← Chapters

အခန်း ၁၄၀၄

Vol. 94 Ch. 1404

အခန်း ၁၄၀၄

Vol. 94 Ch. 1404

အခန်း ၁၄၀၄: ချင်းလင်ရှုမျှော်ခင်းကပစ္စည်းကို လူမခိုးနိုင်!

နတ်သမီးပုံပြင်တောင်ပေါ်တွင် လူတချို့ကလျင်မြန်စွာတူးဆွနေကြသည်။ မကြာမီ မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မရပြီး ပြန်ထွက်လာကြ၏။

ဒီလူတွေက ဒီနှစ်မျိုးကြောင့်ရောက်လာခြင်းပင်။ ချင်းလင်နတ်သမီးပုံပြင်တောင်တွင် လုံခြုံရေးအနည်းဆုံးနေရာကိုရွေးလုပ်ခြင်းဖြစ်သည်။

ထိုအချိန်တွင် နှစ်ကုန်ပါတီပွဲလုံခြုံရေးကိုထိန်းသိမ်းရန် လုံခြုံရေးအစောင့်များပို့လိုက်ရသောကြောင့် တောင်ပေါ်မှာ လုံခြုံရေးသိပ်မကျန်တော့။

နောက်ပြီး ဒီလူတွေသုံးသည့်လမ်းကြောင်းက အလွန်ရှုပ်ထွေးသည်။ သူတို့ကြိုတင်တွက်ချက်ထားခြင်းပင်။ နတ်သမီးပုံပြင်တောင်ပေါ်အကြိမ်ကြိမ်ကင်းထောက်ထားသောကြောင့် ပတ္တရောင်လုံခြုံရေးလမ်းကြောင်းကို ကျွမ်းကျွမ်းကျင်ကျင်ရှောင်ရှားနိုင်သည်။

တနည်းပြောရရင် ဒီလူတွေက ကြေးစားတွေဖြစ်မည်။

မကြာမီ သူတို့က မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မပင်နှစ်မျိုးယူပြီး ဘယ်သူမှမသိခင် နတ်သမီးပုံပြင်တောင်ပေါ်မှပြန်ဆင်းသွားကြ၏။

ချင်းလင်ကုမ္ပဏီနှစ်ကုန်ပွဲမှာ အလွန်စည်ကားနေသည်။ ချင်းလင်စံအိမ်တရားဝင်အကောင့်ဖြစ်စေ၊ သဘောတူညီချက်ရထားသော TV သတင်းဌာနနှစ်ခုဖြစ်စေ အလွန်ရေပန်းစားနေပြီး လူအ​မြောက်အမြားကကြည့်ရှုနေကြသည်။

ပါဝင်အားဖြည့်သောဆယ်လီများ၏ရည်ရွယ်ချက်အထမြောက်သည်ဟုဆိုရမည်။ မူရင်းသီချင်းကိုပြန်လည်သီဆိုပြီးအောင်မြင်သောအဆိုတော် အမှန်ပင်ရှိသည်။

နောက်တစ်နေ့တွင် ထိုဆယ်လီ၏သီချင်းက လိုင်းပေါ်ပေါက်သွားပြီး နာမည်ကြီးလာပြန်သည်။

အံ့အားသင့်စရာပင်။

သီချင်းတစ်ပုဒ်တည်းနှင့်ပေါက်ချင်ရင် အတော်အတန်ရေပန်းစားဖို့သာလိုသည်။ သို့သော် ဒီလိုအခြေအနေမျိုးက နာမည်ကြီးရုပ်သံဌာနကြီးများနှင့်ရသစုံရှိုးပွဲများသာဖြစ်နိုင်သည်။

ဒီလိုရသစုံရှိုးပွဲမျိုးမှာ ပွဲစီစဉ်သူကမဖိတ်ကြားလျှင် ဝင်ပါရဖို့မလွယ်။

ဒါက အရေးမကြီး။ အရေးကြီးတာက ချင်းလင်ကုမ္ပဏီနှစ်ကုန်ပွဲမှာ ဒီလိုအစွမ်းမျိုးရှိသည်။

ဒါနှစ်ကုန်ပွဲတစ်ပွဲသာရှိသေးသည်။ နာမည်ကြီးရသစုံရှိုးပွဲမဟုတ်သေး။

အံ့ဩစရာမကောင်းဘဲနေမလား?

