အခန်း ၁၁၉
Vol. 12 Ch. 119
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၁၉
ပေကျင်းမြို့ရှိ စစ်တပ်စခန်းတစ်ခု၌။
ထျဲလန်ယန်သည် လက်ဆွဲအိတ်လေးကို ကိုင်လျက် ပင်ပန်းနွမ်းနယ်နေသော ခြေလှမ်းများဖြင့် ဂိတ်တဲလေးဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
"မင်္ဂလာပါ ရဲဘော်... ကျွန်မနာမည်က ထျဲလန်ယန်ပါ။ ပဉ္စမတပ်မဟာက တပ်ရင်းမှူး စုန့်ပိုင်ယွမ်ရဲ့ မိသားစုဝင်တစ်ယောက်ပါ။ သူ ဒဏ်ရာအပြင်းအထန်ရပြီး သတိမေ့နေတယ်လို့ ကြားရလို့ လူနာမေးဖို့ လာခဲ့တာပါ"
ထိုစကားကို ကြားသောအခါ တာဝန်ကျအစောင့်စစ်သားက အမြန် ပြောလိုက်သည်။ "ရဲဘော်... ခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော် အတည်ပြုဖို့ ဖုန်းလှမ်းဆက်မေးပေးပါ့မယ်။"
သုံးမိနစ်ခန့် ကြာပြီးနောက် အစောင့်စစ်သားက တံခါးဝသို့ ပြန်ထွက်လာခဲ့သည်။ "ရဲဘော်... မင်း တစ်ခုခု မှားနေတာလား။ ကျွန်တော် ခုနကပဲ ဖုန်းဆက်မေးကြည့်တော့ တပ်ရင်းမှူးစုန့်ရဲ့ အိမ်မှာ မုဆိုးမအမေအိုကြီးနဲ့ ညီမလေးတစ်ယောက်ပဲ ရှိတယ်လို့ ပြောကြတယ်။ မင်းက..."
ထျဲလန်ယန် - "ကျွန်မက သူ့ရဲ့ ချစ်သူပါ။"
သူမ၏ စကားပင် မဆုံးသေးမီ ဘေးဘက်မှနေ၍ လှောင်ပြုံးပြုံးကာ ပြောဆိုသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "တကယ်ကို ရယ်စရာကောင်းလှချည်လား။ ဘယ်ကမှန်းမသိတဲ့ လူတွေအကုန်လုံးက တပ်ရင်းမှူးစုန့်နဲ့ ပတ်သက်ဖို့ ကြိုးစားနေကြတာပဲ။ အရှက်မရှိလိုက်တာ။"
ထိုသို့ ပြောဆိုလိုက်သူမှာ စစ်တပ်ဆေးရုံမှ သူနာပြုတစ်ဦးဖြစ်သည့် စွင်းထင် ဖြစ်သည်။
တာဝန်ကျအစောင့်စစ်သားက သူမကို မှတ်မိသဖြင့် မေးလိုက်သည်။ "သူနာပြုစွင်း... ဘာလို့ အဲဒီလို ပြောရတာလဲ။"
စွင်းထင်က နှာခေါင်းရှုံ့လိုက်သည်။ "ရဲဘော်... ရှင် ခုနကတင် အလိမ်ခံရတော့မလို့။ တပ်ရင်းမှူးစုန့်မှာ တကယ်ပဲ ချစ်သူရှိပါတယ်၊ ဒါပေမယ့် သူက တခြားတစ်ယောက်ပါ၊ အခု ရှေ့ကလူ လုံးဝမဟုတ်တာတော့ သေချာတယ်။"
ထျဲလန်ယန်သည် ခရီးဝေးနှင်လာခဲ့ရသဖြင့် တစ်ကိုယ်လုံး ဖုန်မှုန့်များ ပေကျံနေပြီး မျက်နှာကိုလည်း ပဝါဖြင့် စည်းထားကာ မျက်မှန်အမည်းကွင်းကြီးနောက်မှ မျက်ဝန်းအစုံကိုသာ လှမ်းမြင်နေရသည်။
စွင်းထင်က သူမ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ရုံဖြင့် ကျေးလက်တောရွာက လာသူမှန်း အတပ်သိလိုက်သည်။
