အခန်း ၂၂၄
Vol. 15 Ch. 224
အခန်း ၂၂၄ - ဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ
“ငါတို့ မိဘတွေရဲ့ အမိန့်နဲ့ အောင်သွယ်တော်ရဲ့ စကားအရ ငါတို့က စေ့စပ်ထားပြီးသားလေ... အခု ကျန်တာဆိုလို့ မင်္ဂလာပွဲကျင်းပဖို့နဲ့ မင်္ဂလာဦးညကို အတူတူဖြတ်သန်းဖို့ပဲ ရှိတော့တာ...”
ရွှေရောင်အစင်းကျားနက်က လက်ပိုက်လျက် ရယ်မောကာ ဆိုလိုက်၏။
သူသည် သူ၏ဘေးတွင် ရပ်နေသော ကြောင်နက်ကြီးအား လုံးဝ အရေးမစိုက်ခဲ့ချေ။ သူ၏အမြင်တွင် ကြောင်နက်ကြီးနှင့် သူ၏ကြား၌ နယ်ပယ်အဆင့်ငယ် သုံးဆင့်ခန့် ကွာခြားနေသဖြင့် ကြောင်နက်ကြီးမှာ သူ့အား ယှဉ်နိုင်စရာ အကြောင်းမရှိဟု ယူဆထားခြင်း ဖြစ်သည်။
သူ၏ ပတ်ဝန်းကျင်တွင် သူတို့မျိုးနွယ်စုဝင်များနှင့် စီနီယာများ ဝန်းရံနေကြသည်။ သူတို့တစ်ဦးချင်းစီမှာလည်း အံ့ဩစရာကောင်းသော ကျင့်ကြံမှုနယ်ပယ်များကို ပိုင်ဆိုင်ထားကြပေရာ ကြောင်နက်ကြီးအနေဖြင့် သူတို့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်သည်မှာ သေချာပေသည်။ ရွှေရောင်အစင်းကျားနက်သည် အဝေးတွင် ရပ်ထားသော အနက်ရောင်မြင်းလှည်းကို အမှုမဲ့အမှတ်မဲ့ လှမ်းကြည့်လိုက်၏။ ထိုမြင်းလှည်းမှာ သာမန်မျှသာဖြစ်ပြီး ၎င်းကို ဆွဲလာသော မြင်းနက်ကြီးမှာလည်း ထူးခြားမှုမရှိသဖြင့် သူ့အနေဖြင့် အနည်းငယ်မျှပင် စိတ်ဝင်စားမှု မရှိခဲ့ချေ။
၎င်းအစား သူ၏အကြည့်မှာ ကြောင်နက်ကြီး၏ ပုခုံးပေါ်တွင် လှဲလျောင်းနေသော သေးငယ်သော ကြောင်နီလေးပေါ်သို့ ကျရောက်သွားသည်။ ၎င်းမှာ အလွန်ပင် သေးငယ်ပြီး ချစ်စရာကောင်းလှပေသည်။
'ကြောင်နက်ကြီးကတော့ တကယ့်ကို ထူးဆန်းတဲ့ အကြိုက်ရှိတာပဲ...'
ရွှေရောင်အစင်းကျားနက်က နှုတ်ခမ်းကို သပ်လျက် တွေးတောလိုက်မိသည်။
ရွှေရောင်အစင်းကျားနက်က အပိုင်တွက်ကာ ပြောဆိုနေပြီး သူမ၏ မိဘများကိုပါ ဆွဲထည့်ရန် ကြံစည်နေသည်ကို မြင်ရသည့်အခါ ကြောင်မလေးမှာ အကြီးအကျယ် ဒေါသထွက်သွားတော့သည်။
“ငါ ဒီတစ်ခါ မင်းကို လာတွေ့တာက ငါတို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ပဲ...”
