အခန်း ၁၈၄၀
Vol. 123 Ch. 1840
အခန်း (၁၈၄၀ )
မရှာရသေးသော နယ်မြေ
နတ်သခင် ယွမ်မုန့် ချန်းလုနှင့် နှစ်ကြိမ်တိုင်တိုင် သီးသန့်စကားပြောဆိုခဲ့ခြင်းမှာ ရှုကျင့်ရှူး၏ ကိစ္စတစ်ခုတည်းအတွက်သက်သက် မဟုတ်နိုင်ကြောင်း နတ်သခင် ကောင်းကင် ယခုအခါ ရိပ်မိသွားခဲ့ပြီ ဖြစ်၏။
ထို့ပြင် ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်မည့် နည်းလမ်းကို ရရှိရန်အတွက် နတ်သခင် ယွမ်မုန့်က သူအား ခေါ်တွေ့ခြင်း ဖြစ်ကြောင်း ချန်းလု ကလည်း အတိအလင်း ပြောဆိုနေပြန်၏။ သူမ၏ တပည့်ဖြစ်သူက သူမအပေါ် နောက်ပြောင်ကျီစယ်လိမ့်မည်ဟု နတ်သခင် ကောင်းကင် မယုံကြည်ပေ။
ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်နိုင်မည့် နည်းလမ်းအတွက် နတ်သခင် ယွမ်မုန့်က သူ့အား တွေ့ဆုံခဲ့သည်ဟု ချန်းလု က ပြောဆိုခဲ့သဖြင့် ဤအရာသည် အမှန်တရား ဖြစ်နိုင်ခြေ အလွန်တရာ များလှသော်လည်း မေးခွန်းထုတ်စရာကတော့ ထိုနည်းလမ်းကို ချန်းလု မည်သည့်နေရာမှ ရရှိခဲ့သနည်း ဆိုသည့်အချက်ပင်။
နတ်သခင် ယွမ်မုန့် တစ်စုံတစ်ခုကို လွဲမှားစွာ နားလည်သွားခြင်းလား။
ထိုသို့မဟုတ်ပါက ချန်းလု ၏ နောက်ခံဇာစ်မြစ် အလွန်တရာ ထူးခြားဆန်းပြားနေခြင်းလည်း ဖြစ်နိုင်သည်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် ချန်းလု ၏ သရုပ်မှန်၌ ပြဿနာတစ်စုံတစ်ရာ ရှိနေနိုင်ကြောင်း လူအ တစ်ယောက်ပင်လျှင် ရိပ်မိနိုင်သည်။
ထိုအတွေးနှင့်အတူ လုချန်း ဘက်သို့ လှည့်ကြည့်လျက် တည်ကြည်လေးနက်သော အမူအရာဖြင့် နတ်သခင် ကောင်းကင်က
“ရှင့်ဆီမှာ ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်တဲ့ နည်းလမ်း တကယ်ပဲ ရှိတာလား။”
သူမသည် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ကိုယ်စားပြုကာ မြောက်ပိုင်းနယ်သို့ သွားရမည်ဖြစ်ပြီး နတ်ဆိုးဧကရာဇ်နှင့်လည်း တိုက်ရိုက်ရင်ဆိုင်ရရန် အလားအလာ ရှိနေသည်။
အကယ်၍ ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်မည့် နည်းလမ်းကိုသာ ရရှိခဲ့ပါက နတ်ဆိုးဧကရာဇ်၏ ပြိုင်ဘက် မဖြစ်နိုင်လျှင်ပင် ခုခံနိုင်စွမ်း ရှိလာမည်ဖြစ်သည်။ အနည်းဆုံးတော့ ဒဏ်ရာအနာတရမရှိပဲ အန္တရာယ်ကင်းကင်း ဆုတ်ခွာခြင်းက သူမအတွက် ကြီးမားသော ပြဿနာတစ်ခု မဟုတ်နိုင်တော့ပေ။
