အခန်း ၂၁၇
Vol. 15 Ch. 217
အခန်း ၂၁၇ - နဂါးဘိုးဘေး၏ အသက်ရှူသံအော်ရာနှင့် နဂါးအရှင်သခင် အညံ့ခံခြင်း
“မင်းမှာ အဲ့ဒီလို အရည်အချင်းမျိုး ရှိလို့လား...”
ကြက်သွေးရောင်ဝတ်စုံနှင့် ဘုန်းကြီးအိုကြီး၏ စကားကို ကြားရသည့်အခါ မြင်းနက်ကြီးက အထင်အမြင်သေးစွာ သရော်လိုက်ပြီး သူ၏ ရွှေရောင်ပုဆိန်ငယ်ကို မြှောက်လိုက်သည်။ ပုဆိန်ပေါ်တွင် လျှပ်စီးကြောင်းများ ဝင်းလက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။ ထိုနဂါးနတ်ဘုရား ပုံရိပ်ယောင်များမှာ အဝေးမှနေ၍ ရှောင်ရှားသွားကြတော့သည်။
တစ်ချိန်တည်းမှာပင် ကြက်သွေးရောင် ဝတ်စုံဝတ် ဘုန်းကြီးအိုကြီးက ဟိန်းဟောက်လိုက်သည်။
“မိစ္ဆာဗုဒ္ဓ ဆင်းသက်ခြင်း...”
သူ၏ ကိုယ်ခန္ဓာမှာ ရုတ်တရက် ကွဲအက်လာပြီး အရေပြားများ စုတ်ပြဲကာ သွေးများ ပန်းထွက်လာတော့သည်။ ထိုပန်းထွက်လာသော သွေးများမှာ မြစ်ကြီးတစ်စင်းအလား ဟင်းလင်းပြင်တစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။
“ဝူး...”
၎င်းမှာ လှိုင်းတံပိုးသံများနှင့်အတူ ကျယ်ပြောလှသော သွေးပင်လယ်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားတော့သည်။ ၎င်းကို မြင်ရသည့်အခါ မြင်းနက်ကြီးမှာ အနည်းငယ် အံ့အားသင့်သွားရ၏။ ကြက်သွေးရောင်ဝတ်စုံဝတ် ဘုန်းကြီးအိုကြီး၏ နည်းလမ်းများမှာ တကယ့်ကို ထူးဆန်းလွန်းလှပေသည်။
ရင်းနှီးနေသော ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ရီယွင်က မတတ်သာဘဲ ခေါင်းခါယမ်းလိုက်မိသည်။
‘ဒီအကွက်က နောက်တစ်ခါ ပြန်လာပြန်ပြီပဲ...’
မိစ္ဆာဗုဒ္ဓဂိုဏ်းဟု ခေါ်တွင်ရခြင်းမှာ သတ်ဖြတ်ခြင်းဖြင့် အမှန်တရားကို ရှာဖွေသည့် လမ်းစဉ်ကို လျှောက်လှမ်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာဗုဒ္ဓဂိုဏ်း၏ ဆက်ခံသူတိုင်းမှာ သူတို့၏ သက်တမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့ကြသူများ ဖြစ်သည်။ ဤထူးခြားသော ကျင့်ကြံခြင်း နည်းလမ်းကြောင့် ချန်းနန်ကုန်းမြေကြီး တစ်ခုလုံးရှိ ဂိုဏ်းကြီးများမှာ မိစ္ဆာဗုဒ္ဓဂိုဏ်းကို ရှုတ်ချကြပြီး ၎င်းတို့ ပေါ်လာတိုင်း အားလုံးက ဝိုင်းဝန်း တိုက်ခိုက်လေ့ ရှိကြသည်။
သို့သော်လည်း မိစ္ဆာဗုဒ္ဓဂိုဏ်းမှာ မျိုးဆက်များစွာ အသက်ဆက်နိုင်ခဲ့သည်။ မျိုးဆက်သစ် ဆက်ခံသူတိုင်းအတွက် သေဆုံးသွားသော မိစ္ဆာဗုဒ္ဓဂိုဏ်း ဂိုဏ်းချုပ်တိုင်းမှာ သွေးဓာတ်တော်တစ်ခု ချန်ထားရစ်လေ့ ရှိသည်။ ဤသွေးဓာတ်တော်မှာ တပည့်များ ဆက်လက် ကျင့်ကြံနိုင်ရန်အတွက် ချန်ထားခဲ့ခြင်း ဖြစ်သည်။
ဟင်းလင်းပြင်၌ လှိုင်းတံပိုးသံများ ပဲ့တင်ထပ်နေပြီး သွေးဒီရေများမှာ အံ့ဩစရာကောင်းလောက်အောင် လှုပ်ခတ်နေကာ သွေးရောင်လွှမ်းသော ငရဲခန်းအလား ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ လှုပ်ခတ်နေသော သွေးလှိုင်းများကြားတွင် လက်တစ်ထောင်၊ မျက်လုံးတစ်ထောင်ရှိသော ဒေါသထွက်နေသည့် ဗုဒ္ဓပုံရိပ်ယောင်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ဒါက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ... ကြည့်ရတာ ငါ မင်းကို အထင်သေးခဲ့မိတယ် ထင်တယ်...”
