← Chapters

အခန်း ၁၈၄၄

Vol. 123 Ch. 1844

အခန်း ၁၈၄၄

Vol. 123 Ch. 1844

အခန်း( ၁၈၄၄ )

မထင်မှတ်သော အခွင့်အရေး

ကောင်းကင်လင်းယုန်တောင်ထိပ်။

နတ်ဘုရင်ခံ ရွှေတောင်ပံ၏ အိပ်ဆောင်အတွင်း၌။

နတ်ဘုရင်ခံ ရွှေတောင်ပံသည် မိန်းမပျိုအချို့နှင်အတူ မည်သည့်အရာကိုမှ ဂရုမစိုက်စွာ လှဲလျောင်းနေ၏။ မိန်းမပျိုတစ်ဦးက သူ့ကို စားစရာ ခွံ့ကျွေးနေပြီး အခြားတစ်ဦးကတော့ စပျစ်ဝိုင် ငှဲ့ပေးနေကာ အတိုင်းအဆမဲ့ ပျော်ရွှင်ချမ်းမြေ့မှုကို ခံစားနေသည်။

ထိုစဉ် ရွှေနတ်တစ်ပါး ပင်မခန်းမဆောင်အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာပြီး စိတ်လှုပ်ရှားစွာဖြင့်

“သခင်... သတင်းကောင်းပါ”

ခန်းမဆောင်အတွင်း ရပ်နေသော ရွှေနတ်ကို နတ်ဘုရင်ခံ ရွှေတောင်ပံ ကြည့်လိုက်၏။

နတ်ဘုရင်ခံ ရွှေတောင်ပံက ရွှေနတ်ကို

“သတင်းကောင်း ဟုတ်လား... ဘာသတင်းကောင်းလဲ”

ရွှေနတ်က

“ကျောင်းတော်သခင်က နတ်အမိန့် ထုတ်ပြန်လိုက်ပါတယ်။ လျှို့ဝှက်လဝန်း ကျောင်းတော်ကလည်း နတ်ဘုရားနယ်မြေ မဟာမိတ်တပ်ကို ပူးပေါင်းပါဝင်တော့မှာပါ။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံ မျက်မှောင်ကြုတ်သွား၏။

လျှို့ဝှက်လဝန်း ကျောင်းတော် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်ထဲ ပူးပေါင်းပါဝင်ခြင်းက သူနှင့် ဘာဆိုင်သနည်း။

သူတို့ ပါဝင်ချင်လည်း ပါဝင်လိမ့်မည်။

ထိုအရာက သူ့အလုပ်မဟုတ်ပေ။

ကောင်းကင်လင်းယုန်တောင်ထိပ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း သူကတော့ မြောက်ပိုင်းနယ်သို့ သွားရမည် မဟုတ်ပေ။

သူ့အတွက်တော့ ဤအရာက သတင်းကောင်းလည်း မဟုတ်သကဲ့သို့ သတင်းဆိုးလည်း မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ရွှေနတ်က ဆက်လက်၍

“မြောက်ပိုင်းနယ်မှာ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ကိုယ်စားပြုမယ့်သူက နတ်သခင် ကောင်းကင် ဖြစ်ပါတယ်။”

“ဟင်...”

ရွှေနတ်၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံ စိတ်ဝင်စားမှုအချို့ ပြသလာ၏။ နတ်သခင် ကောင်းကင် သွားမည်ဆိုပါက ဤအရာက သူ့အတွက် သတင်းကောင်းအစစ်အမှန် ဖြစ်ပေလိမ့်မည်။

ချန်းလု နတ်သခင် ကောင်းကင်၏ တပည့်ရင်း ဖြစ်လာကတည်းက သူ့ကို ရှင်းလင်းပစ်ရန် အခွင့်အရေးကို သူ ရှာမတွေ့ခဲ့ပေ။ ဤအရာက သူ့ကို ဒေါသထွက်စေသော်လည်း ဘာမှမတတ်နိုင်သဖြင့် အောင့်အည်းသည်းခံနေရုံသာ တတ်နိုင်၏။

နောက်ဆုံး ကြားသိရသည့် သတင်းများအရ ချန်းလုသည် ရှုကျင့်ရှူး၏ နေအိမ်သို့ သွားရောက်ခဲ့ပြီး ယခုထက်တိုင် ပြန်လည်ထွက်ခွာလာခြင်း မရှိသေးပေ။

