အခန်း ၂၁၉
Vol. 15 Ch. 219
အခန်း ၂၁၉ - မဟာသွေးနဂါးမိစ္ဆာ
နဂါးတစ်သောင်းတောင်တန်း၏ ချောက်ကမ်းပါး အနက်ရှိုင်းဆုံးနေရာတွင်...
ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီးနှင့်အတူ ပေတစ်သောင်းခန့် ရှည်လျားသော သွေးနီရောင် အလင်းတန်းတစ်ခုမှာ တံဆိပ်ခတ်နှိပ်မှုကို ချိုးဖျက်လျက် မြေအောက်အနက်ရှိုင်းဆုံးနေရာမှ ရုတ်တရက် ပန်းထွက်လာခဲ့သည်။
‘ဒါက ဘာကြီးလဲ...’
မြင်းနက်ကြီးသည် ထို ပေတစ်သောင်းခန့်ရှည်သော သွေးနီရောင် အလင်းတန်းကို စိုက်ကြည့်နေမိပြီး သူ၏ မျက်လုံးသူငယ်အိမ်များမှာလည်း ရုတ်တရက် ကျုံ့သွားတော့သည်။ သူသည် တစ်ကိုယ်လုံး တုန်ယင်လာခဲ့ပြီး မဖော်ပြနိုင်သော ထိတ်လန့်မှုတစ်ခုက သူ့အား ရိုက်ခတ်သွားခဲ့၏။
၎င်းမှာ သွေးနဂါးတစ်ကောင် ဖြစ်နေသည် မဟုတ်ပါလား။
၎င်း၏ တစ်ကိုယ်လုံးတွင် နက်မှောင်သော ကြက်သွေးရောင် အရှိန်အဝါများ ဖုံးလွှမ်းနေပြီး အဆုံးမရှိသော သတ်ဖြတ်ခြင်း အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ဤစွမ်းအင်မှာ စူးရှပြီး ကြမ်းတမ်းလှသဖြင့် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမျိုပစ်နိုင်စွမ်း ရှိပုံရပေသည်။
“ဟား... ဟား... ဟား...”
ထိုဧရာမ သွေးနဂါးကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူသားများသာ ပြုလုပ်နိုင်သော ထူးဆန်းသည့် ရယ်မောသံများ ချက်ချင်းပင် ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်ရှိ သွေးပင်လယ်ကို တွေ့ရှိသွားသည့်အခါ ၎င်းသည် ပါးစပ်ကို အကျယ်ကြီး ဖွင့်လိုက်ပြီး အငမ်းမရ ဝါးမျိုပစ်လိုက်သည်။
သူတို့ဘေးမှ ကြက်သွေးရောင် ဝတ်စုံဝတ် ဘုန်းကြီးအိုကြီးမှာမူ ဤအခိုက်အတန့်တွင်မှ သတိပြန်ဝင်လာခဲ့သည်။
‘ဒါက ဘာကြီးလဲ...’
ဘုန်းကြီးအိုကြီးမှာ သူ့ရှေ့မှ သွေးနဂါးကို ကြည့်ရင်း မျက်လုံးများ ပြူးထွက်မတတ် ထိတ်လန့်သွားရ၏။ နဂါးတစ်သောင်းတောင်တန်းတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သော်လည်း ဤသွေးနဂါးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ မြေပြင်ပေါ်သို့ လှမ်းကြည့်လိုက်သည့်အခါ အက်ကွဲသွားသော ဧရာမ အပေါက်ကြီးတစ်ခုကို သူ သတိပြုမိလိုက်သည်။
ဘုန်းကြီးအိုကြီး၏ မျက်နှာပေါ်ရှိ ကြွက်သားများမှာ ထိန်းမနိုင်သိမ်းမရ လှုပ်ခါနေတော့သည်။ သူသည် ဤ သွေးနဂါး၏ နောက်ခံကို ချက်ချင်းပင် ရိပ်မိလိုက်၏။ မြေအောက်နက်ရှိုင်းသော နေရာတွင် ရှေးဦးအချိန်ကာလမှ နဂါးနတ်ဘုရားတစ်ပါး မြှုပ်နှံခြင်း ခံထားရသည်။ မယုံကြည်နိုင်စရာကောင်းသည်မှာ ၎င်းမှာ အသက်ရှင်နေသေးခြင်းပင် ဖြစ်သည်။ သို့သော်လည်း သူသည် ဤမျှကာလပတ်လုံး ဤသွေးနဂါး ရှိနေသည်ကို သတိမပြုမိခဲ့ချေ။
“ဒီ ခေါင်းပြောင်ပြောင်နဲ့လူသား... ငါတို့ အနီးကပ်နေလာတာ နှစ်တွေ အများကြီး ရှိနေပြီပဲ... ဒါတောင် မင်းက မရိပ်မိဘူး မဟုတ်လား...”
