အခန်း ၁၈၃၄
Vol. 123 Ch. 1834
အခန်း( ၁၈၃၄)
နှင်းခဲလ နတ်ဘုရင်
နှင်းခဲလ နတ်ဘုရင်သည် ကောင်းကင်ယံရှိ လင်းလက်နေသော အလင်းတန်းများကို ငေးမောကြည့်ရှုရင်း ဤလူစုကို အသုံးပြု၍ ချင်နိုင်ငံ နတ်ဘုရား နိုင်ငံနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့၏ အခြေအနေကို စုံစမ်းထောက်လှမ်းနိုင်မည်ဟု ဆင်ခြင်မိ၏။
လက်ရှိတွင် လျှို့ဝှက်လဝန်းနန်းတော်၏ အခြေအနေအများစုကို သူတို့ စုံစမ်းသိထားပြီးဖြစ်သော်လည်း၊ လျှို့ဝှက်လဝန်းနန်းတော်နှင့် လျှို့ဝှက်လဝန်း ကျောင်းတော်တို့ကြားရှိ ဆက်ဆံရေးကိုတော့ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိသေးပေ။
လျှို့ဝှက်လဝန်း ကျောင်းတော်မှ ယွမ်ယုတိ ခွဲထွက်သွားပြီး ၎င်းနှင့် မည်သည့်ပတ်သက်မှုမှ မရှိတော့သယောင် ထင်ရသော်လည်း သူမသည် အဆုံး၌တော့ လျှို့ဝှက်လဝန်း ကျောင်းတော်၏ အတိတ်က သူတော်စင်မတစ်ပါး ဖြစ်ခဲ့ဖူး၏။
လျှို့ဝှက်လဝန်းနန်းတော်သည် တောင်ပိုင်းနယ်၌ ဝိုင်းရံပိတ်ဆို့မှုကို ရင်ဆိုင်ရပြီးနောက် အလယ်ပိုင်းနယ် သို့မဟုတ် အရှေ့ပိုင်းနယ်သို့ ရွှေ့ပြောင်းခြင်းမပြုပဲ အလွန်ခေါင်သီလှသည့် အရိုင်းနယ်မြေသို့ ဦးတည်သွားခြင်းက သံသယဖြစ်ဖွယ်ရာ အရှိဆုံး အချက်ပင် ဖြစ်၏။
ထိုခြေအနေက လျှို့ဝှက်လဝန်းနန်းတော်သည် ဝိုင်းရံတိုက်ခိုက်မှုကို အကြောင်းပြချက်အဖြစ် တမင်တကာ အသုံးချလျက် အရိုင်းနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်နိုင်သည်ဟူသော သံသယကို ဧကန်မုချ ကြီးထွားစေ၏။
လျှို့ဝှက်လဝန်းနန်းတော်သည် ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်ရပြီးနောက် တောင်ပိုင်းနယ်မှ ထွက်ပြေး တိမ်းရှောင်သွားခြင်းက သဘာဝကျသည်ဟု ထင်ရသော်လည်း ၎င်းတို့ အဘယ်ကြောင့် အရိုင်းနယ်မြေသို့ ထွက်ပြေးသွားသနည်း ဟူသည့်အချက်ကတော့ ပြဿနာက ရှိနေ၏။
နှင်းခဲလ နတ်ဘုရင်သည် လျှို့ဝှက်လဝန်းနန်းတော်နှင့် လျှို့ဝှက်လဝန်း ကျောင်းတော်တို့ကြားရှိ ဆက်ဆံရေးကို အတည်မပြုနိုင်သေးသဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ အတွင်းပိုင်းအခြေအနေကို စုံစမ်းထောက်လှမ်းရန် လူအချို့ စေလွှတ်ရန် စီစဉ်ခဲ့ရခြင်း ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်၏ အတွင်းပိုင်းအခြေအနေကို ရှင်းလင်းစွာ သိနားလည်ပြီးမှသာ လကွယ်ဂိုဏ်း၏ လှုပ်ရှားမှုကို စတင်ဆောင်ရွက်နိုင်မည် ဖြစ်၏။
