← Chapters

အခန်း (၉၃၄-၉၃၆)

Vol. 63 Ch. 934-936

အခန်း (၉၃၄-၉၃၆)

Vol. 63 Ch. 934-936

အပိုင်း ( ၉၃၄ ) ထွက်ပေါက်မရှိခြင်း

အန္တာတိက အလယ်ပိုင်းရဲ့ မြေအောက်မှာ ကီလိုမီတာ ရာနဲ့ချီ ရှည်လျားတဲ့ ဥမင်လိုဏ်ခေါင်းမျိုး ရှိနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။ ဒီလို အဆောက်အဦးတစ်ခုက အင်ဂျင်နီယာပညာရပ်ရဲ့ အံ့ဖွယ်စွမ်းဆောင်ချက်တစ်ခု ဖြစ်နေရုံတင်မကဘဲ… အထူးသဖြင့် စစ်တပ်ရဲ့ စစ်ဗျူဟာမှူးတွေနဲ့ ပရော်ဖက်ဆာ အိုဘယ် လို ဗဟုသုတကြွယ်ဝတဲ့သူမျိုးက ဒီအရာ တည်ရှိနေမှန်း သိနေကြမှာ သေချာပါတယ်..။

သို့သော်လည်း ဘယ်သူမှ မသိခဲ့ကြပါဘူး..။

ဆန်နီ ခနလောက် တိတ်ဆိတ်နေခဲ့ပြီးမှ

အဘိုးအိုကို လှမ်းကြည့်လိုက်တယ်..။ ပရော်ဖက်ဆာ အိုဘယ် ကတော့ ရိုးရိုးရှင်းရှင်းပဲ ခေါင်းခါပြလာခဲ့ပါတယ်..။

“ငါလည်း မရှင်းပြနိုင်တော့ဘူး ထင်တယ်..။ဒါက… သိပ်တော့ အံ့ဩစရာမရှိပါဘူး…။ အိပ်မက်ဆိုး အခိုက်အတန့် ရောက်လာပြီးကတည်းက ဒီကမ္ဘာပေါ်မှာ သိပ္ပံပညာ… ဒါမှမဟုတ် ငါတို့ရဲ့ ကန့်သတ်ထားတဲ့ သိပ္ပံနည်းကျ နားလည်မှုတွေနဲ့ ရှင်းပြဖို့ မလွယ်တဲ့ အရာတွေ အများကြီး ရှိလာခဲ့တာပဲလေ…”

ဆန်နီ သက်ပြင်းချလိုက်တယ်..။

‘ကောင်းသွားတာပေါ့…’

အခု သူ ဘာလုပ်သင့်သလဲ…။

ဥမင်လိုဏ်ခေါင်းထဲမှာ သဘာဝတရားရဲ့ နိယာမတွေ ပျက်စီးနေတာ ဒါမှမဟုတ် ပုံစံတစ်မျိုးနဲ့ အလုပ်လုပ်နေတယ်ဆိုတာ ရှင်းလင်းနေခဲ့ပါပြီ..။လေဟာနယ်က တည်ရှိရမယ့် ပုံစံအတိုင်း ရှိမနေခဲ့ပါဘူး…။ဒါမှမဟုတ် သူတို့တွေက စစ်မှန်တဲ့ အမှောင်ထုကလွဲလို့ ဘာမှမရှိတဲ့ ထူးဆန်းတဲ့ ဒိုင်မန်းရှင်း တစ်ခုထဲကို ရိုးရိုးရှင်းရှင်းပဲ ရောက်ရှိသွားတာလည်း ဖြစ်နိုင်ပါတယ်..။

ဒါမှမဟုတ် သူတို့အားလုံးက တစ်ခြား စိတ်ပိုင်းဆိုင်ရာ ညှို့ယူမှုတစ်ခုခုရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေတာလည်း ဖြစ်နိုင်တာပါပဲ..။ ဒါမှမဟုတ် သူတို့အားလုံးက သားရဲအုပ်စုကြီးရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အခုတော့ အဆုံးမရှိတဲ့ ငရဲခန်းထဲမှာ ကျင်လည်နေရတာလည်း ဖြစ်နိုင်ပါသေးတယ်။

ဘယ်သူက သိနိုင်မှာလဲ…။

ဆန်နီ စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲလိုက်ရင်း… သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုကို မြှင့်တင်ဖို့အတွက် ထာဝရချိန်း ရဲ့ အပေါ်မှာ အရိပ်လေးခုလုံးကို ရစ်ပတ်လိုက်တယ်..။ ဘာမှ ပြောင်းလဲမသွားခဲ့ပါဘူး…။ စိတ်ဖိစီးမှုပေးနေတဲ့ အမှောင်ထုက ပျောက်ကွယ်မသွားခဲ့သလို… ပိုပြီးတော့တောင် နိမိတ်မကောင်းသလို ခံစားနေခဲ့ရပါတယ်..။

သူ ခနလောက် မျက်လုံးမှိတ်ထားလိုက်တယ်..။

“ကောင်းပြီလေ…။ အခုထိတော့ မထိတ်လန့်ကြသေးနဲ့ဦး…”

ဆန်နီ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ဥမင်လိုဏ်ခေါင်းရဲ့ တံတိုင်းနံရံဆီ လျှောက်သွားကာ လက်သီးနဲ့ ထိုးချလိုက်တယ်..။ တုန်လှုပ်စရာကောင်းတဲ့ အသံကျယ်ကြီးက ဥမင်လိုဏ်ခေါင်းထဲ ပဲ့တင်ထပ်သွားပြီး အမှောင်ထုထဲ ပျောက်ကွယ်သွားခဲ့ပါတယ်..။ သူ့ရဲ့ သံမဏိ လက်သီး ကျရောက်သွားတဲ့နေရာမှာတော့ သေးငယ်တဲ့ အချိုင့်တစ်ခု ပေါ်လာခဲ့ပြီး အေးစက်တဲ့ ကျောက်တုံးပေါ်မှာ အက်ကြောင်းတစ်ခု ဖြာထွက်သွားခဲ့တယ်..။

“အားလုံး ယာဉ်တွေထဲ ပြန်ဝင်ကြတော့…”

လူတိုင်းက မေးခွန်းထုတ်မနေဘဲ သူ့ရဲ့ ညွှန်ကြားချက်ကို လိုက်နာခဲ့ကြတယ်..။ ယာဉ်တန်းက ရှေ့ကို ဆက်လက် ရွေ့လျားခဲ့ပါတယ်..။ သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဆန်နီက ဆယ်မိနစ်အကြာမှာ ယာဉ်တန်းကို ရပ်ခိုင်းလိုက်ပြီး ရိုင်နို ထဲကနေ တစ်ယောက်တည်း ထွက်လာခဲ့တယ်..။

သူ့ခန္ဓာကိုယ်မှာ အရိပ်တွေကို ပတ်ယှက်ထားရင်း… သူက လမ်းကို အလင်းပေးဖို့အတွက် ရက်စက်သော မြင်ကွင်း ရဲ့ [ အလင်း စားသုံးသူ ] တိုးမြှင့်မူ ကို အသက်သွင်းလိုက်ကာ အမှောင်ထုထဲကို နောက်ကြောင်းပြန် ပြေးသွားခဲ့တယ်..။ ယာဉ်တွေထက် အများကြီး ပိုမြန်တဲ့ အရှိန်နဲ့ ရွေ့လျားရင်း သူက မကြာခင်မှာပဲ ယခင်ရပ်ခဲ့တဲ့ နေရာကို ရောက်ရှိသွားပြီး အက်ကွဲနေတဲ့ တံတိုင်းအပိုင်းအစကို သေသေချာချာ စစ်ဆေးလိုက်ကာ အဲ့ဒီနောက်မှာ ပြန်လာခဲ့လိုက်တယ်..။

