အခန်း ၂၁၅
Vol. 15 Ch. 215
အခန်း ၂၁၅ - ချောက်ကမ်းပါးအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းနှင့် မိစ္ဆာဘုန်းကြီးအိုကြီး
“အင်း... ချောက်ကမ်းပါးအထက်မှာ နဂါးအရှိန်အဝါတွေ ရှိနေရုံတင်မကဘဲ တခြား မမျှော်လင့်ထားတဲ့ အရာတွေလည်း အများကြီး ရှိနေသေးတယ်...”
ရီယွင်က တည်ငြိမ်သောအမူအရာဖြင့် ပြုံးလျက် ဆိုလိုက်၏။ ထို့နောက် သူသည် ခန္ဓာကိုယ်ကို အသာအယာ ကြွလိုက်ပြီး အောက်ဘက်သို့ ဟန်ပါပါ ဆင်းသက်လိုက်တော့သည်။
အောက်ဘက်တွင် မမျှော်လင့်ထားသော အရာများ ရှိနေသည်ဟူသော စကားကို ကြားလိုက်ရသည့်အခါ မြင်းနက်ကြီးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားရသည်။ သခင်ကြီးက သူ့ကို ခေါ်နေပြီဖြစ်ရာ သူ၏ခွန်အားကို ထုတ်ပြရမည့် အချိန်ရောက်ပြီ မဟုတ်ပါလား။ မြင်းနက်ကြီးမှာ အမြဲတမ်း မြင်းလှည်းဆွဲနေရသဖြင့် ပျင်းရိနေခဲ့ရသည်။ ယခုမှသာ သူ၏ ခွန်အားကို အသုံးချနိုင်တော့မည် ဖြစ်သည်။ သူသည် ရီယွင်၏နောက်မှ အလျင်အမြန် လိုက်ပါခဲ့ပြီး ချောက်ကမ်းပါးအတွင်းသို့ ခုန်ဆင်းသွားတော့သည်။
သူတို့၏ ဆင်းသက်မှုမှာ မမြန်လှပေ။ လေထဲတွင် ဝဲပျံနေသော သစ်ရွက်များအလား ဖြည်းညင်းစွာ ကျဆင်းနေခြင်း ဖြစ်သည်။ ရီယွင်မှာ အလျင်စလို မပြုလုပ်ခဲ့ချေ။ ဤကဲ့သို့သော နေရာလေးအတွက် ဟင်းလင်းပြင်ကို ဆွဲဖြဲရန် မလိုအပ်ဟု သူ ယူဆထားသောကြောင့် ဖြစ်သည်။
ပေတစ်ထောင်ခန့် ဆင်းသက်ပြီးနောက် မှိန်ဖျော့သော အလင်းတန်းတစ်ခုက သူတို့၏ လမ်းကို ပိတ်ဆို့ထားခဲ့သည်။
“အစီအရင်တောင် ရှိနေတာလား...”
