အခန်း ၁၈၃၂
Vol. 123 Ch. 1832
အခန်း (၁၈၃၂ )
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာအား သင်ကြားပေးခြင်း
ထိုအခိုက်အတန့်တွင် မိုးကြိုးမြွေ နတ်ဘုရင်က
“ဘုရင်ကြီးအနေနှင့် စစ်တပ်ကို မြောက်ဘက်ဆီ စေလွှတ်ဖို့ ရည်ရွယ်ထားတာပါလား။”
မိုးကြိုးမြွေ နတ်ဘုရင်၏ စကားဆုံးသည်နှင့် နတ်ဘုရင်ခံတစ်ပါးက
“ဘုရင်ကြီး... ဒါကို လုံးဝ မလုပ်သင့်ပါဘူး။ ချင်နတ်ဘုရားနိုင်ငံ တည်ထောင်ခဲ့တာ နှစ်တစ်ရာတောင် မပြည့်သေးလို့ အခြေခံအုတ်မြစ်က မခိုင်မာသေးပါဘူး။ ဒီအချိန်မှာ စစ်တပ်ကို မြောက်ဘက်ဆီ စေလွှတ်မယ်ဆိုရင် ချင်နိုင်ငံရဲ့ ကံစွမ်းအား ဧကန်မုချ အားနည်းသွားပါလိမ့်မယ်။ နောင်အနာဂတ်မှာ ချင်နိုင်ငံအနေနှင့် အရိုင်းနယ်မြေထဲ ဘယ်လိုလုပ် ရပ်တည်နိုင်တော့မှာလဲ။”
စကားပြောလိုက်သည့် နတ်ဘုရင်ခံကို လုချန်းက လှမ်းကြည့်လိုက်ပြီး ခပ်အေးအေးပင်
“လက်ရှိမှာတော့ စစ်တပ်စေလွှတ်ဖို့ အစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့ ကောင်းကင်နတ်ဆိုးတပ် ကြီးထွားနေတဲ့ နှုန်းက အရမ်းမြန်လွန်းတာကြောင့် ကျုပ်တို့လည်း ပြင်ဆင်မှုတွေ လုပ်ထားရမယ်။”
“တကယ်လို့ တစ်နေ့နေ့မှာ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်က တောင်ဘက်ကို ချီတက်လာမယ့် ကောင်းကင်နတ်ဆိုးတပ်ကို မတားဆီးနိုင်ခဲ့ရင် ချင်နတ်ဘုရားနိုင်ငံကိုလည်း မလွဲမသွေ သက်ရောက်မှု ရှိလာလိမ့်မယ်။”
လုချန်း၏ စကားကို ကြားလျှင် အချို့လူများ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ သူတို့၏ ဘုရင်ကြီးက နဂါးပြာ ခန်းမ၏ ဆင့်ခေါ်မှုကို တုံ့ပြန်ပြီး ကောင်းကင်နတ်ဆိုးတပ်ကို တိုက်ခိုက်ရန် မြောက်ပိုင်းနယ်ဆီ စစ်တပ်စေလွှတ်ဖို့ ရည်ရွယ်နေသည်ဟု ထင်မှတ်နေခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့ အတွေးလွန်နေခဲ့ကြခြင်း ဖြစ်ကြောင်း ထင်ရှားသည်။
လုချန်း စစ်တပ်စေလွှတ်မည်ကို ၎င်းတို့ မလိုလားကြပေ။
ထိုသို့လုပ်ဆောင်ပါက တစ်စိတ်တစ်ပိုင်းအားဖြင့် ချင်နတ်ဘုရားနိုင်ငံ၏ ကံစွမ်းအားကို ထိခိုက်ပျက်စီးသွားစေမှာ စိုးရိမ်သောကြောင့် ဖြစ်၏။ အဆုံးစွန်၌ ရန်သူသည် ကောင်းကင်နတ်ဆိုး ဖြစ်နေပြီး စေလွှတ်လိုက်သည့် ဤစစ်တပ်များလည်း ဘယ်တော့မှ ပြန်လည်ရောက်ရှိလာတော့မည် မဟုတ်ပေ။
ချင်နတ်ဘုရားနိုင်ငံ တည်ထောင်ခဲ့တာက မကြာသေးပေ။ အားကောင်းသော ကျင့်ကြံသူ အမြောက်အမြား ဆုံးရှုံးသွားပါက ချင်နတ်ဘုရားနိုင်ငံ၏ ကံစွမ်းအားကို ဧကန်မုချ သက်ရောက်မှု ရှိစေလိမ့်မည်။
