← Chapters

အခန်း ၄၀၄

Vol. 39 Ch. 404

အခန်း ၄၀၄

Vol. 39 Ch. 404

အခန်း (၄၀၄) ကျားပုန်းနဂါးလျှိုး

"သခင်လေးက လူမှန်ကို မေးလိုက်တာပါပဲ"

တည်းခိုခန်းမှ စားပွဲထိုးက ချန်ဖေး၏ မေးခွန်းကို ကြားသောအခါ သူ၏ စိတ်ထဲ၌ များစွာ သက်သာရာ ရသွားပြီး ထိုငွေနှစ်ဆယ်ကို ရရှိရန် အခွင့်အရေးက အလွန် မြင့်မားသွားခဲ့ပြီ ဖြစ်သည်။

"ထိုင်ပြီးမှ သေချာပြောပြပါ"

ချန်ဖေးက သူ၏ ရှေ့ရှိ ထိုင်ခုံကို ညွှန်ပြကာ ပြောလိုက်၏။

"မလုပ်ရဲပါဘူး"

စားပွဲထိုးက လက်ကို ဝှေ့ယမ်းကာ ပြုံးလျက် ပြောလိုက်သည်။

"ပထမဆုံး မူလ ဝိညာဉ် ဒီရေ အကြောင်း ပြောပြပါ့မယ်၊ အတိုဆုံး ငါးနှစ်နဲ့ အရှည်ဆုံး ရှစ်နှစ်မှာ တစ်ကြိမ် အင်ပါယာမြို့တော်မှာ မူလ ဝိညာဉ် ဒီရေ ဖြစ်ပေါ်တတ်ပါတယ်၊ တစ်ရက်လုံး ကြာမြင့်ပြီး အဲဒီအချိန်ကျရင် သိုင်းပညာရှင်တွေပဲဖြစ်ဖြစ် သာမန်လူတွေပဲဖြစ်ဖြစ် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိကြပါတယ်"

"အသေးစိတ် ရှင်းပြပါဦး"

ချန်ဖေးက ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော်လည်း အသေးစိတ်တော့ သေချာမသိပါဘူး... အဲဒီနေ့ကျရင် သိုင်းပညာရှင်တွေက ကျင့်စဉ်တွေကို နားလည်သဘောပေါက်တာပဲဖြစ်ဖြစ် ကျင့်ကြံတာပဲဖြစ်ဖြစ် သူတို့ရဲ့ အမြန်နှုန်းက အများကြီး တိုးတက်လာတယ်လို့တော့ သိရပါတယ်... ဒါကြောင့် မူလ ဝိညာဉ် ဒီရေ ပေါ်လာတော့မယ့် အချိန်တိုင်းမှာ အင်ပါယာမြို့တော်က လူတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်"

"အင်ပါယာမြို့တော် တစ်ခုလုံးက အဲဒီ မူလ ဝိညာဉ် ဒီရေရဲ့ အကျိုးသက်ရောက်မှုကို ခံစားရနိုင်တာလား"

ချန်ဖေး၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။

ဤစွမ်းအားမျိုးက မည်ကဲ့သို့သော စွမ်းအားမျိုး ဖြစ်သနည်း... အလွန်အမင်း ချဲ့ကားလွန်းနေသည် မဟုတ်ပါလော။

"ဟုတ်ပါတယ်... အင်ပါယာမြို့တော် တစ်ခုလုံး ခံစားရနိုင်ပါတယ်... ဒါပေမဲ့ အတွင်းမြို့တော်နဲ့ နီးလေ အကျိုးသက်ရောက်မှုက ပိုကောင်းလေပါပဲ... အဲ့ဒါကြောင့် ဟိုဘက်က တည်းခိုခန်းတွေက လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကြိုတင်မှာယူထားကြပြီးသားပါ... အခုဆိုရင် ဒီဆိုင်မှာတောင် အခန်းလွတ် သိပ်မရှိတော့ပါဘူး"

"မူလ ဝိညာဉ် ဒီရေ ဖြစ်ပေါ်လာဖို့ အချိန်ဘယ်လောက် လိုသေးလဲ"

ချန်ဖေးက လမ်းမဘက်သို့ လှည့်ကြည့်လိုက်ရာ ချန်ဖေး အစောကတည်းက လမ်းပေါ်တွင် သူကဲ့သို့ အပြင်လူ အများအပြား ရှိနေသည်ဟု ခံစားခဲ့ရသည်။

