အခန်း ၂၂၀
Vol. 15 Ch. 220
အခန်း ၂၂၀ - ဒါက နဂါးဘိုးဘေးရဲ့ သွေးဗီဇလား
“မဟာသွေးနဂါးမိစ္ဆာဟုတ်လား...”
ရီယွင်က ထိုစကားလုံးများကို တိုးညင်းစွာ ရေရွတ်လိုက်သည်။ ရုတ်တရက် သူ၏မျက်လုံးများမှာ နက်နဲသွားခဲ့ပြီး အတွင်းမှ အလင်းတန်းများမှာလည်း အဆပေါင်းများစွာ တိုးပွားလာခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ခုလုံးသော ချောက်ကမ်းပါးကြီးမှာ လင်းထိန်သွားသလို ခံစားလိုက်ရသည်။
သူ နောက်ဆုံးတော့ မှတ်မိသွားပြီ ဖြစ်သည်။ မဟာသွေးနဂါးမိစ္ဆာသည် နဂါးဘိုးဘေး၏ လက်အောက်ရှိ ထူးခြားသော နဂါးနတ်ဘုရား ဆယ်ပါးထဲမှ တစ်ပါးဖြစ်ပြီး တစ်ချိန်က နတ်ဘုရားဘုရင်နယ်မြေတွင် အလွန်ပင် ခန့်ညားထည်ဝါခဲ့သော တည်ရှိမှုတစ်ခု ဖြစ်ပေသည်။
ရီယွင်သည် သူ့ရှေ့မှ သွေးနဂါးကို ကြည့်ကာ အသာအယာ ဆိုလိုက်၏။
“မဟာသွေးနဂါးမိစ္ဆာဆိုတာ ထူးခြားတဲ့ နဂါးနတ်ဘုရား ဆယ်ပါးထဲက တစ်ပါးပဲ... သူ့ရဲ့ သွေးဗီဇက သန့်စင်ပြီး မြင့်မြတ်တယ်... မင်းရဲ့ ကိုယ်ထဲက ရောနှောနေတဲ့ ညစ်ထေးတဲ့ သွေးဗီဇထက် အများကြီး သာလွန်တယ်... မင်းက သွေးနှောနဂါး တစ်ကောင်ပဲ မဟုတ်လား...”
“အဲ့ဒီတော့ ဘာဖြစ်လဲ...”
မဟာသွေးနဂါးမိစ္ဆာက ခေါင်းမာမာဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
သူသည် သူတစ်ပါးက သူ့အား သွေးနှောနဂါးဟု ခေါ်ဆိုခြင်းကို အမုန်းဆုံး ဖြစ်ပေသည်။ အမှန်တကယ်ပင် သူ၏ ကိုယ်တွင်းမှ သွေးဗီဇမှာ ရောနှောနေသော်လည်း အလွန်ပင် အားနည်းလှသော မဟာသွေးနဂါးမိစ္ဆာ၏ သွေးဗီဇ အစအနလေး ပါဝင်နေခဲ့ခြင်း ဖြစ်သည်။
“ငါ သဘောပေါက်ပါပြီ...”
