← Chapters

အခန်း ၁၈၃၆

Vol. 123 Ch. 1836

အခန်း ၁၈၃၆

Vol. 123 Ch. 1836

အခန်း( ၁၈၃၆ )

နှစ်ရှည် တိုက်ပွဲကြီး

ထိုစဉ် ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံ၏ ပြင်ပ ၊ နတ်ဘုရား နယ်မြေ မဟာမိတ်တပ်၏ အပြင်ဘက်တွင် ဆံဖြူ အဖိုးအိုတစ်ဦး ပေါ်လာ၏။ သူ့အရှေ့ရှိ အနက်ရောင် အတားအဆီးကို ကြည့်ရှုရင်း ထိုအဖိုးအို၏ မျက်နှာအမူအရာ အလွန်တရာ လေးနက်တည်ကြည်နေသည်။

အဆုံးအဖြတ်တိုက်ပွဲတွင် နတ်ဆိုးဧကရာဇ်က ထောင်ချောက်ဆင်ထားလိမ့်မည်ဟု လူတိုင်းက တွက်ဆထားကြသော်လည်း နတ်ဆိုးဧကရာဇ်၏ ခြိမ်းခြောက်မှုကို အပြီးတိုင် ဖယ်ရှားပစ်ရန်အတွက် မဟာမိတ်တပ်များသည် ထိုးစစ်ဆင်ရန် စွန့်စားရွေးချယ်ခဲ့ကြသည်။

များပြားလှသော နတ်သခင်တို့၏ စွမ်းအားဖြင့်ဆိုလျှင် နတ်ဆိုးဧကရာဇ်၏ ထောင်ချောက်နှင့် ထိပ်တိုက်တိုးခဲ့လျှင်ပင် သူတို့အပေါ် သက်ရောက်မှုကြီးကြီးမားမား ရှိလိမ့်မည်မဟုတ်ဟု အစက သူတို့ ထင်မှတ်ခဲ့ကြ၏။ သို့သော် ယခုတော့ နတ်ဆိုးဧကရာဇ်ကို သူတို့ အလွန် အထင်သေးမိသွားခဲ့ကြပြီဖြစ်ကြောင်း ထင်ရှားလှသည်။

နဂါးအထွတ်အထိပ် နတ်သခင်သည် သူ့အရှေ့ရှိ နည်းဗျူဟာပုံစံ အတားအဆီးကို စိုက်ကြည့်နေ၏။ အတားအဆီးမှ ထွက်ပေါ်နေသော ကောင်းကင်နတ်ဆိုးစွမ်းအားကြောင့် ဤဝါရင့် နတ်သခင်ကြီး၏ ရင်ထဲ၌ပင် တုန်လှုပ်ခြောက်ခြားမှု အနည်းငယ်ကို ခက်ခဲစွာ ခံစားလိုက်ရ၏။

ထို့ပြင် ထိုနည်းဗျူဟာပုံစံသည် အဆက်မပြတ် အားကောင်းလာနေကြောင်းကိုလည်း သူ အထင်အရှား အာရုံရနေပြန်၏။ သို့သော် နည်းဗျူဟာပုံစံ၏ စွမ်းအားမြစ်ဖျားခံရာကို သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ယင်းသည် နတ်ဘုရား နယ်မြေ မဟာမိတ်တပ်၏ မကောင်းသော စိတ်ခံစားချက်များထံမှ စွမ်းအားကို ဆွဲယူနေခြင်းဖြစ်ကြောင်း အလွန် ထင်ရှားလှ၏။ အတားအဆီးအတွင်းရှိ နတ်များ ကြောက်ရွံ့ စိတ်ပျက်အားငယ်လာလေလေ၊ ထိုအတားအဆီးသည်လည်း ပို၍ ကြံ့ခိုင်တောင့်တင်းလာလေလေ ဖြစ်သည်။

သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်မှသာ ရတော့မည်ဟု နဂါးအထွတ်အထိပ် နတ်သခင် တွေးလိုက်၏။

ထိုစဉ် အဖြူရောင်တွင် အနက်ရောင်အနားသတ်များ ပါရှိသော ဝတ်စုံကို ဆင်မြန်းထားသည့် ရွှမ်ချင်းယွမ်သည် လေထုထဲသို့ ပျံသန်းတက်လာ၏။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်စွမ်းအားတစ်ခုသည် အောက်ဘက်ရှိ အတားအဆီးမှ ရုတ်တရက် ပွင့်အံထွက်လာကာ ရွှမ်ချင်းယွမ်၏ ကိုယ်ထည်အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားခဲ့ပြီး သူမ၏ စွမ်းအားများကိုလည်း လျင်မြန်စွာ ပြန်လည်ပြည့်ဖြိုးလာစေသည်။

သူမ၏အောက်ရှိ ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံသည် နတ်ဘုရား နယ်မြေ မဟာမိတ်တပ်ကို ပိတ်လှောင်ထားရန်သက်သက်မှ မဟုတ်ပဲ အခြားသော လုပ်ဆောင်ချက် အမြောက်အမြားလည်း ရှိနေသေး၏။

ပထမဦးစွာ အတားအဆီးကို ပိုခိုင်မာတောင့်တင်းစေရန် ထိုနည်းဗျူဟာပုံစံက အဆိုးမြင် စိတ်ခံစားချက်များကို စုပ်ယူသည်။ ထို့ပြင် အတားအဆီးအတွင်းရှိ နတ်များ၏ စိတ်ခံစားမှုကို လွှမ်းမိုးနိုင်ရန် မိစ္ဆာအတွေးများကို ထိုနည်းဗျူဟာပုံစံက စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးပြီး ၎င်းတို့၏ အတွင်းစိတ်ထဲရှိ မကောင်းဆိုးဝါးအတွေးများကို နှိုးဆွကာ အဆိုးမြင်စိတ်များကို ပိုကြီးထွားလာစေပြန်သည်။

အရေးကြီးဆုံးအချက်မှာ ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံသည် အတွင်းရှိ နတ်များ၏ အဆိုးမြင်စိတ်များကို စုပ်ယူပြီးနောက် ကောင်းကင်နတ်ဆိုးစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားကာ ရွှမ်ချင်းယွမ်၏ ကိုယ်ထည်အတွင်းသို့ စီးဝင်သွားစေပြီး သူမ၏ ကျင့်စဉ်အဆင့်ကို လျင်မြန်စွာ ပြန်လည်ထူထောင်ပေးခြင်း ဖြစ်၏။

နတ်ဘုရား နယ်မြေ မဟာမိတ်တပ် တစ်စုတစ်စည်းတည်း ဖြစ်လာမည့် ဤအခိုက်အတန့်ကို ရွှမ်ချင်းယွမ်က တမင်တကာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှမ်ချင်းယွမ်၏ ကျင့်စဉ်အဆင့်သည် နတ်သခင်အဆင့်၏ အထွတ်အထိပ်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားတော့သည်။

ရွှမ်ချင်းယွမ်၏ ကိုယ်ပေါ်မှ ဖိနှိပ်သည့် စွမ်းအားများ လျင်မြန်စွာ မြင့်တက်လာသည်ကို ခံစားမိလျှင် ထိုနည်းဗျူဟာပုံစံ၏ စစ်မှန်သော ရည်ရွယ်ချက်ကို ရိပ်မိသွားသဖြင့် နဂါးအထွတ်အထိပ် နတ်သခင်၏ မျက်နှာအမူအရာလည်း ချက်ချင်းပင် အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။