သို့သော် ထိုအရာက အချက်တစ်ချက်မျှသာ ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့ကို မြောက်ပိုင်းနယ်ဆီ စေလွှတ်မှာကို ထိုရောက်ရှိနေကြသူများ ကြောက်ရွံ့နေကြခြင်း ဖြစ်၏။
ကောင်းကင်နတ်ဆိုးတပ်နှင့် ရင်ဆိုင်ရာ၌ မဟာအင်အားကြီးအုပ်စုများပင် ကောင်းကင်နတ်ဆိုးများကို မကိုင်တွယ်နိုင်ကြချေ။ သူတို့ မြောက်ပိုင်းနယ်သို့ သွားရပါက အမြောက်စာ သက်သက်သာ ဖြစ်သွားပေလိမ့်မည်။ ထိုနေရာတွင် သူတို့ မသေချင်ကြချေ။
ထိုစဉ် နတ်ဘုရင် သဲရှင်က
“ဘုရင်ကြီးအနေနှင့် ဘယ်လိုပြင်ဆင်မှုမျိုးတွေ လုပ်ဖို့ ရည်ရွယ်ထားတာပါလဲ။”
ကျောက်စိမ်းစာလိပ်တစ်ခုကို လုချန်း ထုတ်ယူလိုက်ပြီး
“ဒါက ကောင်းကင်နတ်ဆိုးရဲ့ စွမ်းအားကို နှိပ်ကွပ်နိုင်တဲ့ နတ်နိယာမ ကျမ်းစာပဲ။ ခင်ဗျားတို့ ဒီနတ်နိယာမကို သင်ယူထားရင် နောင်အနာဂတ်မှာ ကောင်းကင်နတ်ဆိုးတွေ ကျူးကျော်လာတဲ့အခါ ချင်နတ်ဘုရားနိုင်ငံအနေနှင့် ပြန်လည်တိုက်ခိုက်နိုင်တဲ့ စွမ်းအား ရှိလိမ့်မယ်။”
လုချန်း၏ စကားကို ကြားလျှင် ခန်းမဆောင်အတွင်းရှိ လူတိုင်း အချင်းချင်း အံ့ဩတကြီး ကြည့်လိုက်ကြ၏။
ကောင်းကင်နတ်ဆိုးရဲ့ စွမ်းအားကို နှိပ်ကွပ်နိုင်သည့် နတ်နိယာမ ဟုတ်စ။
အမှန်ပဲလား။
ဒီလိုနတ်နိယာမမျိုး ထျန်းရန်နတ်ဘုရားနယ်မြေမှာ ဘယ်လိုမျိုး ပေါ်ပေါက်လာတာလဲ။
သူတို့ ဘာကြောင့် မသိရတာလဲ။
မိုးကြိုးမြွေ နတ်ဘုရင်က
“ဘုရင်ကြီး ပြောတာ တကယ်ပဲလား။”
လုချန်းက ခပ်အေးအေးပင်
“ကျုပ်က ခင်ဗျားတို့ကို နောက်ပြောင်နေတယ်လို့ ထင်လို့လား။”
လုချန်း၏ စကားအဆုံးတွင် ခန်းမဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။ သူတို့ဘုရင်ကြီး ပြောသည့်အရာသာ အမှန်ဖြစ်ပါက ဤနတ်နိယာမ၏ တန်ဖိုးကို ခန့်မှန်းစရာ မလိုပဲနှင့်ပင် သိနိုင်သည်။
ဤနတ်နိယာမကိုသာ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်ထံ လွှဲပြောင်းပေးလိုက်မည်ဆိုပါက ကောင်းကင်နတ်ဆိုးတပ်၏ အင်းအားချဲ့ထွင်မှုကို ဧကန်မုချ ဟန့်တားနိုင်လိမ့်မည်။
မိုးကြိုးမြွေ နတ်ဘုရင်က ဆက်လက်၍
“ဒီနတ်နိယာမကို နတ်ဘုရားနယ်မြေ မဟာမိတ်တပ်ဆီ ပေးအပ်ဖို့ ဘုရင်ကြီး စဉ်းစားဖူးပါသလား။”
လုချန်းက
“သူတို့ဆီကို ဒါကို စောစောစီးစီး ပေးလိုက်တာက ကျုပ်အတွက် ကောင်းတဲ့အချက် မဟုတ်ဘူး။”
ထျန်းရန်နတ်ဘုရားနယ်မြေရှိ မဟာအင်အားကြီးအုပ်စုအသီးသီး၏ စွမ်းအားများကို ရွှမ်ချင်းယွမ်၏ ကောင်းကင်နတ်ဆိုးတပ်က ဝါးမြိုပစ်စေဖို့ လုချန်း၌ အကြံအစည် ရှိထားခြင်း ဖြစ်၏။
သူကိုယ်တိုင် နတ်ဧကရာဇ် ဖြစ်လာလိုပါက ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကံစွမ်းအားအားလုံးကို စုပ်ယူရလိမ့်မည်ဟူသော အလိုလိုသိစိတ်တစ်ခု သူ၏ စိတ်ထဲ ကြိုတင်ပေါ်ပေါက်နေသည်။