ချန်ဖေးက အင်ပါယာ မြို့တော်မှာ အမြဲတမ်း ဤသို့ပင် ဖြစ်မည်ဟု ထင်ခဲ့သော်လည်း လူအများအပြားက မူလ ဝိညာဉ် ဒီရေ အတွက် ရောက်ရှိလာကြခြင်း ဖြစ်ပုံရပေသည်။

အင်ပါယာ မြို့တော်က ညမထွက်ရ အမိန့်ကို တင်းကျပ်စွာ ချမှတ်ထားပြီး ညဘက်တွင် တည်းခိုခန်း၌ မတည်းခိုပါက မြို့ပြင်သို့ ထွက်ခွာရမည် ဖြစ်သည်။

သို့မဟုတ်ပါက တွေ့ရှိလျှင် တိုက်ရိုက် ထောင်ချခံရမည်ဖြစ်ပြီး ခုခံသူ မည်သူမဆို နေရာမှာတင် ကွပ်မျက်ခံရမည် ဖြစ်၏။

"ခန့်မှန်းခြေအရတော့ ရက်နှစ်ဆယ်လောက် လိုပါသေးတယ်... အဲဒီအချိန်ကျမှ မူလ ဝိညာဉ် ဒီရေ ပေါ်လာပါလိမ့်မယ်"

စားပွဲထိုးက ပြုံးလျက် ပြောလိုက်သည်။

ချန်ဖေးက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

ရက်နှစ်ဆယ် ဆိုလျှင် ချန်ဖေး စောင့်ဆိုင်းနိုင်ပေသည်။

ဤနေရာသို့ ရောက်ရှိလာပြီဖြစ်ရာ နှစ်ပေါင်းများစွာမှ တစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိသော ဤမူလ ဝိညာဉ် ဒီရေ ပွဲတော်ကြီးကို ခံစားကြည့်လိုပြီး ဤခရီးစဉ်မှာ အမှန်တကယ်ပင် တန်ဖိုးရှိပေလိမ့်မည်။

"အဲဒါဆို ထျန်းယန် တာအိုဆရာ ကိစ္စကရော ဘာတွေဖြစ်နေတာလဲ"

ချန်ဖေးက ဆက်လက် မေးမြန်းလိုက်၏။

"တံခါးပိတ် တပည့် လက်ခံဖို့ပါ"

ထျန်းယန် တာအိုဆရာ အကြောင်း ပြောသောအခါ စားပွဲထိုး၏ မျက်လုံးများတွင် အားကျမြတ်နိုးမှုများ ပေါ်လာခဲ့သည်။

နတ်ဘုရားဆရာ ဟု ခေါ်ဆိုခံရရန် အရည်အချင်း ပြည့်မီသူ အားလုံးသည် ဒွာရပေါင်းစည်းခြင်း အဆင့် ပညာရှင်များ ဖြစ်သည်။

ဤသည်က ဤမြေပေါ်ရှိ အကောင်းဆုံးနှင့် အစွမ်းထက်ဆုံး စွမ်းအားပင် ဖြစ်သည်။

သိုင်းပညာရှင် ဖြစ်နေသရွေ့ ဤအဆင့်ရှိ စွမ်းအားများထံသို့ သဘာဝကျစွာပင် ဆွဲဆောင်ခံရမည် ဖြစ်သည်။

ချန်ဖေးမှာ ထိုသို့ ဖြစ်သကဲ့သို့ အခြားသူများလည်း ထိုနည်းတူပင် ဖြစ်၏။

"ထျန်းယန် တာအိုဆရာက လွန်ခဲ့တဲ့ သုံးလက တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီးနောက် တံခါးပိတ် တပည့် လက်ခံမယ်လို့ ကြေညာခဲ့ပါတယ်... ကျင့်ကြံမှုအဆင့် ဒါမှမဟုတ် နောက်ခံဂိုဏ်း ကန့်သတ်ချက် မရှိပါဘူး... ပါရမီက သတ်မှတ်ချက်နဲ့ ကိုက်ညီသရွေ့ သူရဲ့ တပည့် ဖြစ်လာနိုင်ပါတယ်"

