အခန်း ၂၂၃
Vol. 15 Ch. 223
အခန်း ၂၂၃ - ကျားနတ်ဘုရားတောင်တန်းမှ စေ့စပ်ပွဲ ဖျက်သိမ်းခြင်း
မြင်းနက်ကြီးသည် မြင်းလှည်းကို ဆွဲလျက် ကျားနတ်ဘုရားတောင်တန်းဆီသို့ ဖြည်းညင်းစွာ ဦးတည်နေသည်။ သူသည် လမ်းတစ်လျှောက်တွင် အတွင်းစိတ်၌ တဟားဟား ရယ်မောနေမိ၏။
‘ဒီတစ်ခါတော့ မဟာသွေးနဂါးမိစ္ဆာက သခင်ကြီးရဲ့ ဖိနှိပ်မှုကို တကယ်ပဲ အကြီးအကျယ် ခံလိုက်ရတာပဲ... သွေးနဂါးစစ်စစ်ကြီးကို သခင်ကြီးက ကြောင်နီလေးတစ်ကောင်အဖြစ် ပြောင်းပစ်လိုက်တာ... တကယ့်ကို ရယ်စရာပဲ...’
ကြောင်မလေးက တိုးညင်းသောအသံဖြင့် ဆိုလိုက်၏။
“စီနီယာ... အမှန်တော့ ကြောင်တစ်ကောင်အဖြစ် နေရတာက သိပ်ပြီး မဆိုးပါဘူး... ကျွန်မကို ကြည့်ပါလား... အခုဆိုရင် အသားကျနေပြီလေ...”
“ဟုတ်လို့လား...”
အစွမ်းထက် သွေးနဂါးမိစ္ဆာက မြင်းလှည်းပေါ်တွင် စိတ်ပျက်လက်ပျက် လှဲလျောင်းနေရင်း အပြင်ဘက်မှ ကောင်းကင်ယံကို သက်မဲ့မျက်လုံးများဖြင့် ငေးကြည့်ကာ ဆိုသည်။
ထိုအချိန်တွင် ကြောင်နက်ကြီးက သူ၏စိတ်ကို ပြန်လည်စုစည်းလိုက်သည်။ ဤသည်မှာ စီနီယာကြီးကို မျက်နှာသာပေးရန် အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း သူ သိရှိလိုက်သဖြင့် အလျင်အမြန်ပင် ရယ်မောလျက် ဝင်ပြောလိုက်၏။
“စီနီယာ... ကြောင်တစ်ကောင်အဖြစ် နေရတာ တကယ်ပဲ မဆိုးပါဘူး... လောလောဆယ်တော့ ဒီလိုပဲ နေကြည့်ပါဦး... ခဏကြာရင် သခင်ကြီးက စီနီယာ့ကို မူလအတိုင်း ပြန်ပြောင်းပေးမှာပေါ့...”
အစွမ်းထက် သွေးနဂါးမိစ္ဆာက ‘နဂါးတစ်ကောင်အဖြစ် နေရတာက ပိုကောင်းပါသေးတယ်...’ ဟု အော်ဟစ်ပြောလိုက်ချင်သော်လည်း မြင်းလှည်းအတွင်း၌ ထိုင်နေသော သခင်ကြီးကို တွေးမိသည့်အခါ သူ၏ဒေါသကို မျိုသိပ်လိုက်ရပြီး ထိုစကားများကို ပြန်သိမ်းလိုက်ရသည်။
“ကြောင်တစ်ကောင်အဖြစ် နေရတာကလည်း တော်တော်လေး ကောင်းပါတယ်...”
