အခန်း ၁၈၃၈
Vol. 123 Ch. 1838
အခန်း( ၁၈၃၈)
နတ်သခင် ကောင်းကင်၏ အခွင့်အလမ်း
စစ်ပွဲတွင် ပါဝင်ဆင်နွှဲရမှာလား ဆိုသည့်အချက်ကို လျှို့ဝှက်လဝန်း ကျောင်းတော်၏ နတ်သခင်များ စိုးရိမ်မနေကြခြင်း မဟုတ်ပေ။ မြောက်ပိုင်းနယ်သို့ မည်သူသွားရမည်နည်း ဆိုသည်ကိုသာ သူတို့ စိတ်ဝင်စားနေကြခြင်းဖြစ်၏။
ကျောင်းတော်၌ နတ်သခင် အရေအတွက် အမြောက်အမြား ရှိနေရာ အားလုံး မြောက်ပိုင်းနယ်သို့ ချီတက်ရန် မဖြစ်နိုင်ပေ။
ကျောင်းတော်သခင် ဖြစ်သည့် နတ်သခင် ယွမ်မုန့် ကတော့ လျှို့ဝှက်လဝန်း ကျောင်းတော်ကို စောင့်ကြပ်ထိန်းသိမ်းရမည် ဖြစ်သောကြောင့် မြောက်ပိုင်းနယ်သို့ ဧကန်မုချ သွားမည်မဟုတ်ပေ။
ထို့ကြောင့် မြောက်ပိုင်းနယ်သို့ သွားမည့် နတ်သခင်များကို တောင်ထိပ်သခင်များထဲမှ ရွေးချယ်ရမည် ဖြစ်၏။
ရောက်ရှိနေကြသော နတ်သခင်များသည် နတ်ဆိုးဧကရာဇ်ကို တိုက်ရိုက်ရင်ဆိုင်ရန် စိတ်မပါကြပေ။
သူတို့၏ စွမ်းအားများကို ကောင်းကင်နတ်ဆိုးစွမ်းအားက ကန့်သတ်ချုပ်ချယ်ထားနိုင်၏။ ထို့ပြင် နတ်ဆိုးဧကရာဇ်နှင့် နဂါးအထွတ်အထိပ် နတ်သခင်တို့၏ တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် နတ်ဆိုးဧကရာဇ်၏ စွမ်းအားသည် ရောက်ရှိနေသည့် နတ်သခင်အများစုထက် အဆမတန် သာလွန်နေသဖြင့် သွားရောက်ရင်ဆိုင်ပါက မြောက်ပိုင်းနယ်၌ အသက်ဆုံးရှုံးသွားနိုင်ခြေ ရှိသည်။
ထိုစဉ် ရောက်ရှိနေသော နတ်သခင်များသည် တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
နတ်သခင် ယွမ်မုန့်က
“မြောက်ပိုင်းနယ်ကို ရှင်တို့အားလုံး မသွားချင်ကြဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါကြောင့် မဲနှိုက်ပြီး ဆုံးဖြတ်ဖို့ သတ်မှတ်လိုက်တယ်။”
ထိုအရာကို ကြားလျှင် အားလုံး ခဏခန့် မှင်တက်သွားကြ၏။ ယခုအခြေအနေအရ မဲနှိုက်ခြင်းသည်သာ သင့်တော်သော နည်းလမ်းတစ်ခု ဖြစ်သည်။
နတ်သခင်အချို့သည် အနာဂတ်ဖြစ်ရပ်များကို တွက်ချက်နိုင်စွမ်း ရှိကြသဖြင့် သာမန်မဲနှိုက်ခြင်းမျိုးဆိုပါက ရလဒ်များကို ကြိုတင်မြင်နိုင်ကြမည် ဖြစ်၏။ သို့သော် ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်နိုင်စွမ်း အလွန်ထက်မြက်သော နတ်သခင် ယွမ်မုန့် ကြီးမှူးသည့် မဲနှိုက်ပွဲ၏ ရလဒ်ကိုတော့ မည်သည့်နတ်သခင်မှ ချောင်းမြောင်းကြည့်ရှုရန် မဖြစ်နိုင်ပေ။
ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်က သူမ၏ နူးညံ့သော လက်ချောင်းများကို ဝှေ့ယမ်းလိုက်ရာ အရောင်အသွေးစုံလင်သော အလင်းတန်းများ ဖြာထွက်နေသည့် မဲပြွန်တစ်ခု ခန်းမအတွင်း၌ ပေါ်လာ၏။
