အခန်း ၁၂၀
Vol. 12 Ch. 120
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၁၂၀
နိုင်ငံရေးမှူးဟွမ်၏ စီစဉ်ပေးမှုဖြင့် ထျဲလန်ယန်သည် မကြာမီမှာပင် စုန့်ပိုင်ယွမ်၏ တာဝန်ခံဆရာဝန်ဖြစ်သူ ဒေါက်တာဟဲနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ဒေါက်တာဟဲသည် အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး စစ်တပ်ဆေးရုံတွင် လက်အကောင်းဆုံး ခွဲစိတ်ဆရာဝန်ကြီးတစ်ဦး ဖြစ်သည်။
ယခုအကြိမ် စုန့်ပိုင်ယွမ်၏ ခွဲစိတ်ကုသမှုကိုလည်း သူကိုယ်တိုင်ပင် ဦးဆောင်ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
"တပ်ရင်းမှူးစုန့်က သေနတ်ဒဏ်ရာ နှစ်ချက်ရခဲ့တာပါ။ လက်မောင်းထဲက ကျည်ဆန်ကိုတော့ အောင်မြင်အောင် ထုတ်ပေးနိုင်ခဲ့ပါတယ်။"
သို့သော် နှလုံးနှင့် အလွန်နီးကပ်လွန်းလှသဖြင့် ရင်ဘတ်ထဲတွင် စိုက်ဝင်နေသော ကျည်ဆန်ကိုမူ လက်ရှိ ဆေးဝါးနှင့် စက်ပစ္စည်း အခြေအနေများကြောင့် ထုတ်ယူရန် မဖြစ်နိုင်သေးပေ။
ဂျူတီကုတ်အဖြူကို ဝတ်ဆင်ထားသော ဒေါက်တာဟဲက လေးနက်တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ "တပ်ရင်းမှူးစုန့်က သေနတ်မှန်တုန်းကလည်း သွေးအများကြီး ထွက်သွားခဲ့တယ်၊ အခု ရင်ဘတ်ထဲက ကျည်ဆန်ကလည်း ထုတ်လို့မရသေးဘူး။ ဒဏ်ရာကလည်း အပြင်းအထန် ပိုးဝင်နေတော့ သူ့ရဲ့အခြေအနေက တကယ့်ကို စိုးရိမ်ရတဲ့အဆင့်မှာ ရှိနေပါတယ်။"
အကယ်၍ မကြာမီအချိန်အတွင်း အဖြေတစ်ခုခု ရှာမတွေ့နိုင်ပါက သူတို့အနေဖြင့် ဒီအတိုင်း ကြည့်နေရုံမှတစ်ပါး...။
ထိုနေရာသို့ ရောက်သောအခါ ပုံမှန်အားဖြင့် တည်ငြိမ်လှသော ဒေါက်တာဟဲပင် စကားသံများ တုန်ရီကာ ဝမ်းနည်းပက်လက် ဖြစ်သွားရရှာသည်။
တပ်ရင်းမှူးစုန့်သည် တကယ့်ကို ထူးချွန်ပြီး စိတ်ဓာတ်ကောင်းမွန်သော စစ်ဘက်ဆိုင်ရာ ရဲဘော်တစ်ဦး ဖြစ်သည်။
အထက်လူကြီးများ ပေးအပ်သမျှ ခက်ခဲသော မစ်ရှင်များကို ဘယ်သောအခါမှ မငြင်းဆန်ဘဲ ရန်သူကို ရဲရဲဝံ့ဝံ့ တိုက်ထုတ်ရင်း ဒဏ်ရာများနှင့် ပြန်လာလေ့ရှိသူ ဖြစ်သည်။
ဒေါက်တာဟဲကိုယ်တိုင်လည်း သူ့ကို ခွဲစိတ်ကုသမှုပေါင်း များစွာ ပြုလုပ်ပေးဖူးသဖြင့် သူတို့နှစ်ဦးကြား ရင်းနှီးမှု ရှိကြသည်။