အစွမ်းထက် သွေးနဂါးမိစ္ဆာက ရုတ်တရက် ရယ်မောလျက် ဆိုလိုက်၏။
ကြောင်နက်ကြီးက သူ၏မျက်နှာကို သံသယဖြင့် အကဲခတ်လိုက်သည်။ ထိုရယ်မောသံမှာ အစစ်အမှန်ဖြစ်နေသည်ကို တွေ့ရသည့်အခါ သူသည် တစ်ဦးတည်း ရေရွတ်နေမိသည်။
‘ငါ့ရှေ့က နဂါးမျိုးနွယ်စုက စီနီယာက တကယ်ပဲ ကြောင်တစ်ကောင်အဖြစ် နေရတာကို ဒီလောက်အထိ လိုလိုလားလား ရှိနေတာလား...’
“စီနီယာက ဘယ်ကနေ လာတာလဲဟင်...”
သူမရှေ့မှ ကြောင်နီလေးကို မြင်ရသည့်အခါ ကြောင်မလေးမှာ ရင်းနှီးမှုကို များစွာ ခံစားလိုက်ရသည်။ သူမသည် သတ္တိမွေးလျက် အစွမ်းထက် သွေးနဂါးမိစ္ဆာ၏ နောက်ခံအကြောင်းကို မေးမြန်းလိုက်၏။
“ငါက...”
အစွမ်းထက် သွေးနဂါးမိစ္ဆာက စကားစပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် ပါးစပ်ပိတ်လိုက်သည်။ ယခုအခါ သူသည် ကြောင်တစ်ကောင် ဖြစ်နေပြီဖြစ်ရာ ရှေးဦးအချိန်ကာလမှ ကိစ္စရပ်များကို မပြောခြင်းက ပို၍ကောင်းမွန်လိမ့်မည် ဖြစ်ပေသည်။
“ငါက နဂါးတစ်သောင်းတောင်တန်းမှာ တံခါးပိတ် ကျင့်ကြံနေခဲ့တာပါ... မမျှော်လင့်ဘဲ သခင်ကြီးနဲ့ ဆုံခဲ့ပြီး သူ့နောက်ကို လိုက်လာခဲ့တာပေါ့...”
အစွမ်းထက် သွေးနဂါးမိစ္ဆာက အားနည်းသော လေသံဖြင့် ရှင်းပြလိုက်သည်။
“ဪ... အဲ့ဒီလိုကိုး...”
ကြောင်မလေးက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
ကြောင်မလေး၏ အပြစ်ကင်းပြီး ချစ်စရာကောင်းသော အမူအရာကို ကြည့်ရင်း ကြောင်နက်ကြီးမှာ သူမ၏နဖူးကို လက်ဝါးဖြင့် ရိုက်ပစ်လိုက်ချင်တော့သည်။ ဤမိန်းကလေးမှာ တကယ့်ကို ရဲတင်းလှပေသည်။ ထာဝရနယ်ပယ် စီနီယာကြီးတစ်ဦး၏ ရှေ့မှောက်တွင် ဘာမဆို ပြောဝံ့နေသည် မဟုတ်ပါလား။ နွားငယ်မှာ ကျားကို မကြောက်ဆိုသလိုပင် ဖြစ်နေတော့သည်။
ရုတ်တရက် ကြောင်မလေးသည် အတွေးတစ်ခု ရသွားပုံရပြီး သူမ၏မျက်နှာမှာ ဝမ်းသာအားရဖြစ်သွားကာ ရှေ့မှ မြင်းနက်ကြီးကို ကြည့်လျက် မေးမြန်းလိုက်၏။
“ဦးလေးမြင်း... ကျွန်မတို့ နောက်ထပ်သွားမယ့်နေရာက ကျားနတ်ဘုရားတောင်တန်းလားဟင်...”
မြင်းနက်ကြီးက ရယ်မောလိုက်သည်။
“ဟုတ်တယ်... ငါတို့ ကျားနတ်ဘုရားတောင်တန်းကို ဦးတည်နေတာပါ... သခင်ကြီးက မင်းရဲ့စေ့စပ်ပွဲကို ဖျက်သိမ်းပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား...”