ရီယွင်က စတင် ရယ်မောလိုက်တော့သည်။ အစောပိုင်းက ဤသွေးနဂါး၏ နောက်ခံကို ဘာကြောင့် ခွဲခြားရခက်နေရသနည်းဆိုသည်မှာ ၎င်းသည် အမှန်တကယ်ပင် သွေးနှောနဂါးတစ်ကောင် ဖြစ်နေသောကြောင့်ပင်။ ရှေးဦးအချိန်ကာလတွင် သွေးနှောနဂါး အမြောက်အများ ရှိခဲ့ကြသည်။ နဂါးမျိုးနွယ်စုများ၏ ကာမဂုဏ် လိုက်စားလွန်းသော သဘာဝကြောင့် နဂါးအမြောက်အများမှာ သွေးနှောများ ဖြစ်ကုန်ကြခြင်း ဖြစ်သည်။ ဤနဂါးများသည် သူတို့၏ ရောနှောနေသော သွေးဗီဇကို မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းခဲ့ကြပြီး နောက်ဆုံးတွင် သူတို့၏ သွေးဗီဇများမှာ တဖြည်းဖြည်း ပိုမိုအားနည်းကာ သန့်စင်မှု မရှိတော့ချေ။
သူ့ရှေ့မှ သွေးနဂါးမှာ အလွန်ပင် ရောနှောနေပြီး ရှုပ်ထွေးလှသော သွေးဗီဇကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်း၏အတွင်း၌ မဟာနဂါးနတ်ဘုရား သွေးဗီဇ အမျိုးအစားဖြစ်သော မဟာသွေးနဂါးမိစ္ဆာ၏ သွေးဗီဇ ပါဝင်နေသဖြင့် အခြားသော သွေးဗီဇများကို ဖိနှိပ်ထားနိုင်ခြင်း ဖြစ်ပေသည်။ ဤသွေးဗီဇကြောင့်ပင် ၎င်းသည် ရှေးဦးအချိန်ကာလ၌ သေဆုံးခဲ့သော်လည်း ပြန်လည် နိုးထလာနိုင်ခြင်း ဖြစ်သည်။
မဟာသွေးနဂါးမိစ္ဆာကို မသေနိုင်သောနဂါး ဟုလည်း ခေါ်ဆိုကြသည်။ သွေးတစ်စက် ရှိရုံမျှဖြင့် သူတို့သည် ပြန်လည် မွေးဖွားနိုင်သဖြင့် သေချာပေါက် မသေနိုင်သော မဟာတည်ရှိမှုကြီးများ ဖြစ်ကြသည်။ ရှေးဦးအချိန်ကာလမှ ထူးခြားသော နဂါးနတ်ဘုရား ဆယ်ပါးထဲတွင် ၎င်းမှာ အစွမ်းအထက်ဆုံးသူများထဲမှ တစ်ဦး ဖြစ်ပေသည်။
မဟာသွေးနဂါးမိစ္ဆာမှာ မွေးရာပါ တိုက်ခိုက်လိုစိတ် ပြင်းပြသူ ဖြစ်သည်။ ရှေးဦးအချိန်ကာလတုန်းက ၎င်းသည် နဂါးဘိုးဘေးကိုပင် စိန်ခေါ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ ဤသည်မှာ ၎င်းသည် မည်မျှအထိ မိုက်ရူးရဲဆန်ပြီး စည်းကမ်းမဲ့သူဖြစ်ကြောင်း ပြသနေခြင်း ဖြစ်ပေသည်။
“သူက မဟာသွေးနဂါးမိစ္ဆာဖြစ်နေတာပဲ... ငါ ရှုံးသွားတာ ရှက်စရာ မဟုတ်တော့ပါဘူး...”
မြင်းနက်ကြီးက တစ်ဦးတည်း ရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူသည် သူ့ရှေ့မှ မဟာသွေးနဂါးမိစ္ဆာကို မယှဉ်နိုင်မှန်း နောက်ဆုံးတွင် ဝန်ခံလိုက်တော့သည်။ ဤသွေးနှောနဂါး၏ သွေးဗီဇမှာ ရှုပ်ထွေးနေသော်လည်း ၎င်း၏အတွင်း၌ မဟာသွေးနဂါးမိစ္ဆာ၏ သွေးဗီဇ ပါဝင်နေဆဲ ဖြစ်သည်။ ဤမသေနိုင်သော သွေးဗီဇ၏ စွမ်းအားကြောင့်ပင် ၎င်းသည် နှစ်ပေါင်း တစ်သန်း ကြာပြီးနောက်၌ ပြန်လည် နိုးထလာနိုင်ခြင်း ဖြစ်သည်။ ဤအတွေးမှာ မြင်းနက်ကြီးအား မဖော်ပြနိုင်လောက်အောင် စိတ်လှုပ်ရှားစေခဲ့သည်။
ရီယွင်က သူ့ရှေ့မှ မဟာသွေးနဂါးမိစ္ဆာအား ကြည့်ကာ သူ၏ နက်နဲသော မျက်လုံးများမှာ ဝင်းလက်နေခဲ့သည်။ သူက အသာအယာ ရယ်မောလိုက်ပြီး ဆိုလိုက်၏။
“မင်းလို သွေးနှောနဂါးလေးက မဟာသွေးနဂါးမိစ္ဆာရဲ့ သွေးဗီဇ အစအနလေး ရှိရုံနဲ့တင် နှစ်ပေါင်း တစ်သန်း ကြာပြီးနောက်မှာ ပြန်ပြီး နိုးထလာနိုင်တာပဲ... မင်းရဲ့ ဘိုးဘေးဖြစ်တဲ့ စစ်မှန်တဲ့ မဟာသွေးနဂါးမိစ္ဆာကြီး အသက်ရှင်နေဦးမလားဆိုတာ ငါ သိချင်မိတယ်...”
