခဲ့တာမလား “
ယဲ့မော်က စကားပြောလာခဲ့သည်။ သူ၏ အသံက အတော်ပင် အေးဆေးတည်ငြိမ်နေသော်လည်း လှောင်ပြောင်သရော်နေသည့် အရိပ်အငွေ့တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် ရှောင်ဟေး၏ အရှေ့တွင် မတ်တပ်ရပ်နေပြီး တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ကာ သူ၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ရှိနေခဲ့ပြီး သူ၏မျက်ဝန်းများအတွင်းတွင်မူ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလျက်ရှိ၏။
အသာစီးရထားသော်လည်း သူကိုယ်တိုင်မှာလည်း ဒဏ်ရာရရှိထားခဲ့သည်။ လက်မောင်းတစ်ဖက်ပေါ်တွင် ဓားဒဏ်ရာများ ရှိနေကာ သွေးများ အဆက်မပြတ် စီးကျနေခဲ့၏။
ရှောင်ဟေးကမူ တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိပြီး သူ၏ဦးခေါင်းကို ဖြည်းဖြည်းချင်း မော့ကာ ကောင်းကင်ပြင်ကို ဖုံးလွှမ်းနေသည့် အလင်းတန်းကို ငေးကြည့်နေခဲ့သည်။ ရွှေရောင် သန်းနေသည့် အစိမ်းရောင် အလင်းတန်းများသည် မလိုလားမှုတို့ဖြင့် ပြည့်နှက်နေကာ ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။
“ ညီလေး ဒီနေ့မှာ မင်းရှုံးသွားခဲ့ပြီ။ ငါမင်းကို ယဇ်ကောင်အဖြစ် သုံးပေးမယ် အဲ့တာကို မင်းအတွက် လမ်းကြောင်းအသစ်တစ်ခု ပေးလိုက်တာလို့ သတ်မှတ်လို့ရတယ် ဘာပဲဖြစ်ဖြစ် ငါတို့ညီအစ်ကိုတွေပဲလေ “
ရှောင်ဟေး၏ မျက်ဝန်းများအတွင်းတွင် အေးစက်မှုတို့သာ ကိန်းအောင်းနေလျက်ရှိပြီး မထီမဲ့မြင်ပြုကာ သရော်လိုက်သည် “ ယဲ့မော် ငါ့ကို အနိုင်ယူဖို့အတွက် မင်းက ဘာနည်းလမ်းကိုမဆို တကယ်ကြီး သုံးခဲ့တာပဲ မျိုးနွယ်စုရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်ပြီးတော့ အနောက်ပိုင်း ဗုဒ္ဓလမ်းစဥ်နဲ့ ပူးပေါင်းခဲ့တယ်ပေါ့ “
ယဲ့မော်က ပြန်ပြောလာခဲ့သည် “ အဲ့တော့ ဘာဖြစ်လဲ။ ငါဒီကထွက်သွားတဲ့ အချိန်ကျရင် ဘယ်သူမှ သိမှာ မဟုတ်ဘူးလေ။ အဖေရဲ့ ဝိညာဥ်မီးအိမ်ကလည်း ငြိမ်းသွားပြီ ဆိုတော့ ငါက ဒီမျိုးနွယ်စုရဲ့ အုပ်စိုးသူပဲ။ တောင်ပိုင်းဒေသရဲ့ ပိုင်နက်တစ်ဝက်က ငါ့ပိုင်နက် ဖြစ်လာလိမ့်မယ် “
ရှောင်ဟေးမှာ သက်မကြီး ချနေတော့၏။ သူသည် သူ၏ နည်းလမ်းအားလုံးကို အသုံးပြုခဲ့ပြီဖြစ်ပြီး စားပွဲဝိုင်းကို ပြောင်းပြန်လှန်နိုင်ရန် အခွင့်အရေး မရှိတော့သည့်ပုံပင် သို့သော် သူသည် ထပ်မံ၍ တိုက်ခိုက်လိုသောကြောင့် မတ်တပ်ထရပ်ရန် ရုန်းကန်နေသေး၏။
