← Chapters

အခန်း ၁၈၃၁

Vol. 123 Ch. 1831

အခန်း ၁၈၃၁

Vol. 123 Ch. 1831

အခန်း (၁၈၃၁ )

နဂါးပျံ နတ်သခင်၏ ဆုံးဖြတ်ချက်

နှင်းခဲလ နတ်ဘုရင်က နတ်ဘုရင်ခံများကို

“မလိုတော့ဘူး။ ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို အရပ်ရပ်မှာ လိုက်ရှာနေတာဆိုတော့ လျှို့ဝှက်လဝန်းနန်းတော်မှာ သူတို့လိုချင်တဲ့အရာ တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။”

“ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို ဘာကြောင့် လိုက်ရှာနေရလဲဆိုတာ စုံစမ်းဖို့ တောင်ပိုင်းနယ်ဆီ လူတွေ ဆက်လွှတ်ပြီး စုံစမ်းပါ။”

နတ်ဘုရင်ခံများက

“မှန်လှပါ သခင်။”

ထို့နောက် နှင်းခဲလ နတ်ဘုရင်က သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သောအခါ အဓိကခန်းမဆောင်ကြီးမှ ထိုနတ်ဘုရင်ခံများ တိုက်ရိုက် ထွက်ခွာသွားကြ၏။

ခန်းမဆောင်အတွင်းရှိ နတ်ဘုရင်ခံများ ထွက်ခွာသွားပြီးနောက် နှင်းခဲလ နတ်ဘုရင်က တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းကုဋေချီက နတ်ဘုရားနယ်မြေမှာ နာမည်ကျော်ခဲ့တဲ့ လုချန်းက အခုထိ သက်ရှိထင်ရှား ရှိနေသေးပြီး ကစဉ့်ကလျား ပင်လယ်ထဲကနေတောင် ထွက်လာနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။ လျှို့ဝှက်လဝန်းနန်းတော် သုံးခဲ့တဲ့ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံက လုချန်း ကစဉ့်ကလျား ပင်လယ်ထဲကနေ ယူလာခဲ့တာများ ဖြစ်နေမလား။”

“ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို လိုက်ရှာနေတာဟာ လုချန်း ကစဉ့်ကလျား ပင်လယ်ထဲကနေ ယူဆောင်လာခဲ့တဲ့ အခွင့်အရေးကို လိုချင်လို့လည်း ဖြစ်နိုင်တယ်။”

ထိုဖြစ်နိုင်ခြေကို တွေးတောမိရင်း ဤအကြောင်းအရာကို ဂိုဏ်းချုပ်ထံ အစီရင်ခံရန် နှင်းခဲလ နတ်ဘုရင် စိတ်ကူးမိသော်လည်း ချက်ချင်း အစီရင်ခံရန် မဆုံးဖြတ်ခဲ့ပေ။ ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို ဘာကြောင့် ရှာဖွေနေရကြောင်းကိုသာ အရင်ဆုံး စုံစမ်းရန် သူ စဉ်းစားလိုက်၏။

ဘာပဲဖြစ်ဖြစ် လျှို့ဝှက်လဝန်းနန်းတော်သည် ထိုနေရာမှာတင် ရှိနေဆဲဖြစ်ရာ ထွက်ပြေးလွတ်မြောက်သွားမည် မဟုတ်ပေ။

အရေးကြီးဆုံးအချက်မှာ လုချန်းက လက်ရှိတွင် လျှို့ဝှက်လဝန်းနန်းတော်၌ ရှိမနေပုံရခြင်း ဖြစ်၏။

ထို့ပြင် စုံစမ်းမှုများအရ လျှို့ဝှက်လဝန်းနန်းတော်နှင့် လျှို့ဝှက်လဝန်း ကျောင်းတော်တို့အကြား ဆက်ဆံရေးအချို့ ရှိနေကြောင်း ဖော်ထုတ်နိုင်ခဲ့၏။ ဤလျှို့ဝှက်လဝန်းနန်းတော်သည် ကျောင်းတော်က အရိုင်းနယ်မြေတွင် ချထားသည့် နယ်ရုပ်တစ်ခု ဖြစ်နေမလားဆိုတာကို သူ သံသယ ဖြစ်နေ၏။

လျှို့ဝှက်လဝန်းနန်းတော်နှင့် ကျောင်းတော်တို့၏ ဆက်ဆံရေးကို သေသေချာချာ သဘောမပေါက်ပဲ ဂိုဏ်းချုပ်ကို သွားရောက် မနှောင့်ယှက်တာက ပိုကောင်းလိမ့်မယ်။