“ငါက ဘယ်လိုလုပ် သိမှာလဲ...”
ရီယွင်၏ မေးခွန်းက သူ၏ နာကျင်မှုကို သွားထိလိုက်သကဲ့သို့ ရှိနေသည်။ မဟာသွေးနဂါးမိစ္ဆာမှာ သူ၏ ဦးခေါင်းကို ငုံ့ထားလိုက်ပြီး သူ၏ စိတ်အခြေအနေမှာလည်း သိသိသာသာ ညှိုးငယ်သွားတော့သည်။
သူ၏ ဘိုးဘေးဖြစ်သော မဟာသွေးနဂါးမိစ္ဆာမှာ ထူးခြားသော နဂါးနတ်ဘုရား ဆယ်ပါးထဲမှ တစ်ပါးဖြစ်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသလို အလွန်ပင် အစွမ်းထက်လှသည်။ ထိုဆယ်ပါးထဲတွင်ပင် ၎င်းမှာ ထိပ်ဆုံး အဆင့်အချို့အတွင်း ပါဝင်နေသည်။ ရှေးဦးအချိန်ကာလမှ ထူးခြားသော နဂါးနတ်ဘုရား ဆယ်ပါးတို့၏ အချင်းချင်း တိုက်ခိုက်မှုအတွင်း၌ ၎င်း၏ ကံကြမ္မာမှာ မည်သို့ ဖြစ်သွားသည်ကို မည်သူမျှ မသိကြဘဲ အားလုံးက ကျဆုံးသွားပြီလားဟု တွေးတောနေကြသည်။
ဤသွေးနှောနဂါးမှာ အစောဆုံး ကျဆုံးခဲ့သော နဂါးများထဲမှ တစ်ဦးဖြစ်ပြီး နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များကို သဲသဲကွဲကွဲ မသိချေ။ သူ သေဆုံးသွားသည့်အခါ သူ၏ ကိုယ်တွင်းမှ အားနည်းလှသော မဟာသွေးနဂါးမိစ္ဆာ သွေးဗီဇကြောင့် သူသည် အခြားသော နဂါးနတ်ဘုရားများ၏ သက်စောင့်စွမ်းအားများကို အစဉ်မပြတ် စုပ်ယူနိုင်ခဲ့သည်။ အချိန်ကာလ အတော်ကြာပြီးနောက်တွင်မူ သူသည် အသွင်ပြောင်းလဲသွားခဲ့ပြီး ဒုတိယအကြိမ်မြောက် အသက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူ စတင် ပြန်လည် မွေးဖွားလာချိန်တွင် သူသည် အလွန်ပင် အားနည်းနေသေးသဖြင့် ချောက်ကမ်းပါးအတွင်း၌သာ ကျင့်ကြံနေခဲ့ပြီးနောက် ကြက်သွေးရောင် ဝတ်စုံနှင့်ဘုန်းကြီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုဘုန်းကြီးမှာ သူ့အား သတိမပြုမိသော်လည်း သူသည် ထိုဘုန်းကြီးအား နောင်တွင် စားသုံးရမည့် သားကောင်အဖြစ် ပစ်မှတ်ထားခဲ့ပြီး သူ၏ တံဆိပ်ခတ်နှိပ်မှုကို စောင့်ကြည့်လျက် သူ လွတ်မြောက်လာမည့်နေ့တွင် ထိုဘုန်းကြီးအား စားသုံးရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