ယာဉ်တန်းက နောက်ထပ် ဆယ်မိနစ်လောက် ထပ်ရွေ့လျားခဲ့ပါတယ်..။ ယင်းနောက်မှာတော့ ဆန်နီက ယာဉ်တွေကို ဂီယာနောက်ပြန်ထိုးပြီးဆုတ်ဖို့ အမိန့်ပေးလိုက်တယ်…။ဥမင်လိုဏ်ခေါင်းက ရိုင်နို နဲ့ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေ ကွေ့ဖို့အတွက် လုံလောက်အောင် ကျယ်ဝန်းမနေခဲ့ပါဘူး။ဒါကြောင့် နောက်ပြန်မောင်းကြရတာပါ..။

အချိန်အတော်ကြာပြီးနောက်မှာတော့ သူက ရပ်ဖို့ အမိန့်ပေးလိုက်တယ်..။

‘…ဒါက မကောင်းတော့ဘူး…’

သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ရပ်တွေက အကြောင်းရင်းမရှိဘဲ လုပ်နေတာ မဟုတ်ပါဘူး..။

ဆန်နီဟာ ဥမင်လိုဏ်ခေါင်းအတွင်းမှာ အရင်က ရောက်ရှိခဲ့ဖူးတဲ့ နေရာတစ်ခုဆီကို ပြန်သွားလို့ရတယ်ဆိုတာ သိထားခဲ့ပြီးသားပါ…။ဘယ်လီ၊ ဒွန်း နဲ့ သူကိုယ်တိုင်လည်း..ကင်းထောက်နေစဉ်အတွင်းမှာ ခြောက်ကီလိုမီတာလောက် လမ်းလျှောက်ခဲ့ကြပြီး..ယာဉ်တန်းဆီ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာခဲ့ကြတာပါပဲ..။

သူပထမဆုံး ရပ်ခိုင်းခဲ့တာကတော့ အဲ့ဒီသဘောတရားက အခုထိ အကျုံးဝင်နေသေးလားဆိုတာ သေချာအောင် လုပ်ဖို့ပါ..။ အမှန်တကယ်ပဲ… သူက ငါးကီလိုမီတာ အကွာအဝေးကနေ မှတ်သားထားတဲ့ တံတိုင်းနံရံဆီကို ပြန်သွားနိုင်ခဲ့ပါတယ်..။

ဒုတိယအကြိမ် ရပ်ခိုင်းတာကတော့ အကွာအဝေး ပိုဝေးသွားရင် တစ်ခုခု ပြောင်းလဲသွားမလားဆိုတာ စမ်းသပ်ဖို့ပါပဲ…။ပြီးတော့ အဲဒါက အမှန်တကယ်ပဲ ပြောင်းလဲသွားခဲ့ပါတယ်..။

သူတို့တွေဟာ သူ့ရဲ့ လက်သီးရာနဲ့ အက်ကြောင်းကို မြင်တွေ့သင့်နေပြီ ဖြစ်ပေမယ့် အဲ့နေရာမှာ ဘာမှ ရှိမနေခဲ့ပါဘူး..။ငါးကီလိုမီတာနဲ့ ဆယ်ကီလိုမီတာ ကြားက အချိန်တစ်ခု အရောက်မှာတော့ ဒီအမှတ်အသားက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ပါတယ်..။

ဒါက ဆန်နီအတွက်တော့ အတော်ကို ဆိုးဝါးတဲ့ သတင်းဆိုးပါပဲ..။ ဒါက သူတို့တွေဟာ ဥမင်လိုဏ်ခေါင်းရဲ့ ပြိုကျနေတဲ့ ဝင်ပေါက်ဆီကို ပြန်သွားလို့ မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ် ပါ..။ နောက်ကြောင်းပြန်လှည့်မယ့်လမ်း နဲ့ မြေပြင်ပေါ်ကို လွတ်မြောက်ဖို့ သူစဉ်းစားထားတဲ့ ဒုတိယရွေးချယ်မှုက တည်ရှိမနေတော့ပါဘူး..။

ဆန်နီ အမှောင်ထုထဲကို စိုက်ကြည့်နေရင်း သူ့ရဲ့ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသလို ခံစားလိုက်ရတယ်..။

တကယ်လို့ သူသာ ကင်းထောက်အဖွဲ့ကို နောက်ထပ် ကီလိုမီတာ အနည်းငယ်လောက် ထပ်ပြီး ခေါ်သွားမိခဲ့ရင်… သူတို့တွေက ယာဉ်တန်းနဲ့ ထာဝရ ကွဲကွာသွားကြမှာလား…။ သူတို့ရဲ့ လက်ကျန်ဘဝတစ်လျှောက်လုံး အမှောင်ထုထဲမှာ လမ်းပျောက်ပြီး လျှောက်သွားနေရမယ့် ကံကြမ္မာမျိုး ကြုံရတော့မှာလား…။

သူက ဘာမှမသိပဲ ဘေးဒုက္ခကြီးနဲ့ အရမ်းကို နီးကပ်သွားခဲ့တာပါ..။

‘ငါ ကံကောင်းသွားခဲ့တာပဲ…’

သူ့ရဲ့ အဆိုးဆုံး ကြောက်ရွံ့မှုတွေထဲက တစ်ခုက လက်တွေ့ဖြစ်လာခဲ့ပါပြီ..။ ဆန်နီဟာ သူ့အနေနဲ့ တိုက်ခိုက်လို့ရတဲ့ ရန်သူမျိုးဆိုရင် ဘယ်လောက်ပဲ စွမ်းအား ကြီးမားပါစေ အကောင်းဆုံး တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်..။ သို့ပေမယ့် အခုသူတို့ ရောက်ရှိနေတဲ့ အခြေအနေလိုမျိုး…မြင်လည်းမမြင်ရ ရှင်းပြလို့လည်း မရတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ အတွေ့ မှာတော့ သူကလည်း အခြားသူတွေလိုပဲ တန်ဖို့မဲ့နေခဲ့ပါတယ်။

ဒီခြောက်ခြားစရာ အရာက ဘာသတိပေးချက်မှမပေးပဲ သူတို့အားလုံးကို တိတ်တဆိတ် ဝါးမြိုသွားနိုင်တာပါ..။

ဒီတိုင်း တည်ရှိနေရုံနဲ့တင်ပဲ..။

ဒီလိုမျိုး ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက်ဆိုရင် ကတ်စီ လို လူမျိုးကို ကျိန်းသေ လိုအပ်ပါတယ်..။ စိတ်မကောင်းစရာကတော့ သူမက အဝေးကြီးမှာ ရှိနေခဲ့ပြီး… ကျန်တဲ့ မီးစောင့်ရှောက်သူတွေ နဲ့အတူ ဗာလာ နဲ့ ကီဆောင် ကြားက စစ်ပွဲအတွက် ပြင်ဆင်နေလောက်ပါပြီ..။

‘…ချီးတဲ့မှပဲ…’

သူက ဥမင်လိုဏ်ခေါင်းရဲ့ ကျောက်တံတိုင်းတွေကို ကြည့်လိုက်ပြီးနောက် ယာဉ်တန်းရဲ့ ပျက်စီးနေတဲ့ ယာဉ်တွေကို လှမ်းကြည့်လိုက်တယ်..။ ဒီယာဉ်တွေထဲမှာ သူကယ်တင်ပါ့မယ်လို့ ကတိပေးထားတဲ့ အရပ်သား လေးရာနီးပါး ရှိနေခဲ့တာပါ… ။သူက လူလိမ်တစ်ယောက် ဖြစ်သွားတော့မှာလား…။ ဆန်နီ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီးမှ မျက်တောင်ခတ်လိုက်တယ်..။

