အခန်း ၂၁၁
Vol. 15 Ch. 211
အခန်း ၂၁၁ - ချန်းနန်ကုန်းမြေကြီး၏ ရှေးဦးလျှို့ဝှက်ချက်
“ကျွန်တော်လည်း အများကြီး မသိပါဘူး... ဒီဓားကြောင့်ပဲ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေက အစိတ်စိတ်အမွှာမွှာ ဖြစ်နေရတာပါ...”
ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးက သက်ပြင်းချလိုက်ပြီးနောက် ရီယွင်၏ လက်ထဲရှိ ဓားကို စိတ်မသက်မသာဖြစ်သော အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။
ရီယွင်က ခေါင်းညိတ်လိုက်၏။ ဤဓားမှာ သာမန်မဟုတ်ပေ။ ၎င်းကို အသုံးပြုခဲ့သူမှာ ဝိညာဉ်ကိုးပါးဧကရာဇ် ဖြစ်ပေသည်။ ၎င်းသည် ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး၏ မူလဝိညာဉ်ကို ထိုးစိုက်ထားရုံတင်မကဘဲ သူ၏မှတ်ဉာဏ်များကိုပါ အပိုင်းပိုင်း အစစဖြစ်အောင် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ရီယွင်သည် ထိုကဲ့သို့သော နည်းလမ်းမျိုးကို အကြိမ်ကြိမ် တွေ့ဖူးခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ နောက်ကွယ်မှ မမြင်ရသော လက်တစ်စုံက တစ်ခုခုကို ဖုံးကွယ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြသနေသည်။
သို့သော် ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးမှာ ရှေးဦးအချိန်ကာလမှ နဂါးနတ်ဘုရားတစ်ပါး ဖြစ်ပြီး နဂါးနတ်ဘုရားဂိုဏ်းနှင့် ကွာခြားသော အချိန်ကာလမှာလည်း အလွန်ပင် ရှည်လျားလှပေသည်။ နောက်ကွယ်မှ ကြိုးကိုင်သူမှာ အမှန်တကယ်ပင် တစ်ဦးတည်း ဖြစ်နိုင်ပါ့မလား။ ရီယွင်၏ စိတ်ထဲတွင် အတွေးများစွာ ဖြတ်သန်းသွားခဲ့သည်။ သူသည် ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးအား ကြည့်ကာ သက်ပြင်းချလျက် ဆိုလိုက်သည်။
“ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်ဟာ ချန်းနန်ကုန်းမြေကြီးပေါ်မှာ ပေါ်လာခဲ့တာ နှစ်ပေါင်း သိန်းနဲ့ချီ ကြာခဲ့ပြီ... ဆိုလိုတာက မင်း သေဆုံးခဲ့တာလည်း နှစ်ပေါင်း သိန်းနဲ့ချီ ကြာခဲ့ပြီပေါ့... မင်း သိသမျှ အားလုံးကို ငါ့ကို ပြောပြစမ်းပါ...”
“တကယ်ပဲ နှစ်ပေါင်း သိန်းနဲ့ချီ ကြာသွားပြီလား...”
ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးမှာ ထိတ်လန့်သွားရ၏။ ဤနေရာ၌ ပိတ်လှောင်ခံထားရသဖြင့် သူသည် ကုန်ဆုံးသွားသော အချိန်ကာလများကို လုံးဝ သတိမပြုမိခဲ့ချေ။ ရီယွင်က ခေါင်းညိတ်ပြလိုက်သည်။ ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးမှာ အနည်းငယ် အထီးကျန်နေဟန်ဖြင့် လေးနက်သော လေသံဖြင့် ဆို၏။
“မင်းပြောတဲ့ ချန်းနန်ကုန်းမြေကြီးဆိုတာ ရှေးဦးအချိန်ကာလတုန်းကတော့ နဂါးကွယ်ပျောက်ရာကုန်းမြေလို့ အမည်ရခဲ့တာ... အဲ့ဒီတုန်းက ဒီကုန်းမြေကြီးပေါ်မှာ မရေမတွက်နိုင်တဲ့ နဂါးနတ်ဘုရားတွေ နေထိုင်ခဲ့ကြပြီး နဂါးဘိုးဘေးကြီးရဲ့ ဦးဆောင်မှုအောက်မှာ အတူတူ နေထိုင်ခဲ့ကြတာပါ...”