စားပွဲထိုးက အနည်းငယ် တမ်းတသော အကြည့်ဖြင့် ပြောလိုက်သည်။

ချန်ဖေး၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး စားပွဲထိုးကို ဆက်ပြောရန် အချက်ပြလိုက်၏။

ဒွာရပေါင်းစည်းခြင်း အဆင့် ပညာရှင်တစ်ဦးက တပည့် လက်ခံခြင်း၊ ထို့အပြင် တံခါးပိတ် တပည့် လက်ခံခြင်းမှာ အမှန်တကယ်ပင် ကြီးမားသော အဖြစ်အပျက် တစ်ခု ဖြစ်ပေသည်။

ထျန်းယန် တာအိုဆရာ၏ အိမ်တော်အတွင်းသို့ ဝင်ရောက်နိုင်သရွေ့ ဥက္ကာပျံ တစ်ခုကဲ့သို့ ခုန်တက်သွားခြင်းနှင့် အတူတူပင် ဖြစ်၏။

ထိုအချိန်မှစ၍ သူ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာမှာ လုံးဝ ပြောင်းလဲသွားမည်ဖြစ်ပြီး အဓိကအချက်မှာ အနာဂတ်တွင် ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိရန် မလွဲမသွေ ဖြစ်လာလိမ့်မည်။

အထက်ကန့်သတ်ချက် နှင့် ပတ်သက်၍မူ လူတစ်ဦးချင်းစီ၏ ပါရမီအပေါ်တွင်သာ မူတည်ပေသည်။

ကျင့်ကြံမှု အဆင့် သို့မဟုတ် နောက်ခံဂိုဏ်း ကန့်သတ်ချက် မရှိခြင်းမှာ နယ်ပယ်ကို ချဲ့ထွင်လိုက်ခြင်း ဖြစ်သည်။

ဂိုဏ်းငယ်များနှင့် အခြား ဂိုဏ်းများမှ လူများလည်း မိမိကိုယ်ကို ယုံကြည်မှု ရှိသရွေ့ လာရောက်နိုင်ကြသည်။

ထိုဂိုဏ်းငယ်များက ပုံမှန်အားဖြင့် တားဆီးလေ့ မရှိချေ။

အဘယ်ကြောင့်ဆိုသော် အကယ်၍ အမှန်တကယ်ပင် ထျန်းယန် တာအိုဆရာ၏ တံခါးပိတ် တပည့် ဖြစ်လာပါက ထိုအမွှေးတိုင် ထွန်းညှိခဲ့သည့် အတိတ်က ဆက်ဆံရေးကို အားကိုး၍ ဂိုဏ်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုများကလည်း ကွဲပြားသွားမည် ဖြစ်သောကြောင့်တည်း။

နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေတစ်ခုဟု ဆိုနိုင်ပေသည်။

"အခု မြို့ထဲမှာ လူတွေ အရမ်းများနေတာက မူလ ဝိညာဉ် ဒီရေ အတွက် လာကြတဲ့သူတွေအပြင် တခြားလူတော်တော်များများကလည်း ထျန်းယန် တာအိုဆရာဆီ သွားပြီး စမ်းသပ်ခံဖို့ လာကြတာပါ"

စားပွဲထိုးက စားပွဲပေါ်ရှိ ငွေနှစ်ဆယ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ သိထားသမျှကို ပြောပြခဲ့ပြီး ဖြစ်ကြောင်း နားလည်လိုက်၏။

ပိုမို နက်ရှိုင်းသော အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍မူ စားပွဲထိုး တစ်ဦး သိနိုင်မည့်အရာများ မဟုတ်တော့ချေ။

"ကျေးဇူးတင်ပါတယ်"

ချန်ဖေးက ပြုံးလိုက်ရာ ငွေနှစ်ဆယ်က လေပေါ်သို့ ပျံတက်သွားပြီး စားပွဲထိုး၏ လက်ထဲသို့ ကျရောက်သွားခဲ့၏။

"ရက်ရောတဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ် သခင်လေး"

စားပွဲထိုးက ဝမ်းသာအားရ ပြုံးရွှင်သွားပြီး ချန်ဖေးက နောက်ထပ် ညွှန်ကြားချက်များ မပေးတော့သည်ကို မြင်သောအခါ လေးစားစွာဖြင့် ဘေးသို့ ဖယ်သွားခဲ့သည်။

