← Chapters

အခန်း ၁၈၃၇

Vol. 123 Ch. 1837

အခန်း ၁၈၃၇

Vol. 123 Ch. 1837

အခန်း( ၁၈၃၇ )

မြောက်ပိုင်းကို ဘယ်သူသွားမလဲ

ရွှမ်ချင်းယွမ် သေဆုံးသွားမှာကိုတော့ လုချန်း စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူမ ရှုံးနိမ့်သွားခဲ့လျှင်ပင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသဖြင့် ထွက်ပြေးလွတ်မြောက်ရန် ပြဿနာရှိလိမ့်မည်မဟုတ်ဟု သူ မြင်၏။

အဆိုးရွားဆုံး အခြေအနေတွင်ပငိ ကစဉ့်ကလျား ပင်လယ်ဆီသို့ သူမ တိုက်ရိုက် ထွက်ပြေးနိုင်သည်။

ထို့နောက် လုချန်းသည် ရုပ်ခန္ဓာအသစ်တစ်ခုကို ဖန်တီးပြီးနောက် ၎င်းကို မြောက်ပိုင်းနယ်သို့ သွားရောက်ရန် ထိန်းချုပ်လိုက်၏။

အလယ်ပိုင်းနယ်မှ မြောက်ပိုင်းနယ်သို့ ခရီးနှင်ရန် အချိန်အတန်ကြာ လိုအပ်မည်ဖြစ်၏။ သို့သော် နတ်လှေကို အသုံးပြု၍ မြောက်ပိုင်းနယ်သို့ ပျံသန်းသွားလျှင်ပင် နဂါးအထွတ်အထိပ် နတ်သခင်နှင့် ရွှမ်ချင်းယွမ်တို့အကြား တိုက်ပွဲ ပြီးဆုံးဦးမည်မဟုတ်ကြောင်း သူ ယုံကြည်နေသည်။

သူတို့၏ တိုက်ပွဲသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နှစ်ဦးစလုံးတွင် စွမ်းအားများ အလျှံပယ် ကျန်ရှိနေသေးပုံရရာ လာမည့် နှစ်အနည်းငယ်အတွင်း ပြီးဆုံးလိမ့်မည်ဟု မျှော်လင့်ရန်က မဖြစ်နိုင်သလောက်ပင်။

……

ထိုစဉ်။

ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံ၏ အတွင်း၌။

နဂါးပျံနတ်သခင်သည် အထက်ဘက်ရှိ အတားအဆီးကို အလွန်တရာ မှုန်မှိုင်းသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေ၏။ ဆယ်စုနှစ်များစွာ ကြာမြင့်သွားသည့်တိုင်အောင် နတ်သခင်အချို့သည် ဤအတားအဆီးကို ချိုးဖျက်နိုင်ခြင်း မရှိသေးပေ။

ယခုတော့ ဤအတားအဆီး၏ အခြားသော လုပ်ဆောင်ချက်များကိုလည်း သူတို့ ရှာဖွေတွေ့ရှိခဲ့ကြပြီ ဖြစ်သည်။ နတ်ဘုရား နယ်မြေ မဟာမိတ်တပ်မှ နတ်များကြား တစ်ဦးကိုတစ်ဦး တိုက်ခိုက်လာကြသူ ပိုများပြားလာပြီး ထိုနတ်များ၏ ရင်ထဲ၌လည်း ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းများ ပျံ့နှံ့နေသည်။

ဤနည်းဗျူဟာပုံစံ၏ သက်ရောက်မှုကို နတ်သခင်များပင် ခံစားနေရသည်။ အကယ်၍ နတ်ဘုရား နယ်မြေ မဟာမိတ်တပ်မှ နတ်အားလုံးကို သတ်ဖြတ်ပစ်လိုက်ပါက ဤနည်းဗျူဟာပုံစံကို ထိန်းသိမ်းထားသည့် စွမ်းအားများ လုံးဝကွယ်ပျောက်သွားပြီး ဤကျိန်စာသင့်နေရာမှ နောက်ဆုံးတွင် သူတို့ ထွက်ခွာသွားနိုင်မည်လားဟု အချို့သော နတ်သခင်များ စိတ်ကူးမိသည်အထိပင် ဖြစ်၏။

နတ်ဘုရား နယ်မြေ မဟာမိတ်တပ် ကိုယ်နှိုက်ကလည်း တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်နေခြင်း မရှိပေ။ ဘုံရန်သူဖြစ်သော နတ်ဆိုးဧကရာဇ် ပြန်လည်မရောက်ရှိလာမီကတည်းက မဟာမိတ်အဖွဲ့အတွင်းရှိ မတူညီသော မဟာအင်အားကြီးအုပ်စုများအကြား ပဋိပက္ခအမျိုးမျိုး ရှိနေခဲ့ကြသည်ဟု ဆိုရမည်ဖြစ်သည်။