သူမက ခါးထောက်လျက် ဒေါသတကြီး အော်ဟစ်လိုက်၏။
“စေ့စပ်ပွဲ ဖျက်သိမ်းမယ် ဟုတ်လား... အဲ့ဒါက မဖြစ်နိုင်ဘူး... မင်းရဲ့ မိဘတွေကိုသာ ခေါ်လာခဲ့စမ်းပါ... သူတို့ကကော ဒီလိုစကားမျိုး ပြောရဲမလားဆိုတာ ကြည့်ရသေးတာပေါ့...”
သူက မောက်မာစွာ ရယ်မောလိုက်သည်။
ထိုအခိုက်အတန့်တွင် ကံကြမ္မာနယ်ပယ် ကျင့်ကြံမှုရှိသော သန်မာသည့် လူငယ်တစ်စုမှာ ရုတ်တရက် ပေါ်ထွက်လာပြီး ကြောင်နက်ကြီးနှင့် ကြောင်မလေးတို့အား အလယ်တွင်ထားကာ ခြိမ်းခြောက်သော အမူအရာများဖြင့် ဝိုင်းရံလိုက်ကြတော့သည်။ ရွှေရောင်အစင်းကျားနက်မှာ ပိုမို၍ ရဲတင်းလာခဲ့ပြီး သူ၏မျက်နှာပေါ်တွင်လည်း အေးစက်သော သရော်ပြုံးမှာ အစဉ်မပြတ် ရှိနေခဲ့သည်။ သူ၏ နယ်မြေပေါ်တွင် သူသည် မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်း မရှိချေ။ မည်သူမဆို ပြဿနာရှာရန် ကြိုးပမ်းပါက သူသည် ထိုသူအား အမြစ်ပြတ် သုတ်သင်ပစ်မည်သာ ဖြစ်သည်။
ကြောင်နက်ကြီးမှာမူ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေခဲ့သည်။ သူ၏ သခင်ကြီး၏ ခန့်ညားထည်ဝါမှုကို အမှတ်ရလျက် သူက တည်ငြိမ်စွာ ဆိုလိုက်၏။
“မိုက်မဲတဲ့ ငတုံးကောင်... မင်း ဆန္ဒရှိရှိ မရှိရှိ ဒီစေ့စပ်ပွဲကို မင်း ဖျက်သိမ်းရလိမ့်မယ်...”
“မင်းက ဘာကောင်မလို့ ငါ့အစ်ကိုကြီးကို အဲ့ဒီလို စကားမျိုး ပြောရဲရတာလဲ...”
ထိုစဉ် လူကောင်ကြီးကြီး လူငယ်တစ်ဦးမှာ ရုတ်တရက် တိုးထွက်လာပြီး ကြောင်နက်ကြီးရှိရာသို့ ပြင်းထန်သော လက်သီးချက်တစ်ချက်ကို ပစ်လွှတ်လိုက်တော့သည်။ လက်သီး၏ အရှိန်ကြောင့် လေတိုးသံမှာပင် တဝီဝီနှင့် မြည်ဟီးသွား၏။
“ဘုန်း...”
ကြောင်နက်ကြီးကလည်း လက်သီးတစ်ချက်ဖြင့်ပင် ပြန်လည် တုံ့ပြန်လိုက်သည်။ သူတို့၏ လက်သီးနှစ်ခုမှာ ဟင်းလင်းပြင်၌ ထိတွေ့သွားပြီး နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ဤထိတွေ့မှု တစ်ချက်တည်းဖြင့်ပင် ထိုလူကောင်ကြီးကြီး လူငယ်မှာ နောက်သို့ လွင့်စင်သွားခဲ့ရ၏။
'ဒီကောင့်ရဲ့ ကိုယ်ခန္ဓာခွန်အားက ဘာလို့ ဒီလောက်အထိ ပြင်းထန်နေရတာလဲ...'