ချန်ဖေးက ကောင်းကင်ရှိ တောက်ပသော လမင်းကို မော့ကြည့်လိုက်ရာ လမင်းက ကြယ်များဖြင့် ပြန့်ကျဲနေပြီး ညနေခင်း လေပြေများ တိုက်ခတ်နေ၏။

ထျန်းယန် တာအိုဆရာ တပည့်လက်ခံခြင်းမှာ ချန်ဖေးနှင့် လုံးဝ သက်ဆိုင်မှု မရှိချေ။

အကယ်၍ သူသာ အစပိုင်းက ယွမ်ချန်ဓားဂိုဏ်းသို့ မဝင်ရောက်ခဲ့ဘဲ ဤကဲ့သို့သော အခွင့်အရေးမျိုးနှင့် ကြုံတွေ့ရပါက ချန်ဖေးသည် မဆိုင်းမတွ သွားရောက်မည်မှာ သေချာပေသည်။

သို့သော် ယခုအခါ ချန်ဖေး၏ ကျင့်ကြံမှုမှာ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ထျန်းယန် တာအိုဆရာက ကျင့်ကြံမှု အဆင့်ကို ကန့်သတ်ချက် မရှိဟု မည်မျှပင် ပြောစေကာမူ ချန်ဖေးကို လက်ခံရန် မဖြစ်နိုင်ချေ။

ချန်ဖေးက ပြတင်းပေါက်နားတွင် ခဏကြာ ထိုင်နေပြီးနောက် မတ်တတ်ရပ်ကာ ဧည့်ခန်းထဲသို့ ဝင်သွားခဲ့သည်။

အခန်းခများမှာ အတော်လေး မြင့်မားပြီး နတ်တိမ်မြို့နှင့် နှိုင်းယှဉ်ပါက များစွာ ပိုမို ကုန်ကျကာ မူလ ဝိညာဉ် ဒီရေ ကြောင့် ဖြစ်နိုင်ပေသည်။

သို့သော် ဤငွေပမာဏမှာ ယခုအချိန်၌ ချန်ဖေးအတွက် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မဖြစ်စေချေ။

နှစ်နာရီ အကြာတွင် လမ်းမပေါ်ရှိ ဆူညံသံများ နောက်ဆုံးတွင် ရပ်တန့်သွားပြီး အင်ပါယာ မြို့တော်တွင် ညမထွက်ရ အမိန့်ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်၏။

ချန်ဖေးက ချန်ယွမ်ဓားကို ကိုင်ဆောင်လျက် ဧည့်ခန်းအတွင်း လှည့်လည် လှုပ်ရှားနေပြီး ကြယ်စင်ည ဓားသိုင်းကို လေ့ကျင့်နေကာ ဝိညာဉ်ပင်လယ် အတွင်း၌ ရေကျောက်စိမ်း ဓားသိုင်းနှင့် သက်ဆိုင်သော နားလည် သဘောပေါက်မှုများက အဆက်မပြတ် လင်းလက်လာခဲ့သည်။

ယွမ်ချန်ဓားကျမ်းစာ၏ ကျင့်ကြံမှု အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ ပဉ္စမမြောက် အဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် အချိန်သိပ်မကြာတော့ချေ။

ထိုအချိန်ရောက်ပါက ချန်ဖေးသည် ဂိုဏ်း၏ အမွေအနှစ်အသစ် တစ်ခုကို ယွမ်ချန်ဓားကျမ်းစာ အတွင်းသို့ ဆက်လက် ပေါင်းစပ်နိုင်မည် ဖြစ်၏။

သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်းနှင့် နှိုင်းယှဉ်ပါက ရေကျောက်စိမ်း ဓားသိုင်း၏ ကျင့်ကြံမှု တိုးတက်မှုက ပိုမို မြန်ဆန်မည် ဖြစ်ရာ ချန်ဖေးသည် သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်းကို ခေတ္တ ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်ပြီး ရေကျောက်စိမ်း ဓားသိုင်းကို အထွတ်အထိပ် အဆင့်သို့ မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

ယွမ်ချန်ဓားဂိုဏ်း၏ ကာကွယ်ရေးကိုသာ အဓိကထားသော ဤအမွေအနှစ်နှင့် ပတ်သက်၍ အထွတ်အထိပ်အဆင့်သို့ ကျင့်ကြံပြီးနောက် မည်ကဲ့သို့သော အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို ချန်ဖေး အနည်းငယ် စိတ်ဝင်စားနေဆဲ ဖြစ်၏။

