← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၁၂

ထျဲလန်ယန်ဘက်တွင်မူ လေထုအငွေ့အသက်မှာ အလွန်ပင် ပျော်ရွှင်တက်ကြွနေခဲ့သည်။

သို့သော် အခြားတစ်ဖက်ရှိ တည်းခိုခန်းအတွင်း၌မူ လေထုက တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလောက်အောင် လေးလံတိတ်ဆိတ်နေသည်။

"ရှင် ဘာပြောလိုက်တယ်။ ကျွန်မတို့ကို မနက်ဖြန်မနက်ပဲ ထွက်သွားစေချင်တာလား။"

ဝမ်လိဟုန်က မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။ "ဝေကော… ကျွန်မတို့ကိစ္စက မပြီးသေးဘူးလေ၊ ထျဲလန်ယန်ကိုလည်း အိမ်ပြန်ခေါ်ဖို့ အတည်မပြုရသေးဘူး။ ဒီအတိုင်းပဲ ထွက်သွားကြတော့မလို့လား။"

ချန်ဝေကော - "ဘာကို အတည်ပြုရမှာလဲ၊ သူတို့က မင်းပြောတာကို လုံးဝမယုံဘူး။ အိမ်ပြန်ပြီးမှ တခြားနည်းလမ်းပဲ ထပ်စဉ်းစားတော့။"

သူသည် ယနေ့တွင် ထျဲလန်ယန်၏ ဓားစာခံလုပ်ကာ ငွေအနုကြမ်းစီးခြင်းကို ခံထားရသဖြင့် ဤနေရာ၌ တစ်စက္ကန့်မျှပင် ဆက်မနေချင်တော့ပေ။ ထို့ပြင် ထျဲလန်ယန်သည် မနက်ဖြန်နံနက်တွင် ထို ၆၆ ယွမ်ကို လာတောင်းဦးမည် ဖြစ်သည်။

ငွေကြေးက အဓိကပြဿနာမဟုတ်သော်လည်း... အကယ်၍ သူမက မဆင်မခြင် စကားတစ်ခွန်း ပြောမိ၍ ဝမ်လိဟုန်၏ သံသယကို နှိုးဆွမိသွားလျှင် မည်သို့လုပ်မည်နည်း။ ထျဲလန်ယန်သည် ဤမျှနှင့် အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်ကြောင်း ချန်ဝေကောက ကြိုတင်ခံစားမိနေသည်။

"ဒါပေမယ့် ထျဲလန်ယန်က ကျွန်မတို့ကလေးပဲလေ။ ရှင့်ရဲ့ သွေးရင်းသားရင်းကို အပြင်မှာ ဒီအတိုင်း ပစ်ထားဖို့ ရှင် ဘယ်လိုလုပ် လုပ်ရက်နိုင်ရတာလဲ။"

ဝမ်လိဟုန်က ဇွတ်မှိတ်ကာ ဆက်၍ငြင်းခုံနေဆဲပင် ဖြစ်သည်။

ချန်ဝေကောက သူမနှင့် ဆက်၍ စကားမများချင်တော့ပေ။ ‌"ဒီလို လိမ်ညာမှုမျိုးကို ပြောနေတာ မရယ်ရဘူးလား။ အဲဒီကလေးကို ကြည့်ဦး... မင်းနဲ့တူလို့လား၊ ဒါမှမဟုတ် ငါနဲ့တူလို့လား။ ကိုယ့်ကိုယ်ကိုယ် လိမ်နေတာကို တော်လောက်ပြီ။"

ဝမ်လိဟုန်က ဤစကားကို ကြားသောအခါ ထိတ်လန့်သွားခဲ့သည်။ "ချန်ဝေကော... ရှင် ဘာသဘောလဲ။"

"ငါက ဘာသဘောရမှာလဲ။" ချန်ဝေကော လှောင်ပြုံးပြုံးလိုက်သည်။ "ဝမ်လိဟုန်... သူများကို အရူးလို့ မထင်နဲ့။ ငါ ဒီအဝေးကြီးအထိ လာခဲ့တာ မင်းရဲ့ ရူးသွပ်မှုတွေကို ကြည့်ဖို့အတွက်လား။ ငါ တကယ်ပဲ အချိန်ဖြုန်းခဲ့မိတာပဲ။"

ဘာအကျိုးအမြတ်မျှ ရရှိလိမ့်မည်မဟုတ်ကြောင်းသာ ကြိုသိခဲ့လျှင် သူဤမျှ ပင်ပန်းခံခဲ့မည်မဟုတ်ပေ။