“အဲ့ဒီနောက်မှာ ပြင်းထန်တဲ့တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လို့ နဂါးနတ်ဘုရားတွေ အကုန်လုံး မျိုးသုဉ်းသွားခဲ့ရတာလား...”
ရီယွင်က နှလုံးသားထဲမှ ဒိတ်ခနဲ ဖြစ်သွားကာ မေးမြန်းလိုက်သည်။
“နဂါးကွယ်ပျောက်ရာကုန်းမြေ ပေါ်က နဂါးမျိုးနွယ်စုတွေဟာ အလွန်ပဲ အစွမ်းထက်ခဲ့ကြတာ... နတ်ဘုရားနယ်မြေ အပြင်ဘက်က ကျင့်ကြံသူတွေတောင်မှ ငါတို့နဲ့ တိုက်ခိုက်ဖို့ မဝံ့ခဲ့ကြဘူး... ငါတို့ အင်အားစု နှစ်ခုဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတာပါ... ဒါပေမဲ့ တစ်နေ့မှာတော့ နဂါးဘိုးဘေးကြီးက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ဘယ်ကို ရောက်သွားမှန်း ဘယ်သူမှ မသိခဲ့ကြဘူး... အဲ့ဒီနောက်မှာ ထူးခြားတဲ့ နဂါးနတ်ဘုရား ဆယ်ပါးဟာ အချင်းချင်း တိုက်ခိုက်ခဲ့ကြပြီး နဂါးနတ်ဘုရားတွေကြားမှာ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့တော့တာပဲ...”
“အဲ့ဒီတုန်းက ကျွန်တော်က ငယ်သေးတော့ တိကျတဲ့ ဖြစ်ရပ်တွေကို သဲသဲကွဲကွဲ မသိခဲ့ဘူး... နောက်ပိုင်းမှာ ကျွန်တော် အမှားတစ်ခု ကျူးလွန်ခဲ့လို့ ဆယ်မျက်နှာနဂါးအကျဉ်းထောင် ထဲမှာ ပိတ်လှောင်ခြင်း ခံခဲ့ရတယ်... နှစ်ပေါင်း တစ်သန်းလောက် ကြာပြီးနောက်မှာတော့ အဲ့ဒီအကျဉ်းထောင်ရဲ့ ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားလို့ ကျွန်တော် ထွက်ပြေးလွတ်မြောက်လာခဲ့တာ... အဲ့ဒီအချိန်ကျမှပဲ နဂါးနတ်ဘုရားတွေ အကုန်လုံးနီးပါး မျိုးသုဉ်းသွားခဲ့ပြီဆိုတာ ကျွန်တော် သိလိုက်ရတာပဲ... ကျွန်တော်လည်း စိတ်နှလုံး ကြေကွဲသွားပြီး ဒီကုန်းမြေကြီးပေါ်မှာ လိုက်လံ သတ်ဖြတ်ခဲ့မိလို့ သက်ရှိတွေ အကုန်လုံး ပျက်စီးခဲ့ရတာပေါ့...”
ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးက တိုးညင်းစွာ ပြောလိုက်သည်။
“ဒါဆိုရင် ဝိညာဉ်ကိုးပါးဧကရာဇ်က မင်းကို သတ်ဖို့အတွက် နဂါးကွယ်ပျောက်ရာကုန်းမြေ ဆီကို ဆင်းလာခဲ့တာပေါ့...”
