← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၁၁၃

ချန်ဝေကောသည် အပေါ်ယံတွင် သံယောဇဉ်ကြီးမားဟန် ဆောင်နေသော်လည်း အမှန်စင်စစ် သူသည် အကျိုးစီးပွားကိုသာ ကြည့်တတ်သော လောဘသားတစ်ဦး ဖြစ်သည်။

အတိတ်တုန်းက သူမ၏ မိခင် အားရှမှာ မိဘမဲ့တစ်ဦး ဖြစ်ခဲ့ပြီး ဝမ်လိဟုန်မှာမူ ချမ်းသာသော မိသားစုမှ ဖြစ်သဖြင့် သူက ဝမ်လိဟုန်ကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူမကို ရှာဖွေရန် ကျေးလက်သို့ လာခဲ့ခြင်းမှာလည်း ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်ပြီး အတိတ်က သံယောဇဉ်ကြောင့် မဟုတ်ပေ။

ဝမ်လိဟုန်အကြောင်းမူ ပြောနေရန်ပင် မလိုတော့ပေ။

သူမသည် ပေါက်ကရ အလိမ်အညာများဖြင့် လာရောက်လှည့်စားခဲ့ပြီး သူမအပေါ် ဉာဏ်ဆင်ရန် ကြိုးစားခဲ့သည်။ အကယ်၍ သူမကသာ ပြန်လည် တုံ့ပြန်ခြင်းမပြုလျှင် လူများက သူမကို အနိုင်ကျင့်ရလွယ်သည်ဟု ထင်မှတ်ကြလိမ့်မည်။

"ဘာပိုက်ဆံလဲ။" ဝမ်လိဟုန်မှာ ခဏမျှ ကြောင်အသွားသည်။

ချန်ပေါင်ကျူးက ဘေးမှနေ၍ သတိပေးလိုက်သည်။ "အမေ... အဖေက သူမကို ၆၆ ယွမ် ပေးဖို့ ကျန်သေးတယ်လို့ ပြောနေတာ။"

"ဘာ။" ဝမ်လိဟုန်က ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။ "ချန်ဝေကောက နင့်ကို ဘယ်တုန်းက ပိုက်ဆံအကြွေးတင်သွားလို့လဲ။"

ထို့နောက် စက္ကန့်အနည်းငယ်အကြာတွင် သူမ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ "နေပါဦး... ချန်ဝေကောက မနေ့က ညနေပိုင်းက နင့်ဆီကို ထပ်သွားခဲ့တာလား။"

ထျဲလန်ယန် - "ဟုတ်တယ်။"

ဝမ်လီဟုန်၏ မျက်နှာမှာ ချက်ချင်းပင် အလွန်ဆိုးရွားစွာ ပျက်ယွင်းသွားတော့သည်။ မနေ့ညနေက ချန်ဝေကောတစ်ယောက် ဘယ်ပျောက်နေမှန်းမသိ ဖြစ်နေရခြင်းမှာ အချစ်ဟောင်း၏ သမီးဆီသို့ သွားနေခဲ့ခြင်းကြောင့်ကိုး။ ယခုတော့ သူမကို ပြန်၍ပင် ရန်တွေ့ရဲသေးသည်။

ဝမ်လိဟုန်သည် ပို၍ ဒေါသထွက်လာသည်။ "သူက နင့်ကို ဘာလို့ ပိုက်ဆံပေးရတာလဲ။ နင်တို့နှစ်ယောက် ဘာတွေပြောခဲ့ကြလဲ။"

အသေအချာပင် ထျဲလန်ယန်သည် သူမ၏ အလိမ်အညာကို သိရှိသွားခဲ့ပြီ ဖြစ်ရမည်။ ဒါတွေအားလုံး ချန်ဝေကောကြောင့်ပဲ။

ထျဲလန်ယန်က သူမကို ပြုံးလျက် ကြည့်လိုက်သည်။ "တကယ်ပဲ သိချင်လို့လား။"

ဝမ်လိဟုန် မျက်စောင်းထိုးလိုက်သည်။ "ဒါပေါ့... မသိချင်ဘဲ နေမလား။"

အလိမ်အညာများ ပေါ်သွားပြီဖြစ်ရာ သူမအနေဖြင့် သဘောကောင်းသော မိခင်အတုအဖြစ် ဆက်ဟန်ဆောင်နေရန် မလိုတော့ပေ။