လကွယ်ဂိုဏ်းတွင်လည်း ဖြေရှင်းရမည့် ကိုယ်ပိုင်ကိစ္စရပ်များ ရှိနေသေးသဖြင့် လောကကြီးအား သူတို့၏ တည်ရှိမှုကို ယခုအချိန်တွင် ထုတ်ဖော်ပြသရန် မဖြစ်နိုင်သေးပေ။
ဤအရေးကိစ္စကို ဂိုဏ်းချုပ်ထံသို့ အစီရင်ခံတင်ပြရန် လိုအပ်သည်ကို သဘောပေါက်လျက် နှင်းခဲလ နတ်ဘုရင် ခဏခန့် အတွေးနက်နေမိပြန်၏။
ထိုသို့တွေးတောရင်း လခြမ်းပုံသဏ္ဌာန် ကျောက်စိမ်းပြားတစ်ခုကို နှင်းခဲလ နတ်ဘုရင် ထုတ်ယူလိုက်ပြီး ၎င်းကို နှိုးဆွရန်အတွက် နတ်စွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်၏။
နောက်တစ်ခဏ၌ နှင်းခဲလ နတ်ဘုရင်၏ ရှေ့မှောက်တွင် အဖိုးအိုတစ်ဦး၏ ပုံရိပ်က ပေါ်လာခဲ့၏။
ထိုပုံရိပ်ကပင် နှင်းခဲလ နတ်ဘုရင်ကိုထိတ်လန့်ဖွယ်ရာ ဖိအားတစ်ခု ခံစားရစေကာ ချက်ချင်းပင် ချွေးစေးများ ပြန်လာစေ၏။
နှင်းခဲလ နတ်ဘုရင်က ကောင်းကင်ယံရှိ လကွယ်ဂိုဏ်းချုပ်၏ ပုံရိပ်ကို လျင်မြန်စွာ ထရပ်ဂါရဝပြုလျက်
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
မျက်လုံးများကို မှိတ်ထားလျက် ထိုင်နေသည့် အဖိုးအို၏ ပုံရိပ်က
“ဘာကိစ္စရှိလို့လဲ”
နှင်းခဲလ နတ်ဘုရင်သည် လျှို့ဝှက်လဝန်းနန်းတော်နှင့် ပတ်သက်သော အချက်အလက်များကို ချက်ချင်းပင် မှတ်ဉာဏ်ပုလဲတစ်ခုအတွင်းသို့ စုစည်းကာ လကွယ်ဂိုဏ်းချုပ်၏ ပုံရိပ်ရှေ့မှောက်သို့ တင်ဆက်လိုက်၏။
ထိုအချိန်တွင် လကွယ်ဂိုဏ်းချုပ်သည် မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး ခဏခန့်အကြာတွင် နတ်အငွေ့အသက် တစ်ခုက မှတ်ဉာဏ်ပုလဲအတွင်းသို့ စီးဝင်သွားကာ နှင်းခဲလ နတ်ဘုရင် တင်ပြထားသော လျှို့ဝှက်လဝန်းနန်းတော်နှင့် သက်ဆိုင်သည့် မှတ်ဉာဏ်များကို ဖတ်ရှုလိုက်သည်။
လကွယ်ဂိုဏ်းချုပ်ထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိသည်ကို မြင်သော နှင်းခဲလ နတ်ဘုရင်က
“လျှို့ဝှက်လဝန်းနန်းတော်နဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်ကြားက ဆက်ဆံရေးကို အတည်မပြုနိုင်သေးလို့ အလျင်စလို မလှုပ်ရှားသေးပဲ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ချင်နိုင်ငံ နတ်ဘုရား နိုင်ငံထဲကို လူတွေ စေလွှတ်ပြီး စုံစမ်းခိုင်းထားရုံပဲ လုပ်ထားပါတယ်။”
နှင်းခဲလ နတ်ဘုရင်၏ စကားကို ကြားသော လကွယ်ဂိုဏ်းချုပ်က ခပ်အေးအေးဖြင့်