သူ၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့လျှင် တစ်နေ့နေ့တွင် ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံးကို အုပ်ချုပ်စိုးစံရန် ချင်နတ်ဘုရားနိုင်ငံက ဦးဆောင်ရလိမ့်မည်။ သို့သော် လက်ရှိအချိန်တွင်တော့ ထျန်းရန်နတ်ဘုရားနယ်မြေ၌ နတ်သခင်အဆင့်များ ရှိနေသည့် မဟာအင်အားကြီးအုပ်စု အမြောက်အမြား ရှိနေဆဲ ဖြစ်၏။
ချင်နတ်ဘုရားနိုင်ငံ၏ လက်ရှိအင်အားနှင့်တော့ ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခုလုံးကို စိုးမိုးရန်က ဘယ်လိုမှ မဖြစ်နိုင်ချေ။
ကံကောင်းထောက်မစွာဖြင့် ရွှမ်ချင်းယွမ်က သူ့ကို များစွာ ကူညီပေးနေသကဲ့သို့ ဖြစ်နေသည်။ ထိုမဟာအင်အားကြီးအုပ်စုများ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားသည်နှင့် ချင်နတ်ဘုရားနိုင်ငံ ပေါ်ထွက်လာမည်ဖြစ်ပြီး ၎င်းတို့ကို တစ်ခုပြီးတစ်ခု သူ အမြစ်ပြတ် ချေမှုန်းပစ်မည် ဖြစ်၏။
လုချန်း၏ စကားကို ကြားလျှင် လူတိုင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြရ၏။
နတ်ဘုရားနယ်မြေ မဟာမိတ်တပ်ထံ ဤနတ်နိယာမကို စောစောစီးစီး ပေးအပ်လိုက်ခြင်းက ဘာကြောင့် မကောင်းရတာလဲ။
ကောင်းကင်နတ်ဆိုးတပ်ကို ရင်ဆိုင်ဖို့ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်က နည်းလမ်း ရှာမတွေ့ခဲ့ရင် ကောင်းကင်နတ်ဆိုးတပ် တောင်ဘက်ကို ဆင်းလာတဲ့အခါ သူတို့လည်း ဒုက္ခရောက်ရမည် မဟုတ်ပါလား။
ပုံမှန်အားဖြင့်ဆိုလျှင် ဤအချိန်သည် ထိုမဟာအင်အားကြီးအုပ်စုများ ကောင်းကင်နတ်ဆိုးများကို ခုခံနိုင်ရန် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်များအား ဤနတ်နိယာမ သင်ကြားပေးရမည့် အချိန်ဖြစ်သည်။
ရောက်ရှိနေသူများကို လုချန်း ရှင်းပြခြင်း မပြုခဲ့ပေ။
သူက ဆက်လက်၍
“အများကြီး မတွေးကြနဲ့။ ဒီနတ်နိယာမကို အရင်ဆုံး သင်ယူပြီးမှ ဆင့်ပွားသင်ကြားပေးကြ။”
“ဒီနေ့ကစပြီး ချင်နတ်ဘုရားနိုင်ငံထဲက လူတိုင်း ဒီနတ်နိယာမကို မဖြစ်မနေ သင်ယူရမယ်။”
ထိုသို့ပြောရင်း လက်ထဲမှ ကျောက်စိမ်းလိပ်ကို လုချန်း ချက်ချင်း လှုံ့ဆော်လိုက်ရာ နောက်တစ်ခဏတွင် ကျောက်စိမ်းလိပ်မှ တောက်ပသော အလင်းတန်းများ ထုတ်လွှတ်ပြီး အလင်းလုံးပေါင်းများစွာအဖြစ် ပြောင်းလဲကာ ခန်းမအတွင်းရှိ လူများ၏ နဖူးအလယ်ဆီသို့ ပျံသန်းဝင်ရောက်သွားတော့၏။
လုချန်း ပေးအပ်လိုက်သော နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် အပြည့်အစုံမဟုတ်ပေ။ ကျင့်ကြံရန် မိစ္ဆာစွမ်းအား အသုံးပြုသည့် အပိုင်းများကို ဖယ်ရှားထားသည့် သူကိုယ်တိုင် တည်းဖြတ်ပြင်ဆင်ထားသော ကျမ်းစာသာ ဖြစ်၏။