ထျဲလန်ယန်က လက်ကို ဆန့်ထုတ်လိုက်သည်။ "ကျွန်မကို ငွေ ယွမ် ၃၀၀ ပေး၊ ဒါဆိုရင် အဲဒီအကြောင်းကို ပြောပြမယ်။"

ဝမ်လိဟုန်က ထျဲလန်ယန်ကို စိုက်ကြည့်လိုက်သည်။ "ထျဲလန်ယန်... နင် ဘာပြောနေလဲဆိုတာ သိရဲ့လား။ ယွမ် ၃၀၀ ဆိုတာ လေထဲကနေ ဒီတိုင်း ကျလာတယ်လို့ ထင်နေတာလား။"

ယွမ် ၃၀၀ ဆိုသည်မှာ သူတို့မိသားစု တစ်နှစ်စာ အသုံးစရိတ်နှင့် ညီမျှသည်။ ဤမိန်းကလေးက တကယ့်ကို လောဘကြီးလွန်းလှသည်။

"မပေးဘူးပေါ့ဟုတ်လား။" ထျဲလန်ယန် ရယ်မောလိုက်သည်။ "ဒါဆိုရင်လည်း အဲဒီလျှို့ဝှက်ချက်ကို မပြောပြရုံပေါ့။ ဘာပဲဖြစ်ဖြစ် ချန်ဝေကောကတော့ ရှင့်ကို ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး။ မယုံရင် စမ်းကြည့်လိုက်လေ။"

ထျဲလန်ယန် ပြောသည်မှာ မှန်ပေသည်၊ ချန်ဝေကောသည် သူမအား ဘာမျှ ပွင့်ပွင့်လင်းလင်း ပြောပြလေ့မရှိပေ။ ထို့ကြောင့် သူမ မည်သို့မျှ မေးမြန်း၍ ရလိမ့်မည်မဟုတ်ပါ။

"ထျဲလန်ယန်... နင် တကယ်ပဲ ဘာလုပ်ချင်နေတာလဲ။"

ချန်ပေါင်ကျူးက သူမ၏ မောက်မာသော အမူအရာကို မခံမရပ်နိုင်ဖြစ်ကာ ဒေါသတကြီး စိုက်ကြည့်ရင်း အော်လိုက်သည်။

သို့သော် ဝမ်လိဟုန်၏ သဘောထားမှာမူ လုံးဝ ပြောင်းလဲသွားခဲ့သည်။ "ဘာလျှို့ဝှက်ချက်လဲ။ ချန်ဝေ့ကောက ငါ့ကို ဘာတွေ ဖုံးကွယ်ထားတာလဲ။"

ထျဲလန်ယန် - "ယွမ် ၃၀၀ ပေးမလား... မပေးရင်လည်း ထားလိုက်တော့။"

ဝမ်လိဟုန်၏ မျက်ဝန်းများ နီမြန်းလာခဲ့သည်။ "နင်ပြောမယ့် အကြောင်းအရာက အရေးကြီးဖို့ပဲ ဆုတောင်းထားလိုက်၊ မဟုတ်ရင်တော့ ဒီပိုက်ဆံတွေကို ငါ နင့်ဆီကနေ ပြန်ရအောင် ယူပြမယ်။"

ထျဲလန်ယန် ရယ်မောလိုက်သည်။ "ဒီလျှို့ဝှက်ချက်ကို ကြားပြီးရင်တော့ ရှင် ကျွန်မနဲ့ ဒီမှာ ရန်ဖြစ်ဖို့ စိတ်ကူးရှိတော့မှာ မဟုတ်ပါဘူး။"

ဝမ်လိဟုန် အံကြိတ်လိုက်သည်။"ကောင်းပြီ... ငါ ပေးမယ်။ တည်းခိုခန်းထဲသွားပြီးမှ ပြောကြရအောင်၊ အပြင်မှာ လူတွေ အများကြီးပဲ။"

ချန်ပေါင်ကျူးက အမြန်ပင် တားဆီးခဲ့သည်။ "အမေ... သူမရဲ့ လှည့်ကွက်ထဲ မဝင်ပါနဲ့။ လျှို့ဝှက်ချက်တစ်ခုက ဒီလောက်တောင် တန်ဖိုးရှိလို့လား။"