ထို့နောက် နတ်သခင် ကောင်းကင်လင်းယုန်က ပထမဆုံး လက်မြှောက်လိုက်ပြီး လေဟာနယ်ကို လှမ်း၍ ဖမ်းယူလိုက်ရာ စာသားတစ်လုံးမှ ရေးသားထားခြင်းမရှိသည့် ကျောက်စိမ်းမဲလိပ်တစ်ခု သူ၏ လက်ထဲသို့ ကျရောက်လာ၏။
ဗလာဖြစ်နေသည့် မဲလိပ်ကို မြင်လျှင် နတ်သခင် ကောင်းကင်လင်းယုန် သက်ပြင်းချကာ စိတ်အေးသွားပြီး ကျန်ရှိနေသော နတ်သခင်များလည်း မဲနှိုက်ခြင်းကို စတင်ကြတော့၏။
မကြာမီ နတ်သခင် ကောင်းကင် တစ်ဦးတည်းသာ ကျန်ရှိတော့၏။ အခြားမဲလိပ်အားလုံးတွင် စာသားများ ပေါ်မလာခဲ့ပေ။
ထိုအရာကို မြင်လျှင် မဲမနှိုက်ရသေးသော်လည်း ရလဒ်ကို နတ်သခင် ကောင်းကင် ကြိုတင်သိမြင်လိုက်ပြီ ဖြစ်၏။
မျက်ခုံးကို အနည်းငယ် တွန့်လိုက်ပြီးနောက် သူမ၏ လက်ကို နတ်သခင် ကောင်းကင် မြှောက်လိုက်ရာ နောက်ဆုံး ကျောက်စိမ်းမဲလိပ်သည် သူမလက်ထဲသို့ ကျရောက်လာပြီး ၎င်း၏အောက်ခြေတွင် “မြောက်ပိုင်းနယ်သို့ သွားရန်” ဟူသော စာသား ရှိနေ၏။
မဲလိပ်ကို နတ်သခင် ကောင်းကင် နှိုက်မိသွားသည်ကို မြင်လျှင် ရောက်ရှိနေသော နတ်သခင်အချို့လည်း သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်သွားကြ၏။
သူတော်စင်မသည် ကောင်းကင်တောင်ထိပ်မှသာ အစဉ်အမြဲ ထွက်ပေါ်လာလေ့ရှိသဖြင့် ထိုနတ်သခင်များ၌ နတ်သခင် ကောင်းကင် အပေါ် အမြင်မကြည်လင်မှုများ ရှိနေခဲ့သောကြောင့် ဖြစ်သည်။
နတ်သခင် ယွမ်မုန့်က
“ကောင်းကင်တောင်ထိပ်သခင် မဲပေါက်သွားတဲ့အတွက် လိုအပ်တာတွေ ပြင်ဆင်ထားပါ။ နောက်ခြောက်လကြာရင် မြောက်ပိုင်းနယ်ကို ထွက်ခွာရမယ်။”
နတ်သခင် ကောင်းကင်က ဂါရဝပြုလျက်
“ဟုတ်ကဲ့ပါ ကျောင်းတော်သခင်”
ဤအရာသည် တိုက်ဆိုင်မှုလား သို့မဟုတ် နတ်သခင် ယွမ်မုန့် က တမင်တကာ စိီစဉ်ထားခြင်းလား ဆိုသည်ကို နတ်သခင် ကောင်းကင် မသိသော်လည်း မဲပေါက်သွားခဲ့ပြီ ဖြစ်ရာ မြောက်ပိုင်းနယ်သို့ သွားရန်သာ ရှိတော့၏။
နတ်သခင် ယွမ်မုန့်က
“ဒီနေ့အတွက်တော့ ဆွေးနွေးပွဲ ပြီးဆုံးပါပြီ။ လျှို့ဝှက်လဝန်း ကျောင်းတော်အနေနဲ့ ဒီနေ့ကစပြီး နတ်ဆိုးဧကရာဇ်ကို ပူးပေါင်းနှိမ်နင်းဖို့အတွက် နတ်ဘုရား နယ်မြေ မဟာမိတ်တပ်ထဲ ပါဝင်မယ်ဆိုတာကို နောက်မှ ကျွန်မ လူသိရှင်ကြား ကြေညာလိုက်မယ်။”
အားလုံးက တပြိုင်နက်တည်း
“ဟုတ်ကဲ့ပါ ကျောင်းတော်သခင်”
ထို့နောက် နတ်သခင်များ လူစုခွဲသွားကြပြီး အားလုံးထွက်ခွာသွားပြီးနောက် ခန်းမထဲတွင် နတ်သခင် ကောင်းကင်သာ ကျန်ရစ်ခဲ့၏။