မိစ္ဆာစွမ်းအားကို အသုံးပြု၍ စွမ်းအားတိုးတက်စေမည့် စွမ်းရည်ကို ဤလူများ ပိုင်ဆိုင်သွားပါက မိစ္ဆာနတ် လမ်းစဉ်ကို လျှောက်လှမ်းသွားနိုင်ခြေ ရှိသည်။ ဤအရာကို တားဆီးရန် ထိုအပိုင်းများကို လုချန်း တိုက်ရိုက် ဖယ်ရှားပစ်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ထိုအပိုင်းများ မပါဝင်လျှင်ပင် ဤလူများ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကျင့်ကြံပြီးသည်နှင့် မိစ္ဆာအငွေ့အသက်ကို နှိပ်ကွပ်နိုင်စွမ်း ရှိကြဦးမည် ဖြစ်၏။
ထိုလူများကို လုချန်း နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ သင်ကြားပေးပြီးနောက် ခပ်အေးအေးပင်
“ဒီနတ်နိယာမကို ချင်နတ်ဘုရားနိုင်ငံရဲ့ လူတွေကိုပဲ သင်ကြားပေးရမယ်။ သင်ကြားပေးတဲ့ အခါတိုင်းမှာလည်း ဒါကို အပြင်လူတွေဆီ မပြန့်ပွားစေဖို့ သစ္စာဆိုခိုင်းရမယ်။ ခင်ဗျားတို့ကိုယ်တိုင်ပဲ တိုက်ရိုက် သင်ကြားပေးရမယ်။”
လူအများက တညီတညွတ်တည်း
“ဘုရင်ကြီးရဲ့ အမိန့်ကို နာခံပါ့မယ်။”
ထိုသူများသည် လူမိုက်များ မဟုတ်ကြရာ ဤနတ်နိယာမ၏ အရေးကြီးပုံကို ကောင်းစွာသိကြသည်။ အဆုံးစွန်၌ ဤအရာသည် ကောင်းကင်နတ်ဆိုး၏ စွမ်းအားကို နှိပ်ကွပ်နိုင်ပြီး မြောက်ပိုင်းနယ်ရှိ စစ်မြေပြင်အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည့် တစ်ခုတည်းသော နတ်နိယာမ ဖြစ်နေသောကြောင့် ဖြစ်၏။
လုချန်းက ဆက်လက်၍
“ဒီနတ်နိယာမကို သင်ကြားပေးတဲ့အခါ ကောင်းကင်နတ်ဆိုးကို နှိပ်ကွပ်နိုင်တဲ့ အစွမ်းရှိတာကို ဘယ်သူ့ကိုမှ မပြောတာ အကောင်းဆုံးပဲ။”
“ကဲ... ဒီနေ့တော့ ဒီလောက်ပါပဲ။”
စကားအဆုံးတွင် လုချန်း၏ ပုံရိပ် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားရာ ခန်းမဆောင်ကြီးအတွင်း လူတို့၏ အသံများ ပဲ့တင်ထပ်သွား၏။
“ဘုရင်ကြီးကို နှုတ်ဆက်ပါတယ်။”
……
တစ်ချိန်တည်းမှာပင်။
လျှို့ဝှက်လဝန်းနန်းတော်။
ယွမ်ယုတိ၏ အိပ်ဆောင်။
လုချန်း၏ ရင်ခွင်ပေါ်တွင် ယွမ်ယုတိ လှဲလျောင်းနေပြီး သူတို့နှစ်ဦးသည် ရင်းနှီးကျွမ်းဝင်သည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်၏။ ယခုတော့ ဤအရာနှင့် ပတ်သက်၍ ယွမ်ယုတိ လုံးဝ ဂရုမစိုက်တော့ပေ။
ထိုစဉ် လုချန်းက
“ဆရာ... နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်အားလုံးကို သင်ကြားပေးလိုက်ပါ။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ အံ့အားသင့်သွား၏။
