အခန်း ၁၈၄၁
Vol. 123 Ch. 1841
အခန်း( ၁၈၄၁)
သွေးဘိုးဘေး
နတ်သခင်ထိုက်ဟွာ၏ စကားဆုံးလျှင် ဝူယာနတ်သခင်က ချက်ချင်းပင်
“ဟုတ်ပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်က အလွန်ကြီးတဲ့ အဆောက်အဦးတစ်ခုပဲ။ ဘယ်နယ်မှာမဆို ရုတ်တရက် ပေါ်ထွက်လာရင် သတင်း လုံးဝမကြားရမှာ မဖြစ်နိုင်ဘူး။”
“သတင်းအချက်အလက် နည်းပါးလွန်းတဲ့ နေရာမျိုးမှာ လျှို့ဝှက်လဝန်းနန်းတော် ပေါ်လာတာက တစ်ခုတည်းသော ဖြစ်နိုင်ခြေ ဖြစ်လိမ့်မယ်။”
“နှစ်သန်းတစ်ထောင်ကျော် ကာလပတ်လုံး အရိုင်းနယ်မြေနှင့် ပတ်သက်ပြီး ကျုပ်တို့ သိထားတဲ့ အချက်အလက်တွေက တစ်စထက်တစ်စ နည်းပါးလာခဲ့တယ်။ အရိုင်းနယ်မြေက သတင်းများတွေလည်း မကြားရသလောက် ဖြစ်လာခဲ့တယ်။”
“အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်နှင့် လုချန်းတို့ အရိုင်းနယ်မြေသို့ တကယ်သွားခဲ့ကြပြီး အဲ့ဒီ အရိုင်းနယ်မြေရှိ အင်အားစုတွေက လျှို့ဝှက်လဝန်းနန်းတော်ကို တွေ့ခဲ့ရင်တောင် အဲ့ဒီ သတင်းက တောင်ပိုင်းနယ်ကို အချိန်အတန်ကြာတဲ့အထိ ပျံ့နှံ့လာမှာ မဟုတ်ဘူး။”
အရိုင်းနယ်မြေနှင့် တောင်ပိုင်းနယ်အကြားတွင် အန္တရာယ်ရှိသော နေရာအမြောက်အမြား တည်ရှိရာပြီး နေဝင်တောင်တန်းကြီးကလည်း ကာဆီးထား၏။ ထို့ကြောင့် မဖြစ်မနေ လိုအပ်သည့် အခြေအနေ မရှိလျှင် အရိုင်းနယ်မြေမှ လူများသည် တောင်ပိုင်းနယ်သို့ ယေဘုယျအားဖြင့် လာရောက်လေ့မရှိကြသလို တောင်ပိုင်းနယ်မှ လူများကလည်း အရိုင်းနယ်မြေသို့ သွားရောက်လေ့ မရှိကြပေ။
ယင်းက အရိုင်းနယ်မြေမှ လူများနှင့် အခြားနယ်များအကြား ဆက်ဆံရေး အလွန်နည်းပါးသွားစေသဖြင့် အခြားနယ်ပယ်များအနေနှင့် အရိုင်းနယ်မြေတွင် ဖြစ်ပျက်နေသည့်အရာများကို အချိန်တိုအတွင်း မသိနိုင်ကြသည်မှာ သဘာဝပင် ဖြစ်သည်။
လုချန်းတွင် ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနှိမ်နင်းနိုင်သော နည်းလမ်း ရှိနိုင်ကြောင်း အခြားမဟာအင်အားကြီး အုပ်စုများကို အသိပေးကာ ဆုလာဘ်များ ကြေညာခဲ့သည့် အချိန်မှစ၍ ထိုအင်အားစုများသည် လုချန်းနှင့် လျှို့ဝှက်လဝန်းနန်းတော်ကို အစွမ်းကုန် ရှာဖွေခဲ့လောက်သည်ဟု ဝူယာနတ်သခင် စဉ်းစားနေ၏။
သို့သော် နှစ်ပေါင်းများစွာ ကြာသည်အထိ လုချန်း သို့မဟုတ် လျှို့ဝှက်လဝန်းနန်းတော်၏ သတင်းအစအနမှပင် မကြားရခြင်းက သူတို့ ထိုနယ်များသို့ လုံးဝ ရောက်မသွားခဲ့ခြင်းကို ဖော်ပြနေသည်။