မြင်းနက်ကြီးက ဖြီးပြလိုက်ပြီး အမှုမဲ့အမှတ်မဲ့ပင် ရယ်မောကာ ပြင်းထန်စွာ တိုးဝင်လိုက်တော့သည်။ ရွှေရောင်ပုဆိန်မှာ ဟင်းလင်းပြင်၌ ရွှေရောင်အကွေးတစ်ခုကို ဖန်တီးလိုက်ပြီး အလွန်ပင် ယုတ်မာညစ်ပတ်သော ပုံစံရှိသည့် လက်တစ်ထောင်၊ မျက်လုံးတစ်ထောင် ဗုဒ္ဓရှိရာသို့ အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းလိုက်တော့သည်။
ဤလက်တစ်ထောင်၊ မျက်လုံးတစ်ထောင် ဗုဒ္ဓမှာ အစောပိုင်းက ကြက်သွေးရောင်ဝတ်စုံဝတ် ဘုန်းကြီးအိုကြီးပင် ဖြစ်သည်မှာ သေချာပေသည်။ ထိုအခိုက်အတန့်တွင် သူသည် သူ၏ မိစ္ဆာဗုဒ္ဓဓမ္မအသွင်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ လက်တစ်ထောင်၊ မျက်လုံးတစ်ထောင်ဟု ဆိုသော်လည်း သူ၏ မူလဦးခေါင်းပေါ်တွင် နောက်ထပ် ဦးခေါင်း ဆယ်လုံး ပေါက်လာခဲ့ခြင်း ဖြစ်ပြီး ဦးခေါင်းတစ်ခုစီတွင် မျက်လုံးများစွာ ပါရှိသည်။ ထိုဦးခေါင်း ဆယ်လုံးမှာ စေတီတစ်ဆူအလား တစ်ဆင့်ပြီးတစ်ဆင့် ရှိနေပြီး မျက်လုံးတိုင်းမှ ယုတ်မာသောအလင်းတန်းများ ထွက်ပေါ်နေသည်။ သူ၏ ပုခုံးများမှလည်း မရေမတွက်နိုင်သော လက်မောင်းများ ထွက်ပေါ်လာခဲ့ပြီး လက်တစ်ဖက်ချင်းစီတွင် မတူညီသော မှော်လက်နက်များကို ကိုင်ဆောင်ထားကြသည်။
“သတ်စမ်း...”