ထိုလူငယ်က အတွင်းစိတ်၌ ကျိန်ဆဲရင်း ကြောင်နက်ကြီးကို ဒေါသတကြီး စိုက်ကြည့်နေမိသည်။
“ညီလေး... မင်းတို့ နှစ်ယောက်က ကျင့်ကြံမှုနယ်ပယ် အတူတူပဲ ဆိုပေမဲ့...”
ရွှေရောင်အစင်းကျားနက်က သူ၏ပုခုံးကို ပုတ်လျက် တိုးညင်းစွာ ဆိုလိုက်၏။
“ဒီကောင်က ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်ထဲမှာ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်တွေကို အများကြီး စားခဲ့တာလေ... အဲ့ဒါကြောင့် သူ့ရဲ့ကိုယ်ခန္ဓာခွန်အားက အခုဆိုရင် အတော်လေးမြင့်မားနေတာပေါ့...”
ထိုအခါမှသာ လူကောင်ကြီးကြီး လူငယ်၏ မျက်နှာပေါ်တွင် သဘောပေါက်သွားသော အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။
“စိတ်မပူပါနဲ့ ညီလေး... အစ်ကိုကြီးက မင်းအတွက် သူ့ကို ဆုံးမပေးပါ့မယ်...”
ရွှေရောင်အစင်းကျားနက်က ရှေ့သို့ ခြေလှမ်းနှစ်လှမ်း တိုးလိုက်ရာ သူ၏အရိုးအဆစ်များထံမှ တဂျွတ်ဂျွတ်နှင့် အသံများ ထွက်ပေါ်လာခဲ့သည်။
သူသည် ကြောင်နက်ကြီးကို စိုက်ကြည့်လျက် ယုတ်မာသော အပြုံးဖြင့် ဆိုလိုက်၏။
“ကြောင်လေး... မင်းက စေ့စပ်ပွဲ ဖျက်သိမ်းချင်တယ် ဟုတ်လား... လာစမ်းပါ... ငါတို့ အချီအနည်းငယ်လောက် တိုက်ကြရအောင်... တကယ်လို့ မင်း ငါ့ကို အနိုင်ယူနိုင်ရင်တော့ ငါ သဘောတူကောင်း တူနိုင်လိမ့်မယ်...”
“အဲ့ဒီလိုလား...”
ကြောင်နက်ကြီးကလည်း အေးစက်စွာ ပြုံးလိုက်ပြီး မကြောက်မရွံ့ဘဲ ရှေ့သို့ တိုးလာခဲ့သည်။
“အစ်ကိုကြီး... ဂရုစိုက်နော်...”
ကြောင်မလေးက နောက်ကွယ်မှနေ၍ တိုးညင်းစွာ သတိပေးလိုက်၏။
“စိတ်ချပါ...”
ကြောင်နက်ကြီးက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ သူသည် အန္တရာယ် ကြုံတွေ့ရမည်လား...။ လုံးဝ မဖြစ်နိုင်ချေ...။ သူ၏ပုခုံးပေါ်တွင် ထာဝရနယ်ပယ် မိစ္ဆာကြီးတစ်ပါး ထိုင်နေသည် မဟုတ်ပါလား။ ထို့အပြင် ဤသူမှာ သာမန် ထာဝရနယ်ပယ် မိစ္ဆာကြီး မဟုတ်ဘဲ နဂါးမျိုးနွယ်စုမှ ဖြစ်ပေရာ ဦးလေးမြင်းထက်ပင် အဆပေါင်းများစွာ သာလွန်လှပေသည်။ သူ ဘာကို ကြောက်ရဦးမည်နည်း။ နောက်သို့ လှမ်းကြည့်လျှင်လည်း ဦးလေးမြင်းက စောင့်ကြည့်နေသလို၊ မြင်းလှည်းအတွင်း၌လည်း ပိုမိုအစွမ်းထက်သော သခင်ကြီး ရှိနေသေးသည်။ သူ၏ နောက်ခံမှာ စိတ်ကူးလို့မရနိုင်လောက်အောင် နက်နဲလှပေသည်။