သို့သော် ချင်းလင်ဝန်ထမ်းများအဖို့ နှစ်ကုန်ပွဲစိတ်လှုပ်ရှားစရာပြီးရင် အားလပ်ရက်ခံစားရတော့မည်။ အများစုက သူတို့မိသားစုနှင့် နှစ်သစ်ပွဲကောင်းကောင်းလုပ်မည်ဟုစိတ်ကူးထားကြသည်။

နောက်ပြီး ဒီနှစ်နှစ်သစ်ပွဲက သေချာပေါက်ပိုကောင်းမည်။ ဒီနှစ်လစာက မနှစ်ကထက်ပိုကောင်းသောကြောင့်ပင်။

အိမ်ရာ၊ ကား၊ သောင်းချီသိန်းချီဆုကြီးများရမည်ဆိုမပြောနှင့်တော့၊ ဝန်ထမ်းများ ပါးစပ်နားရွက်တက်ချိတ်တော့မည်။

ချင်းလင်အပန်းဖြေစံအိမ်မှာ ခြောက်ကပ်နေသလိုပင်။ ဝန်ဆောင်ပေးသူဝန်ထမ်းများပြန်သွားသော်လည်း ကောင်းယောင်ယောင်နေရစ်သည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်ကိုထိန်းသိမ်းမည့်သူလိုသည်။ ဒီကောင်မလေးကလည်း ရုံချန်းနီးနီးနားနားတွင် အိမ်ဝယ်ထားသည်။ အဓိကက သူမမွေးရပ်မြေကိုမပြန်ချင်။

နှစ်သစ်အိမ်ပြန်ရင် အိမ်မှာစေ့စပ်ချင်သူတွေတန်းစီနေမည်။ ပတ်ဝန်းကျင်ရွာအားလုံးက သူမအကြောင်းသိပြီး သူမမိသားစုအခြေအနေကိုသဘောကျကာ ကံစမ်းချင်ကြလိမ့်မည်။

သို့သော် သူမကကြင်ဖက်တွေ့ချင်စိတ်လုံးဝမရှိ။

သူမဘာသာအသက်မွေးနိုင်သည်။ သူမမှာ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကားနှင့် လစာကောင်းကောင်းရှိသည်။ တစ်ခါတလေ သူမဖုန်းတစ်လုံးနှင့် ချင်းလင်ကုမ္ပဏီမှပစ္စည်းများယူရောင်းပြီး အပိုဝင်ငွေအများကြီးလည်းရသည်။

လောလောဆယ် အစ်မလန်ဇီလိုဖြစ်ချင်သည်၊ ရှေ့လျှောက် သူမတန်ဖိုးကို သူမသိချင်သည်။ သူမသဘောကျသူတစ်ယောက်ယောက်နှင့်သာဆုံမယ်ဆိုရင်တော့ ပိုးဖလံလိုမီးကိုဝင်တိုးဖို့ဝန်လေးနေမှာမဟုတ်။

စံအိမ်မှာ သူမတစ်ယောက်သာကျန်ရစ်သည်။ စံအိမ်ကိုသန့်ရှင်းရေးလုပ်ရသည်။ စံအိမ်ကပေပွနေသည်တော့မဟုတ်။

သူမသန့်ရှင်းရေးလုပ်နေစဉ် ချန်တပေအပြေးအလွှားရောက်လာသည်ကိုတွေ့ရသည်။

"ဘာဖြစ်တာလဲ မန်နေဂျာချန်? ဘာလို့ဒီလောက်လောနေတာလဲ? ဘာဖြစ်လို့လဲ?''

ချန်တပေကိုမြင်ပြီး ကောင်းယောင်ယောင်ကမေးသည်။

"ညီမယောင်ယောင်.. နတ်သမီးပုံပြင်တောင်မှာတစ်ခုခုဖြစ်နေပြီ''

ချန်တပေက လောလောနှင့်ရှင်းပြသည်_

"ဥက္ကဌချင်ရော?''

"စောစောကပဲ ရုံးခန်းထဲဝင်သွားတယ်''

ကောင်းယောင်ယောင်က တန်းပြောသည်။

"ဟုတ်ပြီ!''

ချန်တပေကချက်ချင်းရုံးခန်းထဲသွားသည်။ ချင်လင်ကိုတွေ့တွေ့ချင်း သူကအစီရင်ခံ၏_

"သူဌေး.. နတ်သမီးပုံပြင်တောင်မှာတစ်ခုခုဖြစ်နေပြီ''

"ဘာဖြစ်လို့လဲ?''

