← Chapters

အခန်း ၁၈၃၃

Vol. 123 Ch. 1833

အခန်း ၁၈၃၃

Vol. 123 Ch. 1833

အခန်း (၁၈၃၃ )

ဖြစ်နိုင်ခြေရှိသော ထောင်ချောက်

ယွမ်ယုတိက

“လျှို့ဝှက်လဝန်းနန်းတော်က လူအားလုံးကိုယ်စား ရှင့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်”

ဤအရာကို သာမန်နတ်နိယာမတစ်ခုဟု မဆိုနိုင်ပေ။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၌ ကောင်းကင်နတ်ဆိုးစွမ်းအားကို ခုခံနိုင်စွမ်း မရှိလျှင်ပင် လူတိုင်း မသင်ယူနိုင်သည့် ကောင်းကင်အဆင့် နတ်စွမ်းရည်တစ်ခု ဖြစ်နေခြင်းကပင် ၎င်း၏ တန်ဖိုးအား အတိုင်းထက်အလွန် ကြီးမားစေ၏။

သို့သော် ဤထူးခြားလှသော ကောင်းကင်အဆင့် နတ်စွမ်းရည်ကို လျှို့ဝှက်လဝန်းနန်းတော်ရှိ လူတိုင်းအား သင်ကြားပေးရန် လုချန်းက လိုလိုလားလား ရှိနေပြန်၏။

ထိုလူယုတ်မာအပေါ် စိတ်ထဲ၌ အငြိုးအတေးအချို့ ရှိနေသေးသော်လည်း ဤအချက်တစ်ခုတည်းနှင့်ပင် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်အနေနှင့် လုချန်းကို သူမကိုယ်တိုင် ကျေးဇူးတင်ရပေမည်။

ယွမ်ယုတိ၏ ကျေးဇူးတင်စကားကြောင့် လုချန်း ပြုံးမိသွား၏။

လုချန်းက

“ကျုပ်တို့နှစ်ယောက်ကြားမှာ ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ။ ကျုပ်တို့က ဒီအဆင့်အထိ ရောက်လာခဲ့ကြပြီပဲ။”

ယွမ်ယုတိ ဆိတ်ဆိတ်သာ နေမိပြန်၏။ သူမအဖို့တော့ ကိစ္စတစ်ခုနှင့်တစ်ခုက သီးခြားစီ ဖြစ်သည်။

လုချန်းနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံခဲ့သော်လည်း ထိုအရာမှ အကျိုးကျေးဇူးများကို သူမ တကယ်ရရှိခဲ့၏။ စုံတွဲကျင့်စဉ်မှ အကျိုးကျေးဇူးများ ရရှိပြီးဖြစ်သည့်အပြင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လျှို့ဝှက်လဝန်းနန်းတော်အား ဝေမျှပေးအပ်ခြင်းက နောက်ထပ် ကျေးဇူး‌ကြွေးတစ်ခု ဖြစ်ပြန်၏။

ထိုအခိုက်အတန့်တွင် ယွမ်ယုတိ၏ မျက်နှာထားသည် တည်ငြိမ်လွန်းနေ၏။

ယွမ်ယုတိက

“ရှင့်ရဲ့ အခြားကိုယ်ပွားတွေ လုပ်စရာ ကိစ္စတစ်ခုခု ရှိသေးလား။”

ဤမေးခွန်းကို ယွမ်ယုတိ ဘာကြောင့် မေးသည်ကို လုချန်း ချက်ချင်း သဘောပေါက်သွား၏။

လုချန်းက

“မရှိပါဘူး”

ထိုသို့ပြောပြီးနောက် လုချန်းကို ယွမ်ယုတိ ငုံ့၍ နမ်းလိုက်၏။ ထို့နောက် ဘဝဆိုသည်မှာ အိပ်မက်တစ်ခုကို စတင် အသုံးပြုလိုက်ပြန်၏။

လုပ်စရာ အခြားကိစ္စ မရှိတော့သဖြင့် လုချန်းလည်း သူမအပေါ်၌သာ အာရုံအားလုံးကို စုပြုံထားလိုက်တော့သည်။

ထိုသို့ဖြင့် နောက်ထပ်တစ်ကြိမ် အပြန်အလှန် ရင်ဆိုင်တိုက်ခိုက်ခြင်းကို သူတို့နှစ်ဦး စတင်ကြပြန်၏။

…..

နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့၏။

နဂါးပြာ ခန်းမနှင့် ကောင်းကင်နတ်ဆိုးတပ်တို့အကြား ကြီးမားလှသော အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲမည့်နေ့လည်း နောက်ဆုံးတွင် ရောက်ရှိလာခဲ့၏။

ယခုအခါ ကောင်းကင်နတ်ဆိုးတပ်ကို အလုံးအရင်းနှင့် ပြန်လည်ထိုးစစ်ဆင်နွှဲရန် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်က မြောက်ပိုင်းနယ်၌ လူသန်းပေါင်းများစွာရှိသော စစ်တပ်ကို တပ်စွဲထားပြီး ဖြစ်၏။ သူတို့သည် ဦးဆောင်သူ နဂါးပျံ နတ်သခင်၏ အမိန့်ရသည်နှင့် လှုပ်ရှားရန် အသင့်ရှိနေကြသည်။

ယခုအခါ မြောက်ပိုင်းနယ်တစ်ခုလုံးသည် စစ်၏အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေ၏။ နဂါးပျံနတ်သခင်သည် အလျား မီတာတစ်ထောင်ခန့်ရှိ ခမ်းနားထည်ဝါလှသော နတ်လှေကြီးပေါ်တွင် ရပ်လျက် အဝေးဆီရှိ သိပ်သည်းလှသော နတ်လှေများကို ငေးကြည့်နေ၏။

ထိုအခိုက်အတန့်တွင် ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး သူ၏အနား၌ ရုတ်တရက် ပေါ်လာပြန်သည်။

နဂါးပျံနတ်သခင်၏ မျက်နှာထားက ခပ်အေးအေးပင် ရှိနေ၏။

နဂါးပျံနတ်သခင်က ဘေးနားရှိ အမျိုးသားကို

“ဒီတစ်ကြိမ်မှာ နတ်ဆိုးဧကရာဇ်ရဲ့ ကောင်းကင်နတ်ဆိုးတပ်ကို မချေမှုန်းနိုင်ဘူးလို့ ကျွန်တော် မယုံဘူး။”

နဂါးအထွတ်အထိပ် နတ်သခင်က နဂါးပျံနတ်သခင်ကို

“သတိထားတာက ပိုကောင်းလိမ့်မယ်။ လုံးဝ မလွှဲမရှောင်သာတဲ့ အခြေအနေမျိုး မဟုတ်ရင် ကျုပ် လှုပ်ရှားမှာ မဟုတ်ဘူး။”

သူတို့၏ ဘွဲ့အမည်များ၌ စာလုံးတစ်လုံးသာ ကွာခြားသော်လည်း စွမ်းအားချင်းမှာမူ ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှပေ၏။

နဂါးပျံနတ်သခင်၏ စွမ်းအားထက် နဂါးအထွတ်အထိပ် နတ်သခင်၏ စွမ်းပကားက များစွာ သာလွန်သော်လည်း နဂါးအထွတ်အထိပ် နတ်သခင်အနေနှင့် စိတ်လိုက်မာန်ပါ မလှုပ်ရှားနိုင်ချေ။

နဂါးအထွတ်အထိပ် နတ်သခင်၏ သက်တမ်းသည် ကုန်ဆုံးခါနီး အချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ မဆင်မခြင် လှုပ်ရှားမှုမှန်သမျှက သေဆုံးမည့်အချိန်ကို ပို၍ စောစီးစွာ ရောက်လာစေနိုင်၏။

ထို့ကြောင့် ဤစစ်ပွဲကို နဂါးပျံနတ်သခင်ကသာ ဦးဆောင်ကွပ်ကဲရခြင်းဖြစ်သည်။

နဂါးအထွတ်အထိပ် နတ်သခင်၏ သတိပေးမှုကို ကြားသောအခါ နဂါးပျံနတ်သခင်က ခပ်အေးအေးပင်

“စိတ်ချပါ။ ကျုပ်ရဲ့ အတိုင်းအတာကို ကျုပ် သိပါတယ်။”

“ဒီတိုက်ပွဲမှာ ကျုပ်တစ်ယောက်တည်းပဲ နတ်သခင် မဟုတ်ပါဘူး။”

အခြားနယ်များရှိ မဟာအင်အားကြီးအုပ်စုများမှ နတ်သခင်များ ရောက်ရှိမလာကြသေးသော်လည်း မြောက်ပိုင်းနယ်ရှိ အင်အားစုများမှ နတ်သခင်များနှင့်တင် ဆယ်ဂဏန်းထက်မက ရှိနေပြီ ဖြစ်၏။ ထို့ပြင် နဂါးပြာ ခန်းမကိုယ်တိုင်၌လည်း နတ်သခင်အချို့ ရှိနေသေး၏။