ကြောင်နက်ကြီးမှာ သူ၏ခွန်အားမှာ လုံလောက်မှုမရှိကြောင်း သိသော်လည်း သူသည် ယခုအခါ နဂါးနတ်ဘုရားဂိုဏ်း၏ ကိုယ်စားလှယ်အနေဖြင့် ဤစေ့စပ်ပွဲ ဖျက်သိမ်းသည့်ကိစ္စကို ကိုင်တွယ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် အနည်းငယ်မျှပင် ကြောက်ရွံ့နေသည့် အမူအရာကို မပြသသင့်ချေ။
နောက်ကွယ်မှ ကြောင်မလေး၏ စိုးရိမ်သော စကားကို ကြားရသည့်အခါ ရွှေရောင်အစင်းကျားနက်မှာ မနာလိုစိတ်ဖြင့် ဒေါသများ တောက်လောင်လာခဲ့ပြီး ဟိန်းဟောက်လိုက်တော့သည်။
“ကြောင်မလေး... မင်းက ဘယ်သူ့ရဲ့ စေ့စပ်ထားသူလဲဆိုတာရော မှတ်မိသေးလား... ဘာဖြစ်လို့ ကြောင်နက်ကြီးနဲ့ ဒီလောက်အထိ ရင်းနှီးနေရတာလဲ...”
“သူက ဘယ်သူ့ရဲ့ စေ့စပ်ထားသူလဲဆိုတာ... မင်းနဲ့ ဘာမှမဆိုင်ဘူး...”
ကြောင်နက်ကြီးက အေးစက်စွာ ရယ်မောလိုက်၏။
“ကြောင်လေး... မင်းနဲ့ ကြောင်မလေးကြားမှာ ဒီအတောအတွင်း ဘာတွေ ဖြစ်ခဲ့ကြတာလဲ...”
ရွှေရောင်အစင်းကျားနက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏အရိုးများမှာ တဂျွတ်ဂျွတ်မြည်နေပြီး သူ၏ကိုယ်ခန္ဓာမှ ထူထပ်လှသော အနက်ရောင်အလင်းတန်းများ ထွက်ပေါ်နေကာ ကြောင်နက်ကြီးကို မည်သည့်အချိန်မှာမဆို တိုက်ခိုက်ရန် အသင့်ဖြစ်နေတော့သည်။
“မင်း ထင်တဲ့အတိုင်းပါပဲ... ဖြစ်သင့်တာတွေ အကုန်လုံး ဖြစ်ကုန်ပြီပေါ့...”
ကြောင်နက်ကြီးက အရှက်မရှိစွာ ရယ်မောလျက် ဆိုလိုက်၏။
“ငါ... ငါ မင်းကို သတ်မယ်...”
ရွှေရောင်အစင်းကျားနက်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ တောက်ပနေသော ဓားကြီးကို ချက်ချင်း ဆွဲထုတ်ကာ ခုတ်ချလိုက်တော့သည်။
ကြောင်နက်ကြီးက သူ၏ ဒိုင်းနက်ကြီးကို ထုတ်ယူလိုက်ပြီး တိုက်ခိုက်မှုကို ခုခံရန်အတွက် ချီစွမ်းအင်များ ထည့်သွင်းလိုက်သည်။
“ဘုန်း...”