မဟာသွေးနဂါးမိစ္ဆာမှာ အတွေးထဲ၌ နစ်မျောနေခဲ့သည်။ သူ သတိမပြုမိခင်မှာပင် မျက်စိတစ်မှိတ်အတွင်း၌ သူ့ရှေ့မှ အဖြူရောင်ဝတ်စုံနှင့် လူငယ်မှာ သူ၏ မှတ်ဉာဏ်များအတွင်းသို့ ဝင်ရောက် စူးစမ်းခဲ့ပြီး ဖြစ်သည်။
ရီယွင်မှာ တိတ်ဆိတ်နေခဲ့၏။ မဟာသွေးနဂါးမိစ္ဆာ၏ မှတ်ဉာဏ်များအတွင်း၌ သူသည် နဂါးကွယ်ပျောက်ရာကုန်းမြေပေါ်တွင် နေထိုင်ခဲ့ကြသော ခန့်ညားထည်ဝါလှသည့် မရေမတွက်နိုင်သော နဂါးမျိုးနွယ်စုများကို နောက်တစ်ကြိမ် မြင်တွေ့ခဲ့ရသည်။ သူတို့၏ ခမ်းနားမှုနှင့် ကျယ်ပြောမှုမှာ မဖော်ပြနိုင်လောက်အောင်ပင် ဖြစ်ပေသည်။ သို့သော်လည်း နဂါးများကြားမှ တိုက်ပွဲများမှာ အလွန်ပင် ရက်စက်လှသည်။ ဤသွေးနှောနဂါးလေးမှာ ထိုအချိန်တုန်းက စစ်မှန်သောနတ်ဘုရားနယ်မြေ ၌သာ ရှိသေးသည်။ သူသည် နောက်ဆုံးတွင် နဂါးမျိုးနွယ်စု တိုက်ပွဲတစ်ခုအတွင်း၌ သေဆုံးခဲ့ရခြင်း ဖြစ်သည်။
“မင်း ငါ့ရဲ့ နဂါးနတ်ဘုရားဂိုဏ်းထဲကို ဝင်ဖို့ ဆန္ဒရှိလား...”
ရီယွင်က သူ၏ မျက်လုံးများဖြင့် မဟာသွေးနဂါးမိစ္ဆာအား အသေသေချာချာ စိုက်ကြည့်လျက် မေးမြန်းလိုက်သည်။
“နဂါးနတ်ဘုရားဂိုဏ်း ဟုတ်လား...”
မဟာသွေးနဂါးမိစ္ဆာမှာ မျက်တောင်ခတ်လိုက်ပြီး မသိစိတ်မှ ပြန်လည် ဖြေကြားလိုက်သည်။
“အဲ့ဒါက ဘယ်လိုမျိုး ဂိုဏ်းလဲ... လူသားမျိုးနွယ်တွေ တည်ထောင်ထားတာလား...”
ရီယွင်က ခေါင်းညိတ်ပြလိုက်သည်။
“ငါ့လို နဂါးနတ်ဘုရား တစ်ပါးက လူသားမျိုးနွယ်တွေရဲ့ အဆင့်နိမ့်ဂိုဏ်းထဲကို ဘယ်လိုလုပ် ဝင်မှာလဲ... ဒါက လုံးဝကို မဖြစ်နိုင်ဘူး... မင်း ငါ့ကို သတ်လိုက်ရင်တောင်မှ ငါ သဘောတူမှာ မဟုတ်ဘူး...”