နဝမကောင်းကင်တက္ကသိုလ်တွင်လည်း နတ်သခင်များ ရှိနေကြောင်းကို နဂါးပျံနတ်သခင် သိသော်လည်း ၎င်းတို့၏ အရေအတွက်က များစွာ နည်းပါးလှ၏။

ထိုအခိုက်အတန့်တွင် နဂါးပျံနတ်သခင်၌ ယုံကြည်မှုများ အပြည့်အဝ ရှိနေသည်။

ထျန်းရန်နတ်ဘုရားနယ်မြေ၏ မဟာအင်အားကြီးအုပ်စုများမှ လူသန်းပေါင်းများစွာရှိသော စစ်တပ်၏ ဝိုင်းရံပိတ်ဆို့မှုကို နတ်သခင်အဆင့်ပင် မဟုတ်သေးသည့် နတ်ဆိုးဧကရာဇ်တစ်ပါးက ခုခံနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။

အချိန်အခါကောင်း ရောက်ပြီဖြစ်ကြောင်း မြင်လျှင် ကောင်းကင်နတ်ဆိုးတပ်မတော် သိမ်းပိုက်ထားသည့် နတ်မြို့နှင့် အင်အားစုများကို အလုံးအရင်းနှင့် စစ်ဆင်နွှဲရန် နဂါးပျံနတ်သခင်က ချက်ချင်း အမိန့်ပေးလိုက်၏။

နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ စစ်သည်သန်းပေါင်းများစွာရှိသော စစ်တပ်ကို စတင်ချီတက်စေသည်နှင့် ကောင်းကင်နတ်ဆိုးတပ်လည်း ထိုအရှိန်အဝါကို ယာယီအားဖြင့် ရှောင်တိမ်းလိုက်ရ၏။

ကောင်းကင်နတ်ဆိုးတပ် သိမ်းပိုက်ထားသည့် နတ်မြို့များနှင့် အင်အားစုများကို ရှေ့သို့ ချီတက်လာသော နတ်ဘုရားနယ်မြေ မဟာမိတ်တပ် တစ်ခုပြီးတစ်ခုကို ပြန်လည်ရယူနိုင်ခဲ့ရာ အခြေအနေ အလွန်ကောင်းနေပုံ ပေါ်၏။

…..

မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်ပွဲကာလ ငါးနှစ်တိုင်တိုင် ကြာမြင့်သွားခဲ့ပြီဖြစ်၏။

ဤကာလအတွင်း နတ်ဘုရားနယ်မြေ မဟာမိတ်တပ်ကို ကောင်းကင်နတ်ဆိုးတပ်က အထိအခိုက်အချို့ ဖြစ်စေခဲ့သော်လည်း ၎င်း၏ ပင်မစစ်တပ်ကြီးမှာမူ ပျက်စီးခြင်းမရှိပဲ တည်ရှိနေဆဲဖြစ်၏။

နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်ဝိညာဉ်များ ကောင်းကင်နတ်ဆိုးစွမ်းအား၏ နှိပ်ကွပ်မှုကို ခံရသော်လည်း ဆက်တိုက်ဆိုသလို အောင်ပွဲများ ဆင်နွှဲနိုင်ခဲ့သည်။

ဤစစ်ပွဲ အနိုင်ရဖို့က သေချသလောက် ဖြစ်လာခဲ့ပြီဖြစ်၏။ သို့သော် ထိုအချိန်သို့ ရောက်လာသောအခါ မြောက်ပိုင်းနယ်ရှိ နတ်သခင်များ စတင် စိုးရိမ်လာကြ၏။

စစ်မျက်နှာပြင်က အဆက်မပြတ် ရှေ့သို့ တိုးလာသည်နှင့်အမျှ နတ်ဆိုးဧကရာဇ်၏ အခြေစိုက်စခန်းသို့ ရောက်ရန် သိပ်မလိုတော့ပေ။

မကြာမီ နတ်ဆိုးဧကရာဇ်နှင့် ထိပ်တိုက်ရင်ဆိုင်ရတော့မည် ဖြစ်၏။

လက်ရှိနတ်ဆိုးဧကရာဇ်၌ အလွန်ဆုံးရှိမှ နတ်သခင်အဆင့် အင်အားသာ ရှိသဖြင့် ခြိမ်းခြောက်မှု မရှိနိုင်ကြောင်း နတ်သခင်အချို့က နှုတ်မှ ပြောဆိုနေကြသော်လည်း နတ်သခင်အများစု၏ စိတ်ထဲ၌တော့ ရေရေရာရာ မရှိကြသေးပေ။

အဆုံးစွန်၌ ရန်သူသည် နတ်ဆိုးဧကရာဇ် ဖြစ်နေ၏။ ဤစစ်ပွဲကို သူတို့ အောင်နိုင်လျှင်ပင် ဤစစ်ဆင်ရေးအတွင်း နတ်သခင်အချို့ ဧကန်မုချ သေဆုံးရမည် ဖြစ်သည်။

ထိုအချိန် ရောက်ခါနီးလာလေလေ နတ်သခင်များ ပို၍ သတိကြီးစွာ ထားလာကြလေလေ ဖြစ်၏။

…..

