အခန်း ၁၈၃၉
Vol. 123 Ch. 1839
အခန်း (၁၈၃၉)
နတ်သခင် ယွမ်မုန့်၏ တောင်းဆိုချက်
[အမည် : နတ်သခင် ယွမ်မုန့်]
[အချက်အလက် : လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကျောင်းတော်သခင်၊ နတ်ဧကရာဇ် ယူလန်၏ တပည့်။ အိပ်မက်များမှတစ်ဆင့် အနာဂါတ်ဖြစ်ရပ်အချို့ကို သူမ မြင်တွေ့နိုင်စွမ်း ရှိသည်။ လတ်တလောတွင် သူမ၏ အိပ်မက်များထဲ၌ အနာဂါတ်ဖြစ်ရပ်အချို့ကို သူမ မြင်မက်ခဲ့ပြီး အိပ်မက်ထဲတွင် မြင်တွေ့ခဲ့ရသည့် လူမှာ သခင်ဖြစ်နိုင်သည်ဟု ခန့်မှန်းနေ၏။ သခင်၏ နောက်ခံသည် သူမ သိထားသည်ထက်မက ပိုနက်ရှိုင်းနိုင်ကြောင်း ယုံကြည်နေ၏။]
[ရမှတ် :၁၀၀]
[နှစ်သက်မှု : ၅၀]
နတ်သခင် ယွမ်မုန့် ၏ အချက်အလက်များကို မြင်လျှင် အကြောင်းရင်းက ထိုသို့ဖြစ်ပျက်နေခြင်းပါလားဟု စိတ်ထဲ၌ လုချန်း တွေးလိုက်မိ၏။ အိပ်မက်ထဲတွင် နတ်သခင် ယွမ်မုန့် မည်သည့်အရာများကို မြင်မက်ခဲ့သနည်းဟု သူ သိချင်မိသွားသည်။
ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်က လုချန်းကို
“ဒီတစ်ခေါက် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ကိုယ်စားပြုပြီး မြောက်ပိုင်းနယ်ကို သွားရမှာက ရှင့်ရဲ့ လေးစားရတဲ့ ဆရာ နတ်သခင် ကောင်းကင်ပဲ။”
ထိုအရာကို ကြားလျှင် လုချန်း အနည်းငယ် မှင်တက်သွားမိသော်လည်း လျင်မြန်စွာပင် တည်ငြိမ်မှု ပြန်လည်ရရှိသွား၏။
လုချန်းက
“ကျောင်းတော်သခင် ဘာကို ဆိုလိုချင်တာလဲဆိုတာ ကျုပ် အခုထိ နားမလည်သေးဘူး။”
နတ်သခင် ယွမ်မုန့်က
“ရှင့်ဆီမှာ ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်တဲ့ နည်းလမ်းရှိရင် ရှင့်ရဲ့ လေးစားရတဲ့ ဆရာ့ကို သင်ကြားပေးသင့်တယ် မဟုတ်လား။”
ထိုစကားများကို ကြားရသောအခါမှ သူထံတွင် ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်သည့် နတ်နိယာမကျင့်စဉ် ရှိနေသည်ဟု နတ်သခင် ယွမ်မုန့်ယုံကြည်နေဆဲ ဖြစ်ကြောင်း လုချန်း နောက်ဆုံးတွင် သဘောပေါက်သွားတော့၏။
လုချန်းက
“ကျုပ်ဆီမှာ ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်နိုင်တဲ့ နည်းလမ်းရှိတယ်လို့ ကျောင်းတော်သခင်က ဒီလောက်တောင် သေချာနေတာလား။”
နတ်သခင် ယွမ်မုန့်က
“တောင်ပိုင်းနယ်မှာ ရှိတုန်းက မိစ္ဆာနတ်ဘုရင် သုံးယောက်နဲ့ ရင်ဆိုင်ရချိန်မှာ ရှင့်ရဲ့ ကိုယ်ပိုင်စွမ်းအားတစ်ခုတည်းနဲ့တင် သူတို့ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ကျွန်မ လူလွှတ် စုံစမ်းလို့ သိခဲ့ရတယ်။ ဒါက ရှင်အသုံးပြုခဲ့တဲ့ စွမ်းအားဟာ မိစ္ဆာစွမ်းအားကို ဧကန်မုချ ကန့်သတ်ချုပ်ချယ်နိုင်တယ်ဆိုတာကို ပြသနေတာပဲ။”
လုချန်းက ပြုံးလျက်