‘နေဦး… ငါ ဘာလို့ပေါက်ကရတွေ တွေးနေတာလဲ…။ ငါက အမြဲတမ်း လူလိမ်တစ်ယောက် ဖြစ်နေခဲ့တာပဲ မဟုတ်ဘူးလား…။ အသစ်ဖြစ်လာစရာ ဘာအကြောင်းမှမရှိဘူး…’

သူ အသက်ပြင်းပြင်း ရှူလိုက်တယ်..။

‘မဟုတ်ဘူး… မဟုတ်ဘူး… အကုန်အဆင်ပြေတယ်..။ ငါ ထွက်ပေါက်တစ်ခုခု ရှာတွေ့မှာပါ…’

ဘာပဲဖြစ်ဖြစ် သူက ဒီထောင်ချောက်ရဲ့ သဘောသဘာဝကို နားလည်နေဖို့ မလိုပါဘူး..။ သူက အဲဒါကို ဖျက်ဆီးပစ်ဖို့ပဲ လိုအပ်တာပါ..။

တစ်နည်းနည်းနဲ့ပေါ့…။

ဆန်နီ သူ့မျက်နှာကို ပွတ်သပ်လိုက်ရင်း အမှောင်ထုကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်ကာ… ရိုင်နို ကို ရှေ့ဆက်မောင်းဖို့ လူစတာ ကို လက်ဟန်ပြလိုက်တယ်..။ပထမဆုံးအနေနဲ့ သူတို့က ဒီထူးဆန်းပြီး အဆုံးမရှိတဲ့ ဥမင်က အမှန်တကယ်ပဲ အကန့်အသတ် မရှိဘူးလားဆိုတာ သေချာအောင် လုပ်ရပါမယ်..။

ယာဉ်တန်းက အမှောင်ထုကို ဖြတ်သန်းပြီး တစ်ကီလိုမီတာပြီး တစ်ကီလိုမီတာ ခရီးနှင်ခဲ့ကြတယ်..။ ဘာမှ ပြောင်းလဲမသွားဘဲ နောက်ထပ် နာရီပေါင်းများစွာ ကုန်လွန်သွားခဲ့ပြန်ပါတယ်..။ ယင်းနောက်မှာတော့ နောက်ထပ် အချိန်အချို့ထပ်ကုန်သွားပြန်တယ်။

နောက်ဆုံးမှာတော့ တစ်ရက်လုံး ကုန်ဆုံးသွားခဲ့ပါပြီ..။ ပင်ပန်းနွမ်းနယ်နေတဲ့ ဒုက္ခသည်တွေနဲ့ သာမန်စစ်သားတွေကြားထဲမှာ ကြောက်ရွံ့ ထိတ်လန့်တဲ့ အရိပ်အယောင်က ဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့တယ်..။ အထူးတပ်ဖွဲ့ ဝင်တွေတောင်မှ စိုးရိမ်နေပုံရပါတယ်..။

ဆန်နီက အားလုံးကို ရပ်နားပြီး စခန်းချဖို့ အမိန့်ပေးလိုက်တယ်..။ လူတွေက အနားယူဖို့ လိုအပ်နေခဲ့တာကြောင့်… ရှေ့ကို အတင်းရှေ့ဆက်တိုးနေလို့လည်း ဘာမှ ကောင်းလာမှာ မဟုတ်ပါဘူး..။

စစ်သားတွေက အစားအစာ ချက်ပြုတ်ပြီး အရပ်သားတွေအတွက် အိပ်စက်မယ့်နေရာတွေကို စီစဉ်ပေးနေကြစဉ်မှာပဲ… ဆန်နီ က သူတို့နဲ့ အနည်းငယ်ဝေးတဲ့နေရာကို လျှောက်သွားခဲ့ပြီး ဆာဂျင် ဂီရီ ကို လှမ်းခေါ်လိုက်တယ်..။

ဆာဂျင် ဂီရီ က အမှောင်ထုထဲမှာ တစ်ဝက်လောက် နစ်မြုပ်နေတဲ့ ဆန်နီ ဆီကို အပြေးလာခဲ့ပြီး အက်ကွဲနေတဲ့ လေသံနဲ့ မေးလိုက်ပါတယ်..။

“ဟုတ်ကဲ့ ကပ္ပတိန်…။ တစ်ခုခု လိုအပ်လို့လား …”

ဆန်နီ ယာဉ်တန်းကို ပြန်ကြည့်ရင်း ခနလောက် တုံ့ဆိုင်းနေခဲ့တယ်..။ယင်းနောက် သူက ဆာဂျင်ကို ကြည့်ပြီး ပြောလိုက်ပါတယ်..။

“အင်း…ကျွန်တော် ခင်ဗျားကို မေးစရာ မေးခွန်းနှစ်ခု ရှိတယ်…။ကျုပ်တို့မှာ ရိက္ခာ ဘယ်လောက်ကျန်သေးလဲ…။ ပြီးတော့ သယ်ယူပို့ဆောင်ရေးယာဉ်တွေရဲ့ လောင်စာဆီတွေက ဘယ်လောက်အထိ ခံနိုင်ဦးမလဲ…”

အပိုင်း ( ၉၃၄ ) ပြီး၏။

အပိုင်း ( ၉၃၅ ) လမ်းပျောက်နေခြင်း

ယာဉ်တန်းက လူတွေ အနားယူဖို့ ပြင်ဆင်နေကြတဲ့ အချိန်မှာတော့… ဆန်နီကတော့ နက်မှောင်တဲ့ အမူအရာနဲ့ သူတို့ကို စောင့်ကြည့်နေခဲ့တယ်..။ နောက်ဆုံးမှာတော့ သူ မျက်မှောင်ကျုတ်လိုက်ပြီး ရိုင်နို ထဲကို ပြန်ဝင်လာခဲ့ပါတယ်..။

ဒီနေရာမှာတော့ အထူးတပ်ဖွဲ့ ဝင်တွေဟာ ဘာလုပ်ရမှန်းမသိဘဲ စောင့်ဆိုင်းနေကြတာပါ..။ သူ့မှာလည်း အဖြေ ရှိမနေခဲ့ပေမယ့် ဆန်နီအနေနဲ့ သူတို့ရဲ့ နောက်ထပ်ခြေလှမ်းတွေက ဘာဖြစ်မလဲဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်..။

သူ ခနလောက် တုံ့ဆိုင်းနေခဲ့တယ်..။

“လူစတာ၊ ဆမ်မာရာ နဲ့ ဒွန်း…။ မင်းတို့ အိပ်စက်ပြီးတော့ ငါတို့ရဲ့ အခြေအနေကို သွားပြီး အစီရင်ခံလိုက်ကြဦး…။ စစ်တပ်ကွပ်ကဲမှုဌာနက ငါတို့ ဒီမှာ ရင်ဆိုင်နေရတဲ့ အရာနဲ့ ပတ်သက်ပြီး တစ်ခုခု သိထားနိုင်ခြေ ရှိတယ်…”

ဒီခြောက်ခြားဖွယ် အမှောင်ဥမင်ကြီးက နိမိတ်မကောင်းတဲ့ သဘောသဘာဝ ရှိနေပေမယ့်လည်း အခြေအနေတွေက ထင်သလောက်တော့ မဆိုးသေးပါဘူး..။ ယာဉ်တန်းဟာ ပထမဆုံး ရွှေ့ပြောင်းကယ်ဆယ်ရေး စစ်တပ်ကြီးရဲ့အကူအညီတွေနဲ့ ပြတ်တောက်နေတာ မှန်ပေမယ့်… အဖွဲ့နဲ့ သူတို့ရဲ့ အထက်လူကြီးတွေကြားမှာ အချက်အလက်တွေကတော့ စီးဆင်းနေဆဲ ဖြစ်ပါတယ်..။