ချန်ဖေးက ကြယ်တာရာ ဓားသိုင်းကို လေ့ကျင့်နေစဉ် တစ်ဖက်တွင်လည်း စိတ်စွမ်းအား ကြိုးမျှင် နှစ်ရာကို ဖန်တီးကာ ဌာနေပြန်ဓားမျက်လုံး၏ ပုံကြမ်းများကို စတင် ဆွဲသားနေခဲ့သည်။

ကြယ်တာရာ ဓားသိုင်းကို ချန်ဖေးက ခန္ဓာကိုယ် ကြံ့ခိုင်ခြင်းအဆင့်တွင် ရှိစဉ်ကတည်းက အထွတ်အထိပ် အဆင့်သို့ ကျင့်ကြံထားခဲ့ပြီးဖြစ်ရာ ဓားပုံစံဖြစ်စေ၊ ခြေလှမ်းများဖြစ်စေ အရာအားလုံးက အလိုအလျောက် တုံ့ပြန်မှုများ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ချန်ဖေးက ကြယ်တာရာ ဓားသိုင်းအပေါ် အားစိုက်ထုတ်ရန် လုံးဝ မလိုအပ်တော့ဘဲ စိတ်စွမ်းအား ကြိုးမျှင် နှစ်ရာဖြင့် ပုံကြမ်းများ ဆွဲသားခြင်းက ဓားလှုပ်ရှားမှုများကို အနည်းငယ်မျှ မထိခိုက်စေချေ။

ထို့ကြောင့် ဤအခိုက်အတန့်၌ ရေကျောက်စိမ်း ဓားသိုင်း၏ နားလည် သဘောပေါက်မှုများ ဆက်တိုက် ပေါ်ထွက်နေရုံသာမက ဌာနေပြန်ဓားမျက်လုံး နှစ်ရာ၏ နားလည် သဘောပေါက်မှုများလည်း ဝိညာဉ်ပင်လယ်အတွင်း ပွတ်တိုက်မိနေကြ၏။

အကယ်၍ မူလ ဓားသိုင်း၏ ခြေလှမ်းလှုပ်ရှားမှုနှင့် ကြယ်တာရာ ဓားသိုင်းခြေလှမ်းလှုပ်ရှားမှုတို့ကို တစ်ပြိုင်နက်တည်း ပြန်လည် လေ့ကျင့်နိုင်ပါက ချန်ဖေးသည် ဤအခိုက်အတန့်၌ ဝိညာဉ်ပင်လယ်အတွင်း သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်း၏ နားလည် သဘောပေါက်မှုများပင် ရှိနေနိုင်ပေသည်။

ချန်ဖေးသည် အလွန်အမင်း ဆာလောင်နေသော သားရဲကြီး တစ်ကောင်ကဲ့သို့ ကျင့်စဉ်များကို လောဘတကြီး စုပ်ယူနေပြီး တစ်ချိန်တည်းမှာပင် နှလုံးသား မိစ္ဆာ၏ မူလအစစွမ်းအင်ကလည်း ချန်ဖေး၏ စိတ်ဝိညာဉ်ကို အဆက်မပြတ် အားဖြည့်ပေးနေကာ ချန်ဖေး၏ စိတ်ကို အမြဲတမ်း တက်ကြွနေစေပြီး အမျိုးမျိုးသော နားလည် သဘောပေါက်မှုများကို ပိုမို လွယ်ကူစွာ စုပ်ယူနိုင်စေခဲ့၏။

နေထွက်လာပြီး လဝင်သွားကာ ကျင့်ကြံသည့် လုပ်ငန်းစဉ်တွင် အချိန်က အမြဲတမ်း လျင်မြန်စွာ ကုန်လွန်သွားတတ်ပေသည်။

ချန်ဖေးက တည်းခိုခန်းတွင် အင်ပါယာ မြို့တော်၏ အထူး နံနက်စာကို မြည်းစမ်းပြီးနောက် အေးအေးဆေးဆေး လမ်းလျှောက် ထွက်လာခဲ့သည်။