"ရူးတယ်ဟုတ်လား။ ရှင်က ကျွန်မကို ရူးနေတယ်လို့ ပြောတာလား။"

ဝမ်လိဟုန်သည် ထိုစကားကြောင့် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။ "ချန်ဝေကော... ကျွန်မ ဒါတွေအားလုံးကို ဘယ်သူ့အတွက် လုပ်နေတယ်ဆိုတာ ရှင် တကယ်ပဲ မသိဘူးလား။"

"တော်ပြီ... မင်းနဲ့ စကားမများချင်ဘူး။"

ချန်ဝေကော အခန်းထဲသို့ ပြန်ရန် လှည့်လိုက်သော်လည်း ဝမ်လိဟုန်က သူ့ကို တားဆီးလိုက်သည်။

"ရှင် သွားလို့မရဘူး။ ရှင် သေသေချာချာ ရှင်းပြမပေးမချင်း ရှင့်ကို ပေးမသွားနိုင်ဘူး။"

ချန်ဝေကောက သူမကို စိုက်ကြည့်လိုက်သည်။ "မင်းကတော့ တကယ့်ကို အဓိပ္ပာယ်မရှိ ဒေါသထွက်နေတာပဲ။"

"ကျွန်မက အဓိပ္ပာယ်မရှိတာလား။"

ဝမ်လိဟုန်၏ မျက်ဝန်းများ နီမြန်းလာပြီး အံကြိတ်လိုင်မိသည်။ "ချန်ဝေကော... ရှင်က ဟိုမြေခွေးမ အားရှကို စိတ်မပြတ်နိုင်သေးတာ မဟုတ်ဘူးလား။ အဲဒါကြောင့်မို့လို့ သူမရဲ့ သမီးကို ဒီလောက်တောင် ကာကွယ်ပေးနေရတာလား။"

ချန်ဝေကောက ထပ်မံ လှောင်ပြုံးပြုံးလိုက်သည်။ "ဒါဆိုရင် မင်းကိုယ်တိုင်လည်း ထျဲလန်ယန်က အားရှရဲ့ သမီးဆိုတာကို ဝန်ခံလိုက်ပြီပေါ့ဟုတ်လား၊ မင်း ငါ့ကို လိမ်ခဲ့တာပဲ။"

"လိမ်တော့ ဘာဖြစ်လဲ။ ကျွန်မ ဒါတွေအားလုံးကို ရှင့်အတွက် လုပ်ခဲ့တာပဲ၊ ရှင် အဲဒါကို မမြင်ဘူးလား။"

ဝမ်လိဟုန်က ဇွတ်ခေါင်းမာကာ ဝန်မခံသဖြင့် ချန်ဝေကောသည် နောက်ဆုံးတွင် စိတ်ရှည်မှု ကုန်ဆုံးသွားတော့သည်။

"တော်လောက်ပြီ၊ ထပ်ပြီး ဆင်ခြေမပေးနဲ့။ မင်းရဲ့ စိတ်ဓာတ်ကို ငါ တကယ်ပဲ စိတ်ပျက်လှပြီ။"

ဝမ်လိဟုန်က အော်ဟစ်တော့သည်။ "ရှင်က ကျွန်မကို စိတ်ပျက်တယ်ဟုတ်လား။ ဒါဆိုရင် အစကတည်းက ကျွန်မကို ဘာလို့ လက်ထပ်ခဲ့လဲ။ ကျွန်မကို စိတ်ပျက်တယ်ဆိုရင်လည်း ရှင့်ရဲ့ သေသွားတဲ့ မြေခွေးမဆီပဲ သွားလိုက်လေ။"

သူမက သေဆုံးသွားသော သူ၏ ပထမဦးဆုံး အချစ်ဦး အားရှကို ထပ်ခါတလဲလဲ စော်ကားပြောဆိုလာသောအခါ ချန်ဝေကောသည် ဒေါသကို မထိန်းနိုင်တော့ပေ။ သူသည် လက်ကို မြှောက်ကာ ဝမ်လိဟုန်၏ ပါးကို ဖြန်းခနဲနေအောင် ရိုက်ချလိုက်တော့သည်။ "သေသွားတဲ့သူကို လေးစားမှုရှိစမ်း။ မင်း သူမကို နောက်ထပ် စော်ကားခွင့်မရှိဘူး။"