နတ်ဆိုးဧကရာဇ်ဟူသော ဘုံရန်သူသာ မရှိခဲ့လျှင်၊ နတ်ဘုရားနယ်မြေအတွင်းရှိ မဟာအင်အားကြီးအုပ်စုအချို့က ဦးဆောင်ခြင်း မပြုခဲ့လျှင် ထိုအင်အားစုများ ပူးပေါင်းမိကြလိမ့်မည် မဟုတ်ပေ။

ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံ၏ လွှမ်းမိုးမှုအောက်တွင် နတ်များ၏ စိတ်နှလုံးထဲရှိ မိစ္ဆာအတွေးများ ပိုကြီးထွားလာခဲ့ပြီး အစကတည်းက ပဋိပက္ခဖြစ်ပွားနေသော ထိုအင်အားစုများကြား တစ်ဦးအပေါ်တစ်ဦး မကျေမနပ်မှုများ ပြန်လည် ဖြစ်‌ပေါ် လာစေသည်။

အချို့သော အင်အားစုများသည် အကြီးအကျယ် ထိပ်တိုက်တွေ့ဆုံ တိုက်ခိုက်မှုများပင် စတင်ပြုလုပ်လာကြသဖြင့် နတ်ဘုရား နယ်မြေ မဟာမိတ်တပ်အတွင်းပို၍ပို၍ ဖရိုဖရဲ ဖြစ်လာရသည်။

ကောင်းကင်နတ်ဆိုးများ၏ အရေအတွက်က အဆုံးအစမရှိပေ။ ၎င်းတို့ကို ရှင်းလင်းဖယ်ရှားရန် နတ်သခင်များက ကူညီပေးခဲ့လျှင်ပင် ထိုကောင်းကင်နတ်ဆိုးများသည် လျင်မြန်စွာ ပြန်လည်ပေါ်ပေါက်လာကြပြန်၏။

နတ်များအဖို့ ဆယ်စုနှစ်အနည်းငယ်ဟူသော အချိန်မှာ ကြာမြင့်လှသည်မဟုတ်သော်လည်း မျှော်လင့်ချက် လုံးဝကင်းမဲ့နေသည့် ဤကဲ့သို့သော ဖိအားပြင်းထန်လှသည့် အခြေအနေမျိုးတွင်တော့ ဆယ်စုနှစ်များစွာသည် နှစ်ပေါင်း သန်းထောင်ပေါင်းများစွာမက ကြာမြင့်နေသကဲ့သို့ နတ်များ ခံစားနေရသည်။

နဂါးပျံနတ်သခင်သည် နတ်ဘုရား နယ်မြေ မဟာမိတ်တပ်၏ အခြေအနေကို သူ၏ နတ်အာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်ရာ လူအများစု၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ အလွန် ဆိုးရွားနေကြောင်း ရှာဖွေတွေ့ရှိလိုက်၏။

ဤနတ်အားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်ရင် ကောင်းမလားဟူသော အတွေးပင် သူ၏ စိတ်ထဲ ပေါ်လာသည်။ ဤနတ်များ မရှိတော့ပါက အဆိုးမြင် စိတ်ခံစားချက်များလည်း ရှိတော့မည်မဟုတ်သဖြင့် ဤအတားအဆီးကို ထိန်းသိမ်းထားသည့် စွမ်းအားမြစ်ဖျားခံရာကို ဖြတ်တောက်ပြီးသား ဖြစ်သွားလိမ့်မည်။

နဂါးပျံနတ်သခင်သည် သူ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် အားထုတ်လိုက်ပြီးနောက် အခြားသော နတ်သခင်များထံသို့ သူ၏ အသံကို ပေးပို့ကာ သူတို့၏ စိတ်ကို တည်ငြိမ်အောင်ထားရန်နှင့် အတွင်းစိတ်ထဲရှိ မိစ္ဆာအတွေးများကို ထိန်းချုပ်ကြရန် ပြောကြားလိုက်၏။

အရေးကြုံလာသည့် အခိုက်အတန့်တွင် ပြင်ပရှိ နဂါးအထွတ်အထိပ် နတ်သခင်က ဝင်ရောက်လှုပ်ရှားလိမ့်မည်ဟု နဂါးပျံနတ်သခင် ယုံကြည်နေ၏။ နဂါးအထွတ်အထိပ် နတ်သခင်သည် သူနှင့်နှိုင်းယှဉ်လျှင် အဆ‌ပေါင်းများစွာ အစွမ်းထက်သည်။