အရုဏ်တက်ချိန်တွင် မြို့တံခါးများ ပွင့်လာသောအခါ အင်ပါယာ မြို့တော်၏ လမ်းမများက ထိုဆူညံသော မြင်ကွင်းသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။

ချန်ဖေးက အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ရှုပြီးနောက် ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။

ယွီပေါင်ရတနာဆိုင်သည် အင်ပါယာ မြို့တော်အတွင်းရှိ ဆိုင်အနည်းငယ်အနက်မှ တစ်ခုဖြစ်ပြီး နောက်ကွယ်တွင် အစွမ်းထက်သော အင်အားစု အများအပြား၏ အရိပ်အယောင်များ ရှိနေကာ အင်ပါယာ မြို့တော်တွင် ရာစုနှစ်တစ်ခုကျော်ကြာ လည်ပတ်နေခဲ့ပြီ ဖြစ်သည်။

ချန်ဖေး ဝင်လာသည်ကို မြင်သောအခါ ဆိုင်ရှင်၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားပြီး ရှေ့သို့ အမြန် တိုးလာကာ ရှေ့သို့ တိုးလာမည့် အစေခံမလေးကို လက်ဝှေ့ယမ်း ဖယ်ရှားလိုက်၏။

ယွီပေါက်ရတနာဆိုင်၏ စီမံခန့်ခွဲသူ တစ်ဦးအနေဖြင့် ဧည့်သည်များ၏ ကျင့်ကြံမှုအဆင့်များကို တိကျစွာ ခန့်မှန်းနိုင်ရမည် ဖြစ်ပြီး သို့မဟုတ်ပါက ပြဿနာများ အလွယ်တကူ ဖြစ်ပေါ်လာနိုင်ပေသည်။

ဆိုင်ရှင်တွင် အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သော လုပ်ဆောင်ချက် ပါဝင်သည့် အဆင့်နိမ့် ဝိညာဉ်လက်နက် တစ်ခု ရှိနေခဲ့သည်။

ထို့ကြောင့် တစ်ချက် ကြည့်လိုက်ရုံဖြင့် ဆိုင်ရှင်က ချန်ဖေး၏ ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် ချီစွမ်းအင်ကို သတိပြုမိသွားပြီး ကိုယ်တိုင် လာရောက် ကြိုဆိုရန် အမြန် ရှေ့သို့ တိုးလာခဲ့ခြင်း ဖြစ်၏။

အင်ပါယာ မြို့တော် အတွင်း၌ ဒွာရသန့်စင်ခြင်း အဆင့်များ အများအပြား ရှိသော်လည်း များပြားခြင်းက ဒွာရသန့်စင်ခြင်း အဆင့်များ၏ အဆင့်အတန်းကို ကျဆင်းသွားစေမည်ဟု မဆိုလိုချေ။

မည်သည့်နေရာတွင်မဆို ဒွာရသန့်စင်ခြင်း အဆင့်များမှာ အထူး တည်ရှိမှုများ ဖြစ်ကြပြီး ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် ဆိုလျှင် ပို၍ပင် သေချာလှပေသည်။

"သခင်လေး... ဘာများ အလိုရှိပါသလဲ ခင်ဗျာ"

ဆိုင်ရှင်က ပြုံးလျက် မေးလိုက်၏။

"ဒီမှာက ဝိညာဉ်လက်နက်တွေကို ဝယ်တယ် မဟုတ်လား”

ချန်ဖေးက နံရံတစ်ခုဆီသို့ လျှောက်သွားပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသော လေးနှင့် မြား ဒါဇင်ချီကို ကြည့်ကာ သူ၏ မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အယောင် အချို့ ပြသလိုက်သည်။

အထူးသဖြင့် အလယ်ဗဟိုတွင် ရှိနေသော လေးမှာ ကြယ်များက လမင်းကို ဝန်းရံထားသည့်အလား ဖြစ်နေ၏။

"ဟုတ်ကဲ့... ဝယ်ပါတယ်"

ဆိုင်ရှင်က ခေါင်းညိတ်လိုက်သည်။

ချန်ဖေးက နံရံမှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူ၏ နောက်ကျောရှိ အထုပ်ကို ဖြုတ်ကာ အနီးရှိ ကောင်တာပေါ်သို့ တင်လိုက်၏။

အဆင့်နိမ့် ဝိညာဉ်ဓား သုံးလက်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်ဓား တစ်လက်တို့ကို ချန်ဖေးက ထုတ်ယူလိုက်သည်။