ယခုအခါ အရှေ့၊ အနောက်၊ တောင်၊ မြောက်နှင့် အလယ်ဟူသော မဟာနယ်မြေကြီး ငါးခုအနက် အရိုင်းနယ်မြေဖြစ်သည့် အနောက်ပိုင်းနယ် တစ်ခုတည်းကိုသာ ရှာဖွေရခြင်း မရှိသေးပေ။
ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော်နှင့် လုချန်းတို့ အရိုင်းနယ်မြေသို့ တကယ်သွားရောက်ခဲ့ကြခြင်း ဖြစ်ရန် အလွန်နီးစပ်လှသည်။
ဝူယာနတ်သခင်၏ စကားကို ကြားရလျှင် နတ်သခင်အားလုံး ခဏခန့် တိတ်ဆိတ်သွားကြပြီး ထိုအတိုင်း အလွန် ဖြစ်နိုင်သည်ဟု ခံစားလိုက်ရ၏။
ထိုအခိုက်အတန့်တွင် ဝူယာနတ်သခင်က ဆက်လက်၍
“ကျုပ်ကိုယ်တိုင် လုချန်းကို ရှာဖို့ အရိုင်းနယ်မြေကို သွားပါမယ်။ အကယ်၍ လုချန်းဆီမှာရှိတဲ့ ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနိုင်တဲ့ နည်းလမ်းကို ကျုပ်တို့ ရရှိခဲ့ရင် နတ်ဆိုးဧကရာဇ်က ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတော့မှာ မဟုတ်ပါဘူး။”
ဝူယာနတ်သခင်၏ စကားကို ကြားသောအခါ နတ်သခင်များ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ကြ၏။ ဝူယာနတ်သခင်အနေနှင့် ယခုအချိန်တွင် အရိုင်းနယ်မြေသို့ သွားရန် ဆုံးဖြတ်ခြင်းက သူနှင့်မြောက်ပိုင်းနယ် အရေးကိစ္စ မသက်ဆိုင်တော့ပဲ နတ်ဆိုးဧကရာဇ်နှင့် တိုက်ရိုက် ရင်ဆိုင်ရန် မလိုတော့ခြင်းဟု ဆိုလို၏။ သူ၏ အကွက်ချမှုက အတော်ပင် လိမ္မာပါးနပ်လှပေသည်။
သို့သော် အမှန်အတိုင်း ပြောရလျှင် လုချန်း၌ ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနှိမ်နင်းနိုင်သည့် နည်းလမ်း တကယ် ရှိနေပါက နတ်သခင်တစ်ပါး ကိုယ်တိုင် သွားရောက်ရခြင်းက ထိုက်တန်လှသည်။
ထိုအခိုက်တွင် နတ်သခင်အားလုံး၏ အကြည့်များသည် ခမ်းနားကြီးကျယ်လှသော ခန်းမအလယ်ရှိ အကြီးအကဲတစ်ဦး၏ ပုံရိပ်ယောင်ထံသို့ စုပြုံရောက်ရှိသွားကြ၏။
ထိုအကြီးအကဲ၏ ပုံရိပ်ယောင်သည် ထောင်ပေါင်းများစွာသော ကြယ်ရောင်စုံများဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားပြီး သေချာစွာ ကြည့်ရှုလျှင် ကြယ်စင်ပင်လယ်ပြင်ကြီးတစ်ခုကဲ့သို့ ထင်မှတ်ရသည်။
သူသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ စွမ်းအားအကြီးဆုံး နတ်သခင်ဖြစ်ပြီး ခန်းမသခင်လည်း ဖြစ်သည်။
လက်ရှိ နတ်သခင်များထဲမှ မည်သူမှ မြောက်ပိုင်းနယ်ရှိ နတ်ဆိုးဧကရာဇ်ကို တိုက်ရိုက်ရင်ဆိုင်ရန် အလိုမရှိကြသော်လည်း နတ်ဘုရားနယ်မြေ မဟာမိတ်တပ်၏ အဖွဲ့ဝင်များ ဖြစ်ကြသည့်အားလျော်စွာ မြောက်ပိုင်းနယ်ကို ကူညီပံ့ပိုးရန်အတွက် နတ်သခင်တစ်ပါးကို စေလွှတ်ရန် ဧကန်မုချ လိုအပ်ပေသည်။