“ခင်ဗျား ကောင်းကောင်း လုပ်ခဲ့တာပဲ။ လျှို့ဝှက်လဝန်းနန်းတော်မှာ နတ်သခင်တစ်ပါး ရှိနေပြီ။ ခင်ဗျားသာ လှုပ်ရှားခဲ့ရင် လျှို့ဝှက်လဝန်းနန်းတော်ကို မရှင်းလင်းနိုင်ရုံတင်မကပဲ လကွယ်ဂိုဏ်းကိုပါ လူသိအောင် ဖော်ထုတ်မိသလို ဖြစ်သွားလိမ့်မယ်။”
နှင်းခဲလ နတ်ဘုရင် စကားပြောပြီးသည်နှင့် တပြိုင်နက် လကွယ်ဂိုဏ်းချုပ်၏ နတ်အာရုံက နဂါးနယ်မြေ၏ အခြေအနေကို စူးစမ်းထောက်လှမ်းလိုက်၏။
သူ၏ အငွေ့အသက်ကို ကာကွယ်ရန် အထူးနည်းဗျူဟာ ပုံစံများ မရှိပါက သူထိုသို့ စုံစမ်းလိမ့်မည် မဟုတ်ပေ။ နတ်သခင်များ အချင်းချင်း နတ်အာရုံကို အလွယ်တကူ အာရုံခံမိနိုင်သောကြောင့်ဖြစ်၏။
သို့သော် သူတို့၏ ကမ္ဘာငယ်လေးတွင် အထူးနည်းဗျူဟာ ပုံစံများ ရှိနေသောကြောင့် လကွယ်ဂိုဏ်းချုပ်က တိုက်ရိုက် စူးစမ်းရဲခြင်း ဖြစ်၏။ ပြင်ပခြေအနေကို သူ စူးစမ်းနိုင်သော်လည်း ပြင်ပရှိ လူများကတော့ သူ၏ နတ်အာရုံမှတစ်ဆင့် သူ၏ တည်နေရာကို ခြေရာမခံနိုင်ပေ။
လကွယ်ဂိုဏ်းချုပ်၏ စကားကို ကြားလျှင် နှင်းခဲလ နတ်ဘုရင် မှင်တက်သွား၏။
လျှို့ဝှက်လဝန်းနန်းတော်တွင် နတ်သခင်တစ်ပါး တကယ် ရှိနေပြီလား။
ဤထောက်လှမ်းရေး အချက်အလက်ကို သူ လုံးဝမသိခဲ့ပေ။
သူစိတ်အလောကြီးကာ အလျင်စလို မလှုပ်ရှားပဲ လျှို့ဝှက်လဝန်းနန်းတော်အတွင်းရှိ အခြေအနေကို စုံစမ်းဖို့ သူလျှိုလွှတ်ရုံသာ လုပ်မိသဖြင့် ကံကောင်းသည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။
လကွယ်ဂိုဏ်း၏ တည်ရှိမှု လုံးဝ ပေါ်ပေါက်သွားပြီး လကွယ်ဂိုဏ်းချုပ်၏ စီမံကိန်းကို ထိခိုက်စေခဲ့ပါက လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို မသတ်ဖြတ်မီ လကွယ်ဂိုဏ်းချုပ်က သူ့အား အရင်ဆုံး အပြစ်ပေး အဆုံးစီရင်ပစ်နိုင်၏။
လကွယ်ဂိုဏ်းချုပ်က ဆက်လက်၍
“နတ်ဘုရားအလောင်း သန့်စင်ခြင်း လုပ်ငန်းက အရေးကြီးဆုံး အခိုက်အတန့်ကို ရောက်နေပြီ။ ဒီအချိန်မှာ ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ဘူး။ လျှို့ဝှက်လဝန်းနန်းတော်ကို ဆက်ပြီး စောင့်ကြည့်။ လှုပ်ရှားမှု တစ်ခုခုရှိရင် ချက်ချင်း အစီရင်ခံပါ။”
နှင်းခဲလ နတ်ဘုရင်က လျင်မြန်စွာပင်
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
နှင်းခဲလ နတ်ဘုရင်၏ စကားသံ ပြီးဆုံးသည်နှင့် လကွယ်ဂိုဏ်းချုပ်၏ ပုံရိပ် ဖျတ်ကနဲ ကွယ်ပျောက်သွားရာ နှင်းခဲလ နတ်ဘုရင်လည်း သက်ပြင်းအရှည်ကြီးကို လေးလံစွာ ချလိုက်မိတော့၏။
…….