သို့သော် ဤမေးခွန်းကို မေးမြန်းပြီးနောက် သူမဘာသာ အတွေးလွန်နေခြင်းသာ ဖြစ်နိုင်ကြောင်း နတ်သခင် ကောင်းကင် ခံစားလိုက်ရပြန်၏။
ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်မည့် နည်းလမ်းမျိုး ချန်းလုလိုလူထံတွင် မည်သို့ ရှိနေနိုင်ပါမည်နည်း။
ထိုအခိုက်အတန့်တွင် လုချန်းက
“ကျုပ်ဆီမှာ ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်တဲ့ နတ်နိယာမကျင့်စဉ် တကယ် ရှိပါတယ်။”
လုချန်း၏ တိကျပြတ်သားသော အဖြေကို ကြားလျှင် လုချန်း တစ်ကိုယ်လုံးကို ထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေသည့်အလား နတ်သခင် ကောင်းကင်က သူမ၏ အေးစက်သော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်၏။
ထိုစဉ် သူမ၏ မျက်ခုံးများ ပိုတွန့်သွားကာ အမူအရာမှာလည်း အလွန်လေးနက်လာသည်။
အချိန်အတန်ကြာပြီးနောက် နတ်သခင် ကောင်းကင်က
“ဒီနတ်နိယာမကျင့်စဉ်ကို ရှင် ဘယ်ကနေ ရခဲ့တာလဲ”
ထျန်းရန် နတ်ဘုရား နယ်မြေ အတွင်းရှိ ဒိတ်ဒိတ်ကြဲ မဟာအင်အားကြီးအုပ်စုများတွင် ပင်လျှင် ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်မည့် နည်းလမ်း ကင်းမဲ့နေကြ၏။ နတ်ဧကရာဇ် တစ်ပါးပင် တည်ရှိကာ နက်ရှိုင်းလှသော အခြေခံအုတ်မြစ် ရှိသည့် လျှို့ဝှက်လဝန်း ကျောင်းတော်၌ပင် ထိုကဲ့သို့ နည်းလမ်းမျိုး မရှိပေ။
သို့သော် ချန်းလု ထံ၌တော့ ထိုကဲ့သို့ နတ်နိယာမကျင့်စဉ်မျိုး ရှိနေသည်။
ချန်းလု၏ သရုပ်မှန်အပေါ် နတ်သခင် ကောင်းကင် ပို၍ သံသယပွားလာမိ၏။
လုချန်း တစ်စုံတစ်ခု မပြောဆိုနိုင်ခင်မှာပင် နတ်သခင် ကောင်းကင်က ထပ်မံ၍
“ရှင်က တကယ်တော့ ဘယ်သူလဲ”
ချန်းလုသည် နတ်ဘုရား နိုင်ငံ တစ်ခုခုမှ မင်းသားတစ်ပါး သို့မဟုတ် အင်အားစုတစ်ခုခုမှ သခင်လေးတစ်ဦး ဖြစ်လိမ့်မည်ဟု နတ်သခင် ကောင်းကင် အစပိုင်းတွင် ထင်မှတ်ခဲ့၏။
သို့သော် ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်နိုင်သည့် နတ်နိယာမကျင့်စဉ်ကို ချန်းလုက တကယ် ထုတ်ပေးနိုင်ပါက သူ၏ နောက်ကွယ်မှ အင်အားစုသည် လျှို့ဝှက်လဝန်း ကျောင်းတော်ထက် အင်အားနည်းလိမ့်မည်မဟုတ်သည့်အပြင် လျှို့ဝှက်လဝန်း ကျောင်းတော်၏ အခြေခံအုတ်မြစ်ထက်ပင် ပိုနက်ရှိုင်းနိုင်ကြောင်း သူမ ယုံကြည်သွားခဲ့ပြီ ဖြစ်၏။