အစိုးရရဲ့ ဒေတာဘေ့စ်တွေထဲက တစ်နေရာရာမှာတော့ ဒီ အဆုံးမရှိတဲ့ အမှောင်ထုထဲကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတဲ့ သဲလွန်စ ရှိနေလောက်ပါတယ်..။ အရင်က ဘယ်သူမှ ဒီအရာရဲ့ မြစ်ဖျားခံရာကို မရင်ဆိုင်ခဲ့ဖူးရင်တောင်မှ လူတွေက အတိတ်တုန်းက ဒီလိုမျိုး ဆင်တူတဲ့ အရာတစ်ခုခုနဲ့ ထိပ်တိုက်တွေ့ဖူးကြမှာပါ..။

…တကယ်လို့ အဆင်မပြေခဲ့ရင်တော့ ဆန်နီကိုယ်တိုင် အိပ်မက်ကမ္ဘာထဲကို ဝင်ရောက်ပြီး ကတ်စီ ကို သွားရှာရမှာ ဖြစ်ပါတယ်..။ သူမရဲ့ စွမ်းအားကြီးမားတဲ့ ရှေ့ဖြစ်ဟော စွမ်းရည်တွေနဲ့ဆိုရင် ဒါက သူ့အတွက် အကောင်းဆုံး မျှော်လင့်ချက်ပဲ ဖြစ်ပါလိမ့်မယ်..။ ဒီထက် ပိုတာကတော့ သူက တပ်မက်ခြင်းသေတ္တာ ရဲ့ အကူအညီနဲ့ ဆင်စွယ်ရောင် တာဝါ ထဲကနေ အစားအစာတွေနဲ့ တခြား ထောက်ပံ့ရေးပစ္စည်းတွေကို သယ်ဆောင်လာနိုင်တာကြောင့် သူ့ရဲ့ လူတွေ ငတ်ပြတ်မသွားနိုင်ပါဘူး..။

လောလောဆယ်တော့ အချိန်က သူတို့ရဲ့ ရန်သူ မဟုတ်ပေ..။ သူတို့က ဒီပဟေဠိကို ဖြေရှင်းဖို့နဲ့ လွတ်မြောက်ဖို့ နည်းလမ်းကို ရှာဖွေဖို့ပဲ လိုအပ်တာပါ..။

သူ သက်ပြင်းချလိုက်တယ်..။

‘အခြေအနေတွေက ပိုပြီး ဆိုးမလာခဲ့ရင်ပေါ့…’

ဘာပဲဖြစ်ဖြစ် အခုထိတော့ ထိတ်လန့်နေဖို့ မလိုသေးပါဘူး..။ ဆန်နီဟာ သူ့ရဲ့ စစ်သား သုံးယောက် အိပ်စက်ခြင်း သေတ္တာတွေထဲ ဝင်သွားတာကို စောင့်ကြည့်လိုက်ပြီးနောက် ကျန်တဲ့သူတွေကိုတော့ ဒုက္ခသည်တွေကို စောင့်ကြပ်ဖို့ လွှတ်လိုက်ပါတယ်..။

သူ့ရဲ့ အာရုံခံစားမှုတွေ မှေးမှိန်ပြီး စိတ်ဖိစီးစေတဲ့ အမှောင်ထုကတော့ ရှိနေဆဲဖြစ်လို့ ဆန်နီရဲ့ အာရုံကြောတွေကို နှောက်ယှက်နေခဲ့တယ်..။ သူလည်း အတော် ပင်ပန်းနေခဲ့ပါပြီ..။

‘အနည်းဆုံးတော့ ဒီမှာက ခေါ်သံ ရှိမနေဘူးပဲ…’

တကယ်တော့ ဒါက ဆန်နီအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ခေါ်သံကို လုံးဝမကြားရတာပါ..။ အန္တာတိက အလယ်ပိုင်းဇုန်ရဲ့ တခြားနေရာတိုင်းမှာတော့ .. နိုးထသူတွေရဲ့ နားထဲမှာ ခေါ်သံတွေတီးတိုးရေရွတ်နေခဲ့တာ ဖြစ်ပေမယ့် ဒီအမှောင်ဥမင်ထဲမှာတော့ ဒီတီးတိုးသံတွေက ပျောက်ကွယ်နေခဲ့တယ်..။ ဒါက ကောင်းတဲ့လက္ခဏာလား ဒါမှမဟုတ် နိမိတ်ဆိုးလားဆိုတာ ကိုတော့ သူ သေချာမသိပါဘူး..။

‘မကြာခင် သိရမှာပေါ့…’

ယာဉ်တန်းရဲ့ ယာယီစခန်းကို စောင့်ကြည့်ဖို့ သူ့ရဲ့ အရိပ်တွေကို အမိန့်ပေးပြီးနောက် ဆန်နီကိုယ်တိုင်လည်း အိပ်စက်မယ့် အခန်းငယ်ထဲကို တက်လာခဲ့လိုက်တယ်..။ သူ အိပ်ပျော်ပြီးနောက်မှာ အခြေအနေတွေ ပိုကောင်းလာမှာပါ…။ အနည်းဆုံးတော့ သူ့ရဲ့ ဝိဥာဉ်အဆီအနှစ် တွေက အနည်းငယ် ပြန်ပြည့်လာမှာ ဖြစ်ပါတယ်..။ အဲဒါတစ်ခုတည်းနဲ့တင် သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှုရှိလာစေဖို့ လုံလောက်နေခဲ့ပါပြီ..။

ဒီညမှာတော့ ဆန်နီ အိပ်မက်ဆိုးတစ်ခု မက်ခဲ့တယ်..။ သူက စွန့်ပစ်ခံသူရဲကောင်း ရဲ့ ဗိုက်ဖောက်ခြင်းကို ခံရပြီး တွားသွားခဲ့ရတဲ့ ကျင်းအကြောင်း နဲ့ အေးစက်တဲ့ အမှောင်ထုအကြောင်းကို အိပ်မက်မက်ခဲ့တာပါ..။ ဒါက အံ့ဩစရာတစ်ခု ဖြစ်ခဲ့ရတယ်… ။ဘာလို့လဲဆိုတော့ သူက အေးအေးဆေးဆေး အိပ်ပျော်တတ်ဖို့ ကျင့်သားရနေခဲ့လို့ပါ… ။မျှော်လင့်ချက်ဘုရင့်နိုင်ငံတော် ကတည်းက သူ့ရဲ့ အိပ်မက်တွေကို များသောအားဖြင့် အိပ်မက်ဆိုး မြင်း က ကာကွယ်ပေးထားခဲ့တာပါ..။ တကယ်လို့ အိပ်မက်ဆိုးတစ်ခု ပေါ်လာခဲ့ရင် အဲဒါက အရိပ် မြင်းဇာတ်ကောင်ရဲ့ ဖျက်ဆီးခြင်း ဒါမှမဟုတ် အနိုင်ယူခြင်းကို ချက်ချင်း ခံရ စမြဲပါပဲ..။

ဒါပေမယ့် အခုတော့ အိပ်မက်ဆိုးမြင်း ကိုယ်တိုင်က ဒဏ်ရာတွေရရှိပြီး အိပ်စက်နေခဲ့တာကြောင့် ဆန်နီမှာ သူ့ရဲ့ ကာကွယ်မှုကို မရရှိပဲ ဖြစ်နေခဲ့တယ်..။

‘…ကံမကောင်းလိုက်တာ…’

ဆန်နီဟာ စိတ်ကျေနပ်အောင် အနားမရခဲ့ဘူးလို့ ခံစားနေရရင်း ရိုင်နို ရဲ့ ကွပ်ကဲမှုအခန်းဆီ လျှောက်သွားလိုက်ပြီး စခန်းရဲ့ အခြေအနေကို အရိပ်အမြွက် မြင်တွေ့နိုင်ဖို့ မော်နီတာတွေကို စစ်ဆေးလိုက်တယ်..။ အရာအားလုံးကတော့ အစီအစဉ်အတိုင်း ရှိနေပုံရပါတယ်…။ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် အရိပ်တွေက သူ့ကို နှိုးမှာ ဖြစ်ပေမယ့် ကိုယ်တိုင် သေချာအောင် လုပ်ရတာက ပိုကောင်းပါတယ်..။