"ငါပြောရရင်တော့... နင်လို တောသူက တကယ့်ကို အသေစောချင်လို့ စစ်တပ်ထဲအထိ လာလိမ်ရဲတာပဲ။ သေနတ်နဲ့ ပစ်သတ်ခံရမှာကို တကယ်မကြောက်ဘူး ထင်တယ်။"
ထျဲလန်ယန်၏ မျက်နှာလေး ချက်ချင်း အေးစက်သွားခဲ့သည်။ "နင့်ပါးစပ်ကို ထိန်းစမ်း။ နင်က ဘာမို့လို့ ငါ့ကို လာပြီး ဆရာလုပ်နေရတာလဲ။"
ဤနေရာသည် စစ်တပ်စခန်း၏ ဂိတ်ဝဖြစ်နေခြင်းကြောင့်ရော၊ စုန့်ပိုင်ယွမ်၏ ဂုဏ်သိက္ခာကို ထိခိုက်မည်စိုးခြင်းကြောင့်သာ မဟုတ်လျှင် သူမ ထိုမိန်းမ၏ပါးကို ချက်ချင်း လှမ်းရိုက်မိမှာ သေချာသည်။
ထိုစကားကြောင့် စွင်းထင်သည် ဒေါသထွက်လျက် ရယ်မောခဲ့သည်။ "ရဲဘော်... ဒီမိန်းမကို ကြည့်ဦး။ အမှားကို ဝန်မခံဘဲ ဇွတ်ခေါင်းမာနေတုန်းပဲ။ အခုချက်ချင်း လူခေါ်ပြီး သူမကို ဖမ်းခိုင်းလိုက်တော့၊ သူမက စစ်ဗိုလ်မိသားစုဝင်အဖြစ် ဟန်ဆောင်နေတာ။"
တာဝန်ကျစစ်သား၏ မျက်ဝန်းများမှာ လေးနက်သွားပြီး ထျဲလန်ယန်ကို ကြည့်ကာ ပြောလိုက်သည်။ "ရဲဘော်... ဒီနေရာက စစ်ဘက်ဆိုင်ရာ နယ်မြေဖြစ်လို့ လာပြီး နောက်ပြောင်ရမယ့်နေရာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး အမြန်ဆုံး ထွက်သွားပေးပါ။"
ထျဲလန်ယန်က သူမ၏ လက်ဆွဲအိတ်အတွင်းမှ မိတ်ဆက်စာနှင့် မှတ်ပုံတင်ကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။ "ဒါကို အရင်ဆုံး ကြည့်လိုက်ပါဦး။"
သူမသည် စုန့်ပိုင်ယွမ်ကို တွေ့ရရန် အလွန်လောနေသဖြင့် အချိန်အကြာကြီး ဖက်လဲတကင်း ရှင်းပြမနေချင်တော့ပေ။
စုန့်ပိုင်ယွမ် မတော်တဆဖြစ်ပွားသည့် သတင်းကို ရရှိပြီးနောက် ပြည်သူ့ကွန်မြူးနစ်ခေါင်းဆောင်များက စုန့်ပိုင်ယွမ်၏ မိခင်ထံသို့ ချက်ချင်း လူလွှတ်၍ အကြောင်းကြားခဲ့သည်။
သို့သော် သတင်းကြောင့် ထိတ်လန့်သွားသော စုန့်ပိုင်ယွမ်၏ မိခင်မှာ ခြေထောက်ကျိုးသွားခဲ့သဖြင့် ညီမဖြစ်သူ စုန့်ရွှယ်က ဆေးရုံတွင် ပြုစုစောင့်ရှောက်နေရကာ စစ်တပ်ဌာနချုပ်သို့ မည်သူလာမည်ဖြစ်ကြောင်း ကြိုတင်ဖုန်းဆက်အကြောင်းကြားရန် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း တစ်ရွာလုံးက ထျဲလန်ယန်နှင့် စုန့်ပိုင်ယွမ်တို့၏ ပတ်သက်မှုကို သိရှိထားကြသည်။
ထို့ကြောင့် ရွာလူကြီးက ထောက်ခံစာ ထုတ်ပေးသည့်အခါ လမ်းခရီးတွင် အဆင်ပြေချောမွေ့စေရန်အတွက် သူမနှင့် စုန့်ပိုင်ယွမ်တို့သည် လက်ထပ်ရန် သတ်မှတ်ထားသော ချစ်သူများဖြစ်ကြောင်း သေသေချာချာ ရေးသားပေးခဲ့သည်။