ယခု မည်သည့်နတ်သခင်ကို စေလွှတ်ရမည်ဟူသောအချက်ကတော့ ခန်းမသခင်၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေတော့သည်။
ထိုခဏတွင် ကြယ်မြစ် နတ်သခင်က မျက်လုံးများကို ဖွင့်လိုက်ပြီး ရှေ့ရှိ နတ်သခင်များကို တစ်ချက်ဝေ့ကြည့်ကာ ခပ်အေးအေးပင်
“နတ်သခင်ထိုက်ဟွာ... ခင်ဗျား မြောက်ပိုင်းနယ်ကို သွားရမယ်။”
ထိုအရာကို ကြားလျှင် နတ်သခင်ထိုက်ဟွာ အနည်းငယ် မှင်တက်သွား၏။
သူ သတိပြန်ဝင်လာပြီးနောက် စိတ်မပါဟန်ဖြင့်
“ဟုတ်ကဲ့ပါ...ခန်းမသခင်။”
ထိုအခိုက်အတန့်တွင် ကြယ်မြစ် နတ်သခင်၏ အကြည့်များက ဝူယာနတ်သခင်ထံသို့ ကျရောက်သွားပြီး
“ဝူယာနတ်သခင်... ဒီခရီးစဉ်မှာ အရိုင်းနယ်မြေက ဒေသခံအင်အားစုတွေနဲ့ ပဋိပက္ခမဖြစ်အောင် သေချာဂရုစိုက်ပါ။အထူးသဖြင့် လကွယ်ဂိုဏ်းနဲ့ပေါ့။”
ဝူယာနတ်သခင်က
“စိတ်ချပါ ခန်းမသခင်... ကျုပ် ဘာလုပ်ရမလဲဆိုတာ သိပါတယ်။”
ထို့နောက် ကြယ်မြစ် နတ်သခင်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်သည် ကြယ်ရောင်စုံအမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားရင်း
“ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။”
ဟူသောအသံ တစ်ဆက်တည်း ထွက်ပေါ်လာ၏။
ထိုစကား ပြောပြီးပြီးချင်း ကြယ်မြစ် နတ်သခင်၏ ပုံရိပ်ယောင် လုံးဝ လွင့်ပျယ်ပျောက်ကွယ်သွား၏။ သူ ထွက်ခွာသွားပြီးနောက် ဝူယာနတ်သခင်လည်း အရိုင်းနယ်မြေသို့ ချက်ချင်းပင် ခရီးစတင်လိုက်တော့သည်။
……
တောင်ပိုင်းနယ်။
သွေးလင်းယုန်ခန်းမ တည်ရှိရာ ကမ္ဘာငယ်။
ကြီးမားလှသော ဦးခေါင်းခွံကြီးတစ်ခုပေါ်တွင် ခြံဝင်းငယ်တစ်ခု ရှိနေသည်။ ထိုအခိုက်အတန့်တွင် ခြံဝင်းအတွင်းရှိ အခန်းထဲမှ သွေးရောင်စွမ်းအားများ လှိုင်းထလာပြီး နေမင်းကြီးကဲ့သို့ ကြီးမားလှသော ထိုဦးခေါင်းခွံကြီး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။
တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ငိုကြွေးနေသကဲ့သို့ ထင်ရသည့် ဦးခေါင်းခွံကြီး၏ မျက်လုံးများထဲမှ သွေးမျက်ရည်များ အဆက်မပြတ် စီးကျလာသည်။
ထိုစဉ် ဦးခေါင်းခွံပေါ်ရှိ ခြံဝင်းငယ်လေးထဲမှ အခန်းတွင်း၌ သွေးမိစ္ဆာ နတ်ဘုရင်က သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။
မိစ္ဆာခန္ဓာကိုယ်အတွင်း၌ အစဉ်မပြတ် တိုးပွားလာနေသော စွမ်းအားများကို ခံစားမိသဖြင့် သွေးမိစ္ဆာ နတ်ဘုရင် ဝမ်းသာသွားသည်။ ဤမျှ တိုတောင်းသော အချိန်အတွင်း သူ ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ပြန်လည်ကောင်းမွန်လာရုံသာမက သူ၏ ကျင့်စဉ်အဆင့်မှာလည်း ပို၍မြင့်မားလာခဲ့သည်။