ထိုအချိန်တွင်။
အလောင်းတောင်သွေးပင်လယ်များဖြင့် ပြည့်နှက်နေသော ကမ္ဘာငယ်လေးတစ်ခု၌။
ဆံပင်ဖြူအဖိုးအိုသည် ဝေဟင်ထက်၌ တင်ပျဉ်ခွေ ထိုင်နေရင်း သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။ သူ၏ အမြင်အာရုံထဲတွင် အလျား ကီလိုမီတာရာနှင့်ချီမှ ထောင်နှင့်ချီအထိ ရှည်လျားသော ကြီးမားသည့် အရိုးစုအမြောက်အမြား ရှိနေ၏။ သို့သော် ဤအရိုးစုများက အကြီးဆုံးတော့ မဟုတ်ကြပေ။
ဤအရိုးစုများ၏ နောက်ကွယ်တွင် ထုထည်ကြီးမားလှသော ဦးခေါင်းကြီးတစ်ခု ရှိနေပြီးထိုဦးခေါင်းကြီး၏ ရှေ့မှောက်တွင်တော့ လကွယ်ဂိုဏ်းချုပ်အား ဖုန်မှုန့်တစ်မှုန့်ကဲ့သို့သာ မြင်တွေ့ရ၏။
အောက်ခြေရှိ ခန္ဓာကိုယ်၏ အရွယ်အစားကို မဆိုထားနှင့် ထိုဦးခေါင်းတစ်ခုတည်းသည်ပင် အလျား မီတာသိန်းကျော် ရှိနေသည်။
ထိုအခိုက်အတန့်တွင် ထိုဦးခေါင်းကြီး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး ကမ္ဘာငယ်လေး၏ ကောင်းကင်ယံတွင် ကြီးမားသော နေနှစ်စင်း ပေါ်ထွက်လာသကဲ့သို့ ကမ္ဘာငယ်လေးတစ်ခုလုံးကို ချက်ချင်းပင် လင်းထိန်သွားစေ၏။
လကွယ်ဂိုဏ်းချုပ်က ကျေနပ်အားရစွာဖြင့်
“နောက်ဆုံးတော့ ခဲခဲယဉ်းယဉ်း ထိန်းချုပ်နိုင်ခဲ့ပြီပဲ။ နတ်ဘုရားအလောင်းကို အောင်အောင်မြင်မြင် သန့်စင်ပြီးတာနဲ့ နတ်ဧကရာဇ်တောင် ငါကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး။” ဟု ရေရွတ်လိုက်၏။
ဤကြီးမားလှသော ခန္ဓာကိုယ်ကြီးထဲတွင် ထိတ်လန့်ဖွယ်ရာ စွမ်းအားများ ကိန်းအောင်းနေသည်။ ၎င်း၏ စွမ်းအား အစအနကို အသုံးပြုရုံဖြင့်ပင် ဤကမ္ဘာကြီးကို ကြီးမားသော ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေရန် လုံလောက်လှ၏။
လက်ရှိတွင် သူသည် နတ်ဘုရားအလောင်းကို အလုံးစုံ သန့်စင်နိုင်ခြင်း မရှိသေးပေ။ အကောင်းဆုံးအနေနှင့် ၎င်း၏ မျက်လုံးများကို ဖွင့်ရန်နှင့် လှုပ်ရှားရန်သာ ထိန်းချုပ်နိုင်သေး၏။
သို့သော် ထိုမျှသာဖြစ်စေကာမူ လကွယ်ဂိုဏ်းချုပ် အလွန်ပင် ကျေနပ်အားရနေပြီ ဖြစ်၏။ အဆုံး၌တော့ ဤအရာသည် ကောင်းကင်ဘုံပြင်ပမှ နတ်ဘုရားအလောင်းတစ်ခု ဖြစ်သဖြင့် အလွယ်တကူ သန့်စင်နိုင်သောအရာတော့ မဟုတ်ပေ။
…….