သွေးနဂါးမှာ ကောင်းကင်ယံ၌ ဝဲပျံနေခဲ့ပြီး ၎င်း၏ ကြမ်းတမ်းသော မျက်လုံးများဖြင့် သူတို့ကို စိုက်ကြည့်နေသည်။ ၎င်း၏ အသံမှာ အေးစက်ပြီး ရိုင်းစိုင်းလှကာ အေးစက်သော မျက်လုံးများအတွင်း၌ သွေးဆာနေသော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်ပေါက်နေသဖြင့် ကြက်သွေးရောင်ဝတ်စုံဝတ် ဘုန်းကြီးအိုကြီးမှာ ၎င်းအတွက် အရသာရှိသော အစာတစ်ခုအလား ဖြစ်နေတော့သည်။
“မင်းက တကယ်တမ်းဆို ဘာကြီးလဲ...”
ဘုန်းကြီးအိုကြီးက ထိတ်လန့်တကြား မေးမြန်းလိုက်သည်။
“ငါက နဂါးနတ်ဘုရား တစ်ပါးပေါ့... စစ်မှန်တဲ့ နဂါးနတ်ဘုရား တစ်ပါးလေ...”
သွေးနဂါးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
နောက်တစ်ခဏတွင် ၎င်းသည် ဘုန်းကြီးအိုကြီးရှိရာသို့ ဒုန်းစိုင်း တိုးဝင်သွားတော့သည်။ ဘုန်းကြီးအိုကြီး၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။ သူသည် လှည့်၍ ထွက်ပြေးရန် ကြိုးပမ်းသော်လည်း သွေးနဂါး၏ အရှိန်ကို မမီခဲ့ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးနီရောင် အလင်းတန်းတစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့ပြီး ကြက်သွေးရောင် ဝတ်စုံဝတ် ဘုန်းကြီးအိုကြီးမှာ ပျောက်ကွယ်သွားတော့သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် သွေးနဂါးမှာ ဟင်းလင်းပြင်၌ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် အကြိမ်အနည်းငယ် ဝါးလိုက်ပြီးနောက် ရယ်မောလျက် ဆိုလိုက်၏။
“စစ်မှန်တဲ့ လူသားတစ်ယောက်ကို မစားရတာ ကြာပြီပဲ... ဒီအရသာက တကယ့်ကို ထူးကဲတာပဲ...”
“မင်းက တကယ့်ကို ရက်စက်တာပဲ...”
မြင်းနက်ကြီးက ရွံ့ရှာစွာ ပြုံးလိုက်သည်။ သူသည် သူ၏ ရွှေရောင်ပုဆိန်ကို မြှောက်လိုက်ပြီး တိုက်ပွဲအတွက် ပြင်ဆင်လိုက်တော့၏။
“မင်းလည်း နဂါးမျိုးနွယ်စုကပဲ မဟုတ်လား...”
သွေးနဂါး၏ ကြမ်းတမ်းသော မျက်လုံးများက မြင်းနက်ကြီးအား ဝေ့ကြည့်လိုက်ရာ ဝေခွဲမရဖြစ်နေသော သံသယအရိပ်အယောင်အချို့ ပေါ်ပေါက်လာခဲ့သည်။
“ဒါပေမဲ့ နဂါးမျိုးနွယ်စုထဲမှာ မင်းလို အမျိုးအစားကို ငါ ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ...”
မြင်းနက်ကြီးမှာ သွေးနဂါး၏ မေးခွန်းကြောင့် အနည်းငယ် အားနာသွားရ၏။ သူသည် နဂါးနတ်ဘုရား သွေးဗီဇ တစ်ဝက်သာ ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။
“အပိုတွေ ပြောမနေနဲ့... မင်း ဘယ်လောက်အထိ ရဲတင်းနိုင်မလဲဆိုတာ မင်းရဲ့ စွမ်းရည်တွေကို ငါ့ကို ပြစမ်းပါ...”
မြင်းနက်ကြီးက ပုဆိန်ကို မြှောက်ကာ စိန်ခေါ်လိုက်တော့သည်။
“ထာဝရနယ်ပယ် အဆင့် ၃ လေးနဲ့တော့ မင်း ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... မင်းလည်း နဂါးမျိုးနွယ်စုကပဲ ဆိုတော့... ငါ့ရဲ့ လက်အောက်ခံအဖြစ် အမှုထမ်းမလား...”