သွေးမိစ္တာ နတ်ဘုရင်လည်း တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားပုံရပြီး အခန်းထဲမှ တိုက်ရိုက် ပျံသန်းထွက်ခွာလာကာ ကြီးမားလှသော ဦးခေါင်းခွံကြီး၏ မျက်လုံးများနှင့် မျက်နှာချင်းဆိုင်လိုက်ရင်း ရိုသေစွာဖြင့်
“သွေးဘိုးဘေးရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်။ မျိုးဆက်သစ်ဖြစ်တဲ့ ကျုပ်က သွေးဘိုးဘေးရဲ့ မျှော်လင့်ချက်တွ စိတ်ပျက်စရာ မဖြစ်စေဖို့ အတွက် ပိုပြီးစွမ်းအားကြီးမားလာဖို့ ဧကန်မုချ ကြိုးစားပါ့မယ်။”
ကြီးမားလှသော ဦးခေါင်းခွံကြီးသည် စကားတစ်ခွန်းမှ မဆိုပဲ မျက်လုံးများထဲမှ သွေးမျက်ရည်များ အဆက်မပြတ် စီးကျနေကာ သွေးမျက်ရည် ရေတံခွန်ကြီးနှစ်ခု ဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် ထိုသွေးမျက်ရည်များသည် သွေးလင်းယုန်ခန်းမ၏ ကမ္ဘာငယ်လေးအတွင်းရှိ သွေးပင်လယ်ထဲသို့ စီးဝင်သွားကြရာ သွေးလင်းယုန်ခန်းမ၏ သွေးရောင်စွမ်းအားများကို ပိုမိုသိပ်သည်းလာစေ၏။
သွေးမိစ္ဆာ နတ်ဘုရင်က ဆက်လက်၍ ရိုသေစွာဖြင့်
“ဒီတစ်ကြိမ် နိုးထလာတဲ့ သွေးဘိုးဘေးအနေနဲ့ မျိုးဆက်သစ်ဖြစ်တဲ့ ကျုပ်ကို ခိုင်းစေချင်တာများ ရှိပါသလား ခင်ဗျာ။”
သွေးမိစ္ဆာ နတ်ဘုရင် စကားပြောပြီးသွားသည့်တိုင် ကြီးမားလှသော ဦးခေါင်းခွံကြီးသည် စကားပြောရန် ပါးစပ်ကို ဖွင့်မလာသေးပေ။
ယခုတစ်ကြိမ်တွင်လည်း သွေးဘိုးဘေးထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိလိမ့်မည်မဟုတ်ဟု သွေးမိစ္တာ နတ်ဘုရင်က ထင်မှတ်နေစဉ်မှာပင် ခန့်ညားထည်ဝါလှသော အသံတစ်သံ သွေးမိစ္တာ နတ်ဘုရင်၏ စိတ်အာရုံထဲသို့ ရုတ်တရက် ပေါ်ပေါက်လာသည်။
“လု... ချန်း... ကို... ရှာ... ပါ...”
ထိုအသံသည် သွေးမိစ္တာ နတ်ဘုရင်၏ စိတ်အာရုံထဲတွင် ခေါင်းလောင်းတီးသံကဲ့သို့ ပေါက်ကွဲသွားပြီး သူ၏ဝိညာဉ်ကို ခဏခန့် တုန်ရင်သွားစေ၏။ သွေးမိစ္တာ နတ်ဘုရင်လည်း တုံ့ပြန်ရန် အချိန်အတော်ကြာ ယူလိုက်ရပြီး အတန်ကြာမှ သတိပြန်ဝင်လာကာ မဆိုင်းမတွပင်
“ဟုတ်ကဲ့ပါ။ ကျုပ် အကြီးအကဲပေးတဲ့ တာဝန်ကို ဧကန်မုချ ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ်။”
သွေးဘိုးဘေးက ဘာကြောင့် လုချန်းကို ရှာဖွေချင်နေရသနည်းဟု သွေးမိစ္တာ နတ်ဘုရင် နားမလည်နိုင် ဖြစ်နေမိ၏။
နေပါဦး...