ကြက်သွေးရောင် ဝတ်စုံဝတ် ဘုန်းကြီးအိုကြီး၏ ကိုယ်ခန္ဓာမှ အဆုံးမရှိသော သွေးအလင်းတန်းများ ထွက်ပေါ်နေကြသည်။ ပတ်ဝန်းကျင်ရှိ သွေးပင်လယ်ကြီးမှာ မနားတမ်း ဟိန်းဟောက်နေခဲ့ပြီး သူ့အား အလွန်ပင် ယုတ်မာသော မိစ္ဆာနတ်ဘုရားတစ်ပါးအလား ဖြစ်စေခဲ့သည်။ လှုပ်ခတ်နေသော သွေးလှိုင်းများကို နင်းလျက် ဘုန်းကြီးအိုကြီးမှာ သူ၏ လက်တစ်ထောင်ကို ဝှေ့ယမ်းကာ မြင်းနက်ကြီးကို တိုက်ခိုက်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးတစ်ထောင်မှာ မြင်းနက်ကြီးရှိရာသို့ သွေးရောင်အလင်းတန်းများကို စူးရှသော ဓားများအလား တစ်ပြိုင်တည်း ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲရှိ အမျိုးမျိုးသော မှော်လက်နက်များမှာလည်း စူးရှသော အလင်းတန်းများဖြင့် ဝင်းလက်လာခဲ့ပြီး သူ၏ လက်မောင်းများ လှုပ်ရှားလိုက်သည့်အခါ ၎င်းတို့မှာ ဟိန်းဟောက်နေသော မီးနှင့် လေမုန်တိုင်းများအလား ပြင်းထန်စွာ ကျရောက်လာတော့သည်။
“ရှူး...”
ရွှေရောင်ပုဆိန်သည် မရေမတွက်နိုင်သော ရွှေရောင်လျှပ်စီးများကို ဖန်တီးလိုက်ရာ ၎င်းတို့အားလုံးမှာ ကြောက်စရာကောင်းသော ပြန်လည်မွေးဖွားခြင်း မိုးကြိုးများအဖြစ် ထွက်ပေါ်လာကြသည်။
“ဘုန်း... ဘုန်း...”
ပြန်လည်မွေးဖွားခြင်း မိုးကြိုးများမှာ ဘုန်းကြီးအိုကြီး၏ တိုက်ခိုက်မှုများနှင့် ထိတွေ့သွားပြီး ကမ္ဘာကြီးကို တုန်လှုပ်စေမည့် ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ဖြစ်ပေါ်လာခဲ့သည်။ ခုခံ၍မရနိုင်သော အားလှိုင်းများဖြင့် ရွှေရောင်ပုဆိန်မှာ သွေးပင်လယ်ကို ခွဲပစ်လိုက်ပြီး သွေးအလင်းတန်းများကို ဖြတ်တောက်ကာ တိုက်ခိုက်မှု အားလုံးကို ချေမှုန်းပစ်လိုက်တော့သည်။
“ဒါ... ဒီပုဆိန်က သိပ်ကို အစွမ်းထက်လှချည်လား...”
ဘုန်းကြီးအိုကြီးမှာ အကြီးအကျယ် ထိတ်လန့်သွားရ၏။ သူ၏ ကိုယ်ခန္ဓာမှာ လျင်မြန်စွာ ကျုံ့သွားပြီး သွေးပင်လယ်အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ မမျှော်လင့်ဘဲ သူ၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုမှာ ကျရှုံးသွားခဲ့ရသည် မဟုတ်ပါလား။
အောက်ဘက်တွင်မူ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်၏ လက်ဝါးပေါ်တွင် ရပ်နေသော နဂါးအရှင်သခင်မှာ တစ်ကိုယ်လုံး တုန်ယင်နေရပြီး ဘာလုပ်ရမှန်းမသိ ဝေခွဲမရ ဖြစ်နေတော့သည်။ သူ၏အထင်တွင် အနှိုင်းမဲ့ အစွမ်းထက်သူဟု ယူဆထားသော သူ၏ဆရာမှာ နောက်သို့ ဆုတ်ခွာသွားရလိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ချေ။
ထိုစဉ် အဖြူရောင်အရိပ်တစ်ခုမှာ သူ၏ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
“မင်းက ဘယ်သူလဲ...”
နဂါးအရှင်သခင်က ရုတ်တရက် ပေါ်ထွက်လာသော အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို စိုက်ကြည့်လိုက်ရာ သူ၏မျက်လုံးများအတွင်း၌ မဖော်ပြနိုင်သော ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။ တစ်ဖက်လူတွင် မည်သည့် ကျင့်ကြံမှုမှ မရှိပုံရသော်လည်း သူ၏ရှေ့တွင် တစ္ဆေတစ်ကောင်အလား တိတ်ဆိတ်စွာ ပေါ်လာခြင်း ဖြစ်ပေရာ ကျင့်ကြံမှုမှာ နဂါးအရှင်သခင်ထက် များစွာ သာလွန်နေသည်မှာ သေချာပေသည်။
‘ဒါက ထာဝရနယ်ပယ် သန်မာသူ နောက်ထပ် မိစ္ဆာကြီးတစ်ပါးများလား...’