မြင်းနက်ကြီးက ဖြီးပြလိုက်ပြီး ဤအစီအရင်ကို လက်သီးတစ်ချက်တည်းဖြင့် ချေမှုန်းရန် ပြင်လိုက်သည်။
သို့သော် ရီယွင်က ခေါင်းခါယမ်းလိုက်၏။ သူ၏ ဆန်းကြယ်သော မျက်လုံးများအတွင်း၌ ကြယ်တာရာအလား သင်္ကေတများ ပေါ်ပေါက်လာခဲ့သည်။ တာအိုစွမ်းအားများ ပြောင်းလဲသွားပြီး ခဏချင်းမှာပင် ထိုဧရာမ အစီအရင်ကြီးမှာ မီးခိုးများအလား ပျောက်ကွယ်သွားတော့သည်။
မြင်းနက်ကြီးမှာ စိတ်ပျက်လက်ပျက်ဖြင့် သူ၏လက်သီးကို ပြန်ရုပ်သိမ်းလိုက်ရသည်။ သခင်ကြီးက တကယ့်ကို အစွမ်းထက်လှပေသည်။ သူသည် ထိုဧရာမ အစီအရင်ကြီးကို မျက်စိတစ်မှိတ်အတွင်းမှာပင် မည်သည့် လှုပ်ခတ်မှုမျှ မရှိစေဘဲ ဖျက်ဆီးလိုက်နိုင်ခဲ့သည်။ သခင်ကြီး၏ အင်အားမှာ သူ၏ စိတ်ကူးထက်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
သူတို့နှစ်ဦးမှာ ချောက်ကမ်းပါး အောက်ခြေသို့ နောက်တစ်ကြိမ် ဆက်လက် ဆင်းသက်ခဲ့ကြသည်။ ဤသို့ ဝဲပျံကျဆင်းနေမှုမှာ အတော်လေး ကြာမြင့်ခဲ့၏။ တစ်နာရီခန့် ကြာပြီးနောက်မှသာ မြင်းနက်ကြီးသည် ချောက်ကမ်းပါး အောက်ခြေရှိ ထိတ်လန့်ဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
ပေတစ်ထောင်ခန့် မြင့်မားသော အနက်ရောင် စေတီပုထိုး ရှစ်ဆူမှာ မြေပြင်ပေါ်တွင် မတ်မတ်ရပ်နေကြပြီး တစ်ခုချင်းစီမှာ ရှေးဟောင်းအငွေ့အသက်များနှင့်အတူ ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ တိုင်များပေါ်တွင် မဟာယနဗုဒ္ဓဘာသာ လျှို့ဝှက်ကျမ်းစာ အမြောက်အများကို ထွင်းထုထား၏။ ထိုစေတီရှစ်ဆူ၏ အလယ်တွင်မူ ပေနှစ်ရာ၊ သုံးရာခန့် မြင့်မားသော ဧရာမ ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူမှာ မြေပြင်ပေါ်တွင် ခိုင်မြဲစွာ တည်ရှိနေသည်။ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်၏ လက်နှစ်ဖက်မှာ ဗုဒ္ဓတံဆိပ်တော် တစ်ခုအဖြစ် ယှက်ထားခဲ့သည်။ မျက်နှာသွင်ပြင်မှာ တည်ကြည်လေးနက်လှပြီး ဗုဒ္ဓနှင့် မိစ္ဆာကြား ရောထွေးနေသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
ချောက်ကမ်းပါး အနက်ရှိုင်းဆုံးနေရာရှိ နဂါးအရှိန်အဝါများမှာ အလွန်ပင် ထူထပ်လှပြီး တောင်ထိပ်ပေါ်ထက် အနည်းဆုံး အဆတစ်ရာခန့် ပိုမိုပြင်းထန်နေသည်။ မြင်းနက်ကြီးမှာ မျက်လုံးစူးရှသူ ဖြစ်ပေသည်။ သူ မမျှော်လင့်ထားသော အချက်တစ်ခုမှာ ထိုနဂါးအရှိန်အဝါ အားလုံးမှာ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်၏ အောက်ခြေမှ ထွက်ပေါ်နေခြင်းပင် ဖြစ်သည်။
‘ဒီကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်က နဂါးအရှိန်အဝါတွေကို ဖိနှိပ်ထားတာများလား...’