ထောက်ခံစာကို ဖတ်ရှုပြီးနောက် တာဝန်ကျစစ်သားမှာ အမှန်ပင် မျက်နှာပျက်သွားကာ အားနာတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "တောင်းပန်ပါတယ် ရဲဘော်... ခုနက ကျွန်တော် မင်းကို မတားဆီးသင့်ခဲ့ဘူး။ အရင်ဆုံး အထဲကို ဝင်ပါဦး၊ ကျွန်တော် အခုချက်ချင်းပဲ နိုင်ငံရေးမှူးဟွမ်ဆီ သွားတွေ့နိုင်ဖို့ လူတစ်ယောက် လွှတ်ပေးပါ့မယ်။"
ထျဲလန်ယန် - "ကိစ္စမရှိပါဘူး၊ ဒါက ရှင့်ရဲ့ တာဝန်ပဲလေ။"
သူမသည် အစောင့်စစ်သားကို အပြစ်တင်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ စစ်တပ်စခန်းတစ်ခုဖြစ်သဖြင့် အဝင်အထွက်ကို တင်းကြပ်စွာ စစ်ဆေးရမည်မှာ သဘာဝကျပေသည်။
သူမဘက်က သက်သေအထောက်အထားများ မထုတ်ရသေးမီ... ဘေးက မိန်းမကသာ စတင်၍ ရန်စလုပ်ခဲ့ခြင်း ဖြစ်သည်။
ဘေးတွင် ရပ်နေသော စွင်းထင်မှာမူ ဤအခြေအနေကို မြင်သောအခါ အံ့ဩတုန်လှုပ်လျက် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ဒါက ဘယ်လိုဖြစ်ရတာလဲ။
အဲဒီတောသူက တကယ်ပဲ တပ်ရင်းမှူးစုန့်ရဲ့ ချစ်သူ ဖြစ်နေတာလား။
ဒါဆို ရင်ရင်ကရော ဘာဖြစ်သွားမလဲ။
စွင်းထင်သည် အခြေအနေ မဟန်တော့ကြောင်း ရိပ်မိသဖြင့် ဆေးပေးခန်းရှိရာဘက်သို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။
ဆေးပေးခန်းအတွင်း၌ ဟန်ရင်ရင်သည် စားပွဲတွင်ထိုင်ကာ ဆေးပညာစာအုပ်များကို အာရုံစိုက် ဖတ်ရှုနေခဲ့သည်။
"ရင်ရင်၊ ကိစ္စတော့ ကြီးပြီ... အကြီးအကျယ် ဖြစ်ပြီ။" စွင်းထင်သည် အမောတကောဖြင့် အခန်းထဲသို့ ပြေးဝင်လာခဲ့သည်။
ဟန်ရင်ရင်က သူမကို ကြည့်ကာ ပြုံးလိုက်သည်။ "နင်ကလည်း ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ၊ မိန်းကလေးတစ်ယောက်နဲ့ လုံးဝမတူဘူး။"
"ငါ အခုအချိန်မှာ မိန်းကလေးဆန်နေဖို့ စိတ်ကူးမရှိဘူး။"
စွင်းထင်က အလျင်အမြန်ပင် ပြောလိုက်သည်။ "နင် သိလား။ ငါ ခုနကတင် တပ်စခန်းရဲ့ ဂိတ်ဝမှာ လုံးဝမထင်မှတ်ထားတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ရတယ်။"
"ဘယ်သူမို့လို့လဲ။" ဟန်ရင်ရင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
စွင်းထင် - "ထျဲလန်ယန်လို့ ခေါ်တဲ့ မိန်းမတစ်ယောက်က... သူမကိုယ်သူမ တပ်ရင်းမှူးစုန့်ရဲ့ ချစ်သူပါလို့ ပြောနေတာ။"
"ဘာ။"
ဟန်ရင်ရင်သည် ချက်ချင်းပင် ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး မျက်နှာမှာ ညိုမည်းသွားခဲ့သည်။ "နင် ပြောတာ တကယ်လား။"
စွင်းထင် - "တကယ်ပေါ့... ငါ ပြောပြမယ်..."