“မိစ္ဆာစွမ်းအားကို ကန့်သတ်နိုင်ရုံနဲ့ ကောင်းကင်နတ်ဆိုးစွမ်းအားကိုပါ ကန့်သတ်နိုင်လိမ့်မယ်လို့ မဆိုလိုပါဘူး။ မိစ္ဆာစွမ်းအားဆိုတာ ကောင်းကင်နတ်ဆိုးစွမ်းအားရဲ့ ပြိုင်ဘက်မှ မဟုတ်တာ။”
နတ်သခင် ယွမ်မုန့်က
“ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်နိုင်မယ့် နည်းလမ်းကို မတွေ့ခင်စပ်ကြားမှာ အသုံးဝင်နိုင်မယ့် ဘယ်လိုနည်းလမ်းမျိုးကိုမဆို စမ်းသပ်ကြည့်ရမှာပဲ။”
လုချန်းက
“ကျုပ် နားလည်ပါပြီ။ ဆရာနဲ့အတူ မြောက်ပိုင်းနယ်ကို လိုက်ပါသွားဖို့ ကျုပ်ရဲ့ ကိုယ်ပွားကို စေလွှတ်လိုက်ပါ့မယ်။”
လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ယွမ်မုန့်က
“ရှင်ပေးတဲ့ နည်းလမ်းကသာ တကယ်အသုံးဝင်မယ်ဆိုရင် ရှင့်ရဲ့ တောင်းဆိုချက်တစ်ခုကို ကျွန်မ ဖြည့်ဆည်းပေးနိုင်တယ်။”
လုချန်းက ချက်ချင်းပင်
“ကျောင်းတော်သခင် ပြောတာ အတည်ပဲလား”
နတ်သခင် ယွမ်မုန့်က
“ကျွန်မလုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာဆိုရင်ပေါ့။”
ထို့နောက် လုချန်းက
“ဒါဆိုရင် သူတော်စင်မ နေရာကို တခြားလူတစ်ယောက်နဲ့ အစားထိုးပေးပါ။ ကျုပ်သမီးကို သူတော်စင်မ မဖြစ်စေချင်ဘူး။”
လုချန်း၏ စကားကို ကြားရသောအခါ နတ်သခင် ယွမ်မုန့်၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။
လျှို့ဝှက်လဝန်း ကျောင်းတော်တွင် သူတော်စင်မ၏ အဆင့်အတန်းက အလွန်တရာ မြင့်မားလှပြီး ရရှိမည့် အရင်းအမြစ်များမှာလည်း အမြောက်အမြား ရှိနေကြောင်း လူတိုင်း သိကြသည်။ ထို့ပြင် သူမသည် လုချန်း၏ သမီးဖြစ်သည်ဖြစ်သဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်တွင် သူမ၏ အဆင့်အတန်း ပိုမြင့်မားလေလေ လုချန်း၏ အဆင့်အတန်းမှာလည်း ကျောင်းတော်အတွင်း ပိုမြင့်မားလာလေလေ ဖြစ်လိမ့်မည်။
သာမန်လူတစ်ယောက်သာဆိုပါက သူ၏ သမီးဖြစ်သူအား သူတော်စင်မ တစ်ဦး ဖြစ်လာစေရန် ဆန္ဒရှိမှာ ထင်ရှားလှ၏။
သို့သော် လုချန်း ကတော့ စိတ်ပါဝင်စားခြင်း မရှိချေ။
သူ တစ်စုံတစ်ခုကို ရိပ်မိသွားပြီး လျှို့ဝှက်လဝန်း ကျောင်းတော်၏ သူတော်စင်မတွင် အခြားသော အခန်းကဏ္ဍတစ်ခု ရှိနေသည်ကို သိသွားခြင်းလား။
အကယ်၍ လုချန်း၏ နောက်ခံ မရိုးရှင်းပါက လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကို သူ တကယ်ပင် သိနေနိုင်သည်။
တိတ်ဆိတ်သွားသော နတ်သခင် ယွမ်မုန့် ကို ကြည့်ကာ လုချန်းက
“လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ သူတော်စင်မ ဖြစ်ရတာ ထင်သလောက် မလွယ်ကူပါဘူး။”
ခပ်အေးအေး စိုက်ကြည့်ရင်း နတ်သခင် ယွမ်မုန့်က
“ရှင် ဘာတွေ သိထားလို့လဲ”