ယဲ့မော်သည် ခေါင်းတခါခါ ဖြစ်သွားခဲ့ပြီး ထိုကောင်က နုံအလွန်းသည်ဟုသာ ခံစားသွားခဲ့ရ၏။
သို့သော် ထိုအခိုက်အတန့်တွင် ယဇ်ပုလ္လင်အပြင်ဘက်မှ အသံတစ်သံ ပေါ်ထွက်လာခဲ့၏။
“ မင်းက တောင်ပိုင်းဒေသ တစ်ခုလုံးကို ကြီးစိုးချင်နေတယ်ပေါ့။ ဘာလို့ ကောင်းကင်ဘုံပေါ်ကို တက်ဖို့ မကြိုးစားကြည့်ရတာလဲ “
ဟမ်
ထိုစကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုနှစ်ဦးစလုံးက ရုတ်တရက် ခေါင်းလှည့်ကြည့်လာကြပြီး ယဇ်ပုလ္လင် အပြင်ဘက်တွင် လူငယ်လေးတစ်ဦးက အေးအေးလူလူ မတ်တပ်ရပ်နေကာ ဤနေရာသို့ တိတ်တဆိတ် ငေးကြည့်နေသည်ကို မြင်တွေ့သွားကြသည်။
“ လုချန်ရှန်း “
ရှောင်ဟေး အံ့အားသင့်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် မျက်မှောင်ကြုတ်သွားခဲ့သည်။
ယဲ့မော်မှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည် “ မင်းက ဒီနေရာကို တကယ်ကြီး ရှာနိုင်တယ်ပေါ့။ ငါမင်းကို အထင်သေးခဲ့မိတာပဲ “
“ မင်းက ငါ့ကို အမြဲတမ်း အထင်သေးနေခဲ့တာ မဟုတ်ဘူးလား “
“ မင်းက တော်တော်လေးကို အမြင်စူးရှတာပဲ “ ယဲ့မော်က အပြုံးဖြင့် စကားထပ်ပြောလာခဲ့သည် “ ဝူရို့က မင်းကို ရှာမတွေ့ခဲ့တဲ့ပုံပဲ “
“ သူငါ့ကို ရှာတွေ့ခဲ့ပါတယ် ဒါပင်မဲ့ သူကတော့ သေသွားပြီ “
“ သေသွားတာလား “
ယဲ့မော်၏ အမူအရာ ပြောင်းလဲသွားကာ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
သို့ရာတွင် သူသည် လျင်မြန်စွာ သတိပြန်ဝင်လာခဲ့ကာ တုံ့ပြန်လာခဲ့သည် “ ကိစ္စမရှိပါဘူး။ ငါသူ့ကို စတေးမှာပဲ ပြီးကျရင် မင်းကို လာသတ်မှာ။ မင်းတို့က ဗုဒ္ဓဂိုဏ်းနဲ့ တိုက်ခိုက်ခဲ့ပြီးတော့ သေသွားတယ်လို့ ကြေညာလိုက်တာက ပိုပြီးတော့တောင် ကောင်းနေသေးတယ် “
“ မင်းက လိမ်တဲ့နေရာမှာ တကယ်တော်တာပဲ “
လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
ယဲ့မော်ကမူ နှာခေါင်းရှုံ့၍သာ သရော်လိုက်သည်။
လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ ဒါပင်မဲ့ ငါဒီကို ရောက်နေပြီဆိုမှတော့ အလေးအနက်ထားလိုက်တော့။ သူက ငါ့ကို အကြွေးတင်နေသေးတယ် အဲ့တာကြောင့် မင်းကိုပဲ ယဇ်ကောင်အဖြစ် သုံးရတော့မယ် “