စွင်းထင်တစ်ယောက် ခုနက ဂိတ်ဝတွင် ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြန်လည် ပြောပြလိုက်တော့သည်။
အားလုံးကို နားထောင်ပြီးနောက်တွင်မူ ဟန်ရင်ရင်၏ တင်းမာနေသော မျက်နှာအမူအရာက အတော်အတန် ပြန်လည် လျော့ပါးသွားခဲ့သည်။
သူမ၏ ပုံစံကို ကြည့်ပြီး စွင်းထင်က နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။ "ရင်ရင်... နင် မစိုးရိမ်ဘူးလား။"
ဟန်ရင်ရင်က နေရာတွင် ပြန်လည် ထိုင်ချလိုက်ပြီး မက်ခွက်လေးကို အသာအယာ မကာ ရေတစ်ငုံ သောက်လိုက်သည်။ "ငါက ဘာလို့ လောနေရမှာလဲ။ သူမက ကျေးလက်တောရွာက လာတဲ့ တောသူတစ်ယောက်ပဲလေ။ ငါက သူမကို ကြောက်နေရမယ်လို့ ထင်လို့လား။"
စွင်းထင် - "ဒါပေမယ့် အဓိကပြဿနာက... သူမက တပ်ရင်းမှူးစုန့်ရဲ့ ချစ်သူလို့ ပြောနေတာလေ။ နင်နဲ့ တပ်ရင်းမှူးစုန့်ကြတော့..."
ဟန်ရင်ရင်က သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။ "စွင်းထင်... နင့်အမြင်မှာ အဲဒီတောသူမရဲ့ ရုပ်ရည်က ဘယ်လိုလဲ၊ ငါ့ထက် ပိုလှလို့လား။"
စွင်းထင် - "ရုပ်ကတော့ သာမန်ပါပဲ။ မျက်နှာကို ပဝါနဲ့ အုပ်ထားလို့ သေသေချာချာ မမြင်ရပေမယ့်... နင့်လောက် မလှတာတော့ အသေအချာပဲ။"
ဟန်ရင်ရင် ရယ်မောလိုက်သည်။ "ဒါဆို ပြီးတာပဲလေ။ သူမက နောက်ခံနောက်ကြောင်းလည်းမရှိ၊ ရုပ်ရည်လည်းမရှိတဲ့ တောသူမတစ်ယောက်ပဲ။ ငါ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။"
စွင်းထင်က ချက်ချင်းပင် မြှောက်ပင့်ပြောဆိုတော့သည်။ "မှန်တာပေါ့ ရင်ရင်ရယ်... နင့်အဖေက စစ်ဒေသရဲ့ နိုင်ငံရေးမှူးပဲဥစ္စာ။ အဲဒီတောသူမက ဘာကောင်မမို့လို့လဲ။ တပ်ရင်းမှူးစုန့်အနေနဲ့ ဘယ်သူ့ကို ရွေးချယ်ရမလဲဆိုတာ ကောင်းကောင်းသိမှာပါ။ ဒါပေမယ့် ရင်ရင်... နင် အရင်က ပြောတော့ တပ်ရင်းမှူးစုန့်က နင်နဲ့ တွဲနေတာဆို… ဆေးဘက်ဆိုင်ရာဌာနတစ်ခုလုံးကလည်း ဒါကို သိထားကြတာလေ၊ အခု ဒီမိန်းမ ရုတ်တရက် ရောက်လာတော့ နင့်အတွက် ရှင်းရခက်နေဦးမယ်..."
စွင်းထင်သည် အမှန်စင်စစ် ဟန်ရင်ရင်နှင့် စုန့်ပိုင်ယွမ်တို့ တကယ်ပဲ ချစ်သူဖြစ်နေကြလား ဟု တိုက်ရိုက် မေးမြန်းချင်နေခြင်း ဖြစ်သည်။
သို့သော် ဟန်ရင်ရင် ဒေါသထွက်မည်ကို စိုးရိမ်သဖြင့် ထိန်းထိန်းသိမ်းသိမ်းသာ မေးလိုက်ရသည်။
ဟန်ရင်ရင်သည် သူမ၏ ဆိုလိုရင်းကို ကောင်းစွာ နားလည်ပေသည်။