"ရှင် ကျွန်မကို ရိုက်တယ်၊ ရှင် ကျွန်မကို တကယ်ပဲ ရိုက်လိုက်တယ်။"

ဝမ်လိဟုန်သည် စူးစူးဝါးဝါး အော်ဟစ်ကာ ချန်ဝေကော၏ မျက်နှာကို အတင်းကပ်၍ ကုတ်ဖဲ့တော့သည်။

ချန်ဝေကောကလည်း ငြိမ်ခံမနေဘဲ သူမကို အတင်းတွန်းထုတ်ရာမှ နှစ်ဦးသား လုံးထွေး သတ်ပုတ်ကြတော့သည်။

ချန်ပေါင်ကျူးမှာလည်း ဘေးမှနေ၍ ပျာပျာသလဲဖြင့် ပြောလိုက်သည်။ "အဖေ... အမေ... မချကြပါနဲ့တော့၊ တော်ကြပါတော့။"

ကံမကောင်းစွာဖြင့် အော်ဟစ်တားဆီးသော်လည်း မည်သို့မျှ မအောင်မြင်ခဲ့ပေ။

တည်းခိုခန်းမှ ဝန်ထမ်းများက ဆူညံသံကြောင့် ရောက်ရှိလာပြီး ဆွဲထုတ်လိုက်မှသာ နှစ်ဦးသား လူချင်းကွာသွားကြတော့သည်။

"လင်မယားအိုကြီးတွေ ဖြစ်နေပြီကို လူအများရှေ့မှာ ဒီလိုမျိုး ရန်ဖြစ်ပြီး အရှက်ခွဲနေကြတာ မကောင်းပါဘူး၊ နောက်ခါ မလုပ်ပါနဲ့တော့။"

လူအများရှေ့တွင် ချန်ဝေကောနှင့် ဝမ်လိဟုန်တို့သည် အမြဲတမ်း ချစ်ခင်ကာ စံပြလင်မယားအဖြစ် ဟန်ဆောင်လေ့ရှိသည်။ ဝန်ထမ်းက ဤသို့ပြောလာသောအခါ သူတို့နှစ်ဦးမှာ အကြိမ်ကြိမ် တောင်းပန်လိုက်ရပြီး ဝန်ထမ်းထွက်သွားသောအခါမှ မျက်နှာများ ပြန်လည် ပျက်ယွင်းသွားကြသည်။

"ငါတော့ မနက်ဖြန်မနက် အိမ်ပြန်ဖို့ ရထားလက်မှတ် သွားဝယ်တော့မယ်။ မင်းတို့ သားအမိ ပြန်ချင်ပြန်၊ မပြန်ချင်မပြန်နဲ့၊ ငါ့အလုပ်မဟုတ်ဘူး။" ချန်ဝေကောက ပြောပြီးသည်နှင့် တံခါးကို ဒုန်းခနဲ ဆောင့်ပိတ်ကာ ထွက်သွားတော့သည်။

သူ့ကို ကြည့်ရင်း ချန်ပေါင်ကျူးက ဝမ်လိဟုန်ကို စိုးရိမ်တကြီး ကြည့်ကာ ပြောလိုက်သည်။ "အမေ... သမီး ဘာလုပ်ရမလဲ။ အဖေက သမီးကို အဲဒီအရူးနဲ့ တကယ်ပဲ ပေးစားတော့မှာလား။"

အဖေဖြစ်သူက သူမအပေါ် ပုံမှန်အားဖြင့် ကောင်းမွန်သော်လည်း ၎င်းမှာ မည်သည့် အကျိုးစီးပွားနှင့်မျှ မသက်ဆိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ အကျိုးစီးပွားချင်း ယှဉ်လာပါက အဖေက သူမကို အနစ်နာခံလိမ့်မည်လားဆိုတာ မသေချာပေ။

မိခင်ဖြစ်သူကသာ သူမအပေါ် မည်သည့်အခြေအနေမျိုးတွင်မဆို ခြွင်းချက်မရှိ အမြဲတမ်း ချစ်ခင်မြတ်နိုးပေးခဲ့သည်။

"မစိုးရိမ်နဲ့ သမီး... အမေ တစ်ခုခု စီစဉ်ပေးပါ့မယ်။"