သူ ခနလောက် ရပ်နေခဲ့ပြီးမှ ကော်ဖီအချို့ ဖျော်ဖို့အတွက် မီးဖိုချောင်ဧရိယာဘက်ကို လျှောက်သွားခဲ့လိုက်တယ်..။ အချိန်အတန်ကြာပြီးနောက် အငွေ့တထောင်ထောင် ထွက်နေတဲ့ ခွက်ကို ကိုင်ဆောင်ရင်း ဆန်နီက ဧည့်ခန်းဧရိယာဆီ ပြန်လာခဲ့ပြီး နံရံတစ်ခုကို မှီလိုက်ပါတယ်..။သူက တခြားလုပ်စရာ မရှိတာကြောင့် အိပ်စက်မယ့် အခန်းငယ်တွေထဲက အိပ်စက်ခြင်း သေတ္တာ တွေကိုပဲ စိုက်ကြည့်နေခဲ့မိတယ်..။

သူ အိပ်မက်ကမ္ဘာထဲကို လွှတ်ထားတဲ့ နိုးထသူတွေက မကြာခင် ပြန်ရောက်လာကြတော့မှာပါ..။

နောက်ဆုံး သူ့ရဲ့ ကော်ဖီ ကုန်ခါနီးနေတဲ့ အချိန်မှာပဲ သေတ္တာတွေထဲက တစ်ခုက ဘေးဘက်ကို လျှောပွင့်သွားပြီး အတွင်းထဲက အိပ်စက်ခြင်းသေတ္တာကို ဖော်ပြလာခဲ့တယ်..။ အဲ့နေရာမှာ တော့..လူစတာ က သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ဆန်နီကို တည့်တည့် လှမ်းကြည့်လိုက်ပါတယ်..။

ယင်းနောက် လူငယ်က လန့်ဖျန့်သွားတဲ့ မျက်နှာအမူအရာနဲ့အတူ နောက်ကို ရုတ်တရက် ဆုတ်သွားခဲ့ပါတယ်..။

“က…ကပ္ပတိန်…ဆရာ ဒီမှာ ဘာလုပ်နေတာလဲ…”

ဆန်နီ ခွက်ကို သူ့နှုတ်ခမ်းဆီ အသံတိတ် ယူဆောင်လိုက်ပြီး တစ်ငုံ သောက်လိုက်တယ်..။

“ငါ ကော်ဖီသောက်နေတာလေ အရူးရဲ့..။ ငါ ဘာလုပ်နေတာနဲ့ တူနေလို့လဲ…”

လူစတာ ပါးစပ်ဟလိုက်ပြီးမှ ပြန်ပိတ်သွားခဲ့တယ်..။ သူက အတော်လေး ဇဝေဇဝါ ဖြစ်နေပုံရပါတယ်..။

“မဟုတ်ဘူး… ကျွန်တော် ဆိုလိုတာက ဆရာ ကျွန်တော့်ရဲ့ ခံတပ် ထဲကို ဘယ်လိုလုပ် ရောက်နေတာလဲ…။ ဆရာ ဒီကို ဘယ်လို ရောက်လာတာလဲ…။ ဒါက မဖြစ်… နေဦး…”

သူက နောက်ဆုံးမှာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး.. ရိုင်နို ထဲမှာပဲ ရှိနေသေးတယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ်..။သို့ပေမယ့်

လူစတာရဲ့ ဇဝေဇဝါ ဖြစ်မှုက ပိုပြီးတော့တောင် ကြီးထွားလာပုံရပါတယ်..။

“ဒါက… ကျွန်တော့်ရဲ့ ခံတပ် မဟုတ်ဘူး…”

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး လူငယ်ရဲ့ မျက်နှာအမူအရာကို အကဲခတ်လိုက်တယ်..။

“မင်းက ဘာလို့ မင်းကိုယ်မင်း ခံတပ်တစ်ခုထဲမှာ ရှိနေတယ်လို့ တွေးရတာလဲ…”

လူစတာ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။

“…ဟို… အရာရာက ဒီလိုပဲ အလုပ်လုပ်တာ မဟုတ်ဘူးလား…။ လက်တွေ့ကမ္ဘာမှာ အိပ်ပျော်သွားရင် အိပ်မက်ကမ္ဘာဆီ ရောက်သွားရတာလေ…”

‘မဖြစ်နိုင်တယ…’

ဆန်နီ ခနလောက် မျက်လုံးမှိတ်ထားလိုက်တယ်..။

“ဒါဆို မင်းပြောချင်တာက မင်းက အိပ်မက်ကမ္ဘာကနေ ပြန်မလာခဲ့ဘူးပေါ့…။ မင်းက နိုးထခြင်းကမ္ဘာမှာ အိပ်ပျော်သွားပြီး လက်တွေ့ကမ္ဘာမှာပဲ နိုးလာတာလား…”

လူစတာက စိုးရိမ်တကြီးနဲ့ ရယ်မောလိုက်တယ်..။

“ဟာ… အဲ့ဒါက မဖြစ်နိုင်တာပဲ…။ နိုးထသူတွေက အိပ်ပျော်တဲ့အချိန်မှာ လက်တွေ့ကမ္ဘာမှာ ရှိမနေကြဘူးလေ ။ ဒါပေမယ့်လည်း… ဟုတ်တယ် ထင်တယ်…။ ကျွန်တော် နောက်ဆုံး မှတ်မိတာကတော့ အိပ်စက်ခြင်း သေတ္တာထဲမှာ နေရာဝင်ယူခဲ့တာပဲ… ဆရာ…”

ဆန်နီရဲ့ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားခဲ့တယ်..။

မဖြစ်နိုင်တဲ့အရာက အခုလေးတင် ဖြစ်ပျက်သွားခဲ့ပုံရပါတယ်..။ နိုးထသူတစ်ယောက်က အိပ်မက်ကမ္ဘာဆီကို ကူးပြောင်းမသွားဘဲ အိပ်ပျော်သွားခဲ့တာပါ..။

လူစတာရဲ့ ဝိဥာဉ်က ဒီအမှောင်ဥမင်ထဲမှာပဲ ကျန်ရှိနေခဲ့တယ်..။

…မကြာခင်မှာ နိုးလာခဲ့ကြတဲ့ ကင်မ် နဲ့ ဆမ်မာရာ တို့ရဲ့ ဝိဥာဉ်တွေလည်း အတူတူပါပဲ။ ရလဒ်ကတော့ အတူတူ ဖြစ်နေခဲ့တာကြောင့် သူတို့တွေက ဇဝေဇဝါနဲ့ လန့်ဖျန့်နေခဲ့ကြတာပါ..။ သူတို့ သုံးယောက်ထဲက ဘယ်သူမှ ခံတပ်တစ်ခုဆီကို မရောက်ရှိနိုင်ခဲ့ကြပါဘူး..။

‘ဒါက မကောင်းဘူး… လုံးဝကို မကောင်းဘူး…’

ဆန်နီ ဘာမှ အများကြီး မပြောတော့ဘဲ သူ့ရဲ့ အတွင်းစိတ်ဆီကို အာရုံပြုလိုက်ပြီး… အိပ်မက်ကမ္ဘာမှာရှိတဲ့ သူ့ရဲ့ ကျောက်ဆူးရဲ့ ဆွဲငင်မှုကို ခံစားဖို့ ကြိုးစားလိုက်ပါတယ်..။ ပုံမှန်အားဖြင့်တော့ သူက ဒီကျောက်ဆူးအပေါ်မှာ စိတ်အာရုံ စုစည်းထားသရွေ့ ကမ္ဘာတွေကို ဖြတ်သန်းသွားလာမယ့် ဖြစ်စဉ်ကို စတင်နိုင်မှာ ဖြစ်ပါတယ်..။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဘာမှ ရှိမနေခဲ့ပါဘူး..။ သူ ဘယ်လောက်ပဲ ရှာဖွေပါစေ သူ့ရဲ့ ဝိဥာဉ်က အိပ်မက်ကမ္ဘာရဲ့ ဆွဲငင်မှု ကင်းမဲ့နေခဲ့ပါတယ်..။