သူမ ရင်ထဲ၌ လှောင်ပြုံးပြုံးလိုက်သော်လည်း အပေါ်ယံတွင်မူ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ငါ တပ်ရင်းမှူးစုန့်ကို နားလည်ပါတယ်။ အရင်တုန်းက ငါပေးတဲ့ ပဝါကိုလည်း သူလက်ခံခဲ့တာပဲ။ ပြီးတော့ ဒီမစ်ရှင်ကို မသွားခင်တုန်းကလည်း... ငါ့ကို စောင့်နေဖို့နဲ့ ပြန်လာရင် ပြောစရာစကား ရှိတယ်လို့ ပြောခဲ့သေးတယ်။"
မူလကမူ မစ်ရှင်ပြီးမြောက်၍ ပြန်လာလျှင် သူမသည် စုန့်ပိုင်ယွမ်နှင့် အတူတူ ရှိခွင့်ရတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူ ဤကဲ့သို့ ဘေးဒုက္ခနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
စွင်းထင်က အံ့ဩတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ဟင်။ ဒါဆို နင်တို့နှစ်ယောက်က တရားဝင် ချစ်သူတွေ မဖြစ်ရသေးဘူးပေါ့ဟုတ်လား။ ဒါဆိုရင် ငါကပဲ စကားတွေ လျှောက်ဖြန့်မိသလို ဖြစ်သွားတာလား။"
အမှန်တွင်မူ သူမနှင့် တပ်ရင်းမှူးစုန့် တွဲနေကြသည်ဟူသော ကောလာဟလကို ဆေးရုံတစ်ခုလုံး သိအောင် သွေးထိုးဖြန့်ခဲ့သူမှာ ဟန်ရင်ရင်ကိုယ်တိုင်ပင် ဖြစ်သည်။
ယခု တကယ်မဟုတ်ကြောင်း ပေါ်သွားပါက နောက်ပိုင်းတွင် တပ်ရင်းမှူးစုန့်က အပြစ်တင်လာလျှင် ဘယ်လိုလုပ်မလဲ။
သူမအတွက် အခြေအနေ ဆိုးလာနိုင်မည်မဟုတ်လား။
ဟန်ရင်ရင် - "ကိစ္စမရှိပါဘူး၊ ဒါက အချိန်တစ်ခုပဲ လိုတာပါ။ ငါ့အဖေကိုယ်တိုင်လည်း ငါ့ကို အားပေးတယ်၊ သူက တပ်ရင်းမှူးစုန့်ကို အရမ်း သဘောကျတာ။"
စွင်းထင် - "ဪ... ဒါဆိုရင်တော့ ငါ စိတ်အေးသွားပါပြီ။"
ဟန်ရင်ရင်၏ ဖခင်ဖြစ်သူ နိုင်ငံရေးမှူးဟန်သည် စုန့်ပိုင်ယွမ်၏ အထက်လူကြီးဖြစ်သော နိုင်ငံရေးမှူးဟွမ်နှင့် ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။
နိုင်ငံရေးမှူးဟန်သာ ကြားက ပါဝင်ပေးမည်ဆိုပါက စုန့်ပိုင်ယွမ်အနေဖြင့် သူတို့၏ သမက်ဖြစ်လာရန် ရာခိုင်နှုန်း အလွန်များပြားသည်။
စွင်းထင် - "ဒါပေမယ့် အခု အဲဒီထျဲလန်ယန်က တပ်ရင်းမှူးစုန့်က သူမရဲ့ချစ်သူပါလို့ လာပြောနေတဲ့အပြင် သက်သေပြဖို့ ထောက်ခံစာပါ ပါလာတာဆိုတော့ တကယ်ပဲ ထူးဆန်းတယ်။"
ဟန်ရင်ရင် နှာခေါင်းရှုံ့လိုက်သည်။ "ဘာထူးဆန်းလို့လဲ။ တပ်ရင်းမှူးစုန့်ရဲ့ ဇာတိက ကျေးလက်တောရွာလေ၊ သူ့အမေက သူ့သဘောဆန္ဒမပါဘဲ စေ့စပ်ကြောင်းလမ်းပေးထားတာမျိုး ဖြစ်မှာပေါ့။ တပ်ရင်းမှူးစုန့်ကိုယ်တိုင် ဝန်မခံသရွေ့ ဘာမှဖြစ်မလာနိုင်ပါဘူး။"
စွင်းထင် သက်ပြင်းချလိုက်သည်။ "ဟူး... အခုတော့ တပ်ရင်းမှူးစုန့် အမြန်ဆုံး သတိရလာဖို့ပဲ ဆုတောင်းရတော့မှာပဲ၊ မဟုတ်ရင် ဒီလောက် ထူးချွန်တဲ့လူတစ်ယောက်က ဒီအတိုင်း ဖြစ်သွားရတာ တကယ့်ကို နှမြောစရာကြီး..."