အထိမခံနိုင်သော နေရာကို အထိခံလိုက်ရသကဲ့သို့ မဟာသွေးနဂါးမိစ္ဆာက စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လိုက်တော့သည်။
ရီယွင်မှာမူ စိတ်ဆိုးခြင်း မရှိဘဲ အသာအယာ ပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။ နဂါးမျိုးနွယ်စုဝင်တိုင်းမှာ ဂုဏ်ယူဝံ့ကြွားသော စိတ်ရှိကြသည်ကို သူ ကောင်းစွာ သိရှိထားသည်။ အထူးသဖြင့် ရှေးဦးအချိန်ကာလမှ နဂါးနတ်ဘုရားများ ဖြစ်ပေရာ ပို၍ပင် ဆိုးပေလိမ့်မည်။ လူသားမျိုးနွယ်စုမှာ ရှေးဦးအချိန်ကာလတုန်းက အထူးသဖြင့် နဂါးကွယ်ပျောက်ရာကုန်းမြေပေါ်တွင် ပြောပလောက်စရာ မရှိခဲ့ချေ။ နဂါးနတ်ဘုရားတစ်ပါး၏ အမြင်တွင် လူသားများမှာ နိမ့်ကျသော တည်ရှိမှုများသာ ဖြစ်ကြသည်။
သို့သော် အချိန်ကာလများက အရာအားလုံးကို ပြောင်းလဲစေခဲ့ပြီဖြစ်ရာ ယခုအခါ အရာအားလုံးမှာ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ သူ့ရှေ့မှ မဟာသွေးနဂါးမိစ္ဆာမှာ စွမ်းရည်အချို့ ရှိနေသော်လည်း နတ်ဘုရားနယ်မြေရှိ လူသားမျိုးနွယ်စု၏ ပြင်းထန်သော အင်အားစုများကို ယှဉ်နိုင်စရာ အကြောင်းမရှိချေ။ ရီယွင်သည် ဤနဂါးအား အလဟဿ အသေမခံစေချင်ပေ။ ဘာပဲဖြစ်ဖြစ် သူ၏ သွေးဗီဇမှာ အလွန်ပင် ရှားပါးလှသဖြင့် ထိန်းသိမ်းထားရန် လိုအပ်ပေသည်။
မဟာသွေးနဂါးမိစ္ဆာမှာ မည်မျှအထိ ခေါင်းမာသည်ကို မြင်ရသည့်အခါ မြင်းနက်ကြီးက စိတ်ပျက်သော အမူအရာကို ပြသလိုက်ပြီး အေးစက်စွာ ဆိုလိုက်၏။
“မင်းကတော့ တကယ့်ကို အဆိုးအကောင်း မသိတဲ့ကောင်ပဲ...”
“မသိတော့ ဘာဖြစ်လဲ... လူသားကျင့်ကြံသူတွေရဲ့ ဂိုဏ်းထဲကို ငါ လုံးဝ ဝင်မှာမဟုတ်ဘူး...”
မဟာသွေးနဂါးမိစ္ဆာက ဟိန်းဟောက်လျက် ပြန်လည် တုံ့ပြန်လိုက်သည်။
“အဲ့ဒီလိုလား... ဟားဟားဟား...”
ရီယွင်က စိတ်ဆိုးမည့်အစား ရယ်မောလိုက်ပြီး သူ၏မျက်နှာမှာ တည်ငြိမ်အေးချမ်းနေခဲ့သည်။ သူ၏ ကိုယ်ခန္ဓာမှာ အသာအယာ တုန်ယင်သွားပြီးနောက် နဂါးဘိုးဘေး၏ မဟာနဂါးနတ်ဘုရား အသက်ရှူသံအော်ရာ အစအနလေးတစ်ခုမှာ ဒီရေလှိုင်းများအလား ထွက်ပေါ်လာခဲ့သည်။
နဂါးဘိုးဘေး သွေးဗီဇမှာ ခေတ်အဆက်ဆက် အဆုံးစွန်သော စွမ်းအား ဖြစ်ပေရာ ကမ္ဘာပေါ်ရှိ နဂါးနတ်ဘုရား အားလုံးမှာ မနာခံဘဲ မနေဝံ့ကြချေ။ သန့်စင်သော သွေးဗီဇ အင်အားလှိုင်းကြီးမှာ ရှေ့သို့ လိမ့်ဆင်းလာခဲ့သည်။ ၎င်းမှာ အလွန်ပင် ပြင်းထန်လှသဖြင့် မဟာသွေးနဂါးမိစ္ဆာမှာ မှင်တက်မိသွားရ၏။
“ဒါက...”