နဂါးအရှင်သခင် စိုးရိမ်နေစဉ်မှာပင် ရီယွင်က အထက်မှ တိုက်ပွဲမြေပြင်ကို ကြည့်ကာ အသာအယာ ပြုံးလျက် ဆိုလိုက်၏။
“မင်းရဲ့ ကိုယ်ခန္ဓာထဲမှာ ရွှေရောင်နဂါးနတ်ဘုရား သွေးဗီဇ ပါဝင်နေတာပဲ...”
နဂါးအရှင်သခင်၏ အသက်ရှူသံအော်ရာမှာ မြန်ဆန်လာခဲ့ပြီး သူ၏မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားတော့သည်။
‘ဒီလူက ငါ့ကို သတ်ပြီး နဂါးနတ်ဘုရား သွေးဗီဇကို လုဖို့ ကြံနေတာလား...’
နဂါးအရှင်သခင်၏ ကိုယ်ခန္ဓာမှ ရွှေရောင်အလင်းတန်းများ ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူ့အား ရွှေရောင်မိစ္ဆာနတ်ဘုရားတစ်ပါးအလား ဖြစ်သွားစေသည်။ သူသည် ရွှေရောင်နဂါးလက်သည်းအဖြစ် ပြောင်းလဲသွားပြီဖြစ်သော သူ၏ လက်မောင်းကို မြှောက်လိုက်သည်။ သူသည် ယှဉ်နိုင်စရာ အကြောင်းမရှိမှန်း သိသော်လည်း နဂါးအရှင်သခင်မှာ အသေခံရန် လုံးဝ အလျှော့ပေးလိမ့်မည် မဟုတ်ချေ။
ရီယွင်က ကိုယ်ကို လှည့်လိုက်ပြီး နဂါးအရှင်သခင်အား အရေးမစိုက်သော အကြည့်ဖြင့် ကြည့်ကာ အသာအယာ ပြုံးလျက် ဆိုလိုက်၏။
“ရွှေရောင်နဂါးလေး တစ်ကောင်က ငါ့ကို တိုက်ခိုက်ချင်တယ် ဟုတ်လား...”
နဂါးအရှင်သခင်က စိတ်တင်းထားပြီး ခေါင်းမာမာဖြင့် ဆိုလိုက်သည်။
“ကျောက်သားလို အကောင်းအတိုင်း ကျန်နေမယ့်အစား ကျောက်စိမ်းလို အကွဲအဖြတ် ခံလိုက်မယ်...”
“မင်း အတွေးလွန်နေတာပဲ...” ရီယွင်က နူးညံ့စွာ ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။ “ငါ မင်းရဲ့ အသက်ကို မလိုချင်ပါဘူး...”
နဂါးအရှင်သခင်မှာ ခေတ္တမျှ မှင်တက်မိသွားပြီးနောက် အလျင်အမြန် မေးမြန်းလိုက်သည်။
“ဒါဆိုရင် သခင်ကြီးရဲ့ ဆန္ဒက ဘာလဲ...”
ရီယွင်က ပြုံးလိုက်သည်။
“ငါ မင်းကို နဂါးနတ်ဘုရားဂိုဏ်းထဲကိုပဲ ဝင်စေချင်တာပါ...”
“နဂါးနတ်ဘုရားဂိုဏ်းဆိုတာ အဆင့်နိမ့်ဂိုဏ်းကြီးတစ်ခုထက် မပိုပါဘူး... သူတို့ရဲ့ ဂိုဏ်းချုပ်ကတောင် ကံကြမ္မာနယ်ပယ် အဆင့် ၄ မှာပဲ ရှိတာလေ... ငါ့လို ကံကြမ္မာနယ်ပယ် အဆင့် ၁၀ ရှိတဲ့ မိစ္ဆာကြီးတစ်ယောက်က ဘာလို့ အဲ့ဒီဂိုဏ်းထဲကို ဝင်ရမှာလဲ...”