ဤသည်ကို ကြားရသည့်အခါ ကြောင်မလေးမှာ စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်တော့သည်။
နဂါးတစ်သောင်းတောင်တန်း၏ နယ်မြေမှ ထွက်ခွာလာပြီးနောက် မြင်းနက်ကြီးသည် မြင်းလှည်းကို ကောင်းကင်ယံမှ မြေပြင်သို့ ဆင်းသက်စေခဲ့သည်။ ဘာပဲဖြစ်ဖြစ် နဂါးတစ်သောင်းတောင်တန်းမှာ ခန့်မှန်း၍မရနိုင်သော ချောက်ကမ်းပါးကြီးတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်ပေရာ မြင်းနက်ကြီးမှာ ကောင်းကင်ယံမှတစ်ဆင့် ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည်။
သူတို့သည် တောင်လမ်းတစ်လျှောက် အေးအေးဆေးဆေး ခရီးနှင်နေစဉ် ဖြတ်သန်းသွားသော အနက်ရောင်မြင်းလှည်းကို မြင်တွေ့ရသည့် ကျင့်ကြံသူများမှာ မအံ့ဩဘဲ မနေနိုင်ကြချေ။
“ကြည့်စမ်း... ဟိုမြင်းလှည်းပေါ်မှာ ကြောင်သုံးကောင် လှဲနေတာပဲ... အဲ့ဒီမြင်းလှည်းပိုင်ရှင်က ကြောင်တွေကို ဘယ်လောက်အထိ ချစ်လဲဆိုတာ သိသာတာပဲ...”
“ဟုတ်ပ...”
ခရီးတစ်လျှောက်လုံးတွင် အပြောခံရပြီး ဝေဖန်ခံနေရခြင်းက အစွမ်းထက် သွေးနဂါးမိစ္ဆာအတွက် အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသော်လည်း သူသည် ဒေါသအနည်းငယ်မျှပင် မပြဝံ့ချေ။ သခင်ကြီးမှာ နဂါးဘိုးဘေး၏ ကိုယ်ထည်ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူ၏နှလုံးသားထဲတွင်မူ နဂါးဘိုးဘေးကိုယ်တိုင်အလား မြင့်မြတ်လှပေသည်။ သူသည် ရှေးဦးအချိန်ကာလက နဂါးဘိုးဘေး ပျောက်ကွယ်သွားပြီးနောက် ဘာတွေများ ဖြစ်ပျက်ခဲ့သနည်း၊ ဘာကြောင့် သူ့ရှေ့မှ အဖြူရောင်ဝတ်စုံနှင့် သခင်ကြီးက နဂါးဘိုးဘေးနှင့် ဤမျှအထိ ဆင်တူနေရသနည်းဆိုသည်ကို တွေးတောနေမိသည်။ ထိုအတွေးမှာ သူ၏ဦးခေါင်းကို ပေါက်ကွဲမတတ် ဖြစ်စေတော့သည်။
‘ဘာပဲဖြစ်ဖြစ် ငါက အခု ကြောင်တစ်ကောင်ပဲ... ငါ ဘယ်လိုနေနေ ဘယ်သူမှ ဘာမှ ပြောမှာမဟုတ်ဘူး’ ဟု သူ တွေးလိုက်၏။ ထို့ကြောင့် သူသည် သူ၏ဦးခေါင်းကို သူ၏နူးညံ့သော ဝမ်းဗိုက်ထဲသို့ ထိုးထည့်လိုက်ပြီး အိပ်ပျော်သွားတော့သည်။
စီနီယာကြီး အိပ်ပျော်သွားသည်ကို မြင်ရသည့်အခါ ကြောင်နက်ကြီးမှာ သူ၏နှုတ်ခမ်းကို တွန့်လိုက်မိသည်။
“ကြောင်လေး... ဒီကနေ ကျားနတ်ဘုရားတောင်တန်းကို ရောက်ဖို့ ဘယ်လောက်အထိ ဝေးသေးလဲဟင်...”