ဤအတွေးမှာ မြင်းနက်ကြီး၏ စိတ်ထဲတွင် ရုတ်တရက် ဝင်းလက်သွားသော်လည်း ယုံကြည်ရန် ခက်ခဲနေပုံရသည်။
ထိုအခိုက်အတန့်တွင် သူ၏ အကြည့်မှာ လွှဲဖယ်သွားခဲ့ပြီး နဂါးအရှင်သခင်မှာ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်၏ လက်ဝါးတစ်ခုပေါ်တွင် မျက်လုံးမှိတ်လျက် တည်ငြိမ်စွာ ကျင့်ကြံနေသည်ကို တွေ့ရှိလိုက်ရသည်။ နဂါးအရှင်သခင်မှာ ကျူးကျော်သူများ ရောက်ရှိလာသည်ကို သတိမပြုမိခဲ့ချေ။ ဘာပဲဖြစ်ဖြစ် သူသည် ကံကြမ္မာနယ်ပယ် အဆင့် ၁၀ ၌သာ ရှိသေးသည် မဟုတ်ပါလား။ အပြင်ဘက် အစီအရင်ဆီမှ မည်သည့် သတိပေးချက်မျှ မရှိခဲ့သဖြင့် သူ၏ ဦးခေါင်းအထက် မလှမ်းမကမ်းတွင် လူရိပ်နှစ်ခု ပေါ်လာသည်ကို သူ သိရှိနိုင်စရာ အကြောင်းမရှိပေ။
ရီယွင်က နဂါးအရှင်သခင်ကို ကြည့်လိုက်ပြီး ကိုယ်တွင်းမှ ရွှေရောင်နဂါးနတ်ဘုရား သွေးဗီဇကို ခံစားမိလိုက်သည်။ သူက အမှုမဲ့အမှတ်မဲ့ ပြုံးလိုက်ပြီး ဆိုလိုက်၏။
“မြင်းလေး... နဂါးအရှင်သခင်နဲ့ သွားပြီး ညှိနှိုင်းလိုက်စမ်း... သူ ငါ့ရဲ့ နဂါးနတ်ဘုရားဂိုဏ်းထဲကို ဝင်လာအောင် နည်းလမ်းရှာလိုက်ပါဦး...”
မြင်းနက်ကြီးက ခေါင်းညိတ်ပြလိုက်ပြီး အလျင်အမြန် လှုပ်ရှားလိုက်သည်။ သူသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် မျက်စိတစ်မှိတ်အတွင်း နဂါးအရှင်သခင်၏ ရှေ့သို့ ရောက်ရှိသွားတော့သည်။ သူသည် ယခုအခါ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်၏ အခြားလက်ဖဝါးတစ်ခုပေါ်တွင် ရပ်နေခဲ့ပြီ ဖြစ်သည်။ ရီယွင်က ဧရာမ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်နှင့် အနက်ရောင် စေတီရှစ်ဆူကို ကြည့်ကာ မှိတ်ဖျော့သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ ထို့နောက် သူသည် ဟင်းလင်းပြင်အတွင်းသို့ ပျော်ဝင်သွားခဲ့ပြီး သူ၏ တည်ရှိမှုကို မည်သူမျှ သတိမပြုမိနိုင်တော့ချေ။
မြင်းနက်ကြီးက သူ၏ အရှိန်အဝါ အစအနလေးကို တမင်တကာ ထုတ်လွှတ်လိုက်ရာ နဂါးအရှင်သခင်မှာ တစ်စုံတစ်ယောက် ရောက်နေသည်ကို သိရှိသွားခဲ့သည်။ သူက အသာအယာ ရယ်မောလိုက်ပြီး ဆိုလိုက်၏။
“နဂါးအရှင်သခင်... ထပါဦး...”
နားအနီးမှ ထွက်ပေါ်လာသော အသံကြောင့် နဂါးအရှင်သခင်မှာ လန့်ဖျန့်သွားရကာ အလျင်အမြန် မျက်လုံးဖွင့်ကြည့်လိုက်သည်။ လူစိမ်းတစ်ဦးမှာ သူနှင့် မျက်နှာချင်းဆိုင်တွင် ပြုံးလျက် ရပ်နေသည် မဟုတ်ပါလား။
‘ဒီလူက ဘယ်သူလဲ...’
နဂါးအရှင်သခင်မှာ ထိတ်လန့်သွားရ၏။ အပြင်ဘက်မှ အစီအရင်ကို ဤမျှ တိတ်ဆိတ်စွာ ကျော်ဖြတ်ပြီး သူ၏အနားသို့ ရောက်လာနိုင်သည်ဆိုပါက ဤသူ၏ ကျင့်ကြံမှုမှာ သူ့ထက် များစွာ သာလွန်နေရပေမည်။
“မင်းက အမှန်တကယ် ဘယ်သူလဲ...”