နဂါးအထွတ်အထိပ် နတ်သခင်လည်း တုံ့ဆိုင်းမနေတော့ပဲ သူ၏ နဂါးကိုယ်ထည် နိယာမ ပုံရိပ်ကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်၏။ ထို့နောက် သူ၏နောက်ကွယ်ရှိ နဂါးကိုယ်ထည် နိယာမ ပုံရိပ်၏ နဂါးလက်သည်းများ ကြွတက်လာကာ ကောင်းကင်နတ်ဆိုးစွမ်းအားများကို စုပ်ယူနေသော ရွှမ်ချင်းယွမ်ထံသို့ တိုက်ရိုက် ပုတ်ခတ်လိုက်သည့် ခဏတွင် နဂါးအထွတ်အထိပ် နတ်သခင်၏ နှုတ်မှလည်း

“နဂါးချောက်နက် ဖျက်ဆီးခြင်းလက်သည်း”

ဟုတစ်ဆက်တည်း ကြွေးကြော်လိုက်၏။

ရွှေရောင်နဂါး နိယာမ ပုံရိပ်၏ နဂါးလက်သည်းများ ကျဆင်းလာသည်နှင့်အမျှ အာကာသဟင်းလင်းပြင်ကြီး တစ်စစီ ကွဲကြေသွားသည့် တော်လည်းသံကြီး ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးတစ်ခုလုံး၌ ဖန်သားကွဲသံကဲ့သို့ အက်ကွဲသံများ မြည်ဟည်းသွားသည်။

နဂါးလက်သည်းများ ရွှမ်ချင်းယွမ်၏ ကိုယ်ပေါ်သို့ ကျရောက်လုဆဲဆဲအချိန်တွင် ရွှမ်ချင်းယွမ်က သူမ၏ ခေါင်းကို အသာအယာ မော့လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ မျက်ဝန်းများသည် လုံးဝ မှောင်မိုက်သောအနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

နောက်တစ်ခဏ၌ သူမ၏ ကိုယ်ပေါ်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများ ဝုန်းခနဲ ပွင့်အံထွက်လာကာ ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ဖွဲ့စည်းပြီးနောက် ထိုနဂါးလက်သည်းဆီသို့ ချက်ချင်းပင် ပင့်မြှောက် ရိုက်ခတ်လိုက်တော့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးနှစ်ရပ် ထိပ်တိုက်တွေ့ဆုံမှုကြောင့် ပြင်းထန်လှသော ပေါက်ကွဲမှုကြီးတစ်ခု ချက်ချင်း ဖြစ်ပွားသွားခဲ့သော်လည်း ကောင်းကင်နတ်ဆိုးစွမ်းအားနှင့် ထိတွေ့မိသည်နှင့်တပြိုင်နက် နဂါးအထွတ်အထိပ် နတ်သခင်၏ နဂါးကိုယ်ထည် နိယာမ ပုံရိပ်သည် ထိုကောင်းကင်နတ်ဆိုးစွမ်းအား၏ တိုက်စားခြင်းကို ခံလိုက်ရကာ မူလက တောက်ပလင်းလက်နေသော ရွှေရောင်နိယာမပုံရိပ်လည်း တဖြည်းဖြည်းနှင့် ဝေဝါးမှေးမှိန်သွား၏။

နဂါးအထွတ်အထိပ် နတ်သခင်၏ မျက်နှာအမူအရာသည် ပို၍ လေးနက်တည်ကြည်လာသည်။ ၎င်းသည် သူ၏ ပထမဆုံးအကြိမ် တိုက်ခိုက်မှုသာ ရှိသေးသော်လည်း သူ၏ နိယာမပုံရိပ်အား ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေပြီး ဖြစ်သည်။

အကယ်၍ ဤကဲ့သို့ နောက်ထပ် အကြိမ်အနည်းငယ်မှ ထပ်ဖြစ်ပါက သူ၏ စိတ်ဝိညာဉ်ရော ခန္ဓာပါ ပြာအတိဖြစ်ကာ ပျက်စီးသွားရပေလိမ့်မည်။