သွေးနဂါးက မောက်မာစွာ ရယ်မောလိုက်သည်။
“ထွက်သွားစမ်း...”
မြင်းနက်ကြီးမှာ ထိုစကားကြောင့် အစော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရသဖြင့် သွေးနဂါးရှိရာသို့ ရုတ်တရက် တိုးဝင်သွားတော့သည်။ မြင်းနက်ကြီးသည်လည်း ဤသွေးနဂါး၏ ကျင့်ကြံမှုနယ်ပယ်ကို မခွဲခြားနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ မဟာနဂါးနတ်ဘုရား အရှိန်အဝါမှာ အမျိုးမျိုးသော ထူးဆန်းသည့် အသွင်ကူးပြောင်းမှုများကို အစဉ်မပြတ် ပြုလုပ်နေသောကြောင့် ဖြစ်သည်။
သွေးနဂါးကလည်း ပြင်းထန်စွာ တိုးဝင်လာခဲ့ပြီး ၎င်း၏ သွေးနီရောင် လက်သည်းများကို ရွှေရောင်ပုဆိန်ရှိရာသို့ ဆန့်ထုတ်လိုက်သည်။
“ဘုန်း...”
လက်သည်းများနှင့် ပုဆိန် ထိတွေ့သွားသည့် အခိုက်အတန့်တွင် ရွှေရောင်လျှပ်စီးများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သွေးနဂါးမှာ ရွှေရောင်လျှပ်စီးများကြောင့် ချက်ချင်းပင် လွင့်စင်သွားခဲ့ရ၏။ သို့သော်လည်း မြင်းနက်ကြီးမှာလည်း သက်သာလှသည်တော့ မဟုတ်ပေ။ သူသည်လည်း ပြင်းထန်သော အားလှိုင်းတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး နောက်သို့ လွင့်စင်သွားခဲ့ရသည်။
‘ဒါက ဘယ်လို ပုဆိန်မျိုးလဲ... အဲ့ဒီပေါ်က မိုးကြိုးတွေက မိုးကြိုးနဂါးထက်တောင် ပိုပြီး ပြင်းထန်နေပါလား...’
သွေးနဂါးမှာ သူ၏ လက်သည်းကို လှမ်းကြည့်ရင်း အံ့ဩတကြီး တွေးတောလိုက်မိသည်။ ထိုမိုးကြိုးချက်မှာ စိတ်ကူးလို့မရနိုင်လောက်အောင် ပျက်စီးခြင်းစွမ်းအား ရှိနေပြီး ၎င်း၏ လက်သည်း ထက်ဝက်ခန့်မှာပင် ပေါက်ကွဲပျက်စီးသွားခဲ့ရသည်။ သူသည် လက်သည်းကို တစ်ချက်ခါလိုက်ရာ နောက်တစ်ခဏတွင် မူလအတိုင်း ပြန်လည် ကောင်းမွန်သွားတော့သည်။
“ငါတော့ မင်းရဲ့ ရတနာကို မျက်စိကျသွားပြီ ကောင်လေး...”
သွေးနဂါး၏ မျက်လုံးများအတွင်း၌ လောဘရိပ်များ ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး မြင်းနက်ကြီးရှိရာသို့ နောက်တစ်ကြိမ် တိုးဝင်သွားပြန်သည်။
ဟင်းလင်းပြင်တွင်...
အဖြူရောင်အရိပ်တစ်ခု ဝင်းခနဲ ပေါ်လာပြီး သွေးနဂါး၏ ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သွေးနဂါးမှာ ရုတ်တရက် ပေါ်လာသော အဖြူရောင်အရိပ်ကြောင့် အံ့အားသင့်သွားရကာ ဟင်းလင်းပြင်၌ ချက်ချင်းပင် ရပ်တန့်လိုက်ရ၏။ ဤနေရာမှာ လူတစ်ယောက် ရှိနေသည်ကို သူ လုံးဝ သတိမပြုမိခဲ့ချေ။
‘သူက ဘယ်ကနေ ထွက်လာတာလဲ...’
“သခင်ကြီး... ကျွန်တော် ကိုင်တွယ်နိုင်ပါတယ်... သူ့ကို ကျွန်တော်နဲ့ပဲ ကောင်းကောင်း တိုက်ခွင့်ပြုပါ...”