ချင်လင်က ဇဝေဇဝါနှင့်မေးသည်။

"မနေ့က ကျွန်တော်တို့နှစ်ကုန်ပွဲလုပ်နေတုန်း နတ်သမီးပုံပြင်တောင်ပေါ်က နတ်သမီးပုံပြင်နွယ်နဲ့ညဘုရင်မကိုတူးသွားတဲ့သူရှိတယ်ထင်တယ်''

ချန်တပေကပြောပြသည်_

"လုံခြုံရေးတွေ စောင့်ကြည့်ကင်မရာတွေကို လုံးဝရှောင်သွားတာ... မာဟုန်ကပြောတယ်... နတ်သမီးပုံပြင်တောင်ပေါ်ကို သုံးလေးကြိမ်တက်ဖူးတဲ့သူဖြစ်မယ်တဲ့... လမ်းကြောင်းကြိုရှာထားကြတာ''

"တစ်ချက်သွားကြည့်ရအောင်!''

ချင်လင်မျက်မှောင်ကြုတ်သွားသည်။ သူကမတ်တပ်ထရပ်ပြီး ချန်တပေနှင့်အတူ အပန်းဖြေစံအိမ်မှထွက်လာသည်။ ထို့နောက် နတ်သမီးပုံပြင်တောင်ပေါ်တက်လာ၏။

တကယ်တော့ ဒီလိုအခြေအနေမျိုး သူတွေးမိသည်။ ဘာပဲဖြစ်ဖြစ် မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မပင်ကထူးခြားသောကြောင့် ဒီလိုသေချာပေါက်ဖြစ်လာလိမ့်မည်။

ဒါပေမဲ့ ဒီတစ်ခါယူသွားသူက ကျွမ်းကျင်ပုံရသည်။

သို့သော် သူစိတ်မပူ။ ဘာပဲဖြစ်ဖြစ် မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မပင်မှာ အထူးအာနိသင်ရှိသည်:

အာကာသထဲတွင်မျိုးပြောင်းထားသောမျိုးစိတ်ဖြစ်ပြီး ပတ်ဝန်းကျင်လိုအပ်ချက်အလွန်မြင့်မားသည်။ တစ်နေရာနှင့်လိုက်လျောညီထွေဖြစ်ပြီးပါက ပတ်ဝန်းကျင်ပြောင်းလဲသွားရင် ရှင်သန်ရန်ခက်ခဲသည်!

ဒီတော့ ခိုးသွားရင်တောင် အသုံးတည့်မည်မဟုတ်။

ချင်းလင်ရှုမျှော်ခင်းကပစ္စည်းတချို့ကို ခိုးယူနိုင်သည်နှင့် အပိုင်မဖြစ်နိုင်။

ချင်လင်နှင့်ချန်တပေက သူခိုးခိုးသောနေရာရောက်သွားသည်။ အလွန်ဝေးသောနေရာဖြစ်ပြီး ခရီးသည်များရောက်ခဲသည်။

ဒီနေရာကိုရွေးတာလည်း အကွက်ကျကျပင်။

ချင်လင်ရောက်ချိန်တွင် မာဟုန်က သူ့လူများနှင့်စစ်ဆေးနေပြီဖြစ်သည်။

"ခေါင်းဆောင်မာ.. ဘယ်လိုလဲ?''

ချန်တပေက မေးသည်။

"သူတို့အရမ်းတော်တယ်''

မာဟုန်ကရှင်းပြ၏_

"တော်ရုံလုံခြုံရေးအစောင့်က သူတို့ကိုမနိုင်ဘူး... အဲဒါကြောင့် ဘယ်သူမှမသိအောင်ခိုးသွားနိုင်တာပဲ''

"ခေါင်းဆောင်မာ.. အဲဒီလူကိုရှာနိုင်လား?''

ချန်တပေက မေးသည်။

မာဟုန်ကခေါင်းညိမ့်ပြီး ချင်လင်ကိုကြည့်ကာ ကတိပေးသည်_

"မပူပါနဲ့ ဥက္ကဌချင်.. ကျွန်တော်လူလွှတ်ပြီးရှာခိုင်းမယ်... ချင်း​လင်ရှုမျှော်ခင်းကပစ္စည်းကိုလာခိုးတယ်ဆိုတော့ ကျွန်တော်တို့နားရွက်ကိုတံတွေးလာဆွတ်တာပဲ''

"ကောင်းပြီ.. ခင်ဗျားကိုဒုက္ခပေးရဦးမယ်''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မပင်က မကြာခင်သေသွားမည်ဖြစ်၍ကိစ္စမရှိသော်လည်း ဒိကိစ္စကိုအလွတ်ပေးမည်ဟုမဆိုလို။

All Chapters