၎င်းက နတ်ဆိုးဧကရာဇ်၏ စွမ်းပကားပေလား။

ထိုစွမ်းအားကို အသုံးပြုမှ ဖြစ်တော့မည်ပုံရသည်။

ထိုသို့ တွေးတောရင်း နဂါးအထွတ်အထိပ် နတ်သခင်က

“နဂါးနတ်ဘုရား သွေးကြော... ပွင့်စေ”

ထိုအသံဆုံးသည်နှင့် တပြိုင်နက် ပြင်းထန်လှသော စွမ်းအားတစ်ခုက နဂါးအထွတ်အထိပ် နတ်သခင်၏ တစ်ကိုယ်လုံးသို့ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်။ ထို့နောက် သူ၏ အနောက်ရှိ ရွှေရောင်နဂါး နိယာမ ပုံရိပ်သည်လည်း သွေးကဲ့သို့ ရဲရဲနီသွားကာ ပို၍ ထင်ရှားခိုင်မာလာခဲ့သည်။

နဂါးအထွတ်အထိပ် နတ်သခင်ထံမှ ပွင့်အံထွက်လာသော ပြင်းထန်လှသည့် စွမ်းအားလှိုင်းများကို အာရုံရလိုက်လျှင် အစက အေးစက်တည်ငြိမ်နေသော ရွှမ်ချင်းယွမ်၏ မျက်နှာထက်တွင် အံ့ဩသွားသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်လာ တော့သည်။

နဂါးအထွတ်အထိပ် နတ်သခင် အသုံးပြုနေသော စွမ်းအားသည် ထျန်းရန်နတ်ဘုရားနယ်မြေ၏ စွမ်းအားမဟုတ်ကြောင်းကိုလည်း သူမ ချက်ချင်းပင် ရိပ်မိလိုက်၏။ သို့သော် မကြာမီမှာပင် ရွှမ်ချင်းယွမ်၏ နဂို တည်ငြိမ်အေးစက်၍ ခံစားချက်မဲ့သော မျက်နှာထား ပြန်လည်ပေါ်ပေါက်လာသည်။

နဂါးအထွတ်အထိပ် နတ်သခင် အသုံးပြုသည့် စွမ်းအားက ဤကမ္ဘာမှ မဟုတ်လျှင်ပင် အရေးစိုက်စရာ မလိုပေ။ သူမ ကိုယ်တိုင် အသုံးပြုနေသည့် ကောင်းကင်နတ်ဆိုးစွမ်းအားသည်လည်း ဤကမ္ဘာနှင့် သက်ဆိုင်သည့်အရာ မဟုတ်ပေ။

ထို့နောက်တွင်တော့ ထိုနတ်သခင်နှစ်ပါးစလုံးသည် သူတို့၏ စွမ်းပကား အစစ်အမှန်များကို ထုတ်ဖော်ကာ အစွမ်းကုန် တိုက်ခိုက်ကြတော့၏။ သူတို့ တိုက်ခိုက်လိုက်သည့် အရှိန်များကြောင့် ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံမှလွဲ၍ ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်း မြေပြန့်အတိ ဖြစ်သွားခဲ့ရသည်။

နည်းဗျူဟာပုံစံ ပြင်ပရှိ နတ်ဘုရား နယ်မြေ မဟာမိတ်တပ်မှ နတ်များလည်း တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုကို မခံရစေရန်အတွက် ထိုတိုက်ပွဲမြေပြင်နှင့် ဝေးရာသို့ ဆုတ်ခွာသွားကြရန်မှ တစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