နဂါးအရှင်သခင်က ခေါင်းမာမာဖြင့် ငြင်းခုံလိုက်ပြန်သည်။
“ကောင်းကင်ကြယ်တာရာအင်ပါယာထဲက နဂါးနတ်ဘုရားဂိုဏ်းက အတုကြီးပါ... အဲ့ဒါကို ငါ ဖျက်ဆီးပစ်လိုက်ပြီ... စစ်မှန်တဲ့ နဂါးနတ်ဘုရားဂိုဏ်းက မင်းထင်ထားသလိုမျိုး မဟုတ်ပါဘူး...”
ရီယွင်က အသာအယာ ပြုံးလျက် ဆိုလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ကိုယ်မှ နဂါးဘိုးဘေး၏ အသက်ရှူသံအော်ရာ အစအနလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤနဂါးဘိုးဘေး၏ အသက်ရှူသံအော်ရာ အော်ရာ အစအနလေးမှာပင် အနှိုင်းမဲ့ အစွမ်းထက်လှပေသည်။ ၎င်းမှာ အစအနလေးသာ ဖြစ်သော်လည်း နဂါးအရှင်သခင် ခံစားမိလိုက်သည့် အခိုက်အတန့်မှာပင် သူ၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားတော့သည်။
“ဘုန်း...”
သူသည် ဒူးထောက်ကျသွားတော့သည်။ သွေးဗီဇ၏ ဧရာမ အင်အားလှိုင်းကြောင့် သူသည် ချက်ချင်းပင် ခုခံနိုင်စွမ်း မရှိတော့ချေ။ နဂါးအရှင်သခင်မှာ ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်၏ လက်ဝါးပေါ်တွင် မှောက်လျက်သား လဲကျသွားပြီး တစ်လက်မပင် မလှုပ်ဝံ့တော့ပေ။ သူ၏ ကိုယ်ခန္ဓာမှာ အစဉ်မပြတ် တုန်ယင်နေခဲ့သော်လည်း သူ၏ နှလုံးသားထဲတွင်မူ ဟိန်းဟောက်နေမိသည်။
‘ဒါက ဘယ်လိုမျိုး နဂါးနတ်ဘုရား သွေးဗီဇလဲ...’
နဂါးအရှင်သခင်၏ အညံ့ခံမှုကို မြင်ရသည့်အခါ ရီယွင်က အသာအယာ ခေါင်းညိတ်လိုက်သည်။ နဂါးဘိုးဘေး သွေးဗီဇမှာ ခေတ်အဆက်ဆက် အမြင့်ဆုံးတွင် တည်ရှိနေခြင်းဖြစ်ရာ ကမ္ဘာပေါ်ရှိ နဂါးမျိုးနွယ်စု အားလုံးမှာ မနာခံဝံ့ကြချေ။ သူသည် နဂါးဘိုးဘေး၏ အသက်ရှူသံအော်ရာ အစအနလေးကိုသာ ထုတ်လွှတ်လိုက်သော်လည်း ဒဏ္ဍာရီလာ ထူးခြားသော နဂါးနတ်ဘုရား ဆယ်ပါးပင် ဖြစ်ပါစေ သူ၏ရှေ့တွင် ဒူးထောက် ဦးချကြရမည် ဖြစ်သည်။
ထိုအရာမှာ နဂါးဘိုးဘေး မဟုတ်ပါလား။
ရီယွင်သည် နဂါးဘိုးဘေး သွေးဗီဇ ၉၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အမှန်ဆိုလျှင် သူသည် မည်သည့်အချိန်မှာမဆို ဧရာမ နဂါးဘိုးဘေးကြီး၏ မူလကိုယ်ထည်အဖြစ် ပြောင်းလဲနိုင်ပေသည်။ နဂါးဘိုးဘေး မူလကိုယ်ထည်အဖြစ် ပြောင်းလဲလိုက်ပြီဆိုလျှင် သူသည် ပို၍ပင် ကြောက်စရာကောင်းသွားလိမ့်မည် ဖြစ်သည်။ သို့သော် ရီယွင်မှာ လုံလောက်အောင် အစွမ်းထက်နေပြီဖြစ်ရာ နဂါးဘိုးဘေး မူလကိုယ်ထည်အဖြစ် ပြောင်းလဲရန် မလိုအပ်ချေ။ သူသည် နဂါးအရှင်သခင် အညံ့ခံလာစေရန်အတွက်သာ နဂါးဘိုးဘေး၏ အသက်ရှူသံအော်ရာ အစအနလေးကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
“အခု မင်း ငါ့ရဲ့ နဂါးနတ်ဘုရားဂိုဏ်းထဲကို ဝင်ဖို့ ဆန္ဒရှိပြီလား...”