တစ်ချိန်တည်းမှာပင်။

လျှို့ဝှက်လဝန်း ကျောင်းတော်။

ကောင်းကင်တောင်ထိပ်ရှိ အခန်းတစ်ခန်းအတွင်း။

လက်ထဲမှ ကျောက်စိမ်းလိပ်၏ အကြောင်းအရာကို ကြည့်လျက် ရွှမ်ချင်းယွမ် အမှန်တကယ်ပဲ ရှုံးနိမ့်တော့မှာလားဟု လုချန်း တွေးတောနေ၏။

သူ စုဆောင်းရရှိထားသော ထောက်လှမ်းရေး အစီရင်ခံစာများအရ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ လူတစ်သန်းကျော်ကို ကောင်းကင်နတ်ဆိုးတပ်က ချေမှုန်းနိုင်ခဲ့သော်လည်း ၎င်း၏ ပင်မစစ်တပ်က ကျန်ရှိနေသေးပြီး အတွင်းရှိ အစွမ်းထက်သူများလည်း လှုပ်ရှားခြင်း မပြုရသေးပေ။

ယခုအခါ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်က နဝမကောင်းကင်တက္ကသိုလ်၏ အနီးအနားအထိ ရောက်ရှိနေပြီ ဖြစ်၏။ ဤနှုန်းအတိုင်းဆိုလျှင် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်အဖို့ နဝမကောင်းကင်တက္ကသိုလ် တည်ရှိရာ ကမ္ဘာငယ်လေးကို ရောက်ရှိနိုင်ရန် နောက်ထပ် အနှစ်နှစ်ဆယ်ပင် ကြာမြင့်လိမ့်မည် မဟုတ်ပေ။

ခဏခန့် လုချန်း တွေးတောနေမိ၏။ ကောင်းကင်နတ်ဆိုးတပ် ဤမျှလောက် အားနည်းလိမ့်မည် မဟုတ်ကြောင်း၊ ရှေ့တွင် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်အတွက် ထောင်ချောက်တစ်ခုကို ရွှမ်ချင်းယွမ်က တမင်တကာ ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း သူ ခံစားနေရ၏။

ဤဖြစ်နိုင်ခြေကို လုချန်း လျင်မြန်စွာ အတည်ပြုလိုက်၏။ ကောင်းကင်နတ်ဆိုးစွမ်းအားက နတ်အငွေ့အသက်ကို နှိပ်ကွပ်နိုင်စွမ်း ရှိသဖြင့် ကောင်းကင်နတ်ဆိုးတပ်သည် ဤမျှ အားနည်းစရာ အကြောင်းမရှိပေ။

နတ်ဘုရားနယ်မြေ မဟာမိတ်တပ် ရှေ့တိုးလာနိုင်ခဲ့လျှင်ပင် ထိခိုက်သေဆုံးမှု အတော်အတန် ရှိသင့်သည်။

ဤမျှလောက် လွယ်ကူနေစရာ အကြောင်းမရှိပေ။

သို့သော်ငြားလည်း ရွှမ်ချင်းယွမ် ထောင်ချောက်တစ်ခု ဆင်ထားနိုင်သည်ကို သူပင် မြင်နိုင်လျှင် မြောက်ပိုင်းနယ်ရှိ မြောက်မြားစွာသော နတ်ဘုရင်ခံများ သတိမပြုမိပဲ နေမည်မဟုတ်တာ အသေအချာပင် မဟုတ်ပါလား။

အစပိုင်းတွင် ကောင်းကင်နတ်ဆိုးတပ်က အလွန်တရာ လျင်မြန်သော အရှိန်ဖြင့် ရှေ့တိုးလာခဲ့ပြီး အချိန်တိုအတွင်း မြောက်ပိုင်းနယ်၏ ထက်ဝက်နီးပါးကို သိမ်းပိုက်နိုင်ခဲ့၏။ သို့သော်လည်း နတ်ဘုရားနယ်မြေက ပြန်လည်စစ်ဆင်နွှဲသည်နှင့် ကောင်းကင်နတ်ဆိုးတပ် ပြိုကွဲသွားခြင်းက အလွန် သံသယဖြစ်ဖွယ် ကောင်းလှ၏။