ဤတိုက်ပွဲကို အစွမ်းကုန် ဆင်နွှဲခဲ့ကြသဖြင့် ကောင်းကင်နှင့် မြေကြီးပင်လျှင် အရောင်အသွေး ပြောင်းလဲသွားခဲ့ကာ အာကာသဟင်းလင်းပြင်ကြီးသည်လည်း အစဉ်မပြတ် ကွဲကြေပျက်စီးသွားလိုက် ပြန်စေ့သွားလိုက် ဖြစ်နေသည်။ သူတို့ တိုက်ခိုက်ရာ နေရာတိုင်း၌လည်း အစိတ်စိတ်အမြွှာမြွှာ ပျက်စီးနေသော မြေသားပြင်များဖြင့်သာ ဖုံးလွှမ်းပြည့်နှက်နေတော့၏။

နတ်သခင် အချင်းချင်းကြား တိုက်ပွဲများ၌ စွမ်းအားချင်း အပြတ်အသတ် ကွာခြားမှုမရှိပါက အချိန်တိုအတွင်း အနိုင်အရှုံး အဆုံးအဖြတ်ပေါ်ရန် အလွန် ခက်ခဲလှပေသည်။ နဂါးအထွတ်အထိပ် နတ်သခင်က နဂါးနတ်ဘုရား သွေးကြောကို နှိုးဆွပြီး နဂါးနတ်ဘုရားစွမ်းအားကို ထုတ်သုံးလိုက်ပြီးနောက် ရွှမ်ချင်းယွမ်၏ ကောင်းကင်နတ်ဆိုးစွမ်းအားသည်လည်း သူ၏ခန္ဓာကိုယ်မှ စွမ်းအားများကို ဆက်လက်၍ ဖိနှိပ်ထားနိုင်ခြင်း မရှိတော့‌ပေ။

ထို့ကြောင့် နှစ်ဦး အားပြိုင်မှုက ညီမျှသော အခြေအနေသို့ ရောက်ရှိသွားသည်။ ဤတိုက်ပွဲကြီးသည် ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ကြာမြင့်ခဲ့၏။

ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကမ္ဘာဦးစွမ်းအားများ စဉ်ဆက်မပြတ် ပြန်လည်ဖြည့်တင်းလာခြင်း မရှိခဲ့ပါက ထိုတိုက်ပွဲမြေပြင်၏ ဗဟိုချက်သည် တိုက်ပွဲစပြီး မကြာခင် အချိန်ကတည်းကပင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲ ပျက်စီးသွားခဲ့ပြီး ဖြစ်လိမ့်မည်။

တိုက်ပွဲ၏ ပြင်းထန်မှုကြောင့် အခြားသော နတ်သခင်များပင် ဝင်ရောက်စွက်ဖက်ရန် ခက်ခဲလှသလို မည်သူတစ်ဦးတစ်ယောက်မှလည်း ဝင်ရောက်ရန် မဝံ့ရဲကြချေ။

နတ်ဘုရား နယ်မြေ မဟာမိတ်တပ် ထောင်ချောက်အတွင်းသို့ သက်ဆင်းသွားခဲ့ကြောင်း ကြားသိရလျှင် အခြေအနေကို စုံစမ်းစစ်ဆေးရန်အတွက် မဟာမိတ်အဖွဲ့အတွင်းရှိ မတူညီသော အင်အားစုများက မြောက်ပိုင်းနယ်သို့ နတ်သခင်များ ထပ်မံ စေလွှတ်ခဲ့ကြပြန်၏။

သို့သော် တိုက်ပွဲမြေပြင်၏ ဗဟိုချက်၌ ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းကြုတ်လှသော စွမ်းအားကြီးနှစ်ရပ် အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ထိုနတ်သခင်များလည်း အလွန် ထိတ်လန့်ခြောက်ခြားသွားကြသဖြင့် အနီးသို့ပင် မချဉ်းကပ်ဝံ့ကြတော့ချေ။