နဂါးအရှင်သခင်က ရုတ်တရက် ထရပ်လိုက်ပြီး သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို သတိကြီးစွာဖြင့် စောင့်ကြည့်လျက် မေးမြန်းလိုက်သည်။
“မင်း ဘာကြောင့် ငါ့ဆီကို ခိုးဝင်လာရတာလဲ...”
“ငါက နဂါးနတ်ဘုရားဂိုဏ်းက လာတာပါ...”
မြင်းနက်ကြီးက လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်ပြီး အသာအယာ ပြုံးလျက် ဆိုလိုက်၏။
“ငါ မင်းကို ငါတို့ရဲ့ နဂါးနတ်ဘုရားဂိုဏ်းထဲဝင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ... မင်း ဘယ်လို သဘောရလဲ...”
“နဂါးနတ်ဘုရားဂိုဏ်း ဟုတ်လား... အဲ့ဒါက အဆင့်နိမ့် ဂိုဏ်းကြီးတစ်ခု မဟုတ်ဘူးလား...”
နဂါးအရှင်သခင်က အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“မင်း နောက်နေတာလား... ငါ့လို ကံကြမ္မာနယ်ပယ် အဆင့် ၁၀ ရှိတဲ့ မိစ္ဆာကြီးတစ်ယောက်က အဲ့ဒီလို အဆင့်နိမ့်ဂိုဏ်းထဲကို ဝင်ရမယ် ဟုတ်လား...”
“ဒီ နဂါးနတ်ဘုရားဂိုဏ်းက မင်းပြောတဲ့ အဲ့ဒီ နဂါးနတ်ဘုရားဂိုဏ်း မဟုတ်ပါဘူး...”
မြင်းနက်ကြီးက ရယ်မောလိုက်ပြီး ဆက်ပြောလိုက်၏။
“မင်းပြောတဲ့ နဂါးနတ်ဘုရားဂိုဏ်းက အတုကြီးပါ... အခုတော့ အဲ့ဒါက ပျက်စီးသွားပြီ... ငါက အခု စစ်မှန်တဲ့ နဂါးနတ်ဘုရားဂိုဏ်းရဲ့ ကိုယ်စားလှယ်ပဲ... ငါတို့ဂိုဏ်းက နဂါးနတ်ဘုရား သွေးဗီဇရှိတဲ့ နဂါးမျိုးနွယ်စုဝင်တွေကို စုဆောင်းချင်လို့ပါ... မင်း ဘယ်လို သဘောရလဲ...”
“မဖြစ်နိုင်ဘူး... နဂါးတစ်သောင်းတောင်တန်းမှာ ဒီလောက်ကောင်းမွန်တဲ့ အခြေအနေတွေ ရှိနေတာပဲ... ငါက ဘာလို့ မင်းတို့ရဲ့ နဂါးနတ်ဘုရားဂိုဏ်းထဲကို ဝင်ရမှာလဲ... မင်း အခုချက်ချင်းပဲ ထွက်သွားတာ ပိုကောင်းလိမ့်မယ်...”
နဂါးအရှင်သခင်က ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။ ဤချောက်ကမ်းပါးအတွင်းမှ နဂါးအရှိန်အဝါများမှာ အလွန်ပင် ပေါများလှသဖြင့် သူ၏ ကျင့်ကြံမှုမှာ ရေထဲမှ ငါးတစ်ကောင်အလား အဆင်ပြေချောမွေ့နေသည် မဟုတ်ပါလား။ သူက အခြားဘယ်ကို သွားဖို့ လိုအပ်ဦးမည်နည်း။ ဤနေရာတွင် သူသည် တာအိုနယ်ပယ် သို့ တက်လှမ်းရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။ သူသည် ဤအနက်ရောင်ဝတ်စုံဝတ် အမျိုးသား ပြောနေသော သူ၏ နဂါးနတ်ဘုရားဂိုဏ်း ဆိုသည်ကို လုံးဝ စိတ်ဝင်စားခြင်း မရှိချေ။
“တကယ်လို့ မင်းက သဘောမတူဘူးဆိုရင်တော့... ငါ အင်အားသုံးရလိမ့်မယ် ထင်တယ်...”