ဤအကြောင်းအရာကို ပြောမိသောအခါ ဟန်ရင်ရင်၏ မျက်နှာတွင်လည်း စိုးရိမ်ရိပ်များ ယှက်သန်းသွားခဲ့သည်။
စုန့်ပိုင်ယွမ်၏ တာဝန်ခံဆရာဝန်ဖြစ်သူ ဒေါက်တာဟဲက... စုန့်ပိုင်ယွမ် ပြန်လည်နိုးထလာရန် ရာခိုင်နှုန်းမှာ အလွန်ပင် နည်းပါးလှသဖြင့် စိတ်ပြင်ဆင်ထားရန် သူမကို ကြိုတင်သတိပေးထားခဲ့သည်။
သို့သော် သူမ လက်မလျှော့ချင်ပေ။
သူမ၏ ဘဝတွင် ပထမဦးဆုံးနှင့် အချစ်ရဆုံးသော လူသားကို နောက်ဆုံးတွင် ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
မည်သည့် တန်ဖိုးပဲ ပေးဆပ်ရပါစေ... စုန့်ပိုင်ယွမ်ကို ပြန်လည်နိုးထလာအောင် သူမ မဖြစ်မနေ လုပ်ဆောင်မည်ဟု သန္နိဋ္ဌာန်ချထားသည်။
....
တစ်ချိန်တည်းမှာပင်…
ထျဲလန်ယန်သည် နိုင်ငံရေးမှူးဟွမ်၏ ရုံးခန်းအတွင်းသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် လာရောက်ရသည့် အကြောင်းအရင်းကို သိရှိရသောအခါ နိုင်ငံရေးမှူးဟွမ်မှာ အနည်းငယ် အံ့ဩသွားရသည်။ "မင်းက စုန့်ပိုင်ယွမ်ရဲ့ ချစ်သူ ဟုတ်လား။"
အဲဒီကောင်စုတ်လေးက ချစ်သူရနေတာကို သူ့ကို ဘာလို့ တစ်ခွန်းမှ မပြောခဲ့ရတာလဲ။
သူကတော့ အိမ်ထောင်ပြုဖို့ ခဏခဏ နားပူနားဆာ လုပ်နေခဲ့ရသည်။
ထို့ပြင် မကြာသေးမီကလည်း အဘိုးကြီးဟန်က သူ၏သမီးနှင့် စုန့်ပိုင်ယွမ်တို့၏ ပတ်သက်မှုကို အပေါ်ယံရော အတွင်းရေးရောပါ ခဏခဏ လာရောက် အရိပ်အမြွက် ပြောဆိုနေခဲ့သေးသည်။
ယခုမူ ဤမိန်းကလေးက ရုတ်တရက် ပေါ်လာသဖြင့် ကိစ္စရပ်အားလုံးမှာ ရှုပ်ထွေးသွားတော့သည်။
ထျဲလန်ယန် - "ဟုတ်ပါတယ်၊ သူ ကျွန်မကို ရှင့်အကြောင်း ပြောပြဖူးပါတယ်။"
စုန့်ပိုင်ယွမ်၏ အထက်လူကြီးအနေဖြင့် နိုင်ငံရေးမှူးဟွမ်သည် သူ့အပေါ် အလွန်ကောင်းမွန်ပြီး အမြဲတမ်း အိမ်ထောင်ပြုရန် တိုက်တွန်းလေ့ရှိသည်။
စုန့်ပိုင်ယွမ်သည် ဤအကြောင်းကို ထျဲလန်ယန်ထံသို့ ပေးပို့သော စာများထဲတွင်ပင် ညည်းတွားတိုင်တန်းဖူးခဲ့သေးသည်။
နိုင်ငံရေးမှူးဟွမ်က သူ၏ ထူထဲသော မျက်ခုံးကြီးကို ပင့်လိုက်သည်။ "အဲဒီကောင်စုတ်က ငါ့အကြောင်း ပြောတယ်ဟုတ်လား၊ သူ ငါ့ကို ဘာတွေ အတင်းတုပ်ထားလို့လဲ။"
ထျဲလန်ယန်က သာသာယာယာ ပြုံးလိုက်ပြီး ပြောပြလိုက်သည်။ "စာထဲက အကြောင်းအရာတွေကို ကျွန်မ မေ့သွားပါပြီ၊ သေသေချာချာ မမှတ်မိတော့ပါဘူး။"
သူမသည် အထက်လူကြီး၏ ရှေ့မှောက်တွင် စုန့်ပိုင်ယွမ်၏ မကောင်းကြောင်းကို ဘယ်တော့မှ ထုတ်ပြောမည်မဟုတ်ပေ၊ ၎င်းမှာ လုံးဝ မပြုလုပ်သင့်သော အရာပင် ဖြစ်သည်။
နိုင်ငံရေးမှူးဟွမ် - ဒီမိန်းကလေးကတော့ တကယ့်ကို ပါးနပ်လွန်းတာပဲ။