ဝမ်လိဟုန်က ချန်ဝေကောသည် အမှန်တရားကို သိသော်လည်း ထျဲလန်ယန်ကို မပြောရသေးဟု ထင်မှတ်နေကာ ပြောလိုက်သည်။ "မနက်ဖြန် နင့်အဖေ ထွက်သွားပြီးတာနဲ့ အမေ အဲဒီကောင်မလေးဆီ ထပ်သွားမယ်။ ဒီတစ်ခါတော့ သူမ ငြင်းလို့မရအောင် ပိုကောင်းတဲ့ အခွင့်အရေးမျိုး ပေးပြီး စည်းရုံးမယ်။"

ချန်ဝေကောက ထိုမြေခွေးမ အားရှရဲ့ သမီးကို ဒုက္ခမရောက်စေချင်မှတော့... သူမက ပို၍ပင် လုပ်ဆောင်ပြရမည်။ ယခုတစ်ကြိမ်တွင်မူ ထျဲလန်ယန်ကိုယ်တိုင် မီးပုံထဲသို့ ခုန်ဆင်းရန် ရွေးချယ်ခြင်းဖြစ်သဖြင့် သူမကို အပြစ်တင်၍ မရနိုင်တော့ပေ။

"အမေ... တကယ်လား။"

ချန်ပေါင်ကျူး၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။ သူမကိုယ်တိုင်လည်း ထျဲလန်ယန်ကို သဘောမကျပေ။ ထျဲလန်ယန်က ထင်ရှားလွန်းပြီး လှပလွန်းလှသည်။ ထို့ပြင် မိဘများ၏ အတိတ်က ပဋိပက္ခများကြောင့် သူမသည် မိခင်ဖြစ်သူဘက်မှသာ မဆိုင်းမတွ ရပ်တည်ခဲ့သည်။

ဝမ်လိဟုန်က သူမ၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ "အမေက သမီးကို လိမ်ပါ့မလား။ သမီးက အမေရဲ့ အချစ်ဆုံး သမီးလေးပဲ၊ သမီးအတွက် အမေ အမြဲတမ်း စဉ်းစားပေးမှာပေါ့။"

ချန်ပေါင်ကျူးက မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ "ကျေးဇူးတင်ပါတယ် အမေရယ်... သမီး အမေ့ကို အများကြီး ချစ်တယ်။"

နောက်တစ်နေ့ နံနက်စောစောတွင် ချန်ဝေ့ကောသည် ရထားဘူတာသို့ လက်မှတ်သွားဝယ်ရန် ထခဲ့သည်။ လက်မှတ်မဝယ်မီ သူက သမီးဖြစ်သူ ချန်ပေါင်ကျူး၏ သဘောထားကို မေးမြန်းခဲ့သည်။

"ပေါင်ကျူး... သမီး အဖေနဲ့အတူ ပြန်မလား။"

ချန်ပေါင်ကျူးက နှုတ်ခမ်းကို ကိုက်ကာ ငြင်းဆိုလိုက်သည်။ "အဖေ... သမီး အမေနဲ့ပဲ နေခဲ့ချင်တယ်။"

ချန်ဝေ့ကောသည် အံ့ဩခြင်းမရှိဘဲ အေးစက်စွာ ပြောလိုက်သည်။ "ဒါဆိုရင်လည်း အမေနဲ့ပဲ နေခဲ့တော့။"

မည်သို့ပင်ဖြစ်စေ သူသည် ဤသမီးအပေါ် မည်သည့် သံယောဇဉ်မျှ မရှိသဖြင့် ဤအတိုင်းသာ ဖြစ်ရမည်။

ချန်ဝေကော ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ဝမ်လိဟုန်သည် ချန်ပေါင်ကျူးကို ခေါ်ကာ ကျေးလက်ဒေသသို့ သွားရန် ပြင်ဆင်တော့သည်။ ချန်ပေါင်ကျူးက ညည်းတွားခဲ့သည်။ "သမီးကတော့ ကျေးလက်ကို တကယ်မသွားချင်ဘူး။ အဲဒီနေရာက အရမ်းခေါင်ပြီး သွားရလာရတာ တကယ့်ကို အလုပ်ရှုပ်လွန်းလို့။"

သူမ စကားပြောပြီးသည်နှင့် ရှေ့တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ "အမေ... ဟိုလူ့ကို ကြည့်ဦး၊ ထျဲလန်ယန်နဲ့ မတူဘူးလား။"

ဝမ်လိဟုန်သည် မနေ့ညက ခင်ပွန်းဖြစ်သူနှင့် ရန်ဖြစ်ထားသဖြင့် တစ်ညလုံး အိပ်မပျော်ဘဲ ယခုအချိန်တွင် နုံးချိနေခဲ့သည်။ ထိုစကားကို ကြားသောအခါ သူမ ချက်ချင်းပင် မော့ကြည့်လိုက်မိသည်။