မြင်းနက်ကြီးက နောက်ကွယ်မှ ပျံသန်းလာခဲ့ပြီး ရီယွင်၏ ဘေးတွင် ရပ်ကာ ပုဆိန်ကို မြှောက်လျက် ပြောလိုက်သည်။ အစောပိုင်းက အခြေအနေ မကောင်းခဲ့သော်လည်း မြင်းနက်ကြီးမှာ အရှုံးပေးရန် ဝန်လေးနေဆဲ ဖြစ်သည်။
“လောလောဆယ်တော့ မင်း သူ့ကို ယှဉ်နိုင်ဦးမှာ မဟုတ်ဘူး... မင်းရဲ့ ခွန်အားတွေကို အကုန်မခံပါနဲ့...”
ရီယွင်က အသာအယာ ပြုံးလိုက်၏။
ဤ သွေးနဂါး၏ ကျင့်ကြံမှုနယ်ပယ်မှာ မြင်းနက်ကြီးထက် မြင့်မားသလို ၎င်းတွင် ထူးခြားသော မွေးရာပါ နတ်စွမ်းရည်များလည်း ရှိနေသည်။ မြင်းနက်ကြီးမှာမူ ယခုအချိန်တွင် ၎င်း၏ ပြိုင်ဘက် မဟုတ်သေးချေ။ သို့သော်လည်း တစ်နေ့တွင် မြင်းနက်ကြီးသာ ပြန်လည်မွေးဖွားခြင်း မိုးကြိုး နတ်စွမ်းရည်ကို ကျွမ်းကျင်စွာ ကျင့်ကြံနိုင်မည်ဆိုပါက ၎င်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလိမ့်မည် ဖြစ်သည်။
သခင်ကြီးက ထိုသို့ ပြောလိုက်သည်ကို ကြားရသည့်အခါ မြင်းနက်ကြီး၏ မျက်နှာမှာ နီရဲသွားတော့သည်။ သူကိုယ်တိုင်လည်း သူ ရင်ဆိုင်နေရသော ရန်သူမှာ မည်မျှ အစွမ်းထက်ကြောင်း သိရှိပြီးသား ဖြစ်ပေသည်။ နဂါးသွေးဗီဇ တစ်ဝက် ဖြစ်သည့်အတွက် နဂါးမျိုးနွယ်စုမှာ မည်မျှအထိ ကြောက်စရာကောင်းကြောင်း သူ သဘောပေါက်ထားသည်။ ထို့အပြင် ယခုတစ်ကြိမ်တွင် သူသည် နဂါးမျိုးနွယ်စုမှ ဆန်းကြယ်သော တည်ရှိမှုတစ်ခုနှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ဤသွေးနဂါးမှာ အလွန်ပင် ထူးဆန်းလှပြီး ၎င်းမှာ မည်သည့်နဂါးမျိုးနွယ်မှ ဖြစ်ကြောင်း သူကိုယ်တိုင်ပင် ခွဲခြားနိုင်ခြင်း မရှိချေ။
“မင်းက ဘယ်သူလဲ...”
သွေးနဂါးက ရီယွင်အား သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်ပြီး တိုက်ခိုက်ရန် မကြိုးပမ်းခဲ့ချေ။
“ငါက နဂါးနတ်ဘုရားဂိုဏ်းရဲ့ ၁၃ ဆက်မြောက် ဂိုဏ်းချုပ်ပါ...”
ရီယွင်က ပြုံးလျက် ဆိုလိုက်၏။
“နဂါးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဟုတ်လား...”
သွေးနဂါးသည် ၎င်း၏ ဧရာမ ဦးခေါင်းကြီးကို လှုပ်ခါလိုက်ပြီး ဤနဂါးနတ်ဘုရားဂိုဏ်းနှင့် ပတ်သက်သည့် မည်သည့် အချက်အလက်ကိုမျှ မှတ်မိပုံမရချေ။
“စဉ်းစားမနေပါနဲ့... နဂါးနတ်ဘုရားဂိုဏ်းဆိုတာ ရှေးဦးအချိန်ကာလတုန်းက မရှိခဲ့ဘူးလေ...”
ရီယွင်က ရယ်မောလိုက်သည်။
“မင်းက ငါ့ကို လာတားတာလား... မင်းက ငါ့ရဲ့ နဂါးနတ်ဘုရားမျိုးနွယ်စုကို စိန်ခေါ်ချင်လို့လား...”