……

မြောက်ပိုင်းနယ်။

နဂါးပြာ ခန်းမ။

ရှေ့မှ ပုံရိပ်ယောင်ပြကွက်ကို ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီးအတွင်း ရပ်နေသည့် ဦးခေါင်းတွင် နဂါးချိုများ ရှိသော အမျိုးသားက စိုက်ကြည့်နေ၏။ သူ၏ မျက်နှာသည်လည်း အတိုင်းထက်အလွန် အုံ့မှိုင်းနေ၏။

သူ ထုတ်လွှတ်လိုက်သော အငွေ့အသက်က ခန်းမအတွင်းရှိ လူများကို အသက်ပင် ဝဝမရှူရဲလောက်အောင် ဖိနှိပ်ထားသည်။

ခဏခန့်အကြာတွင် နဂါးပျံနတ်သခင်က “အားလုံးက အသုံးမကျတဲ့ သတ္တဝါတွေပဲ။ နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားက နတ်ဘုရင်အဆင့်အထိ ကျဆင်းသွားတာတောင် ဒီလောက် လူအများကြီးက သူ့ကို မယှဉ်နိုင်ကြသေးဘူးလား။”

ရွှမ်ချင်းယွမ် ထျန်းရန်နတ်ဘုရားနယ်မြေသို့ ပြန်လည်ရောက်ရှိလာကြောင်း ကြားသိရလျှင် မြောက်ပိုင်းနယ်တစ်ခုလုံး၏ စွမ်းအားစုများကို စုစည်းကာ ဝိုင်းရံချေမှုန်းရန် စစ်တပ်တစ်တပ်ကို နဂါးပြာ ခန်းမက ချက်ချင်း စေလွှတ်ခဲ့၏။

ရွှမ်ချင်းယွမ်သည် သူမ၏ စွမ်းအားကို ပြန်မရသေးသဖြင့် သူမကို ဖျက်ဆီးပစ်ရန် လွယ်ကူလိမ့်မည်ဟု နဂါးပျံနတ်သခင် ထင်မှတ်ထားခဲ့သော်လည်း မျှော်လင့်မထားပဲ စေလွှတ်လိုက်သောသူများမှာ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်နတ်ဆိုးများ ဖြစ်သွားခဲ့ကြ၏။

ထို့ကြောင့် ရွှမ်ချင်းယွမ်၏ ကောင်းကင်နတ်ဆိုးတပ်သည် ပို၍ပင် ကြီးထွားလာခဲ့ပြီး ယခုအခါ ထိုကောင်းကင်နတ်ဆိုးတပ်က မြောက်ပိုင်းနယ်၏ ထက်ဝက်နီးပါးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်၏။

ထိုအတိုင်းသာ ဆက်သွားပါက မြောက်ပိုင်းနယ်တစ်ခုလုံး ရွှမ်ချင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားနိုင်ခြေ ရှိနေသည်။

နဂါးပျံနတ်သခင်၏ စကားကို ကြားရလျှင် ခန်းမအတွင်းရှိ နတ်ဘုရင်များနှင့် နတ်ဘုရင်ခံများလည်း ဦးခေါင်းများကို ချက်ချင်း ငုံ့လိုက်ကြ၏။

နဂါးပျံနတ်သခင်၏ မျက်လုံးများကို မည်သူမှ တိုက်ရိုက် မကြည့်ရဲကြပေ။

ခဏခန့်အကြာတွင် နဂါးပျံနတ်သခင်က

“သူ့ကို ဒီအတိုင်း ဆက်ပြီး အင်အားပြန်မွေးခွင့် ပေးလို့မဖြစ်ဘူး။ နောက်တစ်နှစ်နေရင် ကျုပ် ကိုယ်တိုင် စစ်မြေပြင်ကို သွားပြီး နတ်ဆိုးဧကရာဇ်နဲ့ အသေအကြေ တိုက်ပွဲဝင်မယ်။”

စစ်ပွဲ ဆက်လက်ကျယ်ပြန့်လာသည်နှင့်အမျှ ရွှမ်ချင်းယွမ်၏ စွမ်းအား ပိုကောင်းလာမည်ဖြစ်ပြီး မကောင်းသော စိတ်ခံစားချက်များနှင့် စွမ်းအားများက သူမကို လျှင်မြန်စွာ စွမ်းအားပြန်လည်ပြည့်ဝစေနိုင်ကြောင်း နဂါးပျံနတ်သခင် သဘောပေါက်ထား၏။ စစ်ပွဲက ထိုအတိုင်းသာ ဆက်လက်ကြန့်ကြာပြီး ရွှမ်ချင်းယွမ် စွမ်းအားလုံးဝ ပြန်လည်ပြည့်ဝသွားပါက နဂါးပြာ ခန်းမလည်း ဘေးဒုက္ခနှင့် ကြုံတွေ့ရပေလိမ့်မည်။