မည်သည့်အကြောင်းကြောင့်မှန်းမသိ... သူမ ရင်ထဲ၌ ရုတ်တရက် ထိတ်လန့်ခြောက်ခြားမှုကို ခံစားလိုက်ရသည်။ မိမိပိုင်ဆိုင်သမျှ အရာအားလုံး ဆုံးရှုံးတော့မည့်ပုံကဲ့သို့ ခံစားချက်မျိုး ဖြစ်ပေါ်နေသည်။

ဝမ်လိဟုန်က သူမ၏ လက်ကို ပုတ်လိုက်သည်။ "ကိစ္စမရှိဘူး ပေါင်ကျူး... သူမ ဘာမှ သိပ်မလုပ်နိုင်ပါဘူး။"

လောကကြီးကို မမြင်ဖူးသည့် မိဘမဲ့ မိန်းကလေးတစ်ယောက်ကို သူမ မကြောက်ပေ။

ပိုက်ဆံအတွက်ကတော့... ကိစ္စပြီးလျှင် ပြန်လည် တောင်းယူမည်သာ ဖြစ်ပြီး ယခု စကားတည်ရန် စိတ်ကူးမရှိပေ။

သူတို့သုံးဦးသည် တည်းခိုခန်းသို့ အတူတူ ပြန်လာခဲ့ကြသည်။ တံခါးပိတ်ပြီးနောက် ဝမ်လိဟုန်က ထျဲလန်ယန်အား ယွမ် ၃၀၀ ပေးလိုက်သော်လည်း ထျဲလန်ယန်က ခေါင်းခါပြလိုက်သည်။ "မလောက်သေးဘူး... ၆၆ ယွမ် လိုသေးတယ်။"

ဝမ်လိဟုန်က အံကြိတ်လိုက်သည်။ "အဲဒါ ချန်ဝေကော အကြွေးတင်ခဲ့တာလေ၊ နင် ဘာလို့ ငါ့ဆီက လာတောင်းနေတာလဲ။"

ထျဲလန်ယန် ရယ်မောလိုက်သည်။ "ယွမ် ၃၀၀ တောင် ပေးပြီးပြီပဲ၊ နောက်ထပ် ၆၆ ယွမ်လေးက ဘာဆန်းလို့လဲ။ မပေးချင်ရင်လည်း ကျွန်မ ဘာမှ မပြောတော့ဘူးပေါ့။"

ဝမ်လိဟုန် + "ကောင်းပြီ... ငါ ပေးမယ်။"

လျှို့ဝှက်ချက်ကို ကြားပြီးသည်နှင့် ဤငွေများကို ပြန်လည် သိမ်းဆည်းမည်ဟု တွေးတောရင်း ပေးလိုက်တော့သည်။

ငွေများကို လက်ခံရရှိပြီးနောက် ထျဲလန်ယန်က ချန်ပေါင်ကျူးကို လှမ်းကြည့်ကာ တမင်သက်သက်ပင် ပြောလိုက်သည်။ "နင့်ကို ခဏလောက် အပြင်ထွက်နေဖို့ အကြံပြုချင်တယ်၊ မဟုတ်ရင် ခဏနေကြရင် နင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။"

"ငါက ဘာလို့ ထွက်ရမှာလဲ။" ချန်ပေါင်ကျူးက လက်ပိုက်ကာ ကုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ "နင် ငါ့အမေကို ဘယ်လို လိမ်ညာမလဲဆိုတာကို ငါ ဒီမှာပဲ သေသေချာချာ စောင့်နားထောင်မယ်။ အမေ့အတွက် တရားမျှတမှု ပြန်ယူပေးမယ်။"

ဝမ်လိဟုန်က သူမ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ "ပေါင်ကျူး... သမီး အမေ့အတွက် စိုးရိမ်မနေပါနဲ့။"

ထျဲလန်ယန်က ခပ်ဖွဖွ ရယ်မောလိုက်သည်။ "တကယ့်ကို ရင်ထဲထိရလောက်တဲ့ မိခင်မေတ္တာပါပဲ။"

ဝမ်လိဟုန်တစ်ယောက် အမှန်တရားကို သိရှိသွားပြီးနောက်တွင်လည်း ဤမျှအထိ ကြင်နာနိုင်ဦးမလား ဆိုသည်ကို သိချင်လှသည်။

ဝမ်လိဟုန်က သူမကို စိုက်ကြည့်လိုက်သည်။ "ငါ ပိုက်ဆံ ပေးပြီးပြီ၊ အခု ချက်ချင်း ပြောစမ်း။"