ကြောင်နက်ကြီးက တိုးညင်းစွာ မေးမြန်းလိုက်၏။
“နှစ်ရက်၊ သုံးရက်လောက်တော့ သွားရဦးမယ် ထင်တယ်...”
ကြောင်မလေးက မြင်းလှည်း၏ အရှိန်ကို ခန့်မှန်းလျက် စိတ်ထဲမှ တွက်ချက်ကာ ပြန်လည် ဖြေကြားလိုက်သည်။
“ကောင်းပြီ... ငါ ကျင့်ကြံဖို့ အချိန်ရသေးတာပေါ့...”
ကြောင်နက်ကြီးက ရယ်မောလျက် ဆိုလိုက်သည်။ ထို့ကြောင့် သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို ဆက်လက် ကျင့်ကြံနေတော့သည်။ ဤနတ်စွမ်းရည်မှာ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်အတွင်း၌ သူ၏အသက်ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့သဖြင့် ကြောင်နက်ကြီးမှာ ယခုအခါ ၎င်းကို ကျွမ်းကျင်အောင် တစိုက်မတ်မတ် အာရုံစိုက်နေခြင်း ဖြစ်သည်။ သူသည် အခြေခံအဆင့်ကို အမြန်ဆုံး ရောက်ရှိစေရန် နေ့ညမပြတ် မနားတမ်း လေ့ကျင့်နေတော့သည်။
ကြောင်မလေးသည်လည်း ပျင်းရိနေသဖြင့် သူမ ထိုင်နေသော နေရာမှာပင် စတင် ကျင့်ကြံနေခဲ့သည်။
မြင်းနက်ကြီးမှာလည်း မျက်လုံးများကို အနည်းငယ် မှိတ်လျက် ခရီးနှင်နေရင်း ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို တိတ်တဆိတ် လေ့ကျင့်နေခဲ့သည်။ သူသည်လည်း သခင်ကြီး ၎င်းကို အသုံးပြုသည့်အခါ မည်မျှအထိ စွမ်းအားကြီးမားကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် ဤနတ်စွမ်းရည်အပေါ် အလွန်ပင် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
ခရီးစဉ်မှာ မည်သည့်ကျင့်ကြံသူ၏ နှောင့်ယှက်မှုမျှမရှိဘဲ ချောမွေ့စွာ ဆက်လက်ရှိနေခဲ့သည်။
သုံးရက် ကြာပြီးနောက် အနက်ရောင်မြင်းလှည်းသည် ကျားနတ်ဘုရားတောင်တန်း၏ ခြေရင်းသို့ ရောက်ရှိလာခဲ့သည်။
“နောက်ဆုံးတော့ ရောက်ပြီ...”
ကြောင်မလေးက ရင်းနှီးနေသော အနက်ရောင်တောင်တန်းကြီးကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လျက် အော်ဟစ်လိုက်သည်။
ကြောင်နက်ကြီးသည်လည်း မတ်တတ်ထရပ်လိုက်၏။ သူသည် ကြောင်မလေးအား ဤစေ့စပ်ပွဲကို ဖျက်သိမ်းပေးရန် ကတိပေးခဲ့သည် မဟုတ်ပါလား။
‘ဒီတစ်ခါတော့ ငါပဲ ဦးဆောင်ရမယ်... တကယ်လို့ ငါ့ရဲ့ ခွန်အားက မလုံလောက်ဘူးဆိုရင်မှ ဦးလေးမြင်းကို ကြားဝင်ခိုင်းတော့မယ်’
ကျားနတ်ဘုရားတောင်တန်းမှာ မိုင်ပေါင်းထောင်ချီ၍ ရှည်လျားပြီး ၎င်း၏ တောင်တန်းအသွင်အပြင်မှာ မြေပြင်ပေါ်တွင် ဝပ်စင်းနေသော ဧရာမ ကျားကြီးတစ်ကောင်နှင့် တူနေကာ အလွန်ပင် ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ မြင်းနက်ကြီးသည် မြင်းလှည်းကို တောင်တန်းကြီး၏ အနက်ရှိုင်းဆုံးနေရာရှိရာသို့ ဆွဲခေါ်သွားတော့သည်။
နှစ်နာရီ ကြာပြီးနောက်...