ဓားမှာ ဒိုင်းအပေါ်သို့ ကျရောက်သွားခဲ့သည်။ ဧရာမ အားလှိုင်းတစ်ခုက သူ့အား ရိုက်ခတ်သွားသဖြင့် ကြောင်နက်ကြီးမှာ နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ခွာသွားရ၏။ ရွှေရောင်အစင်းကျားနက်မှာမူ မူလနေရာ၌ပင် မလှုပ်မယှက် ရပ်နေနိုင်ခဲ့သည်။ ကြောင်နက်ကြီးမှာ အလွန်ပင် ထိတ်လန့်သွားရ၏။ သူ၏ကိုယ်ခန္ဓာမှာ ဤမျှအထိ သန်မာနေသော်လည်း သူသည် ဤပြိုင်ဘက်ကို မယှဉ်နိုင်သေးချေ။ နယ်ပယ်အဆင့်ငယ် သုံးဆင့်ခွာခြားနေခြင်းက သူနှင့် ဤ ငတုံးကောင်လူသန်ကြီးကြားတွင် သိသာသော ကွာဟချက်တစ်ခု ရှိနေပုံရပေသည်။
“ကြောင်လေး... ငါ့ကို ဟိုဘက်ကို ပစ်လိုက်စမ်း...”
မဟာသွေးနဂါးမိစ္ဆာက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်၏။
'စီနီယာ့ကို ဟိုဘက်ကို ပစ်ရမယ် ဟုတ်လား...'
ကြောင်နက်ကြီးမှာ ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသည်။
'စီနီယာ့ကို ဟိုဘက်ကို ပစ်လိုက်တာက မကောင်းဘူး ထင်တယ်... သူက ထာဝရနယ်ပယ် နဂါးတစ်ကောင်ပဲ မဟုတ်လား...'
“ရှူး...”
ဓားအလင်းတန်းမှာ ဝင်းခနဲ ဖြစ်သွားပြန်သည်။ ရွှေရောင်အစင်းကျားနက်က နောက်တစ်ကြိမ် ပြင်းထန်စွာ ခုတ်ချလိုက်ပြန်၏။ ယခုတစ်ကြိမ်တွင်မူ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသော ဓားအလင်းတန်းများမှာ ဆူနာမီလှိုင်းလုံးကြီးများအလား ကျဆင်းလာတော့သည်။ ကြောင်နက်ကြီးမှာ ရှောင်တိမ်းရန် အချိန်မရတော့သဖြင့် သူ၏ဒိုင်းကို ရှေ့မှ ကာထားလိုက်သည်။ ထို့နောက် သူ၏အခြားလက်တစ်ဖက်ဖြင့် သူ၏ပုခုံးပေါ်မှ ကြောင်နီလေးကို ဆွဲယူကာ အပြင်သို့ ပစ်လွှတ်လိုက်တော့သည်။
ကြောင်နီလေးမှာ ဟင်းလင်းပြင်၌ သွေးနီရောင် ဘောလုံးလေးတစ်လုံးအဖြစ် ပြောင်းလဲသွားပုံရပြီး ပြင်းထန်လှသော ဓားအလင်းတန်းများရှိရာသို့ ဒုန်းစိုင်း တိုးဝင်သွားတော့သည်။
“ဘုန်း...”
သွေးနီရောင် အရိပ်တစ်ခုက ကောင်းကင်ယံမှ ဓားအလင်းတန်းများကို ချေမှုန်းပစ်လိုက်ပြီး ရွှေရောင်အစင်းကျားနက်၏ ရင်ဘတ်ရှိရာသို့ အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်တော့သည်။
“ဖူး...”
ရွှေရောင်အစင်းကျားနက်မှာ ထိုနေရာမှာပင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး သူ၏ ကိုယ်ခန္ဓာမှာလည်း ရုတ်တရက် နောက်သို့ လွင့်စင်သွားခဲ့ရသည်။ တိုက်ပွဲကို ဘေးမှ စောင့်ကြည့်နေကြသော လူငယ်များမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ထိတ်လန့်သွားကြတော့သည်။ သူတို့ထဲမှ အချို့မှာ ရွှေရောင်အစင်းကျားနက်ကို ဖမ်းယူရန် အလျင်အမြန် ပျံသန်းသွားကြ၏။
ရွှေရောင်အစင်းကျားနက်မှာ သွေးနီရောင် အရိပ်တစ်ခု ကြောင်နက်ကြီးရှိရာသို့ ပြန်လည် ပျံသန်းသွားသည်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။
'ဒါက ဘယ်လို ကြောင်မျိုးလဲ... ဘာဖြစ်လို့ သူ့ရဲ့ ကိုယ်ခန္ဓာက ဒီလောက်အထိ မာကျောနေရတာလဲ...'