ထျဲလန်ယန် - "ချန်ဝေကောက ကျွန်မကို ပြောတယ်... မွေးဖွားချိန်မှာ ကလေးချင်း မှားယွင်းသွားတာမျိုး မရှိခဲ့ဘူးတဲ့။ ရှင်က ကျွန်မကို လှည့်စားဖို့အတွက် တမင်သက်သက် အလိမ်အညာတွေ ဖန်တီးခဲ့တာ။"

ဝမ်လိဟုန်က သူမကို အေးစက်စွာ ကြည့်လိုက်သည်။ "ဒီအကြောင်းကို နင် သိပြီးသား မဟုတ်ဘူးလား။ နင်ပြောတဲ့ လျှို့ဝှက်ချက်ဆိုတာ ဒါကို ပြောတာတော့ မဟုတ်ပါဘူးနော်။"

"ဒါပေါ့... ဒါမဟုတ်ပါဘူး။"

ထျဲလန်ယန်က ပြုံးလိုက်ပြီး တုန်လှုပ်ဖွယ်ရာ စကားတစ်ခွန်းကို ပြောချလိုက်တော့သည်။ "သူက ကျွန်မကို ပြောပြတယ်... တကယ်တမ်း ကလေးချင်း အလဲအလှယ် လုပ်ခံခဲ့ရတာက တခြားလူတစ်ယောက်ရဲ့ ကလေးဖြစ်ပြီး အဲဒါကို သူကိုယ်တိုင် စီစဉ်ခဲ့တာတဲ့။"

ထျဲလန်ယန်က ချန်ပေါင်ကျူးကို လှမ်းကြည့်ကာ တစ်လုံးချင်း ပြတ်သားစွာ ပြောလိုက်သည်။ "တကယ်တမ်း အလဲအလှယ် အလုပ်ခံခဲ့ရတဲ့ ကလေးက နင်ပဲ... ချန်ပေါင်ကျူး။ နင်က ဝမ်လိဟုန်ရဲ့ သွေးရင်းသမီး အစစ် မဟုတ်ဘူး။"

ဝုန်း။

ချန်ပေါင်ကျူးမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဆွံ့အကာ တစ်ကိုယ်လုံး တောင့်တင်းသွားရတော့သည်။ သူမ၏ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး... ဒါမဖြစ်နိုင်ဘူး။ ငါက ငါ့အမေရဲ့ ကလေး... ငါက အမေ့သမီးအစစ်။"

"ပေါင်ကျူး... မကြောက်နဲ့၊ သူမက ပေါက်ကရတွေ လျှောက်ပြောနေတာ။"

ဝမ်လိဟုန်က သူမကို ရင်ခွင်ထဲသို့ ထည့်ကာ ကာကွယ်ပေးပြီးနောက် ထျဲလန်ယန်ကို ဒေါသတကြီး လှည့်အော်တော့သည်။ "ထျဲလန်ယန်... လာပြီး ကောလာဟလတွေ မလွှင့်နဲ့။ နင် ဒါကို တမင်သက်သက် လုပ်တာ မဟုတ်လား။"

ထျဲလန်ယန် - "ကျွန်မ လုပ်ကြံပြောနေတာ မဟုတ်ဘူး၊ ချန်ဝေကောကိုယ်တိုင် ကျွန်မကို ပြောပြခဲ့တာ။ သူက ရှင့်ကို သူ့ရဲ့ အချစ်ရေးကို ဖျက်ဆီးခဲ့တဲ့အတွက် မုန်းလွန်းလို့... ရှင့်သမီးအစစ်ကို တခြားလူရဲ့ ကလေးနဲ့ လဲလှယ်ပစ်ခဲ့တာ။ ချန်ပေါင်ကျူးဆိုတာ... သူ တခြားမိန်းမတစ်ယောက်နဲ့ ရထားတဲ့ သမီးအရင်းပဲ။"

"ရယ်စရာမကောင်းဘူးလား။ ရှင် ရွှေမိုးငွေမိုးရွာပြီး အလိုလိုက်ထားတဲ့ သမီးလေးက တကယ်တော့ အတုအယောင်ကြီး ဖြစ်နေသလို ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုကနေ မွေးဖွားလာတဲ့ ကလေးဖြစ်နေတယ်ဆိုတာလေ…"