သူတို့သည် ရွှေရောင်အစင်းကျားနက် မျိုးနွယ်စု၏ အခြေချရာနေရာကို မြင်တွေ့လိုက်ရသည်။
“ဘယ်သူလဲ...”
မိစ္ဆာမျိုးနွယ်စုမှ ရွှေရောင်အစင်းကျားနက် လူငယ်နှစ်ဦးမှာ ရုတ်တရက် ပေါ်ထွက်လာပြီး သူတို့၏လမ်းကို ပိတ်ဆို့လိုက်ကြသည်။
ကြောင်မလေးမှာ အသွင်ပြောင်းလိုက်ရာ ကြက်သွေးရောင်ဝတ်စုံနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးပျိုလေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
“ငါပါ...”
ကြောင်မလေးက အေးစက်စွာ ဆိုလိုက်၏။
“ငါ မင်းတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်ကို တွေ့ချင်လို့... သွားပြီး အကြောင်းကြားလိုက်စမ်း...”
ထိုလူငယ်နှစ်ဦးမှာ အလွန်လှပသော ကြောင်မလေးကို ချက်ချင်း မှတ်မိလိုက်ကြပြီး သူမသည် မည်သည့်နေရာမှ လာကြောင်းကိုလည်း သိရှိကြသည်။ ရောက်ရှိလာသူမှာ သူတို့ သခင်လေး၏ စေ့စပ်ထားသူဖြစ်သော ဝိညာဉ်ကြောင်မျိုးနွယ်စုမှ ကြောင်မလေးပင် ဖြစ်သည်။
“ကောင်းပါပြီ...”
သူတို့နှစ်ဦးစလုံးမှာ အချိန်ဆွဲရန် မဝံ့ကြချေ။ လူငယ်တစ်ဦးမှာ ချက်ချင်းပင် ကိုယ်ကို လှည့်၍ သတင်းပို့ရန် အပြေးအလွှား ထွက်သွားတော့သည်။
မြင်းနက်ကြီးမှာမူ မြင်းလှည်းကို မရပ်မနားဘဲ ရှေ့သို့ ဆက်လက် ဆွဲခေါ်နေခဲ့သည်။ ကျန်ရှိနေသော လူငယ်မှာလည်း သူတို့အား တားဆီးရန် မဝံ့ရဲချေ။
ကြောင်နက်ကြီးသည်လည်း အသွင်ပြောင်းလိုက်ရာ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
“မင်း ငါ့ရဲ့ အကူအညီ လိုအပ်တယ်ဆိုရင် ခေါ်လိုက်နော်...”
အစွမ်းထက် သွေးနဂါးမိစ္ဆာက ကြောင်နက်ကြီးကို မော့ကြည့်လျက် လှမ်းပြောလိုက်သည်။ သူသည် ဤခရီးစဉ်တစ်လျှောက်တွင် အလွန်ပင် ပျင်းရိနေခဲ့ပြီး ရှားရှားပါးပါး စေ့စပ်ပွဲ ဖျက်သိမ်းသည့် စိတ်လှုပ်ရှားဖွယ်ကိစ္စကို တွေ့ရှိလိုက်ရသဖြင့် သူလည်း ပါဝင်ချင်နေခြင်း ဖြစ်သည်။
ကြောင်နက်ကြီးက ကိုယ်ကို လှည့်ကာ ပြုံးလျက် ဆိုလိုက်၏။
“စီနီယာ... ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါလား...”
“ကောင်းသားပဲ...”