သူအား သတိကြီးစွာဖြင့် စောင့်ကြည့်နေသော နတ်သခင် ကောင်းကင်ကို ကြည့်ကာ တည်ငြိမ်အေးဆေးစွာဖြင့် လုချန်းက
“ကျုပ်က ဆရာ့ရဲ့ တပည့်ပါပဲ။”
လုချန်းက အဖြေပေးရန် စိတ်မပါသည်ကို မြင်လျှင် လူတိုင်း၌ သူတို့၏ လျှို့ဝှက်ချက်ကိုယ်စီ ရှိကြသဖြင့် နတ်သခင် ကောင်းကင် ဆက်လက်၍ အတင်းအဓမ္မ မမေးမြန်းတော့ပေ။ နတ်သခင် ယွမ်မုန့် ကိုယ်တိုင်ပင် သူ့ထံသို့ နှစ်ကြိမ်တိုင်တိုင် သီးသန့်လာရောက်ရှာဖွေခဲ့ပြီးဖြစ်ရာ သူ၏ အဆင့်အတန်း အမှန်ကို သူမ အနေနှင့် တစ်စုံတစ်ရာ နားလည်ထားပြီးဖြစ်လိမ့်မည်ဟု နတ်သခင်ကောင်းကင် ယုံကြည်သည်။
အဘယ်ကြောင့်ဆိုသော် နတ်သခင် ယွမ်မုန့် သည် ကျောင်းတော်သခင် ဖြစ်သည့်အပြင် အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်းလည်း ရှိနေသောကြောင့်ဖြစ်၏။ နတ်သခင် ကောင်းကင် အနေနှင့် သူမအရှေ့မှ အမျိုးသားကို မယုံကြည်နိုင်လျှင်ပင် နတ်သခင် ယွမ်မုန့် ကိုတော့ သူမ ယုံကြည်သည်။
ချန်းလုကို လျှို့ဝှက်လဝန်း ကျောင်းတော်ထဲမှ နတ်သခင် ယွမ်မုန့် နှင်ထုတ်ခြင်းမပြုခဲ့သည်ကပင် ချန်းလု၏ နောက်ကွယ်မှ အင်အားစု သို့မဟုတ် သူ၏ အဆင့်အတန်းသည် လျှို့ဝှက်လဝန်း ကျောင်းတော် အပေါ် ဘေးအန္တရာယ်ပြုမည့်အရာ မဟုတ်ကြောင်း သက်သေပြနေသည်။
ထိုအခိုက်အတန့်တွင် လုချန်းက ဆက်လက်၍
“ဒီတစ်ခေါက် မြောက်ပိုင်းနယ်ကို ဆရာနဲ့အတူ ကျုပ် လိုက်မှာပါ။ မြောက်ပိုင်းနယ်ထဲကို ရောက်တာနဲ့ ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်တဲ့ နတ်နိယာမကျင့်စဉ်ကို ကျုပ် သင်ကြားပြသပေးပါ့မယ်။”
ထိုအရာကို ကြားလျှင် မြောက်ပိုင်းနယ်သို့ ရောက်ရှိသည်အထိ အဘယ်ကြောင့် စောင့်ဆိုင်းပြီးမှ နတ်နိယာမကျင့်စဉ်ကို သင်ကြားပေးရမည်နည်း၊ ယခုပင် သူမအား သင်ကြားပေး၍ မရနိုင်ဘူးလား ဟု နတ်သခင် ကောင်းကင်စိတ်ထဲ စူးစမ်းလိုစိတ် အနည်းငယ် ဖြစ်ပေါ်သွားမိ၏။
တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီးနောက် နတ်သခင် ကောင်းကင်က