မြောက်ပိုင်းနယ်။
ယွန်းလင်တောင်။
အလျား မီတာတစ်ထောင်ရှည်သော စစ်နတ်လှေကြီးပေါ်တွင်။
နဂါးပျံနတ်သခင်သည် လှေဦးပိုင်း၌ ရပ်လျက် အဆုံးမရှိသော တောင်တန်းကြီးများကို ငေးမောကြည့်ရှုကာ ပြုံးလျက်
“နတ်ဆိုးဧကရာဇ်... ခင်ဗျားရဲ့ အရည်အချင်းက ဒီလောက်ပဲလား”
“ကျုပ်တို့် ယွန်းလင်တောင်ကို ဖြတ်ကျော်ပြီးတာနဲ့ နတ်ဆိုးဧကရာဇ်ရဲ့ ခိုအောင်းရာ စခန်းနဲ့ နီးကပ်သွားပြီ။”
ရွှန်ချင်းယွမ်ကို အနိုင်ယူပြီးနောက် ဧကရာဇ်အဆင့် ဖြစ်လာမည့် အခွင့်အရေးကို ရရှိရန် နဂါးပျံနတ်သခင် စိတ်ကူးယဉ်နေမိ၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် အဝေးမှ တောင်တန်းများ ရုတ်တရက် တုန်ခါလာပြီးနောက် ကောင်းကင်ယံသို့ အနက်ရောင် တိုင်လုံးကြီးတစ်လုံး ထိုးတက်သွားကာ ခဏချင်းအတွင်း မီတာတစ်သောင်းကျော်အထိ ရောက်ရှိသွားပြီး နတ်ဘုရားနယ်မြေ မဟာမိတ်တပ်၏ စစ်နတ်လှေများ ပျံသန်းသည့် အမြင့်ထက်သို့ ချက်ချင်း ကျော်လွန်သွား၏။
ဤမြင်ကွင်းကို မြင်လျှင် ထောင်ချောက်တစ်ခု ရှိနေနိုင်သည်ကို ကြိုတင်တွက်ဆထားပြီးဖြစ်သော နဂါးပျံနတ်သခင် မျက်မှောင်ကြုတ်လိုက်မိ၏။ မည်သို့ပင်ဆိုစေ နတ်ဆိုးဧကရာဇ်၏ စခန်းကို တိုက်ခိုက်တော့မည်ဖြစ်ရာ နတ်ဆိုးဧကရာဇ်ဘက်က ကြိုတင်ပြင်ဆင်မှုမရှိပဲ နေမည်မဟုတ်တာ သူကောင်းစွာသိ၏။
သို့သော် နဂါးပျံနတ်သခင်သည် စိုးရိမ်စိတ်များကို ဖယ်ရှားကာ နောက်ဆုံးတိုက်ပွဲအတွက် ဆက်လက်ချီတက်ခဲ့၏။
ယခု နတ်ဆိုးဧကရာဇ်ကို တစ်ခါတည်း အမြစ်ပြတ် ချေမှုန်းနိုင်မည့် အခွင့်အရေးကို ရရှိထားပြီဖြစ်၏။ ဖြစ်လာနိုင်ခြေရှိသော ထောင်ချောက်များကို ကြောက်ရွံ့သဖြင့် ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် သူ ဆုတ်ခွာမည် မဟုတ်ပေ။
ချက်ချင်းပင် နဂါးပျံနတ်သခင်က အသံလွှင့်လျက်
“တိုက်ပွဲအတွက် ပြင်ဆင်ကြ။”