လုချန်း ဟုတ်လား။
လူတစ်ယောက်၏ ပုံရိပ် သွေးမိစ္တာ နတ်ဘုရင်၏ စိတ်အာရုံထဲ ရုတ်တရက် ပေါ်လာသည်။ သူ မှတ်မိသည်သလောက်ဆိုလျှင် ထျန်းရှ နတ်ဘုရား နိုင်ငံမှ လူများသည် လျှို့ဝှက်လဝန်းနန်းတော်၏ ထိုနတ်ဘုရင်ကို ချန်ဘုရင်ဟု ခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။
နှစ်ပေါင်း ထောင်သောင်းမကသော ကာလပတ်လုံး ထျန်းရှ နတ်ဘုရား နိုင်ငံတွင် ကျော်ကြားခဲ့သော တစ်ဦးတည်းသော ချန်ဘုရင်မှာ လုချန်း ဖြစ်နေသလား။
ထို့ပြင် သူတို့နှင့် ရင်ဆိုင်ပြီးနောက် ထိုသူက တိုက်ရိုက်ပင် ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းကို ရွေးချယ်ခဲ့၏။ လုချန်း၏ ဖေါက်ခွဲမှုကြောင့် သူလည်း ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့ခြင်း ဖြစ်သည်။
ယခု လုချန်းက သေဆုံးသွားပြီဖြစ်ရာ သူက လုချန်းကို မည်သည့်နေရာတွင် သွားရောက်ရှာဖွေရမည်နည်း။
ထိုသို့တွေးမိလျှင် သွေးမိစ္တာ နတ်ဘုရင်က သွေးဘိုးဘေးကို
“သွေးဘိုးဘေး... လုချန်းက ကိုယ့်ကိုယ်ကို ဖောက်ခွဲသွားခဲ့ပြီလို့ ထင်ပါတယ်...”
သို့သော် သွေးမိစ္တာ နတ်ဘုရင် စကားပြောပြီးသည်နှင့် ခန့်ညားထည်ဝါသော ထိုအသံ သူ၏ နားထဲတွင် ထပ်မံ၍ ပဲ့တင်ထပ်လာပြန်၏။
“သူ... အသက်ရှင်... နေတုန်းပဲ...”
သွေးဘိုးဘေးထံမှ တိုက်ရိုက် စိတ်ချင်းဆက်သွယ်မှုက သူ့ကို တကယ်ပင် အလွန်နေရခက်စေသဖြင့် သွေးမိစ္တာ နတ်ဘုရင် မူးဝေသွား၏။ ပြန်လည်သက်သာလာပြီးနောက် သွေးမိစ္တာ နတ်ဘုရင်က သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်၏။
သွေးဘိုးဘေးက လုချန်း အသက်ရှင်နေသေးသည်ဟု အခိုင်အမာ ပြောနေသဖြင့် လုချန်း တကယ်ပင် အသက်ရှင်နေသေးကြောင်း သက်သေပြနေသည်။
လုချန်း၏ ပေါက်ကွဲမှုကြောင့် သူ သေလုနီးပါး ဖြစ်ခဲ့ရသည်ကို ပြန်လည်တွေးမိလျှင် သွေးမိစ္တာ နတ်ဘုရင်၏ စိတ်နှလုံးထဲမှ နာကျည်းမှု ဒေါသအရှိန်အဟုန် ချက်ချင်းပင် တောက်လောင်လာခဲ့၏။
လက်စားချေရန် အခွင့်အရေး မရှိနိုင်တော့ဟု အစက သူ ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။
ထိုလုချန်း အသက်ရှင်နေသေးလိမ့်မည်ဟု နည်းနည်းမှ မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ သူ အသက်ရှင်နေသေးလျှင်တော့ ရှင်းလင်းရတာ လွယ်ကူသွားမည်။
သို့သော်လည်း...
သွေးမိစ္တာ နတ်ဘုရင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွား၏၊
သွေးဘိုးဘေးက ဘာကြောင့် လုချန်းကို ရှာဖွေချင်နေရသနည်း။
သူ၏ မူလအစကို သွေးမိစ္တာ နတ်ဘုရင် ရှင်းရှင်းလင်းလင်း မသိပေ။
သွေးဘိုးဘေးသည် ရှေးဟောင်းခေတ်မှ ဖြစ်နိုင်သည်ဟူ၍သာ သူ သိထားသည်။
သူတို့သည် တားမြစ်နယ်မြေတစ်ခု၌ သွေးဘိုးဘေး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ယင်းကို အခွင့်အရေးကောင်းတစ်ခုဟု မှတ်ယူကာ သွေးဘိုးဘေး၏ ရုပ်အလောင်းကို ဤကမ္ဘာငယ်လေးအတွင်းသို့ သယ်ဆောင်လာခဲ့ကြပြီးနောက် နောက်ဆုံးတွင် သွေးဘိုးဘေး၏ ရုပ်အလောင်း အပေါ်၌ သွေးလင်းယုန်ခန်းမကို တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။
--
…………