ရီယွင်က မေးမြန်းလိုက်သည်။
“ဟုတ်ပါတယ်... ဝိညာဉ်ကိုးပါးဧကရာဇ်ဟာ နတ်ဘုရားနယ်မြေ အပြင်ဘက်ကနေ နဂါးကွယ်ပျောက်ရာကုန်းမြေ ဆီကို ဆင်းလာခဲ့တာ... ကျွန်တော်တို့ နှစ်ပေါင်း တစ်သောင်းလောက် တိုက်ခိုက်ခဲ့ကြပေမဲ့ အရှုံးအနိုင် မပေါ်ခဲ့ဘူး... နောက်ပိုင်းမှာ သူက ဘယ်လိုနည်းနဲ့ ရလာမှန်းမသိတဲ့ နဂါးသတ်ဓားကို သုံးပြီး ကျွန်တော့်ရဲ့ မူလဝိညာဉ်ကို ထိုးစိုက်ခဲ့သလို စိတ်ကူးလို့မရနိုင်တဲ့ နတ်စွမ်းရည်တစ်ခုကိုလည်း အသုံးပြုခဲ့တယ်... သူက ကျွန်တော့်ကို သူ့ရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ပိတ်လှောင်ခဲ့ပြီး ကျွန်တော်တို့ နှစ်ယောက်စလုံး အတူတူ သေဆုံးဖို့ ကံပါလာခဲ့တာပါပဲ...”
ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးက ခေတ္တရပ်လိုက်ပြီး ရီယွင်အား ကြည့်ကာ သက်ပြင်းချလျက် ဆိုသည်။
“ဒါက ကျွန်တော် သိသမျှ အကုန်ပါပဲ... လျှို့ဝှက်ချက် အတော်များများကတော့ ပျောက်ကွယ်သွားခဲ့ပုံရတယ်... ဒါပေမဲ့ နဂါးဘိုးဘေးကြီး ပျောက်ကွယ်သွားတာဟာ ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုနဲ့ ဆက်စပ်နေမယ်လို့ ကျွန်တော် ခံစားမိနေတယ်...”
“ငါ သဘောပေါက်ပါပြီ...”
ရီယွင်က ခေါင်းညိတ်လိုက်သည်။ ထိုစဉ် သူသည် အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးကို လှမ်းဖမ်းလိုက်တော့သည်။
“ခင်ဗျား ဘာလုပ်ဖို့ ကြံနေတာလဲ...”
ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးက ထိတ်လန့်တကြား မေးမြန်းလိုက်သည်။ သူ၏ အပိုင်းပိုင်း အစစဖြစ်နေသော မူလဝိညာဉ်မှာ အလွန်ပင် အားနည်းနေသဖြင့် သူ့ရှေ့မှ ဆန်းကြယ်သော လူငယ်ကို ယှဉ်နိုင်စွမ်း လုံးဝ မရှိသည်မှာ သေချာပေသည်။
“မင်းကို အသက်နည်းနည်း ပိုရှည်အောင် လုပ်ပေးမလို့ပါ...”