သွေးနဂါးက လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။ ၎င်းမှာ ယခုမှ ပြန်လည် နိုးထလာခြင်းဖြစ်ပြီး ကျင့်ကြံမှုမှာလည်း နိမ့်ပါးနေဆဲ ဖြစ်ပေရာ ဤဆန်းကြယ်သော အဖြူရောင်ဝတ်စုံဝတ် လူငယ်နှင့် မတိုက်ခိုက်ချင်သေးချေ။
“သခင်ကြီးကို တိုက်ခိုက်ချင်တယ် ဟုတ်လား... မင်း ရူးနေတာပဲ ဖြစ်ရမယ်... လာစမ်းပါ... ဒီ ဦးလေးမြင်းနဲ့ အချီအနည်းငယ်လောက် ထပ်တိုက်ကြရအောင်...”
သွေးနဂါး၏ မောက်မာမှုကို မြင်ရသည့်အခါ မြင်းနက်ကြီးက သူ၏ ရွှေရောင်ပုဆိန်ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြန်သည်။
ရီယွင်က လက်ကို ဆန့်ထုတ်လိုက်ပြီး မြင်းနက်ကြီးအား တားဆီးလိုက်သည်။ သူသည် သွေးနဂါးအား ကြည့်ကာ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“မင်းက အမှန်တကယ်ဆိုရင် ဘယ်လိုမျိုး နဂါးနတ်ဘုရား သွေးဗီဇလဲ...”
“မင်း ငါ့ကို အနိုင်ယူနိုင်မှသာ ငါ့ရဲ့ သွေးဗီဇအကြောင်းကို သိပိုင်ခွင့် ရှိလိမ့်မယ်...”
သွေးနဂါးက အေးစက်စွာ ရယ်မောလိုက်၏။
“မင်းကို အနိုင်ယူဖို့က ဘာခက်လို့လဲ...”
ရီယွင်က နူးညံ့စွာ ရယ်မောလိုက်ပြီး သူ၏ လက်ညှိုးဖြင့် အသာအယာ ညွှန်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ မရေမတွက်နိုင်သော တောင်တန်းကြီးများက သွေးနဂါးအပေါ်သို့ ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သွေးနဂါး၏ ကိုယ်ခန္ဓာမှာ ရုတ်တရက် မလှုပ်ရှားနိုင်တော့ချေ။ ၎င်းသည် သူ၏ ကိုယ်ပေါ်သို့ မဖော်ပြနိုင်လောက်အောင် ကြီးမားလှသော အင်အားတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရပြီး အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။
‘နတ်ဦးသျှောင်နယ်ပယ်လား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
သွေးနဂါးမှာ သူ့ရှေ့မှ အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို ထိတ်လန့်တကြား အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။
အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် သူ၏လက်ကို အမှုမဲ့အမှတ်မဲ့ ဝေ့ယမ်းလိုက်ရုံဖြင့် သူ့အား ဖိနှိပ်လိုက်ခြင်းဖြစ်ရာ ဤသည်မှာ စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ သန်မာသူများကို ရင်ဆိုင်ရသည့်အခါ ခံစားရသော အင်အားမဲ့မှုမျိုးကို ပေးစွမ်းနေခြင်း ဖြစ်သည်။ ရှေးဦးအချိန်ကာလတွင် အစွမ်းထက်သော နဂါးနတ်ဘုရားများ အားလုံးမှာ နတ်ဦးသျှောင်နယ်ပယ်သို့ ရောက်ရှိခဲ့ကြသူများ ဖြစ်သည်။
“ဟီး... ဟီး...”
ရီယွင်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ နတ်ဦးသျှောင်နယ်ပယ် မှ နဂါးနတ်ဘုရား တစ်ပါးပင် ဖြစ်ပါစေ သူ၏ရှေ့တွင်မူ ပြောပလောက်စရာ မရှိသေးချေ။
“ပြောစမ်းပါ... မင်းရဲ့ကိုယ်တွင်းမှာ ဘယ်လိုမျိုး နဂါးနတ်ဘုရား သွေးဗီဇ ရှိနေတာလဲ...”
ရီယွင်က သူ၏ မျက်လုံးများ ဝင်းလက်လျက် မေးမြန်းလိုက်သည်။
“ငါက မဟာသွေးနဂါးမိစ္ဆာပဲ...”
မလှုပ်ရှားနိုင်တော့သော သွေးနဂါးက ဂုဏ်ယူဝံ့ကြွားသော အရိပ်အယောင်များဖြင့် ပြောလိုက်တော့သည်။
အခန်း ၂၁၉ ပြီးပါပြီ။