မလှမ်းမကမ်းတွင် လှပကျော့ရှင်းသော ပုံရိပ်တစ်ခုက အသာအယာ လျှောက်လှမ်းလာနေပြီး သူမ၏ လှုပ်ရှားမှုများက ပေါ့ပါးပျော့ပျောင်းလှသည်။ သူမ၏ နက်မှောင်သော ဆံနွယ်များကို အနောက်၌ နိမ့်နိမ့်လေး စည်းနှောင်ထားပြီး ရှေ့ဆံပင်ကို သေသေသပ်သပ် သိမ်းဆည်းထားသည်။

သူမ၏ အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူစင်ကာ ပန်းရောင်သန်းနေပြီး တောက်ပသော မျက်ဝန်းများနှင့် ဖြူစင်သော သွားများ ရှိသည်။ တကယ့်ကို ထူးခြားပြောင်မြောက်ပြီး လှပလွန်းသော မျက်နှာလေးပင် ဖြစ်သည်။ သို့သော်... မနေ့က တွေ့ခဲ့တုန်းက သူမ ဤမျှအထိ မလှသေးပါဘူးမဟုတ်လား။

"အမေ... ထျဲလန်ယန်က မျက်နှာမှာ တစ်ခုခု လိမ်းထားတာလား။ တစ်ညတည်းနဲ့ ဘာလို့ ဒီလောက်တောင် ပုံစံပြောင်းသွားရတာလဲ။"

ချန်ပေါင်ကျူး၏ အသံထဲတွင် မနာလိုမှုများ အလိုအလျောက် ပါဝင်နေခဲ့သည်။

သူမကိုယ်တိုင်လည်း ငယ်စဉ်ကတည်းက အလှအပကြောင့် ချီးမွမ်းခံရသူဖြစ်သဖြင့် အလွန်ပင် ဂုဏ်ယူဝင့်ကြွားခဲ့သည်။ သို့သော် ယခု ထျဲလန်ယန်ကို မြင်လိုက်ရသောအခါမှ... တောင်ထက်မြင့်တဲ့ တောင်ရှိသလို လူထက်တော်တဲ့ လူရှိသည်ကို သိရှိသွားတော့သည်။

"ဘယ်သူသိမှာလဲ။ သူ့အမေလိုပဲ... ယောက်ျားတွေကို မြူဆွယ်တတ်တဲ့ မြေခွေးမပဲ။"

ဝမ်လိဟုန်က မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ပြောလိုက်သည်။ "ပေါင်ကျူး... သူမရဲ့ ပုံစံကို လိုက်အတုမယူနဲ့။ သိက္ခာရှိတဲ့ မိန်းကလေးတွေက ဒီလို မပြုမူဘူး။"

ချန်ပေါင်ကျူး - "ဟုတ်ကဲ့... သမီး နားလည်ပါပြီ။"

ထျဲလန်ယန်၏ ဝတ်စားဆင်ယင်မှုတွင် ထူးခြားဆန်းပြားစွာ အပြစ်ပြောစရာ မရှိသော်လည်း မိခင်ဖြစ်သူ ပြောသည်မှာ မှန်ပေသည်၊ ရုပ်ရည်က အလွန်အမင်း ထင်ပေါ်လွန်းလျှင်လည်း ပြဿနာ ဖြစ်နိုင်သည်။

"ရှင်တို့ ရောက်နေတာနဲ့ အတော်ပဲ၊ အလုပ်ပိုလွယ်သွားတာပေါ့။"

ထျဲလန်ယန်သည် မြို့နယ်သို့ ရောက်ရှိလာပြီး တည်းခိုခန်းသို့သွားကာ ငွေတောင်းရန် ပြင်ဆင်နေစဉ် လမ်းခုလတ်၌ ဝမ်လိဟုန်တို့ သားအမိနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

သူမသည် ဝမ်လိဟုန်ထံသို့ လက်ကမ်းလိုက်သည်။ "ရှင့် ယောက်ျားက ကျွန်မကို ၆၆ ယွမ် အကြွေးတင်နေသေးတယ်၊ အဲဒါ ပြန်ပေး။"

သူမအား လျှို့ဝှက်ချက် ထိန်းသိမ်းပေးစေချင်တာလား။ စိတ်မရှိပါနဲ့... အဲဒါ လုံးဝမဖြစ်နိုင်ပါဘူး။

All Chapters