အရင်တစ်ခေါက် ခွဲစိတ်မှုများတုန်းကလည်း စုန့်ပိုင်ယွမ်သည် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ဖူးသဖြင့် သူ့ကို ကံကောင်းသူတစ်ယောက်ဟု ဒေါက်တာဟဲ အမြဲတွေးခဲ့မိသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ပါ့မလား မသေချာတော့ပေ။
ဒေါက်တာဟဲ၏ စကားကြောင့် နိုင်ငံရေးမှူးဟွမ်၏ မျက်ဝန်းများပါ နီမြန်းလာပြီး စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။ "အရင်တုန်းက တခြားနေရာတွေက လက်ရွေးစင် ဆရာဝန်ကြီးတွေကို လှမ်းခေါ်ထားတယ် မဟုတ်လား၊ သူတို့လည်း ဘာမှ မတတ်နိုင်ကြဘူးလား။"
ဒေါက်တာဟဲက သက်ပြင်းချလျက် ခေါင်းခါပြလိုက်သည်။ "တပ်ရင်းမှူးစုန့်ရဲ့ အခြေအနေက ရှုပ်ထွေးလွန်းလို့ အားလုံးက လက်မှိုင်ချနေကြတာပါ။ အလွန်ဆုံးရှိလှ အချိန်ဆွဲထားနိုင်ရုံပဲ ရှိပါလိမ့်မယ်။"
ထိုအချိန်တွင် ထျဲလန်ယန်က ကြားဖြတ်၍ ပြောလိုက်သည်။ "နိုင်ငံရေးမှူးဟွမ်... ဒေါက်တာဟဲ... ကျွန်မ သူ့ကို ဝင်တွေ့ချင်ပါတယ်။"
....
နာရီဝက်ခန့် ကြာပြီးနောက်…
စစ်တပ်ဆေးရုံ၏ တတိယထပ်ရှိ အထူးကြပ်မတ်ကုသဆောင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထျဲလန်ယန်သည် ကာကွယ်ရေးဝတ်စုံကို လဲလှယ်ဝတ်ဆင်ကာ နှာခေါင်းစည်းတပ်ပြီး လက်ကို စနစ်တကျ ပိုးသတ်လိုက်သည်။
အထူးကြပ်မတ်ကုသဆောင်ထဲသို့ ဝင်လိုက်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ထျဲလန်ယန်သည် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော စုန့်ပိုင်ယွမ်ကို တစ်ချက်တည်းဖြင့် လှမ်းမြင်လိုက်ရသည်။
သူသည် အတော်ပင် ပိန်ကျသွားပြီး တစ်ကိုယ်လုံးတွင် ဆေးပိုက်များစွာ တပ်ဆင်ထားကာ မျက်နှာတစ်ခုလုံးမှာလည်း စက္ကူကဲ့သို့ ဖြူဖျော့နေရှာသည်။
"စုန့်ပိုင်ယွမ်... ရှင်နဲ့ ကျွန်မ မတွေ့ရတာ နာရီဝက်မကဘူး... ခြောက်လကျော်လောက် ရှိပြီလေ၊ ဘာလို့ ရှင့်ကိုယ်ရှင် ဒီလိုအခြေအနေအထိ ဖြစ်အောင် လုပ်လိုက်ရတာလဲ။"
ထျဲလန်ယန်သည် လည်ချောင်းထဲမှ ဆို့တက်လာသော ခါးသီးမှုကို အောင့်အီးထားရင်း မချိပြုံးလေး ပြုံးလိုက်မိသည်။
သူမသည် လက်ကို ဆန့်ထုတ်ကာ စုန့်ပိုင်ယွမ်၏ မျက်နှာကို ထိတွေ့ချင်မိသော်လည်း နောက်ဆုံးတွင်မူ ပြန်ရုပ်သိမ်းလိုက်ရရှာသည်။