သူမက
“ကျောင်းတော်သခင်... ဒီမဲရလဒ်က ရှင် တမင်စီစဉ်ထားတာလား။ ဒါမှမဟုတ် ကျွန်မ တကယ်ပဲ နှိုက်မိတာလား။”
နောက်ဆုံးမှ မဲနှိုက်ရသူဖြစ်သော်လည်း မြောက်ပိုင်းနယ်သို့ သွားရမည့် မဲလိပ်ကို သူမ မည်သို့ ရရှိသွားသနည်း ဆိုသည့်အချက်အပေါ် နတ်သခင် ကောင်းကင် စူးစမ်းချင်စိတ် ဖြစ်ပေါ်နေမိ၏။
နတ်သခင် ယွမ်မုန့် ၏ စွမ်းဆောင်ရည်ဖြင့်ဆိုပါက မဲရလဒ်ကို လှည့်စားရန်က သူမအတွက် လွယ်ကူလှပေသည်။
သို့သော် ရလဒ်ကို ထိန်းချုပ်ရန် တကယ်ရည်ရွယ်ခဲ့လျှင် မဲနှိုက်ပွဲကို အဘယ်ကြောင့် လုပ်ဆောင်နေဦးမည်နည်း။
သူမကို တိုက်ရိုက် အမိန့်ပေးစေခိုင်းနိုင်သည် မဟုတ်ပါလား။
သို့မဟုတ် သူမကိုယ်တိုင် မသွားချင်သောကြောင့် ဤကဲ့သို့ ရှုပ်ထွေးလှသော မဲနှိုက်ပွဲကို ဖန်တီးခဲ့ခြင်းလည်း ဖြစ်နိုင်၏။
ထိုအရာကို ကြားလျှင် နတ်သခင် ယွမ်မုန့်က ခပ်အေးအေးပင်
“မဲနှိုက်တာဖြစ်တဲ့အတွက် ကံတရား အပေါ်မှာပဲ မူတည်ပါတယ်။”
ထိုစဉ် တစ်စုံတစ်ခုကို နတ်သခင် ယွမ်မုန့် ပြန်လည်သတိရသွားပြီး
“ဒါပေမဲ့ ဒီမဲနှိုက်ပွဲရဲ့ ရလဒ်ကို ကျွန်မ ကြိုမြင်ခဲ့တယ်။”
နတ်သခင် ကောင်းကင်လည်း စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ကောင်းကင်တောင်ထိပ်သို့ ပြန်ကာ ပြင်ဆင်မှုများ ပြုလုပ်ရန် ခန်းမထဲမှ ထွက်ခွာရန် ပြင်လိုက်၏။
ထိုစဉ် နတ်သခင် ယွမ်မုန့်က
“မဲနှိုက်ပြီးတဲ့နောက် ရှင့်ရဲ့ ကံစွမ်းအားက ရုတ်တရက် အဆမတန် မြင့်တက်လာတာကို သတိမထားမိဘူးလား။”
ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင် အနည်းငယ် မှင်တက်သွားပြီး သူမ၏ ကံစွမ်းအား ကို ပြန်လည်စစ်ဆေးကြည့်လိုက်၏။
တကယ်ပင် သူမ၏ ကံစွမ်းအားသည် သိသာထင်ရှားစွာ မြင့်တက်နေခဲ့သည်။
ဤအရာက မြောက်ပိုင်းနယ်သို့ သွားခြင်းသည် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည့်အစား အခွင့်အလမ်းကောင်းများနှင့် ကြုံရနိုင်သည်ဟု ဆိုလိုခြင်းလား။
သို့သော် နတ်ဆိုးဧကရာဇ်ကို တိုက်ရိုက်ရင်ဆိုင်ရမည်ဖြစ်ရာ အခွင့်အလမ်းကောင်း မည်သို့ရှိနိုင်မည်နည်းဟူ တွေးမိပြန်ရင်း နတ်သခင် ကောင်းကင် နားမလည်နိုင် ဖြစ်သွားမိ၏။
မြောက်ပိုင်းနယ်သို့ သွားမည့် မဲလိပ်ကို နှိုက်ပြီးနောက် နတ်သခင် ကောင်းကင်၏ ကံစွမ်းအား အဘယ်ကြောင့် မြင့်တက်လာရသနည်း ဆိုသည်ကိုတော့ နတ်သခင် ယွမ်မုန့် လည်း ထပ်တူပင် နားမလည်နိုင် ဖြစ်နေ၏။
နတ်သခင်တစ်ဦး၏ အခွင့်အလမ်းများနှင့် ပတ်သက်လျှင်တော့ သူမကိုယ်တိုင်ပင် ရလဒ်ကို တွက်ချက်နိုင်ရန် ခဲယဉ်းလှပေသည်။