မြင်းနက်ကြီးက သူ၏ အင်္ကျီလက်များကို လိပ်လိုက်ပြီး လှုပ်ရှားရန် ပြင်လိုက်တော့သည်။
နဂါးအရှင်သခင်၏ ကိုယ်ခန္ဓာမှာ တင်းမာသွားရပြီး အစွမ်းထက်သော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်သွားသည်။ သူသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို သေသေချာချာ စောင့်ကြည့်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဂါထာတစ်ခုကို ဖော်ထုတ်ကာ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။
“ဟင်...”
မြင်းနက်ကြီး၏ မျက်လုံးသူငယ်အိမ်များမှာ အနည်းငယ် ကျုံ့သွားတော့သည်။
‘နဂါးအရှင်သခင်က အစီရင် တစ်ခုခုကို အသက်သွင်းလိုက်တာလား...’
ဤအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ခြေထောက်အောက်မှ မြေပြင်မှာ တုန်ခါလာခဲ့ပြီး အောက်ခြေမှ ဧရာမ သတ္တဝါကြီးတစ်ကောင်က အပြင်သို့ ထွက်ရန် ကြိုးပမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ပြင်းထန်သော အရှိန်အဝါတစ်ခုမှာ မြေအောက်မှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ တစ်ချိန်တည်းမှာပင် သူ၏ ခြေရင်းရှိ ဧရာမ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်ကြီးမှာလည်း အသာအယာ လှုပ်ခါလာခဲ့သည်။
ရွှေရောင် ဗုဒ္ဓအလင်းတန်းတစ်ခုမှာ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်၏ မျက်ခုံးနှစ်ခုကြားမှ ထိုးထွက်လာပြီး ဟင်းလင်းပြင်၌ ပေါင်းစည်းသွားကာ ကြက်သွေးရောင် ဝတ်စုံဝတ် ဘုန်းကြီးအိုကြီးတစ်ဦး ပေါ်ထွက်လာခဲ့သည်။ ထိုဘုန်းကြီးအိုကြီးမှာ အလွန်ပင် ပိန်ချုံးနေပြီး အရိုးပေါ် အရေတင်မျှသာ ရှိတော့သည်။ သူ၏ ကိုယ်မှ မှိန်ဖျော့သော သွေးနီရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး ထိုအလင်းတန်းအတွင်း၌ သေးငယ်သော နဂါးပုံရိပ်များ ဝဲပျံနေသည်ကို မြင်တွေ့ရပေသည်။
“ထာဝရနယ်ပယ် လား...”
ကြက်သွေးရောင် ဝတ်စုံဝတ် ဘုန်းကြီးအိုကြီးကို မြင်လိုက်ရသည့်အခါ မြင်းနက်ကြီးမှာ အံ့အားသင့်သွားရ၏။ ထိုဘုန်းကြီးအိုကြီး၏ ကျင့်ကြံမှုနယ်ပယ်မှာ သူနှင့် ထပ်တူ ဖြစ်နေသည် မဟုတ်ပါလား။
ရီယွင်မှာမူ ဤသည်ကို ကြည့်ပြီး ရယ်ချင်စိတ် ဖြစ်ပေါ်နေမိသည်။ ကြက်သွေးရောင် ဝတ်စုံဝတ် ဘုန်းကြီးအိုကြီး ရုတ်တရက် ပေါ်လာခြင်းအပေါ် သူက အရေးမစိုက်သော အပြုံးဖြင့် ကြည့်လိုက်၏။ မိစ္ဆာဗုဒ္ဓဂိုဏ်း။ ထိုဘုန်းကြီးအိုကြီး၏ အရှိန်အဝါမှာ အလွန်ပင် ထူးဆန်းလှပြီး ဗုဒ္ဓဘာသာ စစ်စစ် ကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားနေသည်ကို