နဂါးပျံနတ်သခင်၏ အမိန့်နှင့်အတူ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်၏ စစ်နတ်လှေ အားလုံးသည် သူတို့၏ ကာကွယ်ရေး နည်းဗျူဟာ ပုံစံများကို ဖွင့်လှစ်ကာ တိုက်ခိုက်ရန် ပြင်ဆင်ကြ၏။ နတ်သခင်များသည်လည်း ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းသွားကြပြီး အချိန်မရွေး တိုက်ပွဲဝင်နိုင်ရန် အသင့်ပြင်ထားကြ၏။
ထိုအချိန်တွင် မြေပြင်မှ အနက်ရောင်တိုင်လုံးများ ပိုထွက်ပေါ်လာပြီး နတ်ဘုရားနယ်မြေ မဟာမိတ်တပ်၏ အစိတ်အပိုင်းအများစုကို ဝိုင်းရံပိတ်ဆို့လိုက်တော့၏။
နောက်တစ်ခဏ၌ လူများ သတိမမူမိခင်မှာပင် အနက်ရောင်တိုင်လုံးများက ကောင်းကင်နတ်ဆိုးစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး အနက်ရောင် အတားအဆီးတစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေလိုက်၏။
အနက်ရောင် အတားအဆီး ဖြစ်ပေါ်လာသည်နှင့်အမျှ စစ်မြေပြင်ရှိ နတ်သခင်များပင် သူတို့၏ ကျင့်စဉ်စွမ်းအားများ ရုတ်တရက် ကျဆင်းသွားသည်ကို ကြုံတွေ့ခံစားလိုက်ရ၏။
သူ၏ ကျင့်စဉ်အဆင့် နတ်ဘုရင်အဆင့်သို့ ကျဆင်းသွားသည်ကို ခံစားလိုက်ရသဖြင့် နဂါးပျံနတ်သခင်၏ မျက်နှာအမူအရာ တည်တင်းသွား၏။
ဤအတိုင်း ဆက်သွား၍ မဖြစ်နိုင်ပေ။
နတ်ဆိုးဧကရာဇ်သည် လက်ရှိတွင် နတ်ဘုရင်အဆင့် စွမ်းအားသာ ရှိနိုင်သော်လည်း သူမက သူတို့၏ နတ်စွမ်းအားကို ဖိနှိပ်နိုင်သည့် ကောင်းကင်နတ်ဆိုးစွမ်းအားကို အသုံးပြုထားခြင်း ဖြစ်၏။ နတ်ဆိုးဧကရာဇ်ထက် ကျင့်စဉ်အဆင့်တစ်ဆင့် ပိုမမြင့်ပါက နတ်ဆိုးဧကရာဇ်ကို အနိုင်ယူရန် မသေချာဟု တွေးမိရင်း နဂါးပျံနတ်သခင် စိတ်မချနိုင်ဖြစ်နေမိ၏။
ထို့နောက် နဂါးပျံနတ်သခင်က အနက်ရောင် အတားအဆီးကို တိုက်ခိုက်ကြရန် လူတိုင်းကို အမိန့်ပေးလိုက်၏။
နဂါးပျံနတ်သခင် အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မြေအောက်မှ ထောင်ပေါင်းများစွာသော ကောင်းကင်နတ်ဆိုးများ ထွက်ပေါ်လာပြီး နတ်ဘုရားနယ်မြေ မဟာမိတ်တပ်၏ စစ်နတ်လှေများဆီသို့ လှိုင်းလုံးကြီးများကဲ့သို့ တဟုန်ထိုး တိုးဝင်လာကြတော့၏။
--
…………