ထိုသတင်းက သူ့ကို ပို၍ စိတ်ပျက်လက်ပျက် ဖြစ်စေပြန်၏။

ချန်းလုသည် ထိုနေရာတွင် ထိုမျှလောက်ကြာအောင် အပြင်မထွက်ပဲ နေထိုင်နေသည် ဟူသည့် အချက်သက်သက်ဖြင့်ပင် ၎င်းတို့အတွင်း၌ ဘာလုပ်နေကြသည်ကို ခန့်မှန်းရန် လွယ်ကူလှသည်။

ရင်ထဲ၌ ဒေါသများ ပြည့်နှက်နေသော်လည်း သူ ဘာမှ မတတ်နိုင်ခဲ့ပေ။

တပည့်ရင်းဟူသော အဆင့်အတန်းက ချန်းလုကို အကာအကွယ်ပေးထားသဖြင့် သူ့အပေါ် ကျူးလွန်သော မည်သည့်လှုပ်ရှားမှုမဆို နတ်သခင် ကောင်းကင်ကို ဒေါသထွက်စေပေလိမ့်မည်။

နတ်သခင် ကောင်းကင်သည် ကောင်းကင်လင်းယုန် နတ်သခင်ကို ယှဉ်နိုင်မည်မဟုတ်ဟု သူ ယုံကြည်ထားသော်လည်း ကောင်းကင်တောင်ထိပ်နှင့် ပြဿနာဖြစ်ပါက ဖခင်ဖြစ်သူ၏ ဒေါသကို ရင်ဆိုင်ရနိုင်ခြေ ရှိ၏။

ထို့ကြောင့် နတ်သခင် ကောင်းကင် ရှိနေသရွေ့ ချန်းလုကို နတ်ဘုရင်ခံ ရွှေတောင်ပံ မထိရဲသေးပေ။

သို့ရာတွင် နတ်သခင် ကောင်းကင်သာ လျှို့ဝှက်လဝန်းနန်းတော်မှ ထွက်ခွာသွားပါက သူ၏ အခွင့်အရေး ရောက်ရှိလာပေလိမ့်မည်။

နတ်သခင် ကောင်းကင် ပြန်လည်ရောက်ရှိလာချိန်တွင် ချန်းလုသည် သေဆုံးပြီးသား ဖြစ်နေပေလိမ့်မည်။

ချန်းလုကို သူတို့ သေချာအကွက်ချ၍ ရှင်းလင်းပစ်ပါက သူတို့လက်ချက်ဖြစ်ကြောင်း နတ်သခင် ကောင်းကင် ရိပ်မိနိုင်မည် မဟုတ်ပေ။ ကောင်းကင်လင်းယုန်တောင်ထိပ်တွင် တာဝန်ရှိသည်ဟု နတ်သခင် ကောင်းကင် သံသယဝင်မည် ဆိုလျှင်လည်း သက်သေမရှိပဲ သူတို့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

နတ်သခင် ကောင်းကင် အနေနှင့် သက်သေအထောက်အထား မရှိပဲ တောင်ထိပ်သခင်တစ်ဦးကို ပြဿနာရှာရန် မဖြစ်နိုင်ပေ။

ထိုအရာကို တွေးမိရင်း နတ်ဘုရင်ခံ ရွှေတောင်ပံက ရွှေနတ်ကို

“သွားစုံစမ်းချေ။ ချန်းလု မြောက်ပိုင်းနယ်ကို ပါသွားမလားဆိုတာ စုံစမ်းကြည့်။”

သူ၏ စကားမဆုံးခင်မှာပင် ခန်းမဆောင်အတွင်းရှိ ရွှေနတ်က

“ကျုပ် စုံစမ်းပြီးပါပြီ ချန်းလုလည်း မြောက်ပိုင်းနယ်ကို သွားမှာပါ။”

ထိုအရာကို ကြားလျှင် နတ်ဘုရင်ခံ ရွှေတောင်ပံ မှင်တက်သွား၏။

ချန်းလုက မြောက်ပိုင်းနယ်ကို လိုက်သွားမယ် ဟုတ်လား။

တပည့်များ သူတို့၏ ဆရာသခင်နှင့်အတူ လိုက်ပါသွားခြင်းက မထူးဆန်းသော်လည်း ချန်းလုကို နတ်သခင် ကောင်းကင်က စောင့်ကြည့်နေပါက သူ့ကို ရှင်းလင်းပစ်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