သို့သော် ဤအရာက မြောက်ပိုင်းနယ်တွင် နတ်သခင် ကောင်းကင် အနေနှင့် အန္တရာယ်မရှိနိုင်ကြောင်း ပြသနေသဖြင့် သူမကို စေလွှတ်ခြင်းက အလွန် သင့်လျော်၏။
နတ်သခင် ယွမ်မုန့်က
“ဒီတစ်ခေါက် မြောက်ပိုင်းကို သွားတဲ့အခါ အန္တရာယ်တွေကို ရှောင်ရှားပါ။ နတ်ဆိုးဧကရာဇ်ကို မတောင့်ခံနိုင်ဘူးဆိုရင် အလယ်ပိုင်းနယ်ကို တိုက်ရိုက်ပြန်လာခဲ့လို့ ရတယ်။”
နတ်သခင် ကောင်းကင်က
“ကျွန်မ နားလည်ပါပြီ”
“ကျောင်းတော်သခင်... တခြားကိစ္စမရှိရင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ ကျွန်မကိုပြန်ခွင့်ပြုပါဦး”
နတ်သခင် ယွမ်မုန့်က
“ကောင်းပါပြီ”
ထိုစကားများနှင့်အတူ သူမ ခန်းမအတွင်းမှ
ပျောက်ကွယ်သွားတော့၏။
နတ်သခင် ယွမ်မုန့်သည် နတ်သခင် ကောင်းကင် ထွက်ခွာသွားပြီးနောက် ကောင်းကင်တောင်ထိပ် ရှိရာ အရပ်သို့ တည်ငြိမ်စွာ စိုက်ကြည့်နေမိ၏။ သူမ၏ အိပ်မက်များထဲတွင် အနာဂတ်ဖြစ်ရပ်အချို့ကို တစ်စိတ်တစ်ပိုင်း မြင်တွေ့နိုင်စွမ်း ရှိသည်။
လွန်ခဲ့သော ရက်ပိုင်းက အိပ်မက်များထဲတွင် ရှည်လျားသော ဓားတစ်စင်းကို ကိုင်စွဲထားပြီး ကောင်းကင်ယံတွင် ရပ်တန့်ကာ ထျန်းရန် နတ်ဘုရား နယ်မြေကို တစ်ခုလုံးကို ဝါးမြိုနေသော ကြောက်မက်ဖွယ် ကောင်းလှသည့် အနက်ရောင် မြူခိုးများကို ရင်ဆိုင်နေသည့် အမျိုးသားတစ်ဦး၏ ကျောပြင်ကို သူမ မကြာခဏ မြင်မက်ခဲ့၏။
သူမ ထိုအမျိုးသား၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသော်လည်း အကြောင်းရင်းမရှိပဲ သူ၏ နောက်ကျောဘက် ပုံရိပ်သည် လုချန်း၏ ပုံရိပ်နှင့် အလွန်တရာ တူညီနေသည်ဟု ခံစားမိနေသည်။ ထို့ပြင် မွေးရာပါပင် ကံစွမ်းအား အလွန် ပြည့်စုံကြွယ်ဝသူ ဖြစ်သဖြင့် ထိုအိပ်မက်ထဲမှ လူသည် လုချန်း ဧကန်မုချ ဖြစ်နိုင်ကြောင်း သူမအား ပို၍သေချာစေ၏။
နတ်သခင် ကောင်းကင်၏ အခွင့်အလမ်းကောင်းများသည် လုချန်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု နတ်သခင် ယွမ်မုန့် စိတ်ထဲ မရေမရာ ခံစားမိနေ၏။
အကယ်၍ ဤအရာ တကယ် ဖြစ်လာပါက အခြားသော သူတော်စင်မ တစ်ဦးကို ရွေးချယ်ရန် သူမ စဉ်းစားရလိမ့်မည်။
ထိုစဉ် နတ်သခင် ယွမ်မုန့်စိတ်ထဲ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီးနောက် နတ်သခင် ကောင်းကင်ထံသို့
ချက်ချင်းပင် အသံလှိုင်းဖြင့် သတင်းပို့လိုက်၏။
“ကောင်းကင်တောင်ထိပ်သခင်... ချန်းလု ကို ပင်မတောင်ထိပ် လာခိုင်းလိုက်ပါ။”