နဂါးအထွတ်အထိပ် နတ်သခင်ထံ၌ ဤကမ္ဘာနှင့် မသက်ဆိုင်သော စွမ်းအားများ ရှိနေသည်ကို ထည့်တွက်လျှင် သူသာ ဝင်ရောက်တိုက်ခိုက်ပါက လက်ရှိနတ်ဆိုးဧကရာဇ်သည် သူ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။

နဂါးပျံနတ်သခင် သတိမပြုမိသည်က နဂါးအထွတ်အထိပ် နတ်သခင်သည် ရွှမ်ချင်းယွမ်နှင့် တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဟူသော အချက်ပင်။

ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံအတွင်း ပိတ်မိနေသော နတ်များသည် ရွှမ်ချင်းယွမ်၏ စွမ်းအားမြစ်ဖျားခံရာ ဖြစ်လာခဲ့ကြပြီ ဖြစ်သည်။ ရွှမ်ချင်းယွမ်သည် သူမ၏ စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်လာတိုင်း ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာပုံစံမှတစ်ဆင့် သူမ၏ စွမ်းအားများကို ပြန်လည်ဖြည့်တင်းလေ့ ရှိသည်။

သို့သော် နဂါးအထွတ်အထိပ် နတ်သခင်ကတော့ ကွာခြားသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားသည် ဤကမ္ဘာမှ မဟုတ်ပေ။

အရေးကြီးဆုံးအချက်မှာ သူ၏ အတွင်းစိတ်ထဲရှိ ထိုစွမ်းအားကို ပြန်လည်ဖြည့်တင်း၍ မရနိုင်ခြင်းဖြစ်သည်။ အနည်းငယ် သုံးစွဲလိုက်တိုင်း အနည်းငယ် လျော့ပါးသွားရသည်။

ရွှမ်ချင်းယွမ်နှင့် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် သူသည် နဂါးနတ်ဘုရားစွမ်းအား အမြောက်အမြားကို သုံးစွဲခဲ့ပြီး ဖြစ်သည်။

အနာဂတ်တွင် နဂါးအထွတ်အထိပ် နတ်သခင်နှင့် ရွှမ်ချင်းယွမ်တို့သည် ဤကဲ့သို့ စွမ်းအားများကို ဆက်လက်အသုံးပြုနေကြဦးမည်ဆိုပါက ရှုံးနိမ့်ရမည့်သူမှာ နဂါးအထွတ်အထိပ် နတ်သခင်သာ ဧကန်မုချ ဖြစ်ပေတော့မည်။

ထိုအခိုက်အတန့်တွင် ထိုအချက်ကို နဂါးအထွတ်အထိပ် နတ်သခင်လည်း ရိပ်မိသွားခဲ့၏။ သို့သော် သူ၏ စွမ်းအားမှာ ရွှမ်ချင်းယွမ်နှင့် အလွန် ကွာဟခြင်း မရှိလှပေ။

ရွှမ်ချင်းယွမ်က သူ့ထက်ပင် အနည်းငယ် ပိုအားကောင်းနေသေးပုံရသည်။ သူ၏ ကိုယ်ပိုင်စွမ်းအားတစ်ခုတည်းအပေါ်၌သာ အမှီပြုမည်ဆိုပါက ရွှမ်ချင်းယွမ်ကို အနိုင်ယူရန် အလွန်တရာ ခက်ခဲလိမ့်မည်။

နဂါးအထွတ်အထိပ် နတ်သခင် အနည်းငယ် ပူပန်သောက ရောက်နေပြီဖြစ်၏။ သူ၏ သက်စောင့်စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း သူ အာရုံရနေ၏။

သူ၏ သက်တမ်းသည် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး သူ၏ အသက်ကိုလည်း နဂါးနတ်ဘုရားစွမ်းအားဖြင့်သာ အဓိက ထိန်းထားနိုင်ခြင်း ဖြစ်သည်။ ယခုအခါ နဂါးနတ်ဘုရားစွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်လာပြီဖြစ်ရာ သူ၏ သက်တမ်းမှာလည်း သဘာဝအတိုင်း ပို၍ မြန်မြန် ကုန်ဆုံးခြင်းသို့ ချဉ်းကပ်လာတော့မည်။