ရီယွင်သည် ဝိညာဉ်မွေးမြူရေးသစ်သား တစ်ခုကို ထုတ်ယူလိုက်ပြီး ထိုမူလဝိညာဉ် အစိတ်အပိုင်းကို ၎င်းနှင့် ပူးကပ်ပေးလိုက်သည်။ ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး၏ ပြိုလဲလုနီးပါး ဖြစ်နေသော မူလဝိညာဉ်မှာ ချက်ချင်းပင် တည်ငြိမ်သွားတော့သည်။
ရီယွင်၏ မျက်လုံးများအတွင်း၌ သင်္ကေတများ ပါဝင်သော ကြယ်တာရာများမှာ နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီး စကြဝဠာအတွင်းမှ ကြယ်များ မွေးဖွားခြင်းနှင့် ပျက်စီးခြင်းများအလား တောက်ပနေတော့သည်။ ထိုအခိုက်အတန့်တွင် သူသည် ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြီး ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးကို နှစ်ခြိုက်စွာ အိပ်ပျော်သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရီယွင်သည် ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး၏ မှတ်ဉာဏ်များအတွင်းသို့ ဝင်ရောက် စူးစမ်းလိုက်တော့သည်။
အရာအားလုံးမှာ ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး ပြောခဲ့သည့်အတိုင်းပင် ဖြစ်နေပြီး သူက လိမ်ညာခဲ့ခြင်း မရှိချေ။ ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး၏ အပိုင်းပိုင်း အစစဖြစ်နေသော မှတ်ဉာဏ်များအတွင်း၌ ရီယွင်သည် ရှေးဦးအချိန်ကာလ၏ ခမ်းနားထည်ဝါပြီး ကျယ်ပြောလှသော မြင်ကွင်းများကို မြင်တွေ့ခဲ့ရသည်။
ရှေးဦးအချိန်ကာလမှ နဂါးကွယ်ပျောက်ရာကုန်းမြေသည် လက်ရှိ ချန်းနန်ကုန်းမြေကြီးထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို ကြီးမားလှပေသည်။ နဂါးနတ်ဘုရား အမြောက်အများမှာ ကုန်းမြေကြီး၏ မတူညီသော ဒေသများတွင် နေထိုင်ခဲ့ကြသည်။ အချို့မှာ ကောင်းကင်ယံ အထက်တွင်၊ အချို့မှာ တောင်ထိပ်များပေါ်တွင်၊ အချို့မှာ ပင်လယ်အောက်ခြေတွင်ဖြစ်စေ၊ အချို့မှာ ဧရာမ ရေကန်ကြီးများ၏ အလယ်ဗဟိုတွင်ဖြစ်စေ နေထိုင်ခဲ့ကြသည်။
နဂါးဘိုးဘေးကြီး၏ ကျင့်ကြံမှုနယ်ပယ်မှာ နတ်ဘုရားဧကရာဇ်အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ နဂါးဘိုးဘေးကြီး၏ အောက်တွင်မူ ထူးခြားသော နဂါးနတ်ဘုရား ဆယ်ပါးမှာ အံ့ဩစရာကောင်းသော ကျင့်ကြံမှုနယ်ပယ်များကို ပိုင်ဆိုင်ထားကြပြီး အားလုံးမှာ နတ်ဘုရားဘုရင်နယ်မြေသို့ ရောက်ရှိထားကြသူများ ဖြစ်ကြသည်။ အခြား အစွမ်းထက်သော နဂါးနတ်ဘုရား အများစုမှာလည်း နတ်ဦးသျှောင်နယ်ပယ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေကြသည်။ ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး မှာလည်း ဆယ်မျက်နှာနဂါးအကျဉ်းထောင် အတွင်းသို့ ပိတ်လှောင်မခံရမီက ကျင့်ကြံမှုနယ်ပယ်မှာ နတ်ဦးသျှောင်နယ်ပယ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ရှေးဦးအချိန်ကာလမှ နဂါးနတ်ဘုရား မျိုးနွယ်စုမှာ စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် အစွမ်းထက်ခဲ့သည်ဟု ဆိုရပေမည်။ ထိုခေတ်ကာလမှ နဂါးကွယ်ပျောက်ရာကုန်းမြေ တွင်လည်း မယုံကြည်နိုင်လောက်အောင် ပေါများလှသော ဝိညာဉ်စွမ်းအင်များ ရှိနေခဲ့သည်။ သို့သော် ဤအရာအားလုံးမှာ နဂါးဘိုးဘေးကြီး ပျောက်ကွယ်သွားခြင်းနှင့် နဂါးနတ်ဘုရား ဆယ်ပါးတို့၏ အချင်းချင်း တိုက်ခိုက်မှုများကြောင့် ပြောင်းလဲသွားခဲ့ရပြီး နောက်ဆုံးတွင် ကမ္ဘာကြီးကို တုန်လှုပ်စေမည့် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ ဤသည်မှာ တစ်ခုလုံးသော နဂါးကွယ်ပျောက်ရာကုန်းမြေ ကို အဆပေါင်း သန်းနှင့်ချီ၍ ကျုံ့သွားစေခဲ့ပြီး ဝိညာဉ်စွမ်းအင်များမှာလည်း ယခင်ကကဲ့သို့ မပေါများတော့ချေ။
‘နှမြောစရာပဲ... ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးက ဆယ်မျက်နှာနဂါးအကျဉ်းထောင် ထဲမှာ အကျဉ်းချခံထားရလို့ အများကြီး မသိခဲ့ဘူး... မဟုတ်ရင်တော့ အဲ့ဒီနှစ်က ကပ်ဘေးကြီးနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ပိုပြီး သိနိုင်မှာပဲ...’