ဆင်စွယ်ရောင် တာဝါ နဲ့ သူ့ရဲ့ ဆက်သွယ်မှုက ခေါ်သံလိုမျိုးပဲ ပျောက်ကွယ်သွားခဲ့ရပါပြီ..။

ဆန်နီ ရုတ်တရက် အေးစက်သွားပြီး..အိပ်ပျော်နေကြတဲ့ ရာနဲ့ချီတဲ့ ဒုက္ခသည်တွေကို လှမ်းကြည့်လိုက်မိတယ်..။

‘…ဒါက ဘယ်လို ငရဲလို နေရာမျိုးလဲ…’

အပိုင်း ( ၉၃၅ ) ပြီး၏။

အပိုင်း ( ၉၃၆ ) လွဲချော်နိုင်သမျှ အရာအားလုံး

‘ဒီလိုမျိုး တစ်ခုခု ဖြစ်လာမယ်ဆိုတာ ငါ ကြိုသိခဲ့သင့်တယ်…’

ပရော်ဖက်ဆာ အိုဘယ် နဲ့ စကားပြောခဲ့ဖူးတဲ့ အကြိမ်တွေထဲက တစ်ခုမှာ ဆန်နီဟာ မာဖီရဲ့နိယာမ လို့ ခေါ်တဲ့ အရာတစ်ခုအကြောင်း ကြားဖူးခဲ့တယ်..။ လွဲချော်နိုင်သမျှ အရာအားလုံးဟာ လွဲချော်သွားလိမ့်မယ်… ။ဆန်နီကတော့ မာဖီဆိုတာ ဘယ်သူလဲဆိုတာ မသိသလို ဒီလူက ဘာလို့ ကမ္ဘာကြီးကို စိုးမိုးထားတဲ့ နိယာမတွေကို သတ်မှတ်နိုင်တဲ့ အခြေအနေမှာ ရှိနေခဲ့လဲဆိုတာလည်း မသိပါဘူး..။ သို့ပေမယ့် အဲဒီနိယာမရဲ့ မှန်ကန်မှုကိုတော့ ငြင်းပယ်ဖို့ ခက်ခဲလှပါတယ်..။

…ဒီလိုမျိုး ငြင်းပယ်လို့မရတဲ့ စည်းကမ်းတစ်ခုကို တွေးမိဖို့ဆိုရင် အဲဒီ မာဖီဆိုတဲ့လူကလည်း သူ့လိုပဲ ဇွဲကောင်းတဲ့ ပိုးဟပ်တစ်ကောင်လို လူမျိုး ဖြစ်ခဲ့တဲ့ပုံပါပဲ..။

ဘာပဲဖြစ်ဖြစ် အခု ဖြစ်ပျက်သွားတာက အဲ့ပုံစံအတိုင်း အတိအကျပါပဲ..။ အရာအားလုံးက လွဲချော်ကုန်ခဲ့ပါပြီ..။ ဆန်နီဟာ အိပ်မက်ကမ္ဘာကနေတစ်ဆင့် အချက်အလက်တွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ရရှိဖို့ မျှော်လင့်ခဲ့ပေမယ့် အခုတော့ ဒီမျှော်လင့်ချက်က ပျက်စီးသွားခဲ့ပါပြီ..။ အဆုံးမရှိတဲ့ ဥမင်လိုဏ်ခေါင်းရဲ့ ထူးဆန်းတဲ့ သဘောသဘာဝက နိုးထသူတွေကို ကမ္ဘာတွေကြား ဖြတ်သန်းသွားလာခွင့် မပြုခဲ့ပါဘူး..။

ဒီလိုမျိုးအရာတစ်ခု ဖြစ်နိုင်တယ်ဆိုတာကို သူ ကြိုတင်ပြီးတော့တောင် သတိမထားမိခဲ့ပေ..။

‘ချီးတဲ့မှပဲ…’

ဒီသတင်းကို လူသိမခံကြဖို့ အဖွဲ့ဝင်တွေကို ညွှန်ကြားပြီးနောက် ဆန်နီ ခနလောက် တုံ့ဆိုင်းနေခဲ့ပြီးမှ ယာဉ်တန်းကို စခန်းဖျက်ဖို့ အမိန့်ပေးလိုက်တယ်..။ သူတို့ ရှေ့ကို ဆက်ပြီး ရွေ့လျားကြရမှာ ဖြစ်ပါတယ်..။

ဒီအခြေအနေမှာတော့ သူက ထွက်ပေါက်ဆီ ရောက်ဖို့ မမျှော်လင့်တော့ပါဘူး…။ သို့ပေမယ့် ဆန်နီအတွက် အချက်အလက်တွေကတော့ လိုအပ်နေဆဲ ဖြစ်ပါတယ်..။ မနေ့က စမ်းသပ်ချက်တွေအရ ဥမင်လိုဏ်ခေါင်းက သူ့ဟာသူ ပြန်လည်ပတ်နေတာမျိုး မဟုတ်တာကြောင့် ဒီနေရာမှာ တခြား မှော်စွမ်းအင် အတတ် တစ်မျိုးမျိုး ပါဝင်နေရပါမယ်..။ ဒါကလေဟာနယ် နဲ့ သက်ဆိုင်တဲ့ သဘောသဘာဝ ဖြစ်လိမ့်မယ်လို့ သူ သံသယဝင်မိပေမယ့် ခိုင်မာတဲ့ ကောက်ချက်တစ်ခုချဖို့အတွက် ပိုပြီး စောင့်ကြည့်ရမှာပါ..။

ရိုင်နို က ရှေ့ကို တက်သွားခဲ့ပြီး အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တွေကလည်း နောက်ကနေ လိုက်ပါလာခဲ့ကြတယ်..။ သူတို့တွေဟာ တိတ်ဆိတ်တဲ့ အမှောင်ထုကို မီးမောင်းတန်းတွေနဲ့ ဖြတ်တောက်ရင်း နောက်တစ်ကြိမ် ဖြတ်သန်းမောင်းနှင်ခဲ့ကြပြန်ပါတယ်..။ ကျောက်တံတိုင်းတွေက ဖြတ်မောင်းသွားခဲ့ပြီး သူတို့ရဲ့ မျက်နှာပြင်က အမြဲတမ်း တူညီနေတာကြောင့် ယာဉ်တန်းက လုံးဝ ရွေ့လျားမနေဘဲ တစ်နေရာတည်းမှာ တင်ကျန်နေပြီး ထပ်ခါထပ်ခါ ဖြတ်သန်းနေရတဲ့ ကျိန်စာသင့်မှုမျိုး ခံနေရတယ်လို့ တွေးရလွယ်ကူစေပါတယ်..။

ဒီငြီးငွေ့စရာကောင်းမှုကို ဖယ်ရှားပေးတဲ့ တစ်ခုတည်းသော အရာကတော့ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကနေ ရံဖန်ရံခါ ပေါ်လာတတ်တဲ့ ဘေးဘက်ကို ခွဲထွက်ထားတဲ့ လမ်းကြောင်းတွေရဲ့ နိမိတ်မကောင်းတဲ့ ဝင်ပေါက်တွေပဲ ဖြစ်ပါတယ်..။