ထျဲလန်ယန် - "ဟေး... စုန့်ပိုင်ယွမ်၊ အမြန်ဆုံး နေကောင်းလာအောင် လုပ်စမ်းပါ။ ရှင် ကျွန်မဆီ ပို့ပေးထားတဲ့ နေကြာစေ့တွေနဲ့ မြေပဲတွေ အများကြီးပဲ၊ ကျွန်မတစ်ယောက်တည်း ကုန်အောင် မစားနိုင်ဘူး။ အတူတူ စားရင်း ပြဇာတ်ကြည့်ရအောင် လို့ စောင့်နေတာ။"
သို့သော် ကုတင်ပေါ်မှ လူသားမှာမူ မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ အသက်ရှူစက်၏ တီ... တီ... ဟူသော အသံတစ်ခုသာ ထွက်ပေါ်နေခဲ့သည်။
ထျဲလန်ယန်၏ ရင်ထဲတွင် ရုတ်တရက် အောင့်ခနဲ ခံစားလိုက်ရသည်။
အမြဲတမ်း တက်ကြွလန်းဆန်းနေတတ်သော လူတစ်ယောက် ယခုကဲ့သို့ အသက်မဲ့စွာ လဲလျောင်းနေသည်ကို မြင်ရသည်မှာ မည်သူကိုမဆို ခံရခက်စေသည်။
ထျဲလန်ယန်သည် သူမ၏ နေရာလွတ်ထဲမှ စိတ်ဝိညာဉ်စမ်းရေတစ်ခွက်ကို ထုတ်ယူကာ စုန့်ပိုင်ယွမ်၏ နှုတ်ခမ်းဝသို့ ဖြည်းဖြည်းချင်း အစက်ချ တိုက်ကျွေးလိုက်သည်။
သူ သတိမေ့မြောနေသော်လည်း ရေအနည်းငယ်ကိုမူ မြိုချနိုင်စွမ်း ရှိသေးသည်။
ထျဲလန်ယန် - "ဒီစိတ်ဝိညာဉ်စမ်းရေကို ကျွန်မ တခြားဘယ်သူ့ကိုမှ မတိုက်ဖူးဘူး၊ အခု ရှင်ကတော့ သောက်ခွင့်ရသွားပြီ။ ဒါကြောင့် မဖြစ်မနေ အမြန်ဆုံး နိုးထလာခဲ့ပါ။"
ထျဲလန်ယန်သည် အခန်းထဲတွင် ၁၀ မိနစ်ခန့်သာ နေပြီးနောက် ပြန်ထွက်လာခဲ့သည်။
သူမ ထိုအထဲက အငွေ့အသက်ကို သဘောမကျပါ၊ အလွန် တိတ်ဆိတ်လွန်းပြီး စိတ်မွန်းကျပ်စရာ ကောင်းလွန်းလှသည်။
ဝတ်စုံများကို ပြန်လည်လဲလှယ်ပြီးနောက် အပြင်သို့ ထွက်လာခဲ့ရာ အပြင်၌ စောင့်ဆိုင်းနေသော ဒေါက်တာဟဲနှင့် ဆုံတွေ့ခဲ့သည်။
"ရဲဘော်ထျဲ... ဒီလောက်မြန်မြန်ပဲ ထွက်လာခဲ့တာလား။"
ဒေါက်တာဟဲက ပြောဆိုရင်း သူမ၏မျက်နှာကို ကြည့်ကာ မျက်ဝန်းထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားခဲ့သည်။
ခုနက နိုင်ငံရေးမှူးဟွမ် ထျဲလန်ယန်ကို ခေါ်လာစဉ်တုန်းက သူမသည် သာမန်တောသူမလေးတစ်ယောက်နှင့် တူသော်လည်း ယခု မျက်မှန်နှင့် ပဝါကို ချွတ်လိုက်သည့်အခါတွင်မူ ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
သူမ၏ ရုပ်ရည်က အလွန်လှပလွန်းလှပြီး ပြက္ခဒိန်ထဲက မင်းသမီးများထက်ပင် ပိုကြည့်ကောင်းနေသေးသည်။
သူမ၏ အသက် ၄၀ ကျော် သက်တမ်းတစ်လျှောက်တွင် ဤမျှ လှပသော မိန်းကလေးမျိုးကို တစ်ခါမျှ မမြင်ဖူးသဖြင့် ဒေါက်တာဟဲပင် မျက်လုံး မလွှဲနိုင်အောင် ဖြစ်ရသည်။