နတ်ဧကရာဇ် ယူလန် နှင့် ပတ်သက်သည့် အကြောင်းအရာများသည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ အဓိက ထိပ်တန်း လျှို့ဝှက်ချက်များ ဖြစ်သည်။ ထိုကဲ့သို့သော အရာများကို ပြင်ပသို့ လုံးဝ ပေါက်ကြားခွင့် မရှိချေ။
အကယ်၍ ထိုအရာကို မရိုးသားသော ရည်ရွယ်ချက်ရှိသူများ သိသွားပါက အချို့သော အင်အားစုများသည် နတ်ဧကရာဇ် ယူလန် ဒုတိယအကြိမ်မြောက် ဘဝသစ် ပြန်လည်မွေးဖွားလာခြင်းကို တားဆီးရန် နည်းလမ်းများ ရှာဖွေကြပေလိမ့်မည်။
တည်ငြိမ်အေးဆေးစွာဖြင့် လုချန်းက
“သူတော်စင်မ ရဲ့ ရာထူးက မြင့်မားတယ်ဆိုပေမဲ့ ဆင်းရဲပင်ပန်းမှုတွေလည်း ဒွန်တွဲနေပါတယ်။ ကျုပ်ကတော့ ကျုပ်ရဲ့ ရင်သွေးလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကြီးပြင်းလာစေချင်တယ်။”
လုချန်း၏ စကားကို ကြားရသောအခါ နတ်သခင် ယွမ်မုန့် ထပ်မံ မှင်တက်သွားရပြန်၏။
သူမဘာသာ အတွေးလွန်နေခြင်းများသာ ဖြစ်နေမလား။
သမီးဖြစ်သူအား ပင်ပန်းဆင်းရဲသည့် ဘဝမျိုး မဖြတ်သန်းစေချင်ရုံသက်သက်ဖြင့် လုချန်းက သူတော်စင်မ မဖြစ်စေချင်ခြင်းလား။
နတ်သခင် ယွမ်မုန့်က
“ဒီကိစ္စကို နောက်မှပဲ ဆက်ပြောကြတာပေါ့”
သဘောမတူကြောင်း တိုက်ရိုက်ပြလိုက်သည့် နတ်သခင် ယွမ်မုန့် ကို ကြည့်ကာ လုချန်းက
“လျှို့ဝှက်လဝန်း ကျောင်းတော်မှာ သူတော်စင်မ တစ်ယောက် မဖြစ်မနေ ရှိနေဖို့ လိုအပ်လို့လား။”
နတ်သခင် ယွမ်မုန့်က ခပ်အေးအေးပင်
“ဒါက ရှင့်နဲ့မဆိုင်တဲ့ ကိစ္စပဲ။ တခြားတောင်းဆိုချက်တစ်ခုခုကိုပဲ ပြောင်းလဲတောင်းဆိုပါ။”
လုန်းချန်းက
“ကျုပ်မှာ ဒီတောင်းဆိုချက်တစ်ခုတည်းပဲ ရှိတာပါ။ ကျောင်းတော်သခင် သဘောမတူဘူးဆိုရင်လည်း ထားလိုက်ပါတော့။”
နတ်သခင် ယွမ်မုန့် ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားကာ သူမ၏ အမူအရာမှာလည်း တည်တံ့လေးနက်သွား၏။ လုချန်း တစ်စုံတစ်ခုကို သိနေသည်ဟု သူမ ပို၍ ခံစားလာရသည်။
သူ့အပေါ် ဝိညာဉ်ရှာဖွေခြင်း အတတ်ပညာ အသုံးပြုရန်အထိပင် သူမ စဉ်းစားမိသွား၏။
သို့သော် လုချန်းသည် စိတ်အာရုံကင်းကွာနေသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သူမ အာရုံခံမိလိုက်၏။ သူရှေ့မှ ခန္ဓာကိုယ်သည် ပင်မကိုယ် မဟုတ်ပဲ သူ၏ ဝိညာဉ်နတ်အာရုံမှာလည်း ဤကိုယ်ထည်၌ တည်ရှိမနေလို ရှိ၏။
အကယ်၍ သူမသာ ဝိညာဉ်ရှာဖွေခြင်း အတတ်ပညာကို အတင်းအဓမ္မ အသုံးပြုခဲ့ပါက ဝိညာဉ်ကို ရှာဖွေနိုင်မည် မဟုတ်သည့်အပြင် လုချန်းနှင့်ပါ လုံးဝ မျက်နှာပျက်သွားရမည်ဖြစ်ပြီး ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်မည့် နည်းလမ်းကိုလည်း မည်သည့်အခါမှ ရရှိတော့မည် မဟုတ်ပေ။