“ဒီနတ်နိယာမကျင့်စဉ်အကြောင်းကို တခြားလူတွေကို ကျွန်မက ပြန်ပြောပြမှာ စိုးရိမ်နေတာလား။”
လုချန်းက
“အဲဒီလို မဟုတ်ပါဘူး။ ဆရာ မြောက်ပိုင်းနယ်ကို မရောက်သေးတဲ့အတွက် ဒီနတ်နိယာမကျင့်စဉ်က လောလောဆယ် မလိုအပ်သေးဘူးလို့ ထင်လို့ပါ။ ဒါကြောင့် အလျင်စလိုလုပ်ဖို့ မလိုပါဘူး။”
ယခုအချိန်တွင် သူမအား သင်ကြားပေးရန် လုချန်း စိတ်မပါသည်ကို မြင်လျှင် နတ်သခင် ကောင်းကင်လည်း ထပ်မံ၍ မပြောတော့ပေ။
မည်သို့ပင်ဖြစ်စေ သူမ မြောက်ပိုင်းနယ်သို့တော့ သွားရမည်သာ ဖြစ်၏။ ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်နိုင်သည့် သူ၏ နတ်နိယာမကျင့်စဉ် မရှိလျှင်ပင် မြောက်ပိုင်းနယ်သို့ သူမ သွားမည်သာ ဖြစ်၏။
အကယ်၍ ထိုနတ်နိယာမကို သူမအား သင်ကြားပေးရန် သူ သဘောတူပါက သူမအတွက် ကောင်းမွန်သောအရာတစ်ခု ဖြစ်သော်လည်း သူ သင်ကြားမပေးခဲ့လျှင်လည်း ဆုံးရှုံးမှုတစ်ခုခု ဖြစ်သွားသည်ဟု သူမ ခံစားရမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ကောင်းကင်နတ်ဆိုးစွမ်းအားကို ကန့်သတ်ချုပ်ချယ်နိုင်သည့် နတ်နိယာမကျင့်စဉ် ဖြစ်ရာ ၎င်းနှင့်ပတ်သက်သည့် သတင်းသာ ပြင်ပသို့ ပျံ့နှံ့သွားပါက ထောင်ပေါင်းများစွာသော မဟာအင်အားကြီးအုပ်စုများက သူ့ကို လိုက်လံရှာဖွေကြမည်မှာ ဧကန်မုချပင်။
ထို့နောက် နတ်သခင် ကောင်းကင်က
“နောက်လဝက်ကြာရင် မြောက်ပိုင်းနယ်ကို ကျွန်မ ထွက်ခွာမယ်။ တကယ်လို့ မြောက်ပိုင်းနယ်ကို ရှင်လိုက်ချင်တယ်ဆိုရင်တော့ ဒီလဝက်အတွင်းမှာ ကောင်းကောင်း ပြင်ဆင်ထားပါ။”
ထိုသို့ပြောပြီးနောက် နတ်သခင် ကောင်းကင် ၏ ခန္ဓာကိုယ် ထိုနေရာမှ ပျောက်ကွယ်သွား၏။
နတ်သခင် ယွမ်မုန့်ကို ချန်းလုအကြောင်း သူမ မေးမြန်းချင်သော်လည်း ကျောင်းတော်သခင်က သူမအား ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသဖြင့် အချိန်မတန်သေး၍သာ ဖြစ်လိမ့်မည်ဟု တွေးမိကာ မမေးတော့ရန် ဆုံးဖြတ်လိုက်၏။
သို့သော် မြောက်ပိုင်းနယ် ကိစ္စရပ်များ ပြီးဆုံး၍ လျှို့ဝှက်လဝန်း ကျောင်းတော် သို့ ပြန်လည်ရောက်ရှိလာချိန်တွင် လုချန်း၏ အဆင့်အတန်း အမှန်ကို သူမ သိရလိမ့်မည်ဟု စိတ်ထဲတွင် ကြိုတင်အာရုံရနေသည်။
…….