ချန်ဖေးက အနက်ရောင်မြို့တော်ရှိ ပုံစံအတိုင်း လိုက်နာရန် ဆုံးဖြတ်လိုက်ပြီး အလွန်အမင်း အာရုံစိုက်မှု မခံရစေရန် ဆိုင်တစ်ဆိုင်စီတွင် အနည်းငယ်စီ ရောင်းချရန် ဖြစ်၏။

အင်ပါယာ မြို့တော် အတွင်း၌ ကျားပုန်းနဂါးလျှိုးများ ရှိနေပြီး ချန်ဖေးက ပြဿနာ ဖန်တီးရန် မရည်ရွယ်ထားသဖြင့် သဘာဝကျစွာပင် သိုသိုသိပ်သိပ် နေခြင်းက ပိုကောင်းပေသည်။

အလယ်အလတ်အဆင့် ဝိညာဉ်ဓားကို မြင်သောအခါ ဆိုင်ရှင်၏ မျက်လုံးများ အနည်းငယ် လင်းလက်သွား၏။

ဤသည်က ကြီးမားသော အရောင်းအဝယ်တစ်ခု ဖြစ်သည်။

အကယ်၍ သူသာ ကောင်းစွာ စီမံနိုင်ပါက ဤအော်ဒါ တစ်ခုတည်းကပင် ဝိညာဉ်ကျောက်တုံး အများအပြား ရရှိနိုင်ပေသည်။

အချိန်တိုလေး အကြာတွင် ချန်ဖေးသည် ယွီပေါင်ရတနာဆိုင်မှ ကျေနပ်စွာ ထွက်ခွာလာခဲ့၏။

ချန်ဖေးက ဒွာရသန့်စင်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံမှုကို ပြသထားသဖြင့် ဆိုင်ရှင်က အလွယ်တကူ ဈေးဆစ်မည် မဟုတ်ဘဲ ဈေးနှုန်းများမှာ နှစ်ဘက်စလုံးအတွက် အတော်လေး သင့်လျော်ပြီး အပြန်အလှန် အကျိုးရှိသော အရောင်းအဝယ် တစ်ခု ဖြစ်ခဲ့သည်။

ချန်ဖေး အစောက နံရံပေါ်တွင် မြင်ခဲ့ရသော လေးနှင့် ပတ်သက်၍မူ ချန်ဖေး ဘာမှ မဝယ်ခဲ့ချေ။

အဆင့်နိမ့် ဝိညာဉ်လေးများက ချန်ဖေးကို အထောက်အကူ မပြုနိုင်သဖြင့် သန့်စင်သော သံမဏိလေးများကို အသုံးပြု၍ သုံးစွဲပစ်လိုက်ခြင်းက ပိုကောင်းပေသည်။

ချန်ဖေး စတင်၍ ဝိညာဉ်လက်နက်များ ရောင်းချနေချိန်၌ အင်ပါယာ မြို့တော် အပြင်ဘက်ရှိ သစ်တော ဧရိယာတစ်ခု အတွင်းတွင်

ပုံရိပ်တစ်ခုက အထိတ်တလန့်ဖြင့် ရှေ့သို့ ပြေးလွှားနေပြီး သူ၏ အဝတ်အစားများမှာ နေရာအနှံ့ စုတ်ပြဲနေကာ ခန္ဓာကိုယ်ပေါ်တွင် သွေးကွက်အချို့ ရှိနေဆဲ ဖြစ်၏။

ထင်ရှားသည်မှာ သူက တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရခြင်း သို့မဟုတ် တိုက်ပွဲက မပြီးဆုံးသေးခြင်း ဖြစ်ပေမည်။

ယန်ကျီကူက အနောက်ဘက်သို့ အဆက်မပြတ် လှမ်းကြည့်နေပြီး သူ၏ မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။

အဖော် ငါးယောက်အနက် ယခုအခါ သူ တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်တော့သည်။

သူ ထွက်ပြေးသည်ကို ဖုံးကွယ်ပေးရန်အတွက် သူ၏ ဆရာ၊ သူ၏ ဂိုဏ်းတူအစ်ကို အချို့နှင့် ဤအခိုက်အတန့်၌ အားလုံး သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