…ပင်မ ဥမင်ရဲ့ ထွက်ပေါက်ကို ဇွတ်မှိတ်ရှာဖွေနေမယ့်အစား အဲဒီလမ်းကြောင်းတွေကို ဝင်ရောက်စူးစမ်းတာက အကျိုးအကြောင်းအဆီအလျော်ဆုံး အဖြေ ဖြစ်လိမ့်မယ်ဆိုတာ ဆန်နီ သိထားပြီးသားပါ..။ ဒါပေမယ့် သူက အနည်းဆုံးတော့ လောလောဆယ်မှာ အဲလိုလုပ်ဖို့ တွန့်ဆုတ်နေခဲ့မိတယ်..။ အရာအားလုံးက သူ့ကို ဒီဆုံးဖြတ်ချက်ချဖို့ ဖိအားပေးနေသလို ဖြစ်နေတာကြောင့်… အဲဒါကပဲ သူ့ရဲ့ သံသယစိတ်ကို ပိုမြင့်မားသွားစေခဲ့တာပါ..။

‘တစ်ခုခုက ငါတို့ကို မြေအောက်ထဲ ပိုနက်အောင် မျှားခေါ်နေသလိုပဲ… ချီးပဲ…’

ဘာပဲဖြစ်ဖြစ် ဘေးဘက်လမ်းကြောင်းတွေက ရိုင်နို ဖြတ်သန်းသွားဖို့ အလွန် ကျဉ်းမြောင်းလွန်းနေခဲ့ပါတယ်..။ ပြီးတော့ သူက လုံးဝကို မလွှဲမရှောင်သာတဲ့ အခြေအနေမျိုးကလွဲရင် ဒီသံချပ်ကာယာဉ်ကို စွန့်ခွာသွားဖို့ စိတ်ကူးမရှိပါဘူး..။

သို့ပေမယ့် ဆန်နီက ဘေးဘက်လမ်းကြောင်းတွေကိုတော့ အတော်လေး အာရုံစိုက်ခဲ့ပါတယ်..။ ဝင်ပေါက်တွေနဲ့ သူ့တို့ကို ဖုံးလွှမ်းထားတဲ့ အမှောင်ထုကို သူ လေ့လာနေစဉ်မှာပဲ သူ့စိတ်ထဲမှာ သေးငယ်တဲ့ သံသယအရိပ်အမြွက်တစ်ခု ပေါ်လာခဲ့တယ်..။

ပြီးတော့ သူက ငြိမ်ငြိမ်ထိုင်နေခဲ့တာလည်း မဟုတ်ပါဘူး… ။ရိုင်နို ထဲမှာ လိုက်ပါလာတဲ့ ကျန်တဲ့လူတွေရဲ့ အမြင်မှာတော့ အဲလို ထင်ရပေမယ့်ပေါ့..။

နောက်တစ်နေ့ တစ်နေ့လုံးမှာ ဆန်နီက ကွပ်ကဲမှုအခန်းက ထိုင်ခုံမှာပဲ ရှိနေခဲ့တယ်..။ သူက ဖန်သားပြင်တွေကို ရံဖန်ရံခါ ကြည့်တတ်ပေမယ့် အလွန် ရှားပါးပါတယ်..။ များသောအားဖြင့်တော့ သူက သူ့ရဲ့ လက်ချောင်းတွေကို ထူးဆန်းတဲ့ ပုံစံနဲ့ လှုပ်ရှားနေခဲ့ပြီး အဲဒါက ရှုပ်ထွေးတဲ့ ကကွက်တစ်ခုကို ကပြနေသလိုမျိုး ထင်မှတ်ရစေပါတယ်..။

အချိန်တစ်ခုမှာတော့ ဘတ် က ဆက်ပြီး တိတ်ဆိတ်မနေနိုင်တော့ဘဲ စိတ်အလိုမကျတဲ့ လေသံနဲ့ လှမ်းမေးလိုက်တယ်..။

“ရှင် ဘာတွေ လုပ်နေတာလဲ…။ မန္တန်တစ်ခုခု ရွတ်ဖတ်ဖို့ ကြိုးစားနေတာလား… ဒါမှမဟုတ် တစ်ခြားတစ်ခုခုလား…”

ဒီ စိတ်ပျက်မှုရဲ့ နောက်ကွယ်မှာတော့ နက်ရှိုင်းတဲ့ မသက်မသာဖြစ်မှုနဲ့ ကြောက်ရွံ့မှုတွေ ဖုံးကွယ်နေခဲ့တာပါ..။

ဆန်နီ ပြုံးလိုက်တယ်..။

“…အမှန်တော့ ငါ အဲ့ဒါကိုပဲ လုပ်ဖို့ ကြိုးစားနေတာလေ…။ ငါက အပျော်တမ်း မှော်ဆရာ တစ်ယောက် ဖြစ်နေလို့ပါ…”

လူငယ်မလေးက နှာခေါင်းရှုံ့လိုက်တယ်..။

“တော်စမ်းပါ… မပြောချင်လည်း နေပေါ့…။ ရှင်လည်း နောက်ဆုံးတော့ စိတ္တဇဝေဒနာရှင် ဖြစ်သွားပြီ ထင်တယ်…”

ဒါပေမယ့် ဆန်နီက သူမကို အမှန်အတိုင်း ပြောခဲ့တာပါ..။ သူမ မမြင်ရပေမယ့် သူက တကယ်ပဲ သူ့လက်ချောင်းတွေကြားမှာ အဆီအနှစ်ကြိုးတွေကို ရက်လုပ်နေခဲ့တာ ဖြစ်ပါတယ်..။

ဒီအချိန်မှာတော့ ဆန်နီက အနီရောင် တိုက်ပွဲအဆောက်အဦး တုန်းကလိုမျိုး ရက်လုပ်တဲ့ဖြစ်စဉ်မှာ သူ့လက်ချောင်းတွေကို မဖြတ်မိစေဖို့ လုံလောက်အောင် ကျွမ်းကျင်နေခဲ့ပါပြီ..။ သူ့လက်ပေါ်မှာ ဓားရှရာတစ်ခုတောင် ရှိမနေခဲ့ပါဘူး..။ သို့ပေမယ့် အရိပ်အဆီအနှစ်ကြိုးတွေကို ဖန်တီးဖို့က အချိန်တွေ ၊ အာရုံစူးစိုက်မှုနဲ့အဓိကကတော့ အဆီအနှစ်တွေ အများကြီး လိုအပ်ပါတယ်..။ဒါက တကယ့်ရက်လုပ်မှုတစ်ခုအဖြစ် ပုံဖော်ဖို့ကိုတောင် မပြောရသေးပါဘူး။

ဒါကြောင့်လည်း သူက အန္တာတိကကို ရောက်ရှိလာပြီးကတည်းက ရက်လုပ်ခြင်း အတတ် ကို အများကြီး မလေ့ကျင့်နိုင်ခဲ့တာပါ..။ အိပ်မက်ဆိုး ချိန်းကြိုး က အတော် ဆိုးဝါးပြီး အလျင်စလို ဖြစ်လွန်းနေခဲ့တာကြောင့် ဒီလို အဖိုးတန်တဲ့ အရင်းအမြစ်တွေကို မလိုအပ်တဲ့ အရာတွေမှာ ဖြုန်းတီးဖို့ သူ့မှာ အခြေအနေမရှိခဲ့ပါဘူး..။

…ဒါပေမယ့် အခုတော့ အခြေအနေတွေက ကွဲပြားသွားခဲ့ပါပြီ..။

ဥမင်လိုဏ်ခေါင်းထဲမှာ ဒုတိယနေ့ ကုန်ဆုံးခါနီးအချိန်မှာတော့ ဆန်နီက အရာဝတ္ထုတစ်ခုကို မှတ်သားမူ တစ်ခုအဖြစ် ပြောင်းလဲဖို့ လုံလောက်တဲ့ ကြိုးတွေကို ဖန်တီးနိုင်ခဲ့ပါပြီ..။ သို့ပေမယ့်သူ လိုချင်တဲ့ အရာရဖို့အတွက် ပိုပြီး လိုအပ်နေသေးတာကြောင့် သူက ညလုံးပေါက် ဒီအလုပ်ကို ဆက်လုပ်နေခဲ့ပါတယ်..။