အမှန်စင်စစ် သူမ၏ စိတ်ထဲတွင်လည်း ဤအကြံစည် ရှိထားသော်လည်း ကောင်းကင်အဆင့် နတ်စွမ်းရည်ဖြစ်သည့် ဤနတ်နိယာမက လုချန်းပိုင်ဆိုင်သော ကျင့်စဉ် ဖြစ်ရာ သူမသဘောဖြင့် အခြားသူများကို သင်ကြားပေးရန် တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်၏။
ဤအကြောင်း လုချန်းဘက်က အရင်အဆိုပြုလာခြင်းကို ယွမ်ယုတိ တကယ်ပင် အံ့အားသင့်မိ၏။
ထို့နောက် ယွမ်ယုတိ ထရပ်လိုက်ပြီး လုချန်း၏ ရင်ဘတ်ပေါ်၌ သူမ၏ လက်များကို ထောက်ကာ မွှေးပျံ့သော ပုခုံးထက်မှ ဝဲကျနေသည့် ဆံပင်ဖြူများက လုချန်း၏ ရင်ဘတ်ထက်သို့ စီးကျနေရင်း လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ
“ရှင် တကယ်ပဲ လိုလိုလားလား ရှိရဲ့လား။”
လုချန်းက
“မြောက်ပိုင်းနယ်ရဲ့ အခြေအနေက မကောင်းဘူး။”
“နဂါးပြာ ခန်းမကလည်း မဟာအင်အားကြီးအုပ်စု အသီးသီးဆီ အကူအညီတောင်းထားပြီး နောက်လအနည်းငယ်အတွင်းမှာ နတ်ဆိုးဧကရာဇ်နဲ့ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်နေကြပြီ။”
“ဒီစစ်ပွဲမှာ နတ်ဘုရားနယ်မြေ မဟာမိတ်တပ် ရှုံးနိမ့်သွားဖို့ ရာခိုင်နှုန်း များတယ်လို့ ကျုပ် ခံစားရတယ်။”
“နောင်အနာဂတ်မှာ ကောင်းကင်နတ်ဆိုးတပ် တောင်ဘက်ကို ချီတက်လာရင်တောင် လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချင်နတ်ဘုရားနိုင်ငံ၏ လူတွေက နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကျင့်ကြံထားပြီးသားမို့လို့ ကောင်းကင်နတ်ဆိုးတပ်ကို ကြောက်နေစရာ မလိုတော့ဘူး။”
ယွမ်ယုတိက အေးစက်စွာဖြင့်
“ရှင်က နတ်ဆိုးဧကရာဇ်ကို ရှင့်ရဲ့ အချစ်ဟောင်းလို့ ပြောခဲ့ဖူးတယ်မလား။ သူက ရှင့်ကို တိုက်ခိုက်မှာ စိုးရိမ်လို့လား။”
လုချန်းက ရယ်မောလိုက်ပြီး
“ကျုပ် အဲဒီလို တစ်ခါမှ မပြောခဲ့ပါဘူး။
“သူက ကျုပ်ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်လို့ပဲ ပြောခဲ့တာပါ။”
လုချန်းကို ယွမ်ယုတိ အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ဤအကြောင်းအရာကို ထပ်မံ၍ အကျယ်မချဲ့တော့ပေ။
လုချန်းက ဆက်လက်၍
“ဒါနဲ့... နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လျှို့ဝှက်လဝန်းနန်းတော်ရဲ့ တပည့်တွေကို သင်ကြားပေးလို့ ရပေမဲ့ ကျင့်စဉ်အဆင့် တိုးတက်ဖို့ မိစ္ဆာစွမ်းအား စုပ်ယူရမယ့် အကြောင်းအရာကိုတော့ မဖြစ်မနေ ဖယ်ရှားရမယ်။”
လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များ မိစ္ဆာနတ် လမ်းစဉ်သို့ လျှောက်လှမ်းသွားမည်ကို စိုးရိမ်နေသည့် လုချန်း၏ ရည်ရွယ်ချက်ကို ယွမ်ယုတိ နားလည်သဘောပေါက်သည်။
--
…………