“အစ်ကိုကြီး... အဆင်ပြေရဲ့လား...”
သူ့ဘေးမှ လူငယ်တစ်ဦးက အလျင်အမြန် မေးမြန်းလိုက်သည်။
“ငါ ဒဏ်ရာ နည်းနည်း ရသွားတာပါ...”
ရွှေရောင်အစင်းကျားနက်က ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ချက်ချင်း ဝါးမျိုလိုက်ပြီးနောက် မနည်း အားယူကာ မတ်တတ်ထရပ်လိုက်သည်။ သူ ရရှိထားသော ဒဏ်ရာမှာ အလွန်မပြင်းထန်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားကိုတော့ ထိခိုက်စေခဲ့သည်။ သူသည် တိုက်ပွဲကို ဆက်လက် ဆင်နွှဲရန် ပြင်ဆင်နေစဉ်မှာပင် အထက်မှ အိုမင်းရင့်ရော်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ငါ့ရဲ့ ရွှေရောင်အစင်းကျားနက် မျိုးနွယ်စုထဲကို ဘယ်သူက ကျူးကျော်ဝင်ရောက်ပြီး ငါ့ရဲ့ မျိုးနွယ်စုဝင်ကို ဒဏ်ရာရအောင် လုပ်ဝံ့ရတာလဲ...”
ထိုစကားသံကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ရွှေရောင်အစင်းကျားနက်မှာ ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။ အနက်ရောင်ဝတ်စုံဝတ် အဘိုးအို အချို့မှာ ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ကြ၏။
“မျိုးနွယ်စုခေါင်းဆောင်ကြီးကို ဂါရဝပြုပါတယ်... စီနီယာကြီးတွေကို ဂါရဝပြုပါတယ်...”
ပတ်ဝန်းကျင်ရှိ လူငယ်များမှာ အလျင်အမြန်ပင် ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
ဤအဘိုးအိုများမှာ ရွှေရောင်အစင်းကျားနက် မျိုးနွယ်စု၏ စီနီယာများနှင့် မျိုးနွယ်စုခေါင်းဆောင်ကြီးပင် ဖြစ်ပေသည်။ ရွှေရောင်အစင်းကျားနက်သည် အလယ်တွင်ရှိနေသော၊ မျက်နှာပေါ်တွင် ရွှေရောင်အစင်း သုံးစင်းရှိသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။
“အဖေ... တစ်ယောက်ယောက်က အဖေ့ရဲ့ သားကို အနိုင်ကျင့်နေတယ်...”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်လုံးများမှာ ဓားနှစ်စင်းအလား စူးရှလှပြီး မလှမ်းမကမ်းရှိ ကြောင်နက်ကြီးရှိရာသို့ စိုက်ကြည့်လိုက်သည်။
“မင်းက ငါ့သားကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူလား...”
ထိုအဘိုးအို၏ ကိုယ်မှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး သူ၏ အရှိန်အဝါမှာ မြင့်မားသော တောင်တန်းကြီးတစ်လုံးအလား နက်နဲပြီး ပြင်းထန်လှပေသည်။ ကံကြမ္မာနယ်ပယ် အဆင့် ၁၀ ရှိသော ထိပ်တန်း သန်မာသူတစ်ဦး၏ ဖိနှိပ်လိုသော အရှိန်အဝါများမှာ သူတို့အပေါ်သို့ ကျရောက်လာတော့သည်။
အခန်း ၂၂၄ ပြီးပါပြီ။