နတ်ဆိုးဧကရာဇ်နှင့် နဂါးအထွတ်အထိပ် နတ်သခင်တို့အကြား တိုက်ပွဲသတင်းသည် ထျန်းရန်နတ်ဘုရားနယ်မြေတစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ နတ်ဆိုးဧကရာဇ်နှင့် နဂါးအထွတ်အထိပ် နတ်သခင်တို့၏ စွမ်းအားချင်း ညီမျှနေကြောင်း ကြားသိရလျှင် အချို့လူများက အဆိုးမြင်ကာ စိုးရိမ်ပူပန်နေကြသော်လည်း အချို့ကမူ နဂါးအထွတ်အထိပ် နတ်သခင်က နတ်ဆိုးဧကရာဇ်ကို လက်ရည်တူ ရင်ဆိုင်နိုင်သည့် အချက်ကို ထောက်ပြကာ နတ်ဆိုးဧကရာဇ်၏ အစွမ်း သိပ်မကြီးလှဟု ယူဆကြပြန်၏။

အဆိုးမြင်တတ်သူများ၏ အမြင်တွင်တော့ နတ်ဆိုးဧကရာဇ်သည် သူမ၏ စွမ်းအားများကို အပြည့်အဝ ပြန်လည်မထူထောင်ရသေးခင်မှာပင် ဤမှလောက်အထိ ကြောက်မက်ဖွယ်ကောင်းနေခြင်း ဖြစ်သည်။

အကယ်၍ နတ်ဆိုးဧကရာဇ်သာ သူမ၏ နဂိုကျင့်စဉ်အဆင့်အတန်းကို ပြန်လည်ထူထောင်နိုင်ခဲ့ပါက ထျန်းရန်နတ်ဘုရားနယ်မြေအတွင်းရှိ မည်သူတစ်ဦးတစ်ယောက်မှ သူမကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတော့မည်မဟုတ်ဟု တွေးတောမိကြ၏။

သို့သော် အကောင်းမြင်တတ်သူများကမူ နဂါးအထွတ်အထိပ် နတ်သခင် တစ်ဦးတည်းနှင့်ပင် နတ်ဆိုးဧကရာဇ်ကို ခုခံထားနိုင်သဖြင့် အကယ်၍ ထျန်းရန်နတ်ဘုရားနယ်မြေအတွင်းရှိ နတ်သခင်အားလုံးသာ ပူးပေါင်းလိုက်ကြမည်ဆိုလျှင် နတ်ဆိုးဧကရာဇ်သည် အနိုင်မတိုက်နိုင်သော ရန်သူမျိုး ဖြစ်လိမ့်မည်မဟုတ်ဟု ယုံကြည်နေကြပြန်၏။

……..

လျှို့ဝှက်လဝန်း ကျောင်းတော်။

ကောင်းကင်တောင်ထိပ်။

လုချန်း၏ ကျင့်စဉ်ဂူ။

လုချန်းသည် သူ၏ လက်ထဲရှိ ကျောက်စိမ်းပေလွှာကို နတ်စွမ်းအားဖြင့် လှုပ်ရှားသက်ဝင်စေရန် ကျောက်ကုတင်ပေါ်၌ တင်ပျဉ်ခွေထိုင်လျက် ကြိုးပမ်းနေ၏။

၎င်းအတွင်းရှိ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် မြောက်ပိုင်းနယ်သို့ သွားရောက်ကြည့်ရှုရန် သူ စိတ်ကူးရလာ၏။ သူသည် လွန်ခဲ့သော ဆယ်စုနှစ်များတစ်လျှောက် ယွမ်ယုတိနှင့်အတူ မနားမနေ စုံတွဲကျင့်စဉ် ကျင့်ကြံခဲ့သော်လည်း သူမ၏ ဝမ်းဗိုက်တွင် မည်သည့်အရိပ်အယောင်မှ ပေါ်မလာသဖြင့် သူ၏ ကျင့်စဉ်အဆင့်အတန်း မလုံလောက်သေးခြင်းကြောင့်လားဟု လုချန်း စိတ်ထဲ သံသယဝင်လာသည်။