ထျဲလန်ယန် - "ကျွန်မလည်း အထဲမှာ ဘာမှ ကူညီပေးလို့မရတာမို့ ဝင်ကြည့်ရုံပဲ ကြည့်ခဲ့တာပါ။"
သူမအနေဖြင့် စုန့်ပိုင်ယွမ်ကို စိတ်ဝိညာဉ်စမ်းရေ သွားတိုက်တာပါဟု လူသိရှင်ကြား ထုတ်ပြော၍ မရသည်မဟုတ်ပါလား။
ဒေါက်တာဟဲ - "နင် လမ်းခရီးတစ်လျှောက် အတော် ပင်ပန်းလာရောပေါ့။ နိုင်ငံရေးမှူးဟွမ်က နင့်ကို စစ်တပ်ဧည့်ဂေဟာဆီ အရင်လိုက်ပို့ပေးဖို့ မှာထားတယ်၊ ခဏနေရင် စားစရာတွေကို အခန်းထဲအထိ လာပို့ပေးလိမ့်မယ်။"
ထျဲလန်ယန် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်။"
စစ်တပ်ဧည့်ဂေဟာသည် ဆေးရုံနှင့် မဝေးလှဘဲ လမ်းလျှောက်လျှင် မိနစ် ၂၀ ခန့်သာ ကြာမြင့်သည်။
ထျဲလန်ယန်သည် လမ်းလျှောက်လာရင်း မျက်မှန်နှင့် ပဝါကို ပြန်လည် ဝတ်ဆင်လိုက်ပြန်သည်။
ဒေါက်တာဟဲက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ "ဘာလို့ မျက်နှာကို ပြန်ဖုံးထားရတာလဲ။ ဒီလောက် လှတာကို လူတွေကို မပြတာ နှမြောစရာကြီးပဲ။"
ထျဲလန်ယန် - "အပင်ကြီးလေ လေတိုက်ခံရလေပဲ မဟုတ်လား... လူမသိသူမသိ အေးအေးဆေးဆေး နေတာက ပိုကောင်းပါတယ်။"
သူမ၏ ပတ်ဝန်းကျင်တွင် ထူးဆန်းသော ပြဿနာများ အမြဲတမ်း ပေါ်ပေါက်တတ်သဖြင့် ရှင်းရလွန်း၍ စိတ်ညစ်ရသည်။
အထူးသဖြင့် ဤကဲ့သို့ စည်းကမ်းကြီးမားသော စစ်ဘက်ဆိုင်ရာ နယ်မြေမျိုးတွင် ပိုသတိထားရန် လိုအပ်သည်။
ထိုစကားကို ကြားရသောအချိန်တွင် ဒေါက်တာဟဲ၏ မျက်ဝန်းထဲတွင် ချီးကျူးရိပ်များ ပေါ်လာခဲ့သည်။ "နင်က အသက်ငယ်ငယ်လေးနဲ့ ဒီလောက်အထိ အမြင်ကျယ်လိမ့်မယ်လို့ မထင်ထားဘူး။ သာမန် မိန်းကလေးတွေဆိုရင် ဒီလို တွေးနိုင်မှာ မဟုတ်ဘူး။"
ထျဲလန်ယန်က ပြုံးရုံသာ ပြုံးပြပြီး ဘာမှ ဆက်မပြောတော့ပေ။
ဒေါက်တာဟဲ ဆက်၍ မေးလိုက်သည်။ "ဒါနဲ့... နင်နဲ့ တပ်ရင်းမှူးစုန့်က ဘယ်လိုပတ်သက်တာလဲဟင်။ ငါမှတ်မိသလောက်တော့ သူက အိမ်မှာ အမေအိုကြီးနဲ့ ညီမလေးပဲ ရှိတယ်လို့ ပြောဖူးတယ်။"
ခုနက နိုင်ငံရေးမှူးဟွမ်က ထျဲလန်ယန်အား စုန့်ပိုင်ယွမ်၏ ချစ်သူပါဟု ထုတ်မပြောခဲ့ဘဲ စုန့်ပိုင်ယွမ်၏ ဇာတိရွာက လာသူဖြစ်ကြောင်းသာ မိတ်ဆက်ပေးခဲ့သဖြင့် ဒေါက်တာဟဲ အလွန် စူးစမ်းချင်နေခြင်း ဖြစ်သည်။
"ကျွန်မက..."