နတ်ဘုရင်ခံ ရွှေတောင်ပံ အတွေးနက်သွား၏။

ဤအရာက တကယ့် ပြဿနာတစ်ခု ဖြစ်ပေသည်။

သို့သော်လည်း ချန်းလု မြောက်ပိုင်းနယ်သို့ သွားခြင်းက သူတို့အတွက် အခွင့်အရေးတစ်ခု ရှိနေသေးသည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်၏။

လက်ရှိ မြောက်ပိုင်းနယ်၏ အခြေအနေက ရှုပ်ထွေးလှသည်။ ချန်းလုကို ရှင်းလင်းပစ်ရန် သူတို့ လူများကို တိတ်တဆိတ် စေလွှတ်လိုက်ပါက ထိုကောင်းကင်နတ်ဆိုးများ သို့မဟုတ် နတ်ဆိုးကျင့်ကြံသူများ၏ လက်ချက်ဖြင့် ချန်းလု သေဆုံးသွားခြင်းဟု နတ်သခင် ကောင်းကင် ယူဆသွားနိုင်၏။

သို့သော် အကြီးမားဆုံး ပြဿနာမှာ မြောက်ပိုင်းနယ်သို့ ရောက်ရှိပြီးနောက် နတ်သခင် ကောင်းကင်နှင့် ချန်းလု လူစုခွဲမလား ဆိုသည့် အချက်ပင်။

အကယ်၍ နတ်သခင် ကောင်းကင်နှင့်အတူ ချန်းလု ရှိနေပါက သူတို့လူများ လှုပ်ရှားရန် အခွင့်အရေး ရရှိလိမ့်မည် မဟုတ်ပေ။

ခဏခန့် စဉ်းစားပြီးနောက် နတ်ဘုရင်ခံ ရွှေတောင်ပံက ခန်းမဆောင်အတွင်းရှိ ရွှေနတ်ကို

“နတ်သခင် ကောင်းကင်မှာ ထူးခြားတဲ့ တာဝန်တွေ ရှိမလားဆိုတာ စုံစမ်းဖို့ နည်းလမ်းရှာချေ။”

အဆုံးစွန်၌တော့ နတ်သခင် ကောင်းကင်သည် နတ်သခင်တစ်ဦး ဖြစ်နေသဖြင့် မြောက်ပိုင်းနယ်တွင် သူမ ဖြေရှင်းရမည့် ကိစ္စရပ်များ ရှိလိမ့်မည်။ သူမ၏ တပည့်များနှင့်အတူ စဉ်ဆက်မပြတ် ရှိနေရန် မဖြစ်နိုင်ပေ။

နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်တိုက်ခိုက်ရန် အခြားအင်အားစုများ၏ နတ်သခင်များနှင့် ပူးပေါင်းရမည့် အခြေအနေမျိုး ဖြစ်လာပါက သဘာဝကျစွာပင် နတ်သခင် ကောင်းကင်နှင့် ချန်းလုတို့ လူစုခွဲကြပေလိမ့်မည်။

နတ်သခင်အဆင့်များ လှုပ်ရှားသည့် တိုက်ပွဲဝန်းကျင်အနီး၌ သာမန်နတ်များ နေနိုင်စွမ်း မရှိကြပေ။ သာမန်နတ်များ မဆိုထားနှင့် နတ်ဘုရင်များပင်လျှင် ရိုက်ခတ်မှု ခံရပါက ပြင်းထန်သော ဒဏ်ရာများ ရရှိသွားနိုင်သည်။

နတ်ဆိုးဧကရာဇ်နှင့် ရင်ဆိုင်ရန် နတ်သခင် ကောင်းကင် ဆုံးဖြတ်လိုက်သည်နှင့် ချန်းလုသည် စစ်နတ်လှေပေါ်၌ ကျန်ရစ်ခဲ့ရမည် ဖြစ်သည်။ သို့မဟုတ် သူတို့၏ စခန်းတွင်သာ လုံခြုံစွာ နေထိုင်ရမည်။