မဟာသွေးနဂါးမိစ္ဆာမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်၏။
“ဒါက နဂါးဘိုးဘေးရဲ့ သွေးဗီဇလား...”
ထိုအခိုက်အတန့်တွင် သူသည် ရီယွင်အား သေသေချာချာ စိုက်ကြည့်နေမိပြီး သူ၏ မျက်လုံးများမှာလည်း မျက်တွင်းမှ ပြူးထွက်မတတ် ဖြစ်နေတော့သည်။ သူ၏ အိပ်မက်ထဲတွင်ပင် ဤကဲ့သို့သော သာမန်လူသားတစ်ဦးက နဂါးဘိုးဘေး သွေးဗီဇကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ချေ။
‘ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...’
နဂါးဘိုးဘေးမှာ အမြင့်ဆုံးတွင် တည်ရှိနေခြင်းဖြစ်ပြီး လူသားမျိုးနွယ်နှင့် ဘယ်တုန်းကမှ သွေးနှောခဲ့ခြင်း မရှိခဲ့ချေ။ ဘယ်လိုလုပ်ပြီး ဒီလူသားရဲ့ ကိုယ်ထဲမှာ ဤမျှသန့်စင်ပြီး ပြင်းထန်သည့် နဂါးဘိုးဘေး သွေးဗီဇ ရှိနေရသနည်း။
“မဖြစ်နိုင်ဘူး... နဂါးဘိုးဘေးက ပျောက်ကွယ်သွားတာ ကြာလှပြီ... နဂါးဘိုးဘေး သွေးဗီဇက ဒီကမ္ဘာပေါ်မှာ ရှိနေဦးမှာ မဟုတ်သလို... နဂါးဘိုးဘေး သွေးဗီဇရှိတဲ့ လူသားကျင့်ကြံသူဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်... မင်း... မင်း ငါ့အပေါ်မှာ ပုံရိပ်ယောင်နည်းစနစ် တစ်ခုခု သုံးထားတာပဲ ဖြစ်ရမယ်...”
မဟာသွေးနဂါးမိစ္ဆာက နာကျင်မှုနှင့် ဒေါသတို့ ရောပြွမ်းလျက် ဟိန်းဟောက်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် သူ၏ စိတ်ခံစားချက်များမှာ အလွန်ပင် ပြင်းထန်နေခဲ့သည်။ အကယ်၍ ၎င်းမှာ ပုံရိပ်ယောင်နည်းစနစ်တစ်ခု ဖြစ်နေသည်ဆိုပါစေ သူသည် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် နဂါးဘိုးဘေး သွေးဗီဇ၏ ကြွယ်ဝသော အရှိန်အဝါကို သဲသဲကွဲကွဲ ခံစားလိုက်ရသဖြင့် သူ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ခြင်း ဖြစ်ပေသည်။
“သခင်ကြီး... ကျွန်တော်ကြည့်ရသလောက်တော့ ဒီကောင်ရဲ့ ဦးနှောက်က သုံးမရတော့ဘူး ထင်တယ်...”
မြင်းနက်ကြီးက ဘေးနားမှနေ၍ နှုတ်ခမ်းကို သပ်လျက် ခေါင်းခါယမ်းကာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တော့သည်။
အခန်း ၂၂၀ ပြီးပါပြီ။