ရီယွင်က သက်ပြင်းချလိုက်ပြီးနောက် ဝိညာဉ်မွေးမြူရေးသစ်သားကို သူ၏ သိုလှောင်နယ်မြေအတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး၏ ကျန်ရှိနေသော ဤမူလဝိညာဉ် အစိတ်အပိုင်းမှာ နောင်တွင် အသုံးဝင်နိုင်သဖြင့် သူက လောလောဆယ် သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူ၏ ကိုယ်ခန္ဓာမှာမူ ကျောက်ဖြစ်သွားပြီဖြစ်သဖြင့် မည်သည့်အတွက်မျှ အသုံးမဝင်တော့ချေ။
ထိုအခိုက်အတန့်တွင် ရီယွင်က အပြင်ဘက်သို့ ကြည့်လိုက်သည်။ ဝိညာဉ်ကိုးပါးဧကရာဇ် သေဆုံးသွားပြီဖြစ်ရာ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် လျှို့ဝှက်နယ်မြေမှာလည်း ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တိုက်ခိုက်နေကြသော မိစ္ဆာမျိုးနွယ်စုဝင် အားလုံးမှာ ရုတ်တရက် အပြင်ဘက်သို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ဤဟင်းလင်းပြင်မှာ မတည်မငြိမ် ဖြစ်လာခဲ့ပြီး မည်သည့်အချိန်မှာမဆို ပြိုလဲတော့မည့်အတိုင်း ဖြစ်နေသည်။ ဟင်းလင်းပြင်အတွင်းရှိ ထူးဆန်းသော သတ္တဝါများမှာလည်း ဝရုန်းသုန်းကား လှုပ်ရှားနေကြပြီး ဤကမ္ဘာငယ်လေးအတွင်းမှ ထွက်ပြေးရန် ကြိုးပမ်းနေကြသည်။
ရီယွင်က သူ၏လက်ကို ဝေ့ယမ်းလိုက်ရာ တစ်ခုလုံးသော ဟင်းလင်းပြင်မှာ ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားတော့သည်။ သူသည် ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် အတွင်းမှ ထူးဆန်းသော သတ္တဝါများကို ချန်းနန်ကုန်းမြေကြီးအတွင်းသို့ ထွက်ပြေးခွင့် မပေးနိုင်ချေ။ မဟုတ်ပါက ၎င်းမှာ စိတ်ကူး၍မရနိုင်သော ကပ်ဘေးကြီးတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ပါလား။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရီယွင်မှာ ပင်မခန်းမကြီးအတွင်းသို့ ပြန်လည် ရောက်ရှိသွားပြီး ကြောင်နက်ကြီး၏ ကိုယ်ခန္ဓာအတွင်းသို့ ပြန်လည် ဝင်ရောက်လိုက်သည်။ ကြောင်နက်ကြီး၏ ကိုယ်ခန္ဓာကို ထိန်းချုပ်လျက် သူသည် ကြောင်မလေးကို ဆွဲခေါ်ကာ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် အတွင်းမှ ထွက်ခွာခဲ့သည်။
သူသည် ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိလာသည့်အခါ မိစ္ဆာမျိုးနွယ်စုဝင် အမြောက်အများမှာ အနီးအနားတွင် ရပ်လျက် ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် ကို ထိတ်လန့်တကြား ကြည့်နေကြသည်ကို တွေ့ရှိလိုက်ရသည်။
အနက်ရောင်မြင်းလှည်းအတွင်း၌...