“ ဟားဟားဟား ယဇ်ကောင်မရှိဘဲနဲ့ ဒီပေါ်ကို တက်လာလို့ မရဘူးကွ။ တကယ်လို့ မင်းက တက်လာနိုင်မယ်ဆိုရင်တောင်မှ မင်းရဲ့ ခွန်အားလေးနဲ့ ဘာများပြောင်းလဲပေးနိုင်မှာမို့လို့လဲ “
ယဲ့မော်သည် အထင်တသေးဖြစ်နေခဲ့ကာ ခြေတစ်လှမ်းလှမ်းလာခဲ့သည် လေထုနှင့် တိမ်တိုက်တို့၏ အရောင်များ ပြောင်းလဲသွားကာ သတ်ဖြတ်လိုစိတ်တစ်ခု မြင့်တက်လာခဲ့၏။
သို့ရာတွင် သူလှုပ်ရှားလိုက်သည့် အချိန်မှာပင် ကြည်လင်ပြတ်သားသော တကျီကျီ အော်မြည်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလာခဲ့သည်။ သူတို့၏ မျက်လုံးများ ရှေ့မှောက်မှာပင် စိမ်းနက်ရောင် ငှက်တစ်ကောင်က ၎င်း၏ တောင်ပံများကို ခတ်ကာ ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့ပြီး ယဇ်ပုလ္လင်ထံသို့ တိုးဝင်လာခဲ့၏။
၎င်းကို မြင်လိုက်ရသောအခါတွင် ယဲ့မော်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။ သူ၏လက်ကို မြှောက်လိုက်ရာ သတ်ဖြတ်လိုစိတ် ဖြစ်တည်လာခဲ့ပြီး အဆိုပါ ငှက်ကို တိုက်ခိုက်နေတော့၏။
ဘုမ်းးး
ကျယ်လောင်သော အသံတစ်သံ ပေါက်ထွက်လာခဲ့သည်။ ယဲ့မော် လွင့်လွက်သွားခဲ့ပြီး ယဇ်ပုလ္လင်၏ အစွန်းတစ်ဖက်သို့ တွန်းပို့ခံလိုက်ရကာ သွေးစီးကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူ့လက်ပေါ်ရှိ အသွေးအသားများက ဓားတစ်ချောင်းဖြင့် အခြစ်ခံထားရသည့်ပမာ ပုတ်သိုးဆွေးမြည့်နေကာ သူ၏လက်မောင်တစ်ခုလုံး ထိန်းချုပ်၍ မရလောက်သည်အထိ တုန်ခါနေခဲ့၏။
“ ဘာတွေ ဖြစ်နေတာလဲဟ “
ယဲ့မော်၏ မျက်ဝန်းများ လှုပ်ရမ်းသွားခဲ့သည် ရှောင်ဟေးကပင် အံ့ဩတကြီး ဖြစ်နေသော အမူအရာမျိုးဖြင့် လုချန်ရှန်းကို ငေးကြည့်နေခဲ့သည်။
အဆိုပါ တိုက်ကွက်က သူ့ထံမှ ရောက်ရှိလာခြင်းဖြစ်သည် သို့သော် ထိုအကောင်မှာ ယဇ်ပုလ္လင်၏ အကာအကွယ်ကို ထိုးဖောက်၍ ဤနေရာသို့ ရောက်ရှိလာခဲ့၏။
“ မဖြစ်နိုင်ဘူး မင်းဆီမှာ ငါတို့မျိုးနွယ်စုရဲ့ သွေးမျိုးဆက် မရှိဘူးလေ မင်းက ယဇ်ပုလ္လင်ပေါ်ကို ဘယ်လိုလုပ် ခြေချလာနိုင်ရတာလဲ “
ရှောင်ဟေးမှာလည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ငါမလာနိုင်ဘူးလို့ မပြောမိပါဘူး ဒါပင်မဲ့ ငါတက်လာခဲ့ရမလား “
--
………………………………………………………………………………………………………………………………