အရေးကြီးဆုံးအချက်မှာ အနာဂတ်ကပ်ဘေးများကို ပြန်လည်တိုက်ဖျက်နိုင်မည့်သူမှာ လုချန်း ဖြစ်နိုင်ခြေ ရှိနေခြင်းဖြစ်၏။ ထိုအရာကို တွေးမိရုံမှဖြင့် လုချန်း အပေါ် စိတ်အနှောင့်အယှက်ဖြစ်အောင် သူမ နည်းနည်းမှ မလုပ်ဝံ့တော့ပေ။
သူမ၏ ဆရာ ဘဝကူးရန်အတွက် ခန္ဓာကိုယ်အသစ်တစ်ခုကို ပြန်လည်ရှာဖွေရမည်ဟု နတ်သခင် ယွမ်မုန့် စိတ်ထဲ၌ တွေးလိုက်မိ၏။
ထိုအတွေးနှင့်အတူ နတ်သခင် ယွမ်မုန့်က
“ရှင့်ရဲ့ တောင်းဆိုချက်ကို ကျွန်မ ယာယီသဘောတူပေးနိုင်ပါတယ်။ ဒါပေမဲ့ သူတော်စင်မ အသစ်တစ်ယောက် မတွေ့မချင်းတော့ ရှုကျင့်ရှူးရဲ့ ဝမ်းဗိုက်ထဲက ကလေးက သူတော်စင်မ အဖြစ် ဆက်ရှိနေဦးမှာပဲ။ အကယ်၍ တစ်နေ့နေ့မှာ ပိုပြီးသင့်တော်တဲ့ သူတော်စင်မ အလောင်းလျာ ပေါ်လာခဲ့ရင်တော့ လျှို့ဝှက်လဝန်း ကျောင်းတော်မှာ အခြားသူတော်စင်မတစ်ယောက် ရှိလာလိမ့်မယ်။”
နတ်သခင် ယွမ်မုန့် ၏ တုံ့ပြန်မှုကို ကြားလျှင် လုချန်းက
“ဒါဆိုရင် ကျောင်းတော်သခင် အနေနဲ့ ကတိတည်လိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်။ ကျယ်ပြောလှတဲ့ ထျန်းရန် နတ်ဘုရား နယ်မြေ ကြီးထဲမှာ လျှို့ဝှက်လဝန်း ကျောင်းတော်အတွက် သင့်တော်မယ့် သူတော်စင်မတစ်ယောက်ကို အနှေးနဲ့အမြန် ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။”
နတ်သခင် ယွမ်မုန့်က
“ဒါဆိုရင် အခု ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်နိုင်တဲ့ နည်းလမ်းကို နတ်သခင် ကောင်းကင်ကို သင်ပေးဖို့ ရှင် သဘောတူပြီလား။”
လုချန်းက တည်ငြိမ်စွာဖြင့်
“ကျုပ်လည်း မြောက်ပိုင်းနယ်ကို လိုက်သွားမှာပါ။ အဲ့ဒီအချိန်ကျရင် ကောင်းကင်နတ်ဆိုးစွမ်းအား ကန့်သတ်တဲ့ နည်းလမ်းကို နတ်သခင် ကောင်းကင်ကို ကျုပ်တိုက် တိုက်ရိုက် ပြောပြပေးပါ့မယ်။”
လုချန်း၏ စကားကို ကြားရသောအခါ နတ်သခင် ကောင်းကင်၏ အခွင့်အလမ်းကောင်းများသည် လုချန်း နှင့် ဆက်စပ်မှု ရှိနေကြောင်း နတ်သခင် ယွမ်မုန့် ပို၍ သေချာသွားတော့၏။ သို့သော် လုချန်းက သဘောတူခဲ့ပြီ ဖြစ်ရာ သူမအနေဖြင့် ထပ်မံပြောဆိုရန် အကြောင်းမရှိတော့ပေ။
ထို့နောက် နတ်သခင် ယွမ်မုန့်က
“ရှင် ကတိတည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အကယ်၍ နတ်သခင် ကောင်းကင် သာ နတ်ဆိုးဧကရာဇ်ကို တောင့်ခံနိုင်ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ကို အသက်ရှင်လျက် ပြန်ရောက်လာခဲ့ရင် ရှင့်အတွက် ဆုလာဘ်တွေ ရှိမှာပါ။”
“ဒီနေ့တော့ ဒီလောက်ပါပဲ”
ထိုသို့ပြောပြီးနောက် နတ်သခင် ယွမ်မုန့် သည် အာကာသ တည်နေရာရွှေ့ပြောင်းခြင်း အတတ်ပညာကို ချက်ချင်း အသုံးပြုကာ လုချန်းအား ကောင်းကင်တောင်ထိပ် သို့ ပြန်လည်ပို့ဆောင်ပေးလိုက်၏။
…..