ထျဲလန်ယန် ပါးစပ်ဟရုံ ရှိသေး၊ ဘေးဘက်မှနေ၍ ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "မင်္ဂလာပါ ဒေါက်တာဟဲ။"
မကြာမီမှာပင် မိန်းကလေး နှစ်ဦး လျှောက်လှမ်းလာခဲ့ကြသည်။ သူမတို့မှာ ဆေးဘက်ဆိုင်ရာဌာနမှ သူနာပြုများဖြစ်ကြသည့် ဟန်ရင်ရင်နှင့် စွင်းထင်တို့ ဖြစ်ကြသည်။
ဟန်ရင်ရင်က ဒေါက်တာဟဲကို ပြုံးရွှင်စွာ နှုတ်ဆက်လိုက်ပြီးနောက် ဘာမှမသိသလို ဟန်ဆောင်ကာ မေးလိုက်သည်။ "ဒေါက်တာဟဲ... ဘေးက မိန်းကလေးက ဘယ်သူလဲဟင်၊ ကြည့်ရတာ နည်းနည်း စိမ်းနေသလိုပဲ။ ဒေါက်တာ့ရဲ့ ဆွေမျိုးထဲကလား။"
သူမ၏ စကားအဆုံးတွင် စွင်းထင်က ဟားခနဲ ရယ်မောရင်း ပြောလိုက်သည်။ "ရင်ရင်ရယ်... သူမက ဒေါက်တာဟဲရဲ့ ဆွေမျိုး မဟုတ်ပါဘူး။ ငါ နင့်ကို ပြောပြနေတဲ့ တောကလာတဲ့ မိန်းမဆိုတာ သူမပေါ့။"
"ဪ... သူမကိုး" ဟန်ရင်ရင်က လှည့်၍ ထျဲလန်ယန်ကို မဲ့ပြုံးပြုံးလျက် စိုက်ကြည့်လိုက်သည်။
"မင်္ဂလာပါ ရဲဘော်... ကျွန်မက ဟန်ရင်ရင်ပါ။ နင်က တပ်ရင်းမှူးစုန့်ရဲ့ ဇာတိရွာက လာတာလို့ ကြားတယ်၊ တွေ့ရတာ ဝမ်းသာပါတယ်နော်။"
ထျဲလန်ယန်က မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။
ရှေ့က မိန်းကလေးသည် ပြုံးနေသော်လည်း ထိုအပြုံးမှာ အတုအယောင်ဖြစ်ပြီး ယခင်က တွေ့ခဲ့ဖူးသော ပရိယာယ်များလှသည့် ပိုင်ရန်ရန်၏ ပုံစံအတိုင်းပင် ဖြစ်သည်။
စွင်းထင်က နှာခေါင်းရှုံ့လိုက်သည်။ "ရင်ရင်... နင်ကလည်း သူမကို ဒီလောက်အထိ ဖော်ဖော်ရွေရွေ လုပ်ပေးနေဖို့ မလိုပါဘူး။ ကြည့်ရတာ သူမက နင့်ကို စကားတောင် ပြန်ပြောချင်ပုံမရဘူး။"
ထျဲလန်ယန်က ခပ်ဟဟ ရယ်မောလိုက်သည်။ "ဟုတ်ပါပြီ... ကျွန်မကလည်း အာရုံနောက်မခံချင်ပါဘူး၊ မဟုတ်ရင် တချို့လူတွေက ကျွန်မလို ကျေးလက်တောရွာက မိန်းကလေးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပါတယ်လို့ ပြောကြဦးမယ်။"
စွင်းထင်က မျက်စောင်းထိုးလိုက်သည်။ "ဟက်... နင်က တော်တော်လေး အလိုက်သိတတ်သားပဲ။"
ဟန်ရင်ရင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ "စွင်းထင်... စကား ဆက်မပြောနဲ့တော့။"
စွင်းထင်သည် တကယ့်ကို ဦးနှောက်မရှိသူ ဖြစ်ပြီး တွေးဆဆင်ခြင်ခြင်းမရှိဘဲ လျှောက်ပြောတတ်လွန်းလှသည်။
အစိုးရက လက်ရှိတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် မြှင့်တင်နေချိန်တွင် ကျေးလက်တောရွာက လူများကို မည်သူက မကောင်းပြောရဲပါမည်နည်း။
ဆရာဝန်မကြီး ဒေါက်တာဟဲ၏ မျက်နှာ ချက်ချင်း ပျက်သွားသည်ကို သူမ မမြင်မိတာလား။
ဟန်ရင်ရင်၏ ဆူငေါက်ခြင်းကို ခံလိုက်ရသဖြင့် စွင်းထင်တစ်ယောက် စိတ်ခုသွားခဲ့ရသည်။
သူမသည် ဟန်ရင်ရင်ဘက်က ရပ်တည်ပေးခဲ့ခြင်း ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် အဆူခံရသနည်းဟု မကျေမနပ် ဖြစ်သွားမိသည်။