အမှောင်ထုထဲမှာ ခရီးနှင်ရတဲ့ တတိယမြောက်နေ့မှာတော့ လူတွေက တိတ်ဆိတ်ကုန်ကြပြီး ကြောက်ရွံ့မှုက ယာဉ်တန်းထဲမှာ ကပ်ရောဂါလို ပျံ့နှံ့နေခဲ့တဲ့ အချိန်မှာ သူက တပ်မက်ခြင်းသေတ္တာ ထဲကနေ ဝီဗာ အပ် ကို ထုတ်ယူလိုက်တယ်။ အရင်က ဒီထဲမှာ သိမ်းဆည်းထားခဲ့တဲ့ အထွတ်အထိပ်အဆင့် ဝိဥာဉ်အမြုတေ တွေထဲက တစ်ခုကိုလည်း ထုတ်ယူလိုက်ပါတယ်..။

ဘယ်အမြုတေ မဆို အလုပ်ဖြစ်မှာ ဖြစ်ပေမယ့် ဆန်နီလက်ထဲမှာ ဒါတွေပဲ ရှိနေခဲ့တာပါ..။

အပ်က နူးညံ့တဲ့ ရွှေရောင်အလင်းတန်းတွေ နဲ့ တောက်ပနေခဲ့တယ်..။ သူ ဒါကို အသုံးပြုပြီး အခြေခံရက်လုပ်မှုတွေကို ဖန်တီးရင်း...အဲ့ဒီအရာကို မှတ်သားမူ တစ်ခုအဖြစ် ပြောင်းလဲတဲ့ ဖြစ်စဉ်ကို စတင်ခဲ့ပါတယ်..။ အတိတ်တုန်းက အကြိမ်ပေါင်းများစွာ လုပ်ခဲ့ဖူးတာကြောင့် ဒါက သူ့အတွက်တော့ အတော်လေး လွယ်ကူတဲ့အရာ ဖြစ်နေခဲ့ပါပြီ..။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဖြစ်စဉ်မှာ ခက်ခဲတဲ့ အပိုင်းတစ်ခု ရှိနေခဲ့တယ်..။ ဆန်နီဟာ အရင်တုန်းက ရက်လုပ်မှုတွေကနေတစ်ဆင့် မှတ်သားမူ တွေကို ဘယ်လို နာမည်ပေးရမလဲဆိုတာ သင်ယူခဲ့ဖူးပေမယ့် ရူးစ် စာလုံး တစ်လုံးချင်းစီက ဖန်တီးဖို့ အချိန်နဲ့ အပိုကြိုးတွေ လိုအပ်ပါတယ်..။ ရူးစ် စာလုံးတွေကို ဘယ်လိုရက်လုပ်ရမလဲဆိုတာ သင်ယူရတာကလည်း မလွယ်ကူခဲ့သလို ရက်လုပ်မှုတွေအပေါ် ကောင်းမွန်တဲ့ နားလည်မှု နဲ့ အခိုက်အတန့် အသုံးပြုတဲ့ ရူးစ်ဘာသာစကားအပေါ် နက်ရှိုင်းတဲ့ ဗဟုသုတ နှစ်ခုစလုံး လိုအပ်ခဲ့တာပါ..။

သူက အဲဒီအဆင့်ကို ကျော်သွားလို့ရတာ မှန်ပေမယ့် အဲ့လိုဆိုရင်တော့ အဲဒီ မှတ်သားမူ က အခိုက်အတန့် ရဲ့ သတ်မှတ်ချက်အရ [ ??? ] လို့ပဲ ရိုးရိုးရှင်းရှင်း ခေါ်တွင်မှာ ဖြစ်ပါတယ်..။ ဒါပေမယ့် ဆန်နီက ဒီတစ်ကြိမ်မှာ တခြားတစ်ခုခုကို ရည်ရွယ်နေတာပါ..။

နောက်ဆုံးမှာတော့ သူက ပင်ပန်းကြီးစွာနဲ့ အပ်ကို အောက်ချလိုက်ပြီး တုန်ရီနေတဲ့ အသက်ရှူသံကို ထုတ်လွှတ်လိုက်တယ်..။ ပရော်ဖက်ဆာ အိုဘယ် ရော ဘတ် ပါ သူ့ကို စပ်စုတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေကြတာပါ..။

အရင်ကတော့ အဘိုးအိုက ဆန်နီရဲ့ အာရုံစူးစိုက်မှုကို မဖျက်ဆီးချင်ခဲ့ပေမယ့် အခုတော့ သူ နောက်ဆုံးမှာ လှမ်းမေးလိုက်ပါတယ်..။

“လူငယ်လေး… အားနာပါတယ်… ဒါပေမယ့် မင်း ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး ဘာတွေ လုပ်နေလဲဆိုတာကို ရှင်းပြပေးလို့ ရမလား…။ ငါ ဝန်ခံရရင် အစတုန်းကတော့ အတော်လေး ထူးဆန်းပုံရပေမယ့် အခုတော့ ငါတို့ နှစ်ယောက်စလုံး အရမ်း စိတ်ဝင်စားနေကြပြီ…”

ဆန်နီ ပြုံးလိုက်တယ်..။

“အာ… ကျွန်တော် စာတစ်စောင် ပို့ဖို့ ပြင်ဆင်နေတာပါ…”

ဒီလိုပြောပြီးတာနဲ့ သူက အပ်ကို ပြန်သိမ်းလိုက်ပြီး ရွှေရောင်မီးပွားတွေ အဖြစ် ပျောက်ကွယ်သွားခဲ့တာကြောင့် ပရော်ဖက်ဆာ အိုဘယ် ကော ဘတ် ပါ မျက်တောင်ခတ်သွားခဲ့ကြတယ်..။

ယင်းနောက် ဆန်နီက ရူးစ် စာလုံးတွေကို ဆင့်ခေါ်လိုက်ပြီး သူ့ရဲ့ မှတ်သားမူ စာရင်းကို ကြည့်လိုက်ပါတယ်..။

သူ့တစ်ယောက်တည်းသာ မြင်တွေ့နိုင်တဲ့ ရူးစ်စာလုံးတွေက လေထုထဲမှာ တောက်ပနေခဲ့ပါပြီ။

[နှစ်သိမ့်ခြင်းပြစ်ဒဏ်]၊ [ခါးသက်သော ခွက်]၊ [မွန်းကျပ်သော အော်ဟစ်သံ]…

ယင်းနောက် နောက်ဆုံးတစ်ခုကတော့ ..

မှတ်သားမူ : [ ငါ အခု စစ်မှန်တဲ့ အမှောင်ထုတွေ ပြည့်နှက်နေတဲ့ ဥမင်လိုဏ်ခေါင်းထဲမှာ ပိတ်မိနေတယ်..။ဒီငရဲကနေ ဘယ်လို နည်းလမ်းနဲ့ ထွက်ရမှာလဲ…။ ကတ်စီ ကို မေးပေးပါဦး ]

မှတ်သားမူအဆင့် : အထွတ်အထိပ်အဆင့်

မှတ်သားမူ သတ်မှတ်ချက် : ၁

သူ့မျက်လုံးတွေက ကျဥ်းမြောင်းသွားခဲ့တယ်..။

‘ဘယ်လောက်တောင် ကြည့်ရဆိုးတဲ့ မြင်ကွင်းလဲ…။နောက်ကျရင် ငါ ဒါကို ကျိန်းသေ နာမည်ပြန်ပြောင်းပစ်ရမယ်…’

အပိုင်း ( ၉၃၆ ) ပြီး၏။

All Chapters