ထျန်းရန် နတ်ဘုရား နယ်မြေ။
တောင်ပိုင်းနယ်။
ခမ်းနားသော ကောင်းကင်ခန်းမ။
ဝူယာနတ်သခင်သည် သူ၏ လက်ထဲရှိ ကျောက်စိမ်းလိပ်ကို ဖွင့်လိုက်ပြီး ၎င်းအတွင်းရှိ ထောက်လှမ်းရေးသတင်းများကို ဖတ်ရှုပြီးနောက် မျက်နှာအမူအရာ အလွန်တရာ တည်တံ့လေးနက်သွား၏။
နဂါးအထွတ်အထိပ် နတ်သခင်နှင့် နတ်ဆိုးဧကရာဇ် တို့၏ တိုက်ပွဲသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အနိုင်အရှုံး ရလဒ် တိတိကျကျ မထွက်ပေါ်သေးသော်လည်း ရှေ့တန်းစစ်မျက်နှာရှိ နတ် အားလုံးကတော့ နဂါးအထွတ်အထိပ် နတ်သခင် အနေနှင့် သူ၏ အဆုံးစွန်သော အတိုင်းအတာသို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီကို မြင်တွေ့နိုင်ကြသည်။
အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်နေပါက နဂါးအထွတ်အထိပ် နတ်သခင် အနှေးနှင့်အမြန်အတွင်း ရှုံးနိမ့်သွားလိမ့်မည်။
ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ပိုင်းနယ်တွင် တည်ရှိနေသဖြင့် အကယ်၍ မြောက်ပိုင်းနယ်သာ နတ်ဆိုးဧကရာဇ်၏ လက်အောက်သို့ ကျရောက်သွားပါက နတ်ဆိုးတပ် တောင်ပိုင်းနယ်သို့ ချီတက်လာရန် အချိန်အတော်ကြာမြင့်မည်ဖြစ်၏။
ခမ်းနားသော ကောင်းကင်ခန်းမသည် နတ်ဆိုးတပ်နှင့် တိုက်ရိုက်စစ်ပွဲ ဆင်နွှဲရမည့် နောက်ဆုံးသော မဟာစွမ်းအားကြီးအုပ်စု ဖြစ်လာရန် အလားအလာ ရှိနေသည်။
သို့သော် နတ်ဆိုးဧကရာဇ် ၏ ကျင့်စဉ် ပြန်လည်ကောင်းမွန်လာမှုနှုန်းက အလွန်တရာ မြန်ဆန်လွန်းနေ၏။ ထို့ကြောင့် ခမ်းနားသော ကောင်းကင်ခန်းမသည် အလွန်ဝေးကွာသော တောင်ပိုင်းနယ်တွင် တည်ရှိသော်လည်း ခမ်းနားသော ကောင်းကင်ခန်းမ၏ ခေါင်းဆောင်များကတော့ စိုးရိမ်ပူပန်မှုများ စတင်ဖြစ်ပေါ်လာကြပြီး မြောက်ပိုင်းနယ်သို့ စစ်ကူအဖြစ် နတ်သခင် တစ်ပါး စေလွှတ်သင့်မသင့်ကိုလည်း စဉ်းစားနေကြပြီ ဖြစ်၏။
ထိုအချိန်တွင် ခမ်းနားသော ကောင်းကင်ခန်းမ၏ အစည်းအဝေးခန်းမအတွင်း၌ နတ်သခင် အချို့၏ စိတ်အာရုံပုံရိပ်များ စုဝေးရောက်ရှိနေကြ၏။ နတ်သခင်များ ဖြစ်ကြသည့်အားလျော်စွာ သူတို့၏ အချိန်အများစုကို ကျင့်ကြံခြင်း၌သာ ကုန်ဆုံးစေတတ်သဖြင့် အသက်အန္တရာယ်နှင့် ယှဉ်ရမည့် အရေးကြီးကိစ္စရပ်မျိုး မဟုတ်ပါက သူတို့၏ ပင်မကိုယ်များ ပေါ်ထွက်လာလေ့မရှိပေ။