သူ၏ အခန်းအတွင်းသို့ လုချန်း ပြန်လည်ရောက်ရှိလာချိန်တွင် အခန်းထဲ၌ နတ်သခင် ကောင်းကင် ရုတ်တရက် ပေါ်လာ၏။ ပြီးခဲ့သည့်အကြိမ် နတ်သခင် ယွမ်မုန့် လုချန်းကို လာရောက်ရှာဖွေခဲ့စဉ်ကတည်းက နတ်သခင် ကောင်းကင် အလွန်တရာ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်၏။
ယခုတစ်ခေါက်တွင်လည်း နတ်သခင် ယွမ်မုန့်က သူ့ကို ထပ်မံရှာဖွေပြန်သဖြင့် ဤကဲ့သို့သော အချိန်မျိုးတွင် လုချန်း အား အဘယ်ကြောင့် လာရောက်တွေ့ဆုံစေသနည်း ဆိုသည်ကို နတ်သခင် ကောင်းကင် တကယ် သိချင်နေမိတော့၏။
သူ၏ အခန်းထဲတွင် ရောက်ရှိနေသော နတ်သခင် ကောင်းကင်ကို မြင်လျှင် လုချန်း ချက်ချင်းပင် ဂါရဝပြုလိုက်၏။
လုချန်းက
“ဆရာ့ကို ဂါရဝပြုပါတယ်။ ကျုပ်အခန်းကို ဆရာ ဘာကိစ္စရှိလို့ ကြွလာတာလဲဆိုတာ မေးပါရစေ။”
နတ်သခင် ကောင်းကင်က
“ကျောင်းတော်သခင်က ရှင့်ကို ဘာကိစ္စနဲ့ ရှာတာလဲ။”
နတ်သခင် ကောင်းကင်၏ မေးခွန်းကို ကြားလျှင် လုချန်း ခဏခန့် တွေးတောလိုက်၏။ မြောက်ပိုင်းနယ်သို့ ရောက်ရှိပါက နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို နတ်သခင် ကောင်းကင်အား သင်ကြားပြသပေးမည် ဖြစ်သဖြင့် သူ ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိချေ။
လုချန်းက
“ ဆရာ မြောက်ပိုင်းနယ်ကိုသွားပြီး နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ရမယ်လို့ ကျောင်းတော်သခင်က ပြောပါတယ်။ အဲဒါကြောင့် ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်တဲ့ နည်းလမ်းကို ဆရာ့ကို သင်ပေးဖို့ ကျုပ်ကို ပြောတာပါ။”
လုချန်း၏ တုံ့ပြန်မှုကို ကြားရသောအခါ နတ်သခင် ကောင်းကင် ခဏခန့် မှင်တက်သွား၏။
လုချန်း ပြောလိုက်သည့် စကားလုံးတိုင်းကို သူမ နားလည်နိုင်သော်လည်း ၎င်းတို့ကို ပေါင်းစပ်လိုက်လျှင်တော့ နားမလည်နိုင်တော့သလို ခံစားလိုက်ရသည်။
ချန်းလု ထံတွင် ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်သည့် နည်းလမ်း ရှိနေတယ် ဆိုပါလား။
ဘယ်လို ဟာသ ပြက်လုံးမျိုးနည်း။
ယခုအချိန်ထိ မဟာအင်အားကြီးအုပ်စုများတောင်မှ ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်မည့် နည်းလမ်းကို ရှာဖွေမတွေ့ရှိကြသေးပေ။ ထို့ပြင် သူတို့၏ နတ်အငွေ့အသက်များသည်ပင် ကောင်းကင်နတ်ဆိုးစွမ်းအား၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံနေကြသည်။
ထိုကဲ့သို့သော မဟာအင်အားကြီးအုပ်စုများ၌ပင် ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်သည့် နည်းလမ်း ကင်းမဲ့နေသည်ဖြစ်ရာ သူမ၏ တပည့်ဖြစ်သူထံတွင် မည်ကဲ့သို့ ရှိနေနိုင်ပါမည်နည်း။
--
…………