မိမိ၏ ဆရာနှင့် ဂိုဏ်းတူညီအစ်ကိုများ၏ သနားစရာကောင်းသော အခြေအနေကို တွေးမိသောအခါ ယန်ကျီကူမှာ သူ၏ လက်သီးများကို အလိုအလျောက် တင်းကျပ်စွာ ဆုပ်ထားမိပြီး သူ၏ လက်သည်းများက အသားထဲသို့ စူးဝင်နေသော်လည်း သူ လုံးဝ သတိမထားမိခဲ့ချေ။

"မင်းက လွတ်မှာမဟုတ်မှန်း သိရက်နဲ့ ဘာလို့ ပြေးချင်နေရတာလဲ"

လှောင်ပြောင်သော အသံတစ်သံက ယန်ကျီကူ၏ နားထဲတွင် ထွက်ပေါ်လာ၏။

ယန်ကျီကူ၏ မျက်လုံးများ အလိုအလျောက် ပြူးကျယ်သွားပြီး သူ၏ ဓားရှည်က အရပ်မျက်နှာ အနှံ့အပြားသို့ ရုတ်တရက် ခုတ်ပိုင်းလိုက်သည်။

သို့သော် လမ်းတစ်ဝက်တွင် ဓားသွားက ရုတ်တရက် ရပ်တန့်သွားပြီး ယန်ကျီကူ၏ ဓားရှည်မှာ လက်ချောင်း နှစ်ချောင်းကြားတွင် အလွယ်တကူ ဖမ်းဆုပ်ခံလိုက်ရ၏။

ယန်ကျီကူသည် အတွင်းကလီစာသန့်စင်ခြင်း အဆင့်ရှိသူ တစ်ဦး ဖြစ်သော်လည်း သူ၏ ရှေ့မှ လူအတွက်မူ ဤစွမ်းအားက ကလေးကစားစရာ ကဲ့သို့ ဖြစ်နေပေသည်။

"မင်းက ထျန်းယန် တာအိုဆရာဆီ သွားဖို့ ငါ့ကို လာရှာတာ မဟုတ်ဘူးလား... အခု ငါကိုယ်တိုင် မင်းကို ခေါ်သွားပေးမယ်ဆိုတော့ မင်းက ဘာလို့ ငြင်းဆန်နေရတာလဲ"

အေးစက်ပြီး လှောင်ပြောင်သော အသံက ယန်ကျီကူ၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး သူ၏ မျက်နှာကို ပို၍ပင် ဖြူရော်သွားစေခဲ့၏။

"ဟင့်အင်း! ငါ မသွားချင်ဘူး! ငါ မသွားချင်ဘူး! "

ယန်ကျီကူက အသံကျယ်ဖြင့် အော်ဟစ်လိုက်ပြီး ဓားကို အတင်း ဆွဲထုတ်ရန် ကြိုးစားသော်လည်း မရသဖြင့် ဓားကို စွန့်ပစ်ကာ အဝေးသို့ ရူးသွပ်စွာ ပြေးထွက်သွားခဲ့သည်။

"သွားမယ်၊ မသွားဘူးဆိုတာ မင်း ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး၊ ငါ ဆုံးဖြတ်ရမယ့်ကိစ္စ... ဟားဟားဟား! "

ဝါးခမောက်အောက်မှ ကြီးမားသော ရယ်မောသံ ထွက်ပေါ်လာ၏။

အင်ပါယာ မြို့တော် အတွင်း၌။

ချန်ဖေးက ဒုတိယမြောက် ဆိုင်ထဲမှ ထွက်လာခဲ့သည်။

အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်ဓားများကို ရောင်းချပြီးဖြစ်ရာ ယခုအခါ ချန်ဖေးအနေဖြင့် သူ၏ မူလဖိနှိပ်ခြင်း မှန်ကို ရောင်းရန် တတိယမြောက် ဆိုင်ကို ရှာဖွေရမည် ဖြစ်၏။

ဤသည်က အစစ်အမှန် ကြီးမားသော အရောင်းအဝယ်ဖြစ်ပြီး ချန်ဖေး၏ နောက်ထပ် ကျင့်ကြံရေး အရင်းအမြစ်များမှာ ဤမူလဖိနှိပ်ခြင်း မှန်အပေါ်တွင်သာ အဓိက မူတည်နေပေသည်။

All Chapters