ထိုအခါ ချန်းလုကို လုပ်ကြံရန် အခွင့်အရေး ရရှိလိမ့်မည်။

ချန်းလုကို ရှင်းလင်းပြီးနောက် ဤအရာအားလုံးကို နတ်ဆိုးကျင့်ကြံသူများနှင့် ကောင်းကင်နတ်ဆိုးများ၏ လက်ချက်ကဲ့သို့ လုပ်ကြံ ဖန်တီးနိုင်သည်။

ထိုအတွေးနှင့်အတူ နတ်ဘုရင်ခံ ရွှေတောင်ပံ ရုတ်တရက် ထရပ်လိုက်ပြီး လက်ဟန်တစ်ချက်ဖြင့် တောက်ပသော ရွှေရောင်ဝတ်စုံကို ဆင်မြန်းလိုက်၏။

ခန်းမဆောင်အတွင်းရှိ ရွှေနတ်က သူ့ကို

“ဟုတ်ကဲ့ပါ... ကျုပ် အခုပဲ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါ့မယ်။”

ထို့နောက် ရွှေနတ် ခန်းမဆောင်အတွင်းမှ ထွက်ခွာသွား၏။ သူ ထွက်ခွာသွားပြီးနောက် နတ်ဘုရင်ခံ ရွှေတောင်ပံလည်း သူ၏ အိပ်ဆောင်အတွင်း၌ ဆက်လက် မပျော်ပါးတော့ပဲ ချက်ချင်း ပျောက်ကွယ်သွားကာ ကောင်းကင်လင်းယုန်ခန်းမ၏ အပြင်ဘက်တွင် ပြန်လည် ပေါ်လာ၏။

ကောင်းကင်လင်းယုန်ခန်းမ အပြင်ဘက်ရှိ တပည့်များကို ကြည့်ရင်း နတ်ဘုရင်ခံ ရွှေတောင်ပံက

“ကျုပ် တောင်ထိပ်သခင်နဲ့ တွေ့ချင်တယ်”

ထိုစကားများကို ကြားလျှင် တံခါးဝရှိ တပည့်တစ်ဦးက

“ခဏလောက် စောင့်ပေးပါ။ ကျုပ်တို့ အခုပဲ သွားရောက် သတင်းပို့ပေးပါ့မယ်။”

သူ၏ စကားမဆုံးခင်မှာပင် ကောင်းကင်လင်းယုန်ခန်းမ အတွင်းမှ အသံတစ်သံ ဟိန်းထွက်လာ၏။

“ဝင်ခဲ့”

ထို့နောက် ပေတစ်ထောင်ခန့် မြင့်မားသော တိုင်လုံးကြီးများ ရာပေါင်းများစွာဖြင့် တန်ဆာဆင်ထားသည့် ခန်းမဆောင်အတွင်းသို့ နတ်ဘုရင်ခံ ရွှေတောင်ပံ ဝင်ရောက်သွား၏။ တိုင်လုံးကြီးတစ်ခုစီတွင် အချိန်မရွေး အသက်ဝင်လာနိုင်လုမတတ် အသက်ဝင်လှသော ရွှေရောင်လင်းယုန်ငှက်များကို ထုဆစ်ထားသည်။

ကောင်းကင်လင်းယုန်ခန်းမ၏ ဗဟိုတွင် အတွေးနက်နေဟန်ဖြင့် ရပ်နေသော ကောင်းကင်လင်းယုန် နတ်သခင် ရှိနေ၏။

နတ်ဘုရင်ခံ ရွှေတောင်ပံ ခန်းမအတွင်းသို့ ဝင်လာလျှင် သူက ကောင်းကင်လင်းယုန် နတ်သခင်ကို

“ဖခင်...”

ဟုနှုတ်ဆက်လိုက်၏။

သူ၏ စကားမဆုံးခင်မှာပင် ကောင်းကင်လင်းယုန် နတ်သခင် သတိပြန်ဝင်လာပြီး အေးစက်စွာဖြင့်

“လျှို့ဝှက်လဝန်းနန်းတော်ထဲမှာ ငါ့ကို လေးစားအပ်တဲ့ သခင်လို့ ခေါ်ပါလို့ မင်းကို ဘယ်နှစ်ကြိမ် ပြောရမလဲ။”

နတ်ဘုရင်ခံ ရွှေတောင်ပံက ကောင်းကင်လင်းယုန် နတ်သခင်ကို

“ဟုတ်ကဲ့ပါ... လေးစားအပ်တဲ့ သခင်”