အကယ်၍ သူသာ ရှုံးနိမ့်သွားခဲ့ပါက နည်းဗျူဟာပုံစံအတွင်း ပိတ်မိနေသူများသည် ဘယ်သောအခါမှ ပြန်လည်ထွက်ခွာနိုင်ကြတော့မည် မဟုတ်ပေ။ နဂါးအထွတ်အထိပ် နတ်သခင်စိတ်ထဲ ပို၍ပို၍ ပူပန်လာ၏။ သူ၏ စွမ်းအားသည် တဖြည်းဖြည်း ကန့်သတ်ချက်ကြီးလာနေပြီဖြစ်သည်။

ယခု သူ၏ နတ်ဝိညာဉ်ကို မီးရှို့ဖျက်ဆီးရန် ရွေးချယ်ခြင်းမှတစ်ပါး သူ၏ စွမ်းအားကို အတင်းအဓမ္မ မြှင့်တင်ရန် မဖြစ်နိုင်သလောက်ပင်။

သို့သော် ထိုသို့ သူ တကယ် ပြုလုပ်လိုက်ပါက ဆယ်နှစ်အတွင်း သူ ကျဆုံးသွားလိမ့်မည်။

…….

ထိုအတောအတွင်း။

လျှို့ဝှက်လဝန်း ကျောင်းတော်။

ပင်မတောင်ထိပ်။

ယွမ်မုန့်ခန်းမ။

သက်တံရောင်စုံ ဝတ်စုံကို ဆင်ယင်ထားသည့် နတ်သခင် ယွမ်မုန့်သည် သက်တံရောင်စုံ နတ်ကျောက်ဖြင့် ပြုလုပ်ထားသော ကုလားထိုင်ပေါ်တွင် ထိုင်လျက် ခန်းမကြီးအတွင်း ပြန်လည်ပြသနေသည့် ပုံရိပ်များကို သူမ၏ တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။

ခန်းမကြီးအတွင်း၌ နတ်သခင်အချို့နှင့် နတ်ဘုရင် ဆယ်ပါးမက စုဝေးရောက်ရှိနေကြပြီး လူတိုင်း၏ မျက်လုံးများသည် ပြန်လည်ပြသနေသော ပုံရိပ်များထံသို့သာ အာရုံစိုက်ထားကြသည်။

ထိုပုံရိပ်များသည် နတ်ဘုရား နယ်မြေ မဟာမိတ်တပ်မှ နတ်များ မှတ်တမ်းတင်ထားသည့် ရုပ်သံမှတ်တမ်းဖြစ်ပြီး နဂါးအထွတ်အထိပ် နတ်သခင်နှင့် ရွှမ်ချင်းယွမ်တို့အကြား တိုက်ပွဲကို ပုံဖော်ပြသနေခြင်း ဖြစ်၏။

ပုံရိပ်များထဲတွင် မြေပြင်ကြီးများ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကာ အာကာသဟင်းလင်းပြင်ကြီး ပြဲထွက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ရောက်ရှိနေသူအားလုံး ဆိတ်ဆိတ်ငြိမ်သက်သွားကြပြီး မည်သူတစ်ဦးမှ စကားမဆိုကြပေ။

အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် နတ်သခင် ယွမ်မုန့်က

“နတ်ဆိုးဧကရာဇ် ပြန်လည်ထူထောင်နိုင်တဲ့ အရှိန်အဟုန်က ကျွန်မတို့ မျှော်လင့်ထားတာထက် ပိုမြန်နေတယ်။ အကယ်၍ ကျွန်မတို့ ဆက်လက် လျစ်လျူရှုထားမယ်ဆိုရင် ဘိုးဘေး နိုးမထလာခင် အချိန်မှာ နတ်ဆိုးဧကရာဇ်ရဲ့ ကျင့်စဉ်က အပြည့်အဝ ပြန်ကောင်းသွားလိမ့်မယ်။”

လက်ရှိအချိန်တွင် ရှုကျင့်ရှူး၏ ရင်သွေး မွေးဖွားလာခြင်း မရှိသေးပေ။ ထိုရင်သွေး မွေးဖွားလာခဲ့လျှင်ပင် နတ်ဧကရာဇ် ယူလန်အတွက် သင့်တော်သော ဝိညာဉ်ကူးပြောင်းမှု ကိုယ်ထည်အဖြစ် အသုံးပြုနိုင်ရန် ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် နှစ်ရာချီတိုင်အောင် ပြုစုပျိုးထောင်ရဦးမည် ဖြစ်သည်။

ယခုပင် နတ်ဆိုးဧကရာဇ် ပြသနေသည့် စွမ်းပကားသည် သာမန်နတ်သခင်တစ်ပါး၏ စွမ်းအားထက် အဆမတန် ကျော်လွန်နေပြီး ဖြစ်သည်။