အသံလှိုင်းသတင်းစကားကို ကြားလျှင် ကောင်းကင်တောင်ထိပ်သို့ မကြာသေးမီကမှ ပြန်လည်ရောက်ရှိလာသော နတ်သခင် ကောင်းကင် ခဏခန့် တုံ့ဆိုင်းသွား၏။
ချန်းလု ကို ပင်မတောင်ထိပ်သို့ ထပ်မံဆင့်ခေါ်ရဦးမှာလား။
ဤအရာက မည်သည့်အတွက်ကြောင့် နည်း။
သူမ အမှတ်မမှားပါက နတ်သခင် ယွမ်မုန့်သည် ယခင်ကလည်း ချန်းလုကို ပင်မတောင်ထိပ်သို့ ဆင့်ခေါ်ခဲ့ဖူးပြီး ထိုနေရာတွင် သူ အချိန်အတော်ကြာ နေထိုင်ခဲ့ရဖူးသည်။
စူးစမ်းလိုစိတ် ဖြစ်ပေါ်မိသော်လည်း နတ်သခင် ကောင်းကင် ထပ်မစပ်စုတော့ပေ။ ထို့နောက် ပင်မတောင်ထိပ်သို့ ချက်ချင်းသွားရန် လုချန်းထံသို့ အသံလှိုင်းဖြင့် ညွှန်ကြားလိုက်၏။
အသံလှိုင်းသတင်းစကားကို ရရှိပြီးနောက် ပင်မတောင်ထိပ်သို့ သွားရန် လုချန်း ပြင်ဆင်လိုက်၏။ ထိုစဉ် ရုတ်တရက် သူ၏ အမြင်အာရုံများ မှောင်အတိကျသွားပြီး မြင်ကွင်းပြန်လင်းလာချိန်တွင်တော့ သူကိုယ်တိုင်သွားရောက်ရန်ပင် မလိုပဲ နတ်သခင် ယွမ်မုန့် ၏ ယွမ်မုန့်ခန်းမ အတွင်းသို့ လုချန်း ရောက်ရှိနေခဲ့ပြီဖြစ်သည်။
မောက်မာခြင်းလည်းမရှိ နှိမ့်ချခြင်းလည်းမရှိပဲ လုချန်းက
“ကျောင်းတော်သခင်... ကျုပ်ကို ဘာကြောင့် ရှာရတာလဲဆိုတာ မေးပါရစေ။”
နတ်သခင် ယွမ်မုန့်က
“နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ဖို့အတွက် နတ်ဘုရား နယ်မြေ မဟာမိတ်တပ်ထဲ ပါဝင်ပြီး မြောက်ပိုင်းကို ချီတက်ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ပြီ။”
ထိုအရာကို ကြားလျှင် ဇဝေဇဝါဖြစ်သွားလျက် လုချန်းက
“ဒီအကြောင်းကို ကျောင်းတော်သခင်က ကျုပ်ကို ဘာလို့ ပြောပြတာလဲ”
သူ၏ သရုပ်မှန်သည် တကယ်ပင် ထူးခြားသော်လည်း လျှို့ဝှက်လဝန်း ကျောင်တော်တွင်တော့ သူသည် တပည့်ရင်းတစ်ဦးသာ ဖြစ်သည်။
နတ်ဂိုဏ်း၏ အရေးကြီး ကိစ္စရပ်များကို သာမန်တပည့်တစ်ဦးအား အသိပေးရန် မလိုအပ်ဘူး မဟုတ်ပါလား။
နတ်သခင် ယွမ်မုန့်က ရွှမ်ချင်းယွမ် နှင့် သူ၏ကြားရှိ ဆက်စပ်မှု တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိသွားခြင်းလား။
ထို့ကြောင့် သူနှင့် ရွှမ်ချင်းယွမ် ကြားတွင် လျှို့ဝှက်ပတ်သက်နေမှု ရှိမရှိကို သိနိုင်ရန်အတွက် တမင်တကာ သတိပေး စမ်းသပ်လိုခြင်း ဖြစ်နိုင်လား။
ဤအရာက စမ်းသပ်မှုတစ်ခုလား။
ထိုအတွေးနှင့်အတူ နတ်သခင် ယွမ်မုန့် ၏ အချက်အလက်များကို ကြည့်ရှုရန် စနစ်ကို လုချန်း အမြန်ဖွင့်လိုက်၏။ ထိုအချိန်တွင် နတ်သခင် ယွမ်မုန့် ၏ အချက်အလက်များ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
--
………..