နဂါးပြာ ခန်းမသည် ထိုစဉ်အခါက နဝမကောင်းကင်တက္ကသိုလ်ကို တော်လှန်ပုန်ကန်ရာတွင် ဦးဆောင်ခဲ့သည့် ပထမဆုံး အင်အားစုဖြစ်ခဲ့ရာ ရွှမ်ချင်းယွမ်၏ စွမ်းအား ပြန်လည်ပြည့်ဝလာသည်နှင့်အမျှ ဧကန်မုချ လက်စားချေခြင်းကို ခံရမည်ဖြစ်၏။

ထိုအခိုက်အတန့်တွင် အကြောင်းအရာတစ်ခုကို နဂါးပျံနတ်သခင် တွေးမိသွားပြီး ဆက်လက်၍

“မဟာမိတ်အဖွဲ့ထဲက အခြားအင်အားစုတွေဆီ ချက်ချင်း စာပို့ပြီး နောက်တစ်နှစ်မှာ နတ်ဆိုးဧကရာဇ်ရဲ့ ကောင်းကင်နတ်ဆိုးတပ်မတော်ကို အလုံးအရင်းနဲ့ စစ်ဆင်နွှဲဖို့ ကျုပ်တို့နဲ့ ပူးပေါင်းခိုင်းလိုက်ပါ။”

ကောင်းကင်နတ်ဆိုးတပ် အလွန် လျင်မြန်စွာ ကြီးထွားလာမှုကို နဂါးပျံနတ်သခင် စိုးရိမ်မိပြီး သူတို့၏ မဟာအင်အားကြီးအုပ်စု တစ်ခုတည်းဖြင့် ထိုတပ်ကို အမြစ်ပြတ် မချေမှုန်းနိုင်မှာကို နဂါးပျံ နတ်သခင် ပူပန်နေ၏။ ကံကောင်းထောက်မစွာဖြင့် လက်ရှိ မဟာမိတ်အဖွဲ့တွင် တောင်ပိုင်းနယ်မှ ခမ်းနားသော ကောင်းကင်ခန်းမနှင့် အရှေ့ပိုင်းနယ်မှ မဟာအင်အားကြီးအုပ်စု နှစ်ခုကဲ့သို့သော အင်အားကြီးအုပ်စု အမြောက်အမြား ပါဝင်နေသည်။

နတ်ဆိုးဧကရာဇ်ကို အသက်ရှူချိန်ပင် မပေးပဲ မဟာမိတ်တပ်များ အတူတကွ ပူးပေါင်းတိုက်ခိုက်မည်ဆိုပါက ယခုတစ်ကြိမ်တွင် နတ်ဆိုးဧကရာဇ်ကို မချေမှုန်းနိုင်ပဲ နေမည်ဟု သူ မယုံကြည်ပေ။

ထို့နောက် နတ်ဆိုးဧကရာဇ်ကို ဝိုင်းရံချေမှုန်းရန် အမိန့်စာကို ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံးသို့ နဂါးပြာ ခန်းမက ထုတ်ပြန်လိုက်ပြီး မဟာအင်အားကြီးအုပ်စု အချို့ထံသို့လည်း စာလွှာများ ပေးပို့လိုက်၏။

မဟာမိတ်အဖွဲ့ထဲ မပါဝင်သေးသည့် လျှို့ဝှက်လဝန်း ကျောင်းတော်ထံသို့ပင် စာလွှာနှင့်အတူ လူတစ်ဦးကို ၎င်းတို့ စေလွှတ်ခဲ့၏။ ရွှမ်ချင်းယွမ်၏ ကောင်းကင်နတ်ဆိုးတပ် ပို၍ အင်အားကြီးမားလာမှုက နဂါးပြာ ခန်းမ၏ နတ်သခင်အချို့ကို အလွန်စိုးရိမ်ပူပန်စေခဲ့၏။

နတ်ဆိုးဧကရာဇ် လွတ်မြောက်နေပါက ၎င်းတို့၏ စိတ်နှလုံးများ အေးချမ်းနိုင်မည် မဟုတ်ပေ။

နဂါးပြာ ခန်းမ၏ အမိန့်စာက မကြာမီ ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားရာ အရိုင်းနယ်မြေရှိ လုချန်းပင် ဤအကြောင်းအရာကို ကြားသိလိုက်ရ၏။