ကောင်းကင်လင်းယုန် နတ်သခင်က

“ပြောပါ... ကျုပ်ဆီက ဘာလိုချင်လို့လဲ”

နတ်ဘုရင်ခံ ရွှေတောင်ပံက

“နတ်သခင် ကောင်းကင် မြောက်ပိုင်းနယ်ကို သွားနေတယ်လို့ ကျုပ် ကြားလို့ပါ။”

ကောင်းကင်လင်းယုန် နတ်သခင်က

“ဟုတ်တယ်။ ကျောင်းတော်သခင်က နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ဖို့ နတ်ဘုရားနယ်မြေ မဟာမိတ်တပ်နဲ့ ပူးပေါင်းဖို့ ရည်ရွယ်ထားတယ်။ နတ်သခင် ကောင်းကင်ကတော့ ကံမကောင်းစွာနဲ့ပဲ မဲပေါက်သွားတာပဲ။”

နတ်ဘုရင်ခံ ရွှေတောင်ပံကို ကောင်းကင်လင်းယုန် နတ်သခင် ကြည့်လိုက်၏။

ကောင်းကင်လင်းယုန် နတ်သခင်က ဆက်လက်၍

“ဘာလို့ မေးတာလဲ... ခင်ဗျားလည်း မြောက်ပိုင်းနယ်ကို သွားဖို့ စဉ်းစားနေတာလား။”

ထိုသို့ ပြောရင်း ကောင်းကင်လင်းယုန် နတ်သခင်က မနှစ်မြို့ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။

ယခုအကြိမ် နတ်သခင် ကောင်းကင် မြောက်ပိုင်းနယ်သို့ ထွက်ခွာရာ၌ သူမ တစ်ဦးတည်း သွားမည် မဟုတ်တာ သေချာသည်။ လျှို့ဝှက်လဝန်း ကျောင်းတော်မှ တပည့်များနှင့် အကြီးအကဲ အမြောက်အမြားကို မြောက်ပိုင်းနယ်သို့ သူမ ခေါ်ဆောင်သွားလိမ့်မည်။

လူအများစုသည် မြောက်ပိုင်းနယ်သို့ သွားရောက်ရန် စိတ်မပါကြသော်လည်း အချို့ကတော့ ဤအရာကို ကောင်းမွန်သော ကျင့်ကြံခြင်း ကွင်းပြင်တစ်ခုအဖြစ် သတ်မှတ်ထားကြ၏။ ပို၍ အရေးကြီးသည်မှာ မြောက်ပိုင်းသည် လက်ရှိအချိန်တွင် အခွင့်အရေး အမြောက်အမြား ရရှိနိုင်သည့် နေရာတစ်ခု ဖြစ်နေခြင်းပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်နှင့် နတ်ဆိုးဧကရာဇ်တို့ကြား လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲကြောင့် နတ်များစွာ သေဆုံးခဲ့ရပြီး စစ်မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော ရတနာများ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်၏။ ယခုအချိန်တွင် မြောက်ပိုင်းနယ်ရှိ စစ်မြေပြင်သို့ သွားရောက်ရှာဖွေသူများသည် အခွင့်အရေး အမြောက်အမြားကို အမှန်တကယ် ရှာဖွေတွေ့ရှိနိုင်ပေသည်။

နတ်ဘုရင်ခံ ရွှေတောင်ပံက

“မဟုတ်ပါဘူး... ဒါက ချန်းလုကို ရှင်းလင်းပစ်ဖို့ အခွင့်အရေးတစ်ခုလို့ ကျုပ် ထင်လို့ပါ။”

နတ်ဘုရင်ခံ ရွှေတောင်ပံ၏ စကားကို ကြားလျှင် ကောင်းကင်လင်းယုန် နတ်သခင် ခဏခန့် တိတ်ဆိတ်သွားပြီး တစ်စုံတစ်ခုကို ပြန်လည်အမှတ်ရဟန်ဖြင့် ချက်ချင်းပင် မေးမြန်းလိုက်၏။

“ချန်းလု ဟုတ်လား... အဲဒါ ခင်ဗျား အရင်က ပြောခဲ့တဲ့ ရှုကျင့်ရှူးရဲ့ စုံတွဲဆိုတဲ့သူလား။”

--

………….

All Chapters