ရီယွင်သည် လက်နှစ်ဖက်ဖြင့် သင်္ကတတစ်ခုကို ဖော်ထုတ်လိုက်ပြီး ဟင်းလင်းပြင်ရှိရာသို့ ပို့လွှတ်လိုက်သည်။ ဤသင်္ကေတမှာ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် အပေါ်သို့ ကျရောက်သွားပြီး ချက်ချင်းပင် တံဆိပ်ခတ်နှိပ်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ကောင်းကင်ယံရှိ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။
မိုးခြိမ်းသံကဲ့သို့သော မြည်ဟီးသံကြီးနှင့်အတူ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်မှာ မြေကြီးအောက် နက်ရှိုင်းသော နေရာသို့ နစ်မြုပ်သွားတော့သည်။ နောင်တွင်မူ ၎င်းမှာ ထာဝရ တံဆိပ်ခတ်နှိပ်ခြင်း ခံရမည်ဖြစ်ပြီး ဤကမ္ဘာပေါ်တွင် နောက်တစ်ကြိမ် ပေါ်ထွက်လာလိမ့်မည် မဟုတ်တော့ချေ။
ရီယွင်၏ မူလဝိညာဉ်မှာ နောက်တစ်ကြိမ် တိတ်ဆိတ်သွားတော့သည်။ ကြောင်နက်ကြီးမှာ သူ၏ ကိုယ်ပိုင်အသိစိတ် ပြန်လည် ရရှိလာခဲ့သည်။ ရင်းနှီးနေသော ပတ်ဝန်းကျင်ကို ကြည့်ရင်း သူက မှင်တက်မိသွားရ၏။
“ဘာဖြစ်သွားတာလဲ...”
“မြောင်...”
ကြောင်မလေးမှာလည်း ဤအချိန်တွင် ဖြည်းညင်းစွာ နိုးထလာခဲ့သည်။
“အစ်ကိုကြီး... ကျွန်မတို့ ခန်းမကြီးထဲမှာ ရှိနေတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ရုတ်တရက် အပြင်ရောက်လာတာလဲ...”
ကြောင်မလေးက ဝေခွဲမရဖြစ်လျက် မေးမြန်းလိုက်သည်။
“ငါက ဘယ်လိုလုပ်သိမှာလဲ...”
ကြောင်နက်ကြီးသည်လည်း ဘာလုပ်ရမှန်း မသိ ဖြစ်နေရသည်။ သူသည် အိပ်မက်ရှည်ကြီးတစ်ခု မက်ခဲ့သလို ခံစားနေရပြီး တစ်နေရာရာသို့ သွားရောက်ကာ သဲသဲကွဲကွဲမရှိသော ရွှေရောင်အရိပ်တစ်ခုကို မြင်တွေ့ခဲ့ရသလို ခံစားနေရသည်။ ထိုရွှေရောင်အရိပ်မှာ သူ့အား တစ်ခုခု ပြောခဲ့ပုံရသော်လည်း ကြောင်နက်ကြီးမှာမူ ဘာလဲဆိုသည်ကို မမှတ်မိတော့ချေ။
“ကိုးမြီးဝိညာဉ်ကြောင်... မင်း ဆယ်ရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို ရခဲ့တာလား...”
ထိုစဉ် နဂါးအရှင်သခင်မှာ ရှေ့သို့ လှမ်းလျှောက်လာပြီး ကြောင်နက်ကြီးအား အေးစက်စွာ စိုက်ကြည့်လျက် မေးမြန်းလိုက်တော့သည်။
အခန်း ၂၁၁ ပြီးပါပြီ။