……

ချင်နတ်ဘုရားနိုင်ငံ။

နန်းတော်။

စာကြည့်ဆောင်။

ရွှေဖြူနဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် လုချန်းသည် လက်ထဲမှ ကျောက်စိမ်းလိပ်ကို အတွေးထဲနစ်မြောရင်း စိုက်ကြည့်နေ၏။ ရွှမ်ချင်းယွမ် ဒီလောက်အထိ လျင်မြန်စွာ အင်အားကြီးထွားလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ ရွှမ်ချင်းယွမ် သူမ၏ နတ်ဧကရာဇ် ကျင့်စဉ်အဆင့်ကို ပြန်လည်မ ရရှိ သေးပါက ဤစစ်ပွဲ အနိုင်အရှုံး အဖြေထွက်ရန် နှစ်ပေါင်းထောင်ချီ ကြာမြင့်လိမ့်မည်ဟု သူ အစောပိုင်းက ထင်မြင်ခဲ့မိ၏။

လက်ရှိတွင် သူမသာ နတ်ဧကရာဇ် ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိပါက စစ်ပွဲက ရက်ပိုင်းအတွင်း ပြီးဆုံးသွားမည် ဖြစ်၏။

သို့သော် ယခုကြည့်ရသည်မှာ ရွှမ်ချင်းယွမ် နတ်ဧကရာဇ် ကျင့်စဉ်အဆင့်ကို ပြန်မရသေးလျှင်ပင် ရွှမ်ချင်းယွမ်၏ ကောင်းကင်နတ်ဆိုးတပ်ကို မြောက်ပိုင်းနယ်ရှိ မဟာအင်အားကြီးအုပ်စုများက တားဆီးနိုင်စွမ်း မရှိကြပေ။

ရွှမ်ချင်းယွမ်၏ အင်အားစုများ ဤမျှလောက်အထိ လျင်မြန်စွာ ကြီးထွားလာခြင်းကြောင့် သူမ၏ ကျင့်စဉ်အဆင့်သည်လည်း လျင်မြန်စွာ ပြန်လည်ပြည့်ဝလာနိုင်ကြောင်း လုချန်း တွေးတောမိ၏။

အဆုံးစွန်၌ သူမသည် စွမ်းအားတိုးတက်ရန် မကောင်းသော စိတ်ခံစားချက်များကို အားကိုးရသူဖြစ်၏။ ကောင်းကင်နတ်ဆိုးတပ် ရောက်ရှိရာ အရပ်တိုင်းတွင် ထောင်ပေါင်းများစွာသော လူများ သေဆုံးကာ လူ အမြောက်အမြားလည်း စိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်သွားကြရ၏။

ထိုစိတ်ပျက်အားငယ်မှုက ရွှမ်ချင်းယွမ် အလိုအပ်ဆုံး အာဟာရ ဖြစ်သည်။

ရွှမ်ချင်းယွမ် နတ်ဧကရာဇ်အဆင့်သို့ တကယ် ပြန်လည်ရောက်ရှိသွားပါက ပန်းနီရထား၏ အကူအညီမပါပဲ သူမကို ရရှိရန် သူအဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။

ပန်းနီရထားသည် နှစ်ပေါင်းများစွာကြာအောင် ပေါ်မလာခဲ့သဖြင့် နောက်ဆုံးတွင် ၎င်းက အခန်းကဏ္ဍတစ်ခုမှ ပါဝင်လာမလားဆိုသည်ကိုလည်း သူ မသေချာနိုင်ပေ။

ရွှမ်ချင်းယွမ် နတ်ဧကရာဇ် ဖြစ်လာပြီးနောက် ပန်းနီရထားက သူမ၏ စွမ်းအားကို နှိပ်ကွပ်နိုင်ပါ့မလားဆိုသည်ကလည်း လုချန်းကို စိုးရိမ်စေသော အချက်ဖြစ်၏။ ပန်းနီရထားကပင် ရွှမ်ချင်းယွမ်ကို မနှိပ်ကွပ်နိုင်ပါက သူမနှင့်အတူ ရင်သွေးရရှိရေးလမ်းစဉ်ကို လျောက်လှမ်းရန် ကြိုးပမ်းခြင်းမှာ လူမိုက်တစ်ယောက်၏ အိပ်မက်သာ ဖြစ်ပေလိမ့်မည်။

ခဏခန့် တွေးတောပြီးနောက် အတွေးများကို လုချန်း ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဤအကြောင်းအရာများအတွက် ပူပန်နေခြင်းကို ရပ်တန့်လိုက်၏။ လက်ရှိတွင် သူသည် နတ်ဘုရင်တစ်ပါးပင် ဖြစ်မလာသေးရာ ဤအရာများကို တွေးတောနေခြင်းက အလကားပင်။