နဂါးအထွတ်အထိပ် နတ်သခင်၏ စွမ်းအားသည် ထျန်းရန်နတ်ဘုရားနယ်မြေအတွင်း ထိပ်တန်းအဆင့်၌ တည်ရှိနေကြောင်း သတိပြုသင့်ပေသည်။

သူ၏ သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်မနေခဲ့ပါက ထျန်းရန်နတ်ဘုရားနယ်မြေအတွင်း နဂါးပြာ ခန်းမ၏ အဆင့်အတန်းက ဒိီထက်မက များစွာမြင့်မားနေလိမ့်မည်။

ထိုစဉ်အခါက နတ်ဆိုးဧကရာဇ် ထွက်ခွာသွားချိန်တွင် နဝမကောင်းကင်တက္ကသိုလ်၏ အုပ်ချုပ်မှုကို ဖြုတ်ချရန် နတ်ဘုရားနယ်မြေ၏ အင်အားစုများကို ဦးဆောင်ခဲ့သူမှာ နဂါးပြာ ခန်းမပင် ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ နဂါးအထွတ်အထိပ် နတ်သခင် အသုံးပြုသော စွမ်းအားသည် ဤကမ္ဘာနှင့် မသက်ဆိုင်ကြောင်း ထင်ရှားလှသည်။

သူ၏ စွမ်းအားသည် ကောင်းကင်နတ်ဆိုးစွမ်းအား၏ ဖိနှိပ်ခြင်းကို မခံရသလို မည်သည့်ကန့်သတ်ချက်မှလည်း မရှိပေ။ သို့တိုင်အောင် တိုက်ပွဲတိုင်းတွင် ပို၍ပို၍ အားကြီးလာနေသော နတ်ဆိုးဧကရာဇ်ကို သူ ဒဏ်ရာရအောင် မပြုလုပ်နိုင်သေးပေ။

လက်ရှိအခြေအနေကို ထည့်တွက်လျှင် နတ်ဆိုးဧကရာဇ်နှင့် နဂါးအထွတ်အထိပ် နတ်သခင်တို့အကြား တိုက်ပွဲ၏ ရလဒ်က တစ်ခုတည်းသာ ရှိနိုင်သည်။

၎င်းမှာ နဂါးအထွတ်အထိပ် နတ်သခင် ကျဆုံးပြီး နတ်ဆိုးဧကရာဇ်က နောက်ဆုံးတွင် အောင်ပွဲကို ဆွတ်ခူးသွားခြင်း ဖြစ်၏။

အကယ်၍ နဂါးအထွတ်အထိပ် နတ်သခင်၏ စွမ်းအားကို နတ်ဆိုးဧကရာဇ်က စုပ်ယူသွားခဲ့ပါက သူမသည် ပို၍ပင် စွမ်းအားကြီးလာကာ သူမ၏ ကျင့်စဉ်ပြန်လည်ထူထောင်မှု အရှိန်အဟုန်မှာလည်း ပိုမိုမြန်ဆန်လာပေလိမ့်မည်။

ထိုအရာက လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် သတင်းကောင်းတစ်ခု မဟုတ်သည်မှာ ဧကန်မုချပင် ဖြစ်သည်။

နတ်ဆိုးဧကရာဇ်ကို မည်သို့ရင်ဆိုင်ဖြေရှင်းရမည်နည်းဟူသောအချက်ကို ဆွေးနွေးရန် တောင်ထိပ်သခင်များကို နတ်သခင် ယွမ်မုန့် စုဝေးစေခဲ့၏။

သူတို့၏ လျှို့ဝှက်လဝန်း ကျောင်းတော်တွင် နတ်ဧကရာဇ်တစ်ပါး ရှိနေသဖြင့် အရင်က နတ်ဆိုးဧကရာဇ်ကို အရေးတယူ တွေးတောခြင်း မရှိခဲ့ကြပေ။

သို့သော် နတ်ဆိုးဧကရာဇ်၏ လျင်မြန်လှသော ပြန်လည်ထူထောင်မှုနှုန်းက သူတို့၏ စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် နတ်သခင်တစ်ပါးက

“ကျောင်းတော်သခင် ပြောတာ မှန်ပါတယ်။ နတ်ဆိုးဧကရာဇ်ကို ဒီလိုကန့်သတ်ချက်မရှိ ဆက်လက်ကြီးထွားခွင့် မပြုသင့်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ဝင်ရောက် စွက်ဖက်မယ်ဆိုရင် မြောက်ပိုင်းနယ်ကို ဘယ်သူ့ကို ရွေးချယ်စေလွှတ်မှာပါလဲ။”

--

All Chapters