သို့သော် ရွှမ်ချင်းယွမ်၏ စွမ်းဆောင်ရည်နှင့်ဆိုလျှင် ရှုံးနိမ့်သွားခဲ့လျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည်ဟု တွေးလိုက်ပြီး လက်ထဲရှိ ကျောက်စိမ်းလိပ်ကို ဘေးသို့ လုချန်း ဖယ်ထားလိုက်၏။

သူမ၏ လုံခြုံရေးအတွက် သူ အလွန်အမင်း ပူပန်နေစရာ မလိုချေ။

ရွှမ်ချင်းယွမ် အတွက် စိုးရိမ်နေမည့်အစား သူ၏ ကိုယ်ပိုင် အင်အားကို မြှင့်တင်ရန် အချိန်ကို အမိအရ ဆုပ်ကိုင်ထားခြင်းက ပို၍ ကောင်း၏။

ထိုသို့တွေးတောရင်း ယွမ်ယုတိနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံရန်သာ လုချန်း တွေးလိုက်လိုက်တော့၏။

…….

ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသွားခဲ့ပြီ။

ဤဆယ်နှစ်တာကာလအတွင်း မြောက်ပိုင်းနယ်မဟာမိတ်တပ်များ အဆက်မပြတ် ရှေ့တိုးလာခြင်းမှလွဲ၍ ထျန်းရန်နတ်ဘုရားနယ်မြေ၏ အခြားနေရာများ၌ ထူးခြားသော ကိစ္စရပ် ကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်း မရှိ ပေ။

သို့ရာတွင် ဤဆယ်နှစ်အတွင်း တစ်စုံတစ်ဦးက ချင်နတ်ဘုရားနိုင်ငံနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့ကို ပစ်မှတ်ထားသည့် အစီအစဉ်တစ်ခုကို တိတ်တဆိတ် စတင်လိုက်ပြီ ဖြစ်၏။

….

လကွယ်ဂိုဏ်း။

နှင်းခဲလ နတ်မြို့။

နတ်မြို့၏ အထက် ကောင်းကင်ယံ၌။

နတ်ဘုရင်သည် သူ၏ ရှေ့မှ လကွယ်ဂိုဏ်း၏ တပည့်များကို ဝေ့ဝဲကြည့်လိုက်၏။

နှင်းခဲလ နတ်ဘုရင်က ၎င်းတို့ကို

“ချင်နတ်ဘုရားနိုင်ငံတော်နဲ့ လျှို့ဝှက်လဝန်းနန်းတော်ထဲကို ဝင်သွားပြီးရင် ဘာလုပ်ရမယ်ဆိုတာ ခင်ဗျားတို့ သိကြတယ်မလား။”

တပည့်များက တညီတညွတ်တည်း

“ကျုပ်တို့ နားလည်ပါတယ်”

ချင်နတ်ဘုရားနိုင်ငံတော်နှင့် လျှို့ဝှက်လဝန်းနန်းတော်အတွင်းသို့ သူလျှိုဝင်ရမည်ဖြစ်သဖြင့် သူတို့၏ သရုပ်မှန်ကို ကောင်းစွာဖုံးကွယ်ထားရမည်ဖြစ်သည်။

အကယ်၍ ရန်သူက ရိပ်မိသွားပါက ချက်ချင်းပင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးကြရမည်ဖြစ်၏။

၎င်းတို့၏ ဝိညာဉ်မူလအစသည် နှင်းခဲလ နတ်ဘုရင်၏ လက်ထဲ၌ ရှိနေသဖြင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးခြင်း မပြုလျှင်ပင် ရန်သူရိပ်မိ သွားပါက ဧကန်မုချ သေဆုံးရမည်သာ ဖြစ်၏။

နှင်းခဲလ နတ်ဘုရင်က

“ဘာလုပ်ရမယ်ဆိုတာ သိပြီးပြီဆိုရင်တော့ ထွက်ခွာကြတော့။”

နှင်းခဲလ နတ်ဘုရင် စကားပြော၍ ဆုံးသည်နှင့် ကောင်းကင်ယံရှိ လူများလည်း အလင်းတန်းများစွာအဖြစ် ပြောင်းလဲကာ လကွယ်ဂိုဏ်း၏ ကမ္ဘာငယ်လေးထဲမှ ထွက်ခွာသွားကြတော့၏။

--

…………

All Chapters