နတ်များအကြား ကျင့်စဉ်အဆင့်အတန်း ကွာဟချက် ကြီးမားလွန်းပါက ရင်သွေးရရှိရန် ပိုခက်ခဲသွားလိမ့်မည်ဟူသော သတင်းစကားများ ထျန်းရန်နတ်ဘုရားနယ်မြေအတွင်း ပျံ့နှံ့နေခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် သူ၏ ကြိုးပမ်းမှုများကို ကောက်ရှီယွမ်တို့လူစုထံသို့ ပြောင်းလဲအာရုံစိုက်ရန် လုချန်း စဉ်းစားလိုက်၏။ သူကိုယ်တိုင်က ရွှေနတ်အဆင့်သို့ ရောက်ရှိနေပြီး ကောက်ရှီယွမ်တို့ကတော့ စစ်မှန်သောနတ်အဆင့်တွင်သာ ရှိနေသေးသဖြင့် ၎င်းတို့ ကိုယ်ဝန်ရရှိရန် အခွင့်အလမ်းက ပို၍ များလိမ့်မည်။

အမှန်စင်စစ် ယွမ်ယုတိကိုလည်း လက်လျှော့ရန် လုချန်း စိတ်မကူးသေးပေ။ သူ့အတွက်တော့ ၎င်းသည် နောက်ထပ် ရုပ်ခန္ဓာတစ်ခုကို စီမံထိန်းချုပ်ခြင်းသာ ဖြစ်သည်။

လောလောဆယ်တွင်တော့ ရင်သွေးရရှိရန် ကြိုးပမ်းခြင်းထက် မြောက်ပိုင်းနယ်သို့ သွားရောက်ကာ ထိုလှုပ်ရှားမှုကြီးကို ကိုယ်တိုင်မျက်မြင် ကြည့်ရှုရန် လုချန်း ပို၍ စိတ်အားထက်သန်နေ၏။ စုဆောင်းရရှိထားသော အစီရင်ခံစာများအရ ရွှမ်ချင်းယွမ်နှင့် နဂါးအထွတ်အထိပ် နတ်သခင်တို့အကြား တိုက်ပွဲက အတိုင်းအဆမရှိ ပြင်းထန်လှကြောင်း သိရ၏။

ထျန်းရန်နတ်ဘုရားနယ်မြေ၏ ကြံ့ခိုင်တောင့်တင်းလှသော ကမ္ဘာဦးစွမ်းအားများသာ မရှိခဲ့ပါက မြောက်ပိုင်းနယ်တစ်ခုလုံး ပြိုကွဲပျက်စီးသွားခဲ့ပြီး ဖြစ်လိမ့်မည်။

လုချန်း ခဏခန့် အတွေးထဲနစ်မြောသွားခဲ့သည်။

အကယ်၍ ရွှမ်ချင်းယွမ်သာ တကယ် ရှုံးနိမ့်သွားခဲ့ပါက သူ့အတွက် အခွင့်အရေး ရောက်ရှိလာနိုင်သည်ဟု တွေးတောလျက် ရုပ်ခန္ဓာအသစ်တစ်ခုကို လုချန်း ဖန်တီးလိုက်သည်။

လက်ရှိအချိန်တွင် နတ်သခင် တစ်ပါးတည်းသာ ရွှမ်ချင်းယွမ်ကို ရင်ဆိုင်တိုက်ခိုက်နေခြင်း ဖြစ်၏။ အကယ်၍ အခြားသော နတ်သခင်များပါ ဝိုင်းဝန်းပူးပေါင်းလာကြမည်ဆိုပါက ရွှမ်ချင်းယွမ်သည် ၎င်းတို့၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ယခုတော့ မျှော်လင့်ချက် စိတ်ကူးအချို့သည် အတိုင်းအတာတစ်ခုအထိ လုချန်း၏ ရင်ထဲ ကိန်း‌အောင်းလာခဲ့ပြီဖြစ်သည်။

--

…………..

All Chapters