ထိုအခိုက်အတန့်တွင် နတ်သခင် တစ်ဦး၏ စိတ်အာရုံပုံရိပ်က
“အခုလောလောဆယ်မှာ နဂါးအထွတ်အထိပ် နတ်သခင်ရဲ့ စွမ်းအားတစ်ခုတည်းပဲ နတ်ဆိုးဧကရာဇ်ရဲ့ ချုပ်ချယ်မှုကို မခံရတာ ဖြစ်တယ်။ အကယ်၍ နဂါးအထွတ်အထိပ် နတ်သခင်သာ ကျရှုံးသွားခဲ့ရင် မြောက်ပိုင်းနယ် ကျဆုံးဖို့ဆိုတာ အနှေးနဲ့အမြန်ပဲ ဖြစ်လိမ့်မယ်။”
“နဂါးပြာခန်းမကို စစ်ကူပေးဖို့အတွက် မြောက်ပိုင်းနယ်ကို နတ်သခင် တစ်ပါး ဧကန်မုချ စေလွှတ်ရမယ်။”
သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ပတ်သက်လာလျှင်၊ အထူးသဖြင့် နတ်ဆိုးဧကရာဇ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များတွင် ရောက်ရှိနေသော နတ်သခင် များထဲမှ မည်သူမှ မြောက်ပိုင်းနယ်သို့ သွားရန် စိတ်မပါကြပေ။
သို့သော် သူတို့ထဲမှ မည်သူမှ မသွားကြပဲ နတ်ဆိုးဧကရာဇ်သာ အလုံးစုံ ပြန်လည်ကောင်းမွန်သွားပါက ထျန်းရန် နတ်ဘုရား နယ်မြေ ကြီးတစ်ခုလုံး နဝမကောင်းကင်တက္ကသိုလ်၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်သို့ တစ်ဖန်ပြန်လည် ကျရောက်သွားမည်ကိုလည်း သူတို့ ကောင်းစွာ သိနားလည်ထားကြပေသည်။
ထိုအခိုက်အတန့်တွင် ဝူယာနတ်သခင်က
“နဂါးအထွတ်အထိပ် နတ်သခင်ရဲ့ စွမ်းအားတစ်ခုတည်းပဲ ကောင်းကင်နတ်ဆိုးစွမ်းအားရဲ့ ချုပ်ချယ်မှုကို မကြောက်ရွံ့တာ မဟုတ်နိုင်ဘူး။ လုချန်း အသုံးပြုခဲ့တဲ့ စွမ်းအားကလည်း ကောင်းကင်နတ်ဆိုးစွမ်းအားကို ခုခံနိုင်တာ အလွန် ထင်ရှားပါတယ်။”
ဝူယာနတ်သခင်၏ စကားကို ကြားလျှင် နတ်သခင် တစ်ဦးက
“ဒီအချက်က မှန်သင့်သလောက် မှန်ပေမဲ့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တာတောင် လုန်းချန်းရဲ့ ခြေရာလက်ရာကို အခုထိ ရှာမတွေ့သေးဘူး။ သူက ပုန်းအောင်းဖို့အတွက် ကမ္ဘာငယ်လေး တစ်ခုခုကို ရှာဖွေသွားခဲ့တာ ဖြစ်နိုင်တယ်။ အခု သူ့ကို လိုက်ရှာဖို့ဆိုတာ ပြောသလောက် မလွယ်ကူလှပါဘူး။”
ဝူယာနတ်သခင်က ချက်ချင်းပင်
“မဟုတ်သေးဘူး။ ကျုပ် တို့ လူလွှတ်ပြီး မရှာဖွေရသေးတဲ့ နေရာတစ်ခု ကျန်ပါသေးတယ်။”
နတ်သခင်ထိုက်ဟွာက
“ခင်ဗျား ပြောတာ အရိုင်းနယ်မြေ ကို ဆိုလိုတာလား။”
--
…………