ရီယွင်က ထပ်မံ မေးမြန်းလိုက်သည်။
“ကျွန်တော်... ကျွန်တော် ဆန္ဒရှိပါတယ်...”
နဂါးအရှင်သခင်က သူ၏ နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေလျက် ပြောလိုက်သည်။
“မင်း ဆန္ဒရှိရှိ မရှိရှိ... မင်း ဝင်ရမှာပဲ... နဂါးမျိုးနွယ်စုဝင် တစ်ယောက်အနေနဲ့ ဒါက မင်း လိုက်နာရမယ့် အမိန့်ပဲ...”
ရီယွင်က ရုတ်တရက် တည်ကြည်လေးနက်သော အမူအရာဖြင့် ဆိုလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် နဂါးအရှင်သခင်မှာ ချွေးစေးများ ထွက်လာခဲ့ပြီး မဖော်ပြနိုင်သော ထိတ်လန့်မှုကို ခံစားလိုက်ရတော့သည်။
ရီယွင်က လက်ကောက်တစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ လက်ကို ဝေ့ယမ်းလိုက်ရာ နဂါးအရှင်သခင်မှာ ၎င်းအတွင်းသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ သူသည် ထိုသူ့အား ရက်အနည်းငယ်ခန့် ပိတ်လှောင်ထားမည်ဖြစ်ပြီး နဂါးနတ်ဘုရားဂိုဏ်းကို ပြန်လည် တည်ထောင်ပြီးမှသာ နဂါးအရှင်သခင်ကို ပြန်လွှတ်ပေးမည် ဖြစ်သည်။
ထို့နောက် ရီယွင်က ဟင်းလင်းပြင်ရှိ တိုက်ပွဲဆီသို့ သူ၏အကြည့်ကို လွှဲလိုက်သည်။ ထိုအခိုက်အတန့်တွင် မြင်းနက်ကြီးမှာ ပြန်လည်မွေးဖွားခြင်း မိုးကြိုးဖြင့် စုစည်းထားသော ရွှေရောင်ပုဆိန်ကို ကိုင်ဆောင်လျက် မိစ္ဆာဗုဒ္ဓဂိုဏ်းမှ ကြက်သွေးရောင် ဝတ်စုံဝတ် ဘုန်းကြီးအိုကြီးအား အသည်းအသန် လိုက်လံ တိုက်ခိုက်နေသဖြင့် ဘုန်းကြီးအိုကြီးမှာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်လျက် ထွက်ပြေးနေရတော့သည်။ သို့သော်လည်း ဘုန်းကြီးအိုကြီး၏ နတ်စွမ်းရည်များမှာ ထူးဆန်းပြီး အမျိုးမျိုး ရှိနေသဖြင့် ထိုသွေးပင်လယ်ကို အားကိုးလျက် သူသည် တောင့်ခံနေနိုင်ဆဲ ဖြစ်သည်။
ရီယွင်က အောက်ခြေရှိ မြေပြင်ရှိရာသို့ လှမ်းကြည့်လိုက်သည့်အခါ သူ၏ မျက်ခုံးများမှာ အနည်းငယ် မြင့်တက်သွားပြီး နှုတ်ခမ်းအစုံမှာလည်း ကွေးညွှတ်သွားတော့သည်။
‘ဟင်း... တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ...’
အခန်း ၂၁၇ ပြီးပါပြီ။