ထျဲလန်ယန်၏ စကားလုံးတိုင်းသည် ဝမ်လိဟုန်၏ ရင်ဘတ်ကို အပ်ဖြင့် ထိုးဆွနေသကဲ့သို့ နာကျင်စေခဲ့သည်။

သူမသည် မယုံကြည်နိုင်သလို ဤလျှို့ဝှက်ချက်က မှန်ကန်နေမည်ကိုလည်း မတွေးရဲတော့ပေ။

အကယ်၍ ထျဲလန်ယန် ပြောသည်မှာ အမှန်ဖြစ်နေပါက... သူမသည် သမီးဖြစ်သူ ပေါင်ကျူးကို မည်သို့ မျက်နှာချင်းဆိုင်ရတော့မည်နည်း။

အတိအကျပင် ထိုအချိန်၌ အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ချန်ဝေကောတစ်ယောက် ရထားဘူတာမှ လက်မှတ်ဝယ်ပြီး ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။

"အမေ..." ချန်ပေါင်ကျူးက ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် မိခင်ဖြစ်သူကို မော့ကြည့်သည်။ သို့သော် ဝမ်လိဟုန်က သူမကို လှည့်၍ပင် မကြည့်တော့ဘဲ ထကာ တံခါးဖွင့်ပြီး ချန်ဝေကောကို အခန်းထဲသို့ လှမ်းခေါ်လိုက်တော့သည်။

ချန်ဝေကော ဝင်လာသည်နှင့်တစ်ပြိုင်နက် အခြေအနေတစ်ခုခု မူမမှန်ကြောင်း အာရုံခံမိသွားပြီး ထျဲလန်ယန်ကို ကြည့်ကာ မေးလိုက်သည်။ "နင် ဘာလို့ ဒီကို ရောက်နေတာလဲ။"

ထျဲလန်ယန်က သူ့ကို ပြုံးပြလိုက်သည်။ "ကျွန်မ အကြွေးလာတောင်းတာလေ၊ ဒါပေမယ့် ရှင့်ဇနီးဆီကနေ ရှင့်အကြွေးတွေကို အကုန်တောင်းပြီးသွားပြီ။"

ချန်ဝေကော၏ ရင်ဘတ်ထဲ ဒိန်းခနဲ ထိတ်လန့်သွားခဲ့သည်။ "နင် သူတို့ကို ဘာတွေ ပြောလိုက်လဲ။"

ထျဲလန်ယန် - "အားလုံးကို ပြောပြလိုက်ပြီ။"

ချန်ဝေကော၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားခဲ့သည်။ "နင် သူများကို မပြောဘူးလို့ ငါ့ကို ကတိပေးခဲ့တယ် မဟုတ်ဘူးလား။"

ထျဲလန်ယန် ပြန်မဖြေရသေးမီမှာပင် ဝမ်လိဟုန်က ချန်ဝေကော၏ အင်္ကျီကို တင်းကြပ်စွာ ဆွဲကိုင်လိုက်တော့သည်။

သူမက နာကျင်ရသော အမူအရာဖြင့် မေးလိုက်သည်။ "ဒါဆို... ခုနက သူမပြောခဲ့တာတွေအားလုံးက အမှန်တရားတွေပေါ့ဟုတ်လား။"

ချန်ဝေ့ကော - "ငါ သူမကို ကလေးချင်း မမှားခဲ့ဘူးဆိုတဲ့ အမှန်တရားပဲ ပြောခဲ့တာ။ တခြားဟာတွေ ပြောခဲ့ရင်တော့ အဲဒါ သက်သက်မဲ့ လျှောက်ပြောတာပဲ ဖြစ်ရမယ်။"

အခြေအနေက ဤသို့ဖြစ်ပျက်နေပြီဖြစ်ရာ သူသည် တည်ငြိမ်စွာဖြင့် အမူအရာမပျက်စေရန် အတင်းထိန်းထားရသည်။

သို့သော် ဝမ်လိဟုန်က လက်မလျှော့သေးပေ။ "ချန်ဝေကော... ကျွန်မကို အမှန်အတိုင်း ပြောစမ်း။"

ချန်ဝေကောက မျက်မှောင်ကြုတ်လိုက်သည်။ "မိန်းမရယ်... မင်းက ငါ့ကို မယုံဘဲ အပြင်လူတစ်ယောက်ရဲ့ စကားကို တကယ်ပဲ ယုံနေတာလား။"

All Chapters