သို့သော် အခြားအကြောင်းအရာတစ်ခုကို လုချန်း သတိရသွားပြီး နိုင်ငံရေးရာခန်းမ၌ လာရောက် တွေ့ဆုံရန် ချင်နတ်ဘုရားနိုင်ငံ၏ အရာရှိများထံသို့ သတင်းစကား ချက်ချင်း ပေးပို့လိုက်၏။

မကြာမီအချိန်အတွင်းမှာပင် ချင်နတ်ဘုရားနိုင်ငံ၏ အဓိကအရာရှိကြီးများ နိုင်ငံရေးရာခန်းမအတွင်းသို့ စုရုံးရောက်ရှိလာကြ၏။

နတ်ဘုရားနိုင်ငံသည် လူသားတို့၏ အင်ပါယာကဲ့သို့မဟုတ်ပေ။ ထို့ကြောင့် ကိစ္စရပ်အားလုံးနီးပါးကို နတ်ဝိညာဉ်များကသာ ကိုင်တွယ်ဖြေရှင်းကြရာ အစည်းအဝေးကြီးတစ်ခု ကျင်းပခြင်း မရှိခဲ့သည်မှာ ကြာလှပြီ ဖြစ်၏။ နိုင်ငံကို ထိခိုက်စေနိုင်သည့် အရေးကြီးကိစ္စရပ်မျိုး မရှိပါက ညီလာခံကြီးကို ကျင်းပလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် မည်သည့်အရေးကြီးကိစ္စအတွက် လုချန်း ၎င်းတို့ကို ခေါ်ယူရသနည်းဟု အားလုံး စူးစမ်းလိုစိတ် ပြင်းပြနေကြ၏။

လူများ စုံလင်လုနီးပါး ဖြစ်လာသောအခါ နိုင်ငံရေးရာခန်းမ၏ နဂါးပလ္လင်ထက်တွင် လုချန်း၏ ပုံရိပ် ပေါ်လာ၏။

ထိုအခါ ခန်းမဆောင်ကြီးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့၏။ ထို့နောက် ၎င်းတို့အားလုံးက တညီတညွတ်တည်း

“ဘုရင်ကြီးကို ဂါရဝပြုပါတယ်။”

လုချန်းက ခပ်အေးအေးပင်

“ထုံးစံတွေ ထားလိုက်ပါ။”

ရောက်ရှိနေသည့် အမတ်များကို လုချန်း လှမ်းကြည့်လိုက်ရာ မိုးကြိုးမြွေ နတ်ဘုရင်နှင့် နတ်ဘုရင်ခံ သဲရှင်တို့မှလွဲ၍ အများစု၏ သစ္စာစောင့်သိမှုရမှတ် တစ်ရာ ပြည့်နေသည်ကို သတိပြုမိလိုက်၏။ သို့သော် သူတို့၏ ဝိညာဉ်မူလအစကို သူ ချုပ်ကိုင်ထားသဖြင့် စိတ်မပါလျှင်ပင် လက်ရှိ ချင်နတ်ဘုရားနိုင်ငံကို သစ္စာဖောက်ရန် သူတို့ မဝံ့ရဲကြပေ။

လုချန်းက

“မြောက်ပိုင်းနယ်မှာ ဖြစ်ပျက်နေတဲ့အရာကို ခင်ဗျားတို့ ကြားပြီးဖြစ်မှာပါ။ ကောင်းကင်နတ်ဆိုးတပ်ဟာ တားဆီးလို့မရနိုင်အောင် ဖြစ်နေပြီ။ မကြာခင်မှာ မြောက်ပိုင်းနယ်တစ်ခုလုံး ကျရှုံးတော့မှာ ဖြစ်တယ်။”

လုချန်း၏ စကားကို ကြားလျှင် ရောက်ရှိနေသူအားလုံး အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ဘုရင်ကြီးက မြောက်ပိုင်းနယ်အကြောင်းကို ထည့်သွင်းပြောဆိုနေခြင်းမှာ နဂါးပြာ ခန်းမ၏ ဆင့်ခေါ်မှုကို လက်ခံပြီး ကောင်းကင်နတ်ဆိုးတပ်မတော်ကို တိုက်ခိုက်ရန် မဟာမိတ်အဖွဲ့ထဲ စစ်တပ်စေလွှတ်ဖို့ စဉ်းစားနေခြင်းလားဟု တွေးတောလိုက်ကြ၏။

--

…………

All Chapters