အစွမ်းထက် သွေးနဂါးမိစ္ဆာမှာ ချက်ချင်းပင် စိတ်အားထက်သန်သွားပြီး လွှားခနဲ ခုန်လိုက်ရာ ကြောင်နက်ကြီး၏ ပုခုံးပေါ်သို့ ရောက်ရှိသွားတော့သည်။ သူ၏ကိုယ်မှာ ယခင်ကထက် ပိုမိုသေးငယ်အောင် ပြောင်းလဲလိုက်၏။ သေးငယ်သော ကြောင်နီလေးတစ်ကောင်အလား သူသည် ကြောင်နက်ကြီး၏ ပုခုံးပေါ်တွင် ထိုင်နေခဲ့ပြီး အလွန်ပင် ချစ်စရာကောင်းနေတော့သည်။
“ငါ့ကို စီနီယာလို့ မခေါ်ပါနဲ့တော့... အဲ့ဒါက ငါ့ကို အရမ်းအိုစာသွားသလို ခံစားရစေတယ်... ငါ့ကို ဒုတိယအစ်ကိုလို့ပဲ ခေါ်ပါလား...”
အစွမ်းထက် သွေးနဂါးမိစ္ဆာက ခေါင်းခါယမ်းလျက် အကြံပေးလိုက်သည်။
“ဒုတိယအစ်ကို ဟုတ်လား...”
ကြောင်နက်ကြီးမှာ ထိတ်လန့်သွားရပြီး အလျင်အမြန် ခေါင်းခါယမ်းလိုက်သည်။
“အဲ့ဒီလိုတော့ မလုပ်ပါနဲ့ စီနီယာ... ကျွန်တော်တို့ စည်းကမ်းတွေကို မဖောက်ဖျက်သင့်ပါဘူး...”
“ကောင်းပြီ... ကောင်းပြီ...”
အစွမ်းထက် သွေးနဂါးမိစ္ဆာက သက်ပြင်းချလိုက်ပြီး မတတ်သာဘဲ ခေါင်းခါယမ်းလိုက်ရ၏။
မြင်းလှည်းမှာ အတွင်းဘက်သို့ ဆက်လက် ဝင်ရောက်ခဲ့ပြီး နောက်ဆုံးတွင် ကျယ်ဝန်းသော ရင်ပြင်တစ်ခု၌ ရပ်တန့်သွားသည်။ ကြောင်မလေးနှင့် ကြောင်နက်ကြီးတို့မှာ မြင်းလှည်းပေါ်မှ ခုန်ဆင်းလိုက်ကြပြီး ရှေ့ဘက်ရှိ ခမ်းနားသော ခန်းမဆောင်ကြီးရှိရာသို့ လျှောက်လှမ်းသွားကြတော့သည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူကောင်ကြီးကြီး အမျိုးသားတစ်ဦးမှာ ခန်းမဆောင်အတွင်းမှ အမြန် လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။
ထိုသူ့ကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ကြောင်နက်ကြီးမှာ ဝမ်းသာသွားတော့သည်။
‘ဟား... ဒီ ချစ်စရာကောင်းတဲ့ ငတုံးကောင်လူသန်ကြီးနဲ့ နောက်တစ်ခါ ပြန်ဆုံပြန်ပြီပဲ...’
ရွှေရောင်အစင်းကျားနက်သည် ကြောင်မလေးကို မြင်လိုက်ရသည့်အခါ သူ၏မျက်လုံးများ ဝင်းလက်သွားတော့သည်။ သူသည် ဖြီးပြလိုက်ပြီး ဆိုလိုက်၏။
“ကြောင်မလေး... မင်း ပြန်လာတာ တကယ့်ကို အချိန်ကိုက်ပဲ... မဟုတ်ရင်တော့ ငါ မင်းရဲ့ ဝိညာဉ်ကြောင်မျိုးနွယ်စုဆီကို သွားပြီး မင်းရဲ့ မိဘတွေကို သွားတွေ့ရတော့မှာ...”
“ငါ့မိဘတွေကို တွေ့မယ် ဟုတ်လား...”
ကြောင်မလေး၏ အမူအရာမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။
အခန်း ၂၂၃ ပြီးပါပြီ။