သူ တွေ့ရှိလိုက်သည်။ ထိုဘုန်းကြီးမှာ နာမည်ဆိုးဖြင့် ကျော်ကြားသော မိစ္ဆာဗုဒ္ဓဂိုဏ်းမှ ဖြစ်ပေသည်။ မိစ္ဆာဗုဒ္ဓဂိုဏ်းတွင် ဆန်းကြယ်သော အမွေအနှစ်များ ရှိသော်လည်း ဆက်ခံသူမှာ အလွန်ပင် နည်းပါးလှသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းခန့်က ရီယွင်ကိုယ်တိုင်ပင် မိစ္ဆာဗုဒ္ဓဂိုဏ်းမှ ဆက်ခံသူတစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည်။ ထို့ကြောင့် သူသည် မိစ္ဆာဗုဒ္ဓဂိုဏ်း ကျင့်ကြံသူများထံမှ ထွက်ပေါ်နေသော ထူးခြားသည့် အရှိန်အဝါများကို ကောင်းစွာ သိရှိထားခြင်း ဖြစ်သည်။
“အောမိတောဖု... ထာဝရနယ်ပယ်က မိစ္ဆာကြီးတစ်ပါး ငါတို့ဆီကို ကြွရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... နဂါးတစ်သောင်းတောင်တန်းအတွက်တော့ ဒါက တကယ့်ကို ဂုဏ်ယူစရာပါပဲ...”
ဘုန်းကြီးအိုကြီးက လက်နှစ်ဖက်ကို ယှက်လျက် မျက်လုံးများကို အောက်ချကာ တိုးညင်းစွာ ဆိုလိုက်၏။
မြင်းနက်ကြီးက ကြက်သွေးရောင် ဝတ်စုံဝတ် ဘုန်းကြီးအိုကြီးကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူသည် ချန်းနန်ကုန်းမြေကြီးမှ မူလမိစ္ဆာသားရဲတစ်ကောင် မဟုတ်သဖြင့် ထိုသူ့ကို မမှတ်မိချေ။ သူသည် ထိုဘုန်းကြီး၏ အရှိန်အဝါမှာ အလွန်ထူးဆန်းပြီး ပြင်းထန်သော ယုတ်မာညစ်ပတ်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည်ဟုသာ ခံစားမိနေသည်။
နဂါးအရှင်သခင်မှာမူ ဘုန်းကြီးအိုကြီးကို မြင်တွေ့လိုက်ရသဖြင့် အားတက်သွားရကာ အလျင်အမြန်ပင် ရိုသေစွာ ဦးညွှတ်လိုက်ပြီး ဆိုလိုက်၏။
“ဒီလူက ကျွန်တော့်ကို သူတို့ရဲ့ နဂါးနတ်ဘုရားဂိုဏ်းထဲဝင်ဖို့ အတင်းအဓမ္မ ဖိအားပေးနေတာပါ... ဆရာတော်ကြီး... ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ဆုံးဖြတ်ပေးပါဦး...”
“စိတ်ချပါ... ငါ ဒီမှာ ရှိနေသရွေ့တော့ ဘယ်သူမှ မင်းကို ထိခိုက်စေမှာ မဟုတ်ဘူး...”
ကြက်သွေးရောင် ဝတ်စုံဝတ် ဘုန်းကြီးအိုကြီးက အသာအယာ ပြုံးလျက် ဆိုလိုက်ရာ မြင်းနက်ကြီးကို လုံးဝ အရေးမစိုက်သကဲ့သို့ ရှိနေတော့သည်။
သူ၏ စကားသံ ဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ အနက်ရောင် စေတီရှစ်ဆူမှာ မှိန်ဖျော့သော အနက်ရောင် အလင်းတန်းများဖြင့် ဝင်းလက်လာခဲ့သည်။ ထိုအနက်ရောင် အလင်းတန်းများအတွင်း၌ မရေမတွက်နိုင်သော နဂါးနတ်ဘုရားများ၏ ပုံရိပ်ယောင်များမှာ ခဏချင်း ပေါ်လာပြီးနောက် ပြန်လည် ပျောက်ကွယ်သွားကြတော့သည်။